Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, July 21, 2015

သွားလို့လည်စရာ ကမ္ဘာ့အပျော်ရွှင်ဆုံးတိုင်းပြည်တွေမှာ

Switzerland
ဒီမြေကမ္ဘာပေါ်က အပျော်ရွှင်ဆုံးနေရာတွေဆိုတာ အဲဒီနေရာတွေက အစားအစာတွေ၊ အဖျော်ယမကာတွေထဲမှာ ပြောင်နောက်နောက်မှင်စာလေးတွေ ခုန်ပေါက်ဆော့ကစားနေကြလို့လား။ ဒါမှမဟုတ် အဲဒီအပျော်ရွှင်ဆုံးတိုင်းပြည်တွေမှာ အေးစိမ့်စိမ့်ရှင်းသန့်လတ်ဆတ်တဲ့လေထုရှိနေလို့လား။ မတ်လ ၂၀ ရက် International Day of Happiness နေ့ UN က ကြေညာခဲ့တဲ့ မှတ်တမ်းမှာ အပျော်ရွှင်ဆုံး နိုင်ငံ ၁၀ နိုင်ငံကို ဖော်ပြခဲ့ကြတယ်။ တကယ်တော့ ကမ္ဘာတလွှားရှင်သန်နေထိုင်ကြတဲ့ လူသားတွေရဲ့ universal ပန်းတိုင်၊ ရည်မှန်းချက်တွေနဲ့ ကိုက်ညီအောင်၊ ဘယ်လောက်အကောင်အထည်ဖော်နေထိုင်နိုင်ကြသလဲဆိုတဲ့ အချက်အလက်တွေနဲ့ ဆက်စပ်ပြီး သတ်မှတ်ခဲ့ကြတာပါ။
World Happiness Report အရ အပျော်ရွှင်ဆုံးတိုင်းပြည်အများစုဟာ စကန်ဒီနေဗီးယားနိုင်ငံတွေဖြစ်နေကြတယ်။ ပိုမြင့်မားတဲ့ဘဝမျှော်မှန်းချက်၊ နိုင်ငံတစ်နိုင်ငံစီရဲ့ GDP အသားတင်ကုန်ထုတ်လုပ်မှု၊ လူမှုအထောက်အပံ့၊ လှူဒါန်းထောက်ပံ့နိုင်မှု၊ ဘဝရည်မှန်းချက်ရွေးချယ်တဲ့အခါ လွတ်လပ်စွာဖန်တီးနိုင်မှု၊ အကျင့်ပျက်ခြစားမှုနှုန်းနိမ့်ကျတာတွေနဲ့ ပေါင်းစပ်ပြီးလေ့လာခဲ့ကြတာပါ။ ပျော်ရွှင်မှုအချက်အလက်တွေကို သရုပ်ခွဲကြည့်ပြီး ကမ္ဘာ့ လူမှုရေး၊ စီးပွားရေး နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းမှုနဲ့အညီ ရှင်သန်နေထိုင်နိုင်မှုတွေကို ပိုပြီးတိုးတက်လာစေဖို့ ရည်ရွယ်တာပါ။ အဲဒီမှတ်တမ်းကို UN အတွက် ဂျာမန်အခြေစိုက် Sustainable Development Solutions Network(SDSN) က စီစဉ်ထောက်ပံ့ပေးခဲ့ပါတယ်။ အဲဒီအဖွဲ့ကနေ ၂၀၁၃ မှာ World Happiness Report ကို ထုတ်ပြန်ခဲ့ပြီး ဧပြီလက နောက်ထပ်မှတ်တမ်းကို ထပ်မံထုတ်ပြန်လိုက်ပါတယ်။ ကိုယ့်နိုင်ငံက အပျော်ရွှင်ဆုံးထိပ်ဆုံး နိုင်ငံ ၁၀ နိုင်ငံမှာ မပါခဲ့ဘူးဆိုရင်ရော။ မှော်စကြာနဲ့ ဝှေ့ယမ်းလိုက်ရုံနဲ့ ကိုယ့်နိုင်ငံရဲ့ စီးပွားရေးတိုးတက်ဖို့၊ ခြစားမှုတွေ လျော့ပါးဖို့ လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ ထိပ်ဆုံး ၁၀ နိုင်ငံမှာ ရှိနေနိုင်ဖို့ သေချာတဲ့မှတ်တမ်းအချက်အလက်တွေနဲ့ သတ်မှတ်ခဲ့ကြတာပါ။

ပွင့်လင်းတဲ့စိတ်၊ ချစ်ခင်ကြင်နာတဲ့နှလုံးသားတစ်စုံနဲ့အတူ အဲဒီ ပျော်ရွှင်တဲ့နိုင်ငံတွေဆီ ခရီးသွားမယ်ဆိုရင် ဒိန်းမတ်လူမျိုးတွေ အမြဲလက်ခံထားတဲ့ စိတ်နှလုံးဖြစ်တဲ့ "လွတ်လပ်အေးချမ်းမှု" မျိုး ရွေးထုတ်နိုင်မှာပါပဲ။ အကောင်းဆုံးဆွစ်ချောကလက်ရဲ့ အရသာဟာ သင့်ကိုပျော်ရွှင်စေနိုင်သလား။ ဒါမှမဟုတ် နွေးတဲ့အိုက်စ်လန်နွေဦးရာသီမှာ ရေစိမ်ချိုးတာမျိုးနဲ့ ဒိန်းမတ်က ဂျက်ဇ် နဲ့ ရောခ့်ဂီတဖြေဖျော်ပွဲတွေကပဲဖြစ်ဖြစ် သင့်အတွက်လား။ ဘူတန်လို သေးငယ်တဲ့နိုင်ငံလေးမှာ နေထိုင်ကြတဲ့သူတွေရဲ့ "နိုင်ငံတစ်ဝှမ်းပျော်ရွှင်မှုအလုံးစုံ(Gross National Happiness)" ကိုတိုင်းတာထားတဲ့မှတ်တမ်းတွေကိုကြည့်ပြီး ကမ္ဘာက အဲဒီနိုင်ငံလေးဟာ ပျော်ရွှင်မှုနဲ့ပတ်သက်ပြီး သိပ်ကိုပြည့်စုံနေကြတယ်လို့ ယုံကြည်လက်ခံခဲ့ကြတယ်။ "ပျော်ရွှင်မှုကို တိုင်းတာဖို့ အဓိကအချက်ဆိုတာမျိုးတော့မရှိနိုင်ဘူး" လို့ ကိုလံဘီယာတက္ကသိုလ်က SDSN Network ဒါရိုက်တာ၊ စီးပွားရေးပရော်ဖက်ဆာ ဂျက်ဖရီဆာ့ခ်ျစ် က ပြောပါတယ်။ ဒီနိုင်ငံတွေအားလုံးဟာ ကောင်းမွန်စွာလည်ပတ်နေကြတယ်။ ကြွယ်ဝချမ်းသာနေတာမျိုးလား။ အဲဒါ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒါဟာ တော်တန်ရုံအခန်းကဏ္ဍကပဲ ပါဝင်ပတ်သက်နေတယ်။ ယုံကြည်လို့ရတဲ့ လူ့အဖွဲ့အစည်း/ အစိုးရတစ်ရပ်ရှိနေတာနဲ့ပဲ အကျင့်ပျက်ခြစားမှု လျော့ကျနေပြီးဖြစ်သလို အဲဒီနေရာတွေက နိုင်ငံသားတွေကလည်း သဘောထားကြီးမြင့်ကြတယ်။ စေတနာ့ဝန်ထမ်းအလုပ်တွေကို စိတ်အားထက်သန်ကြတယ်။ အဲဒီအချက်တွေအားလုံးဟာလည်း ပျော်ရွှင်မှုအတွက် အရေးကြီးပါတယ်။ သင်က အဲဒီ ၁၀ နိုင်ငံထဲမှာ နေထိုင်သူမဟုတ်ဘူးဆိုရင်တောင် သူတို့ရဲ့ ပျော်ရွှင်မှုဆိုတာဘယ်လိုလဲ၊ ဒေသခံတွေ နေ့တိုင်း ဘာတွေကိုများ ခံစား/ ကြည်နူးသာယာနေသလဲ ဆိုတဲ့အရသာ ဝေမျှနိုင်ဖို့ အဲဒီနေရာတွေကို ခရီးထွက်ပြီးလေ့လာကြည့်နိုင်ပါတယ်။

World Happiness Report အရ အပျော်ရွှင်ဆုံးနေရာ ၁၀ ခုကတော့
1. Switzerland

ဆွစ်ဇာလန်နိုင်ငံဟာ ၂၀၁၅ မှာတော့ အရင်မှတ်တမ်းတွေက ပထမနေရာကို ဒိန်းမတ်ဆီက ရယူလိုက်ပါတယ်။ တတိယနေရာကနေ ပထမနေရာရောက်ရှိခဲ့တာပါ။ ဆွစ်ဇာလန်ရဲ့ မြို့တော် Bern မှာ ကျောက်လုံးချောပြောင်ပြောင်နဲ့ လမ်းတွေ၊ အလယ်ခေတ်ဗိသုကာလက်ရာတွေရှိတယ်။ ၁၂ ရာစု ဒီမြို့တော်တွေ့ရှိတည်ထောင်ခဲ့စဉ်ကတည်းက မြို့တော်ချဲ့တဲ့အခါမှာလည်း အစီအစဉ်တကျ သပ်သပ်ရပ်ရပ်ဒီဇိုင်းမျိုးနဲ့ တည်ဆောက်ခဲ့ကြတာပါ။ သိပ်လှတဲ့မြစ် Aare ကလည်း မြို့ကလေးက ရေကူးလိုသူတွေနဲ့ လှေအပျော်စီးလိုသူတွေကိုလည်း ခွင့်ပြုပေးထားတယ်။ မြို့တော်အပြင်ဘက်မှာကြည့်ရရင် Lucerne မြို့က Lucerne ရေကန်ထဲမှာ လှေစီးခရီးသွားနိုင်ကြတယ်။ ဂွန်ဒိုလာဦးမော့ ဦးကော့လှေကြီးတွေစီးလို့ ကျယ်ပြန့်တဲ့ရှုခင်း ကြည့်နိုင်သေးတယ်။ Dragon Ride ကောင်ကင်းကြိုးရထားလိုင်းအသစ်စီးရင်း သိပ်လှတဲ့မြင်ကွင်းတွေ အပေါ်စီးကနေကြည့်ရှုနိုင်သလို ကမ္ဘာ့အမြင့်မားဆုံး(အမတ်ဆုံး)ရထားလိုင်း စီးနိုင်ကြတယ်။ Golden Round tour ကို ကြိုတင်စာရင်းပေးထားရင် အဲဒီခရီးစဉ် ၃ ခုလုံးအပါအဝင်ရရှိနိုင်ပါတယ်။ အဲလ်ပ်စ်တောင်တန်းကြီးရဲ့ ရင်သပ်ရှုမောဖွယ်ရာမြင်ကွင်းကိုလည်း တစ်ရက် ခရီးသွားရောက်နိုင်တယ်။ မေလလယ်မှာ ရထားလိုင်းတွေပြန်ပြီးဖွင့်ကြပါတယ်။ ဆွစ်ဇာလန်မှာတော့ ဘယ်နေရာကိုပဲ သွားသွား အရသာရှိလှတဲ့ချောကလက်တွေ မြည်းစမ်းနိုင်ကြမှာပါ။ ဆွစ်မြို့လေး Zermatt နဲ့ အဲဒီဒေသက မိုင် ၂၀၀ ဝေးတဲ့ နှင်းလျှောစီးဆင်ခြေလျှောတောင်စောင်းတွေဟာ နှင်းလျောစီးဖို့ စိတ်အားထက်သန်သူတိုင်း ပျော်ရွှင်ဝမ်းမြောက်ရတဲ့နေရာဒေသတွေပါ။ ခြေလျင်ခရီးထွက်ဖို့ စိတ်ဝင်စားသူတွေလည်း ကျော်ကြားလှတဲ့ အဲလ်ပ်စ်တောင်တွေထဲက တစ်ခုဖြစ်တဲ့ Matterhorn ဆီ အပျော်ခရီးထွက်နိုင်ကြတယ်။ နွေရာသီမှာတောင်မှ အဲဒီဆင်ခြေလျှောတောင်စောင်းတွေမှာ ကမ္ဘာ့အမျိုးသားနှင်းလျောစီးအသင်းအဖွဲ့တွေ နှင်းလျောစီးလေ့ကျင့်နေကြတာ တွေ့နိုင်ပါတယ်။ သင်လည်း သင့်ရဲ့အားလပ်ရက်တွေမှာ ပါဝင်လေ့ကျင့်နိုင်တာပေါ့။ ဆွစ်ဇာလန်ရဲ့ ပိုပြီးငြိမ်သက်တိတ်ဆိတ်ရဲ့ အရသာကို ခံစားချင်ရင်တော့ ကားလုံးဝမရှိတဲ့ရွာလေးဖြစ်တဲ့ Appenzell ဆီအရောက်သွားနိုင်မယ်။ လူဦးရေ ၇၀၀၀ လောက်ပဲရှိပြီး ကျယ်ပြန့်တဲ့ ခြေလျင်ခရီးလမ်းကြောင်းတွေလည်းရှိကြတယ်။ အဲဒီမြို့လေးမှာ ရေနွေးနွေးစိမ်ချိုးရင်း အယ်လ်ပိုင်းချိစ်တစ်ကိုက်စီ ကိုက်ဝါးရတာ ဘယ်တော့မှမမေ့နိုင်တဲ့အရသာပါလို့ ဆိုကြတယ်။


2. Iceland
သဘာဝတရားနဲ့ ယဉ်ကျေးမှု ပေါင်းစုထားတာက အိုက်စ်လန်ကို တကယ့်ပျော်ရွှင်စရာနေရာ တစ်ခုဖြစ်နေစေတယ်။ သာယာကြည်နှုးဖွယ်ကောင်းတဲ့ နိုင်ငံသေးသေးလေးဟာ နံပါတ် ၉ ကနေ ဒုတိယနေရာအထိ မြင့်တက်သွားခဲ့ပါတယ်။ အိုက်စ်လန်တောင်ပိုင်းကို စူးစမ်းရှာဖွေကြည့်ရင် saga လို့ခေါ်တဲ့ ရှေးဒဏ္ဍာရီပုံပြင်တွေထဲက တည်နေရာတွေ အများအပြားတွေ့ရမှာပါ။ ၁၀ ရာစုနဲ့ ၁၁ ရာစုသမိုင်းဆိုင်ရာ အချက်အလက်တွေပြန်လည်သတိရစရာပါ။ Reykjavik မြို့တော်ကနေ ၂ နာရီ မောင်းရတဲ့နေရာက Vantnajokull Glacier ရေခဲမြစ်၊ မီတာ ၆၀(၁၉၇ ပေ)အရှည် ရေကျဆင်းနေတဲ့  ရေတံခွန် Skogafoss နေရာတွေဆီအရောက်သွားနိုင်ပြီး ထူးကဲလှတဲ့ လတ်လတ်ဆတ်ဆတ် ပင်လယ်စာတွေလည်း စားနိုင်ကြတယ်။ (အချဉ်ဖောက်ထားတဲ့ငါးမန်းလို ပင်လယ်စာကိုတော့ မကြိုက်နှစ်သက်ရင် ရှောင်ရှားရမှာပေါ့) ဘယ်နေရာကိုပဲသွားသွား တစ်နေ့တာစူးစမ်းလေ့လာပြီးတဲ့အခါ ပန်းလျနွမ်းနယ်နေတဲ့ သင့်ရဲ့အရိုးအဆစ်တွေ အနားပေး ရေနွေးနွေးစိမ်နိုင်မယ့် ရေပူစမ်းတွေရှိနေပါတယ်။ မြို့တော်ဘက်ကိုပြန်လာရင်တော့ ကျော်ကြားလှတဲ့ Reykjavik Art Festival ဆီ ဝင်နွှဲနိုင်ပါတယ်။ နှစ်စဉ် မေ ၁၇ ရက်ကနေ ဇွန် ၇ ရက်နေ့အထိ ကျင်းပလေ့ရှိတယ်။


3. Denmark
ဒီနှစ်မှာဒိန်းမတ်နိုင်ငံ ပထမနေရာကနေ လျော့ကျသွားလည်း ကိစ္စတော့မရှိပါဘူး။ တတိယအပျော်ရွှင်ဆုံးနိုင်ငံအဖြစ်တော့ ရပ်တည်နေနိုင်ပါသေးတယ်။ ဒိန်းတွေဘယ်လိုပျော်ရွှင်နေသလဲ ကြည့်ရရင် ဇူလိုင်မှာ ကိုပင်ဟေဂင် ဂျက်ဇ်ဂီတပွဲတော်ရှိနေတယ်။ Queen Louise's Bridge မှာ ခေတ်ပေါ်ဒီဇိုင်းဆင်ယင်ထားတဲ့ဒိန်းတွေနဲ့ ခရီးသွားတွေနဲ့ အတူတူ ရောနှောပျော်ရွှင်နိုင်တယ်။ Royal Danish Playhouse အရှေ့၊ ကမ်းခြေမှာ ဘော်လီဘောကစားနိုင်တယ်။ သစ်တောတွေထဲမှာ သီချင်းနားထောင်ရတာ ပိုပြီးကြိုက်နှစ်သက်တတ်သူဆိုရင် သြဂုတ်လမှာ Skanderborg သစ်တောတွေထဲမှာပြုလုပ်ကြတဲ့ ရောခ့်/ ပေါပ့်ဂီတပွဲတော် Smuk Fest(The Beautiful Festival) ကို ဝင်နွှဲနိုင်ပါတယ်။


4. Norway
နော်ဝေးနိုင်ငံတချို့နေရာတွေမှာ နေလုံးဝမဝင်တဲ့နေရာတွေရှိပါတယ်။ North Cape မြောက်ပိုင်းစွန်းဧရိယာမှာ ၂၄ နာရီ နေရောင်နဲ့ ထိတွေ့နိုင်တယ်။ အားကစားနည်းတွေတစ်မျိုးပြီးတစ်မျိုး ကစားလို့ အကောင်းမွန်ဆုံးနေရာလို့ဆိုပါတယ်။ ခရီးသွားတွေက ဂေါက်ရိုက်ရတာ၊ ခရီးဝေးလမ်းလျှောက်တာနဲ့ ညလယ်နေရောင်ရရှိနိုင်တဲ့လတွေမှာ မာရသွန်ပြေးပွဲတစ်ခှုရှိနေတော့ သင်လည်း ဝင်ပြေးနိုင်သေးတယ်။ တကယ်လို့ သင်ဟာ အရသာကောင်းတွေခံတွင်းတွေ့တတ်တယ်ဆိုရင် နော်ဝေးနိုင်ငံ မြို့တော် အော်စလိုကိုသာ ဦးတည်ပါလို့ ဆိုကြတယ်။ စားကောင်းသောက်ဖွယ်ပေါတဲ့သုခဘုံပဲလို့ တင်စားကြတယ်။ Michelin အစားအစာလမ်းညွှန်က ဆုရွေးချယ်ပေးအပ်ထားတဲ့ ကြယ်ငါးပွင့် စားသောက်ဆိုင် ၄ ဆိုင်ရှိတယ်။ Ylajali, Statholdergaarden, Fauna နဲ့ Maeemo ဆိုင်တွေပါ။

5. Canada
ကနေဒါဟာ ဥရောပစတိုင်လ်နဲ့ သဘာဝတရားအတိုင်းအံ့သြဖွယ်ရာတွေအများကြီးပဲကြွယ်ဝနေသလို သမိုင်းဆိုင်ရာအချက်အလက်တွေပြည့်နှက်နေတဲ့ မြောက်အမေရိကပုံစံ ပေါင်းစပ်ထားတယ်။ ပြင်သစ်ယဉ်ကျေးမှုကိုချစ်မြတ်နိုးတဲ့ မိတ်ဆွေတွေကို ပြင်သစ်စကားပြောဒေသဖြစ်တဲ့ Quebec ဆီ ခေါ်ဆောင်သွားနိုင်တယ်။ ၁၇ ရာစုအစောပိုင်းက တည်ထောင်ခဲ့ပြီး ယူနက်စကို ကမ္ဘာ့အထိမ်းအမှတ်စာရင်းဝင်ဖြစ်တဲ့ မက္ကဆီကိုမြောင်ပိုင်းက မြောက်အမေရိကန်တိုင်းပြည်သာဖြစ်တယ်။ Quebec မြို့တော် မြို့လယ်ကနေ မိနစ်အနည်းငယ်စာ ခရီးဆက်ရင် Ile d'Orleans ဆိုတဲ့ ကျွန်းလေးမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ကိုင်နေကြတာ မြင်တွေ့နိုင်တယ်။ ဘဝခရီးရှင်သန်နေထိုင်နည်းတစ်မျိုးလေ့လာခြင်းခရီးလို့ ဆိုရမှာပါပဲ။ Parc national de la Jacques-Catier ကိုဖြတ်ပြီး ရေခဲမြစ် Vallée de la Jacques-Cartier အိမ်နေရာဆီ သာယာလှတဲ့ ရှုမျှော်ခင်းကို ငေးမောကြည်နူးနိုင်ကြသေးတယ်။


6. Finland
ရှားပါးလှတဲ့မျိုးဖြစ်တဲ့ ကိုယ်ပေါ်မှာအကွင်းသဏ္ဍန်လေးတွေကျဲပက်ထားသလိုအဆင်အသွေးနဲ့ Saimaa ringed ဖျံပြပွဲကို ကြည့်ရတာ ပျော်ရွှင်စရာအဖြစ်အပျက်တစ်ခုပါ။ ဖင်လန်ရဲ့ အကြီးဆုံးရေကန် Ice Age အပြီးမှာ ပင်လယ်ဘက်ဆက်သွယ်နေတာကို ဖြတ်တောက်ထားလိုက်ပြီးကတည်းက အဲဒီဖျံတွေဟာ ရေချိုမှာပဲ သူတို့ရဲ့ အိမ်လို နေသားတကျဖြစ်နေခဲ့ကြတယ်။ Ringed seal တွေ တကမ္ဘာလုံးမှာ ဖျံကောင်ရေ ၃၀၀ လောက်ပဲရှိကြတော့တယ်။ အဲဒီ ringed seal ဖျံတွေကို ဖင်လန်အရှေ့ဘက် Saimaa ရေကန်မှာတွေ့နိုင်ကြပါတယ်။ ဖင်လန်နိုင်ငံရဲ့ နိုင်ငံအထိမ်းအမှတ် ငှက်ဖြစ်တဲ့ whooper ငန်းဖြူဖြူလေးတွေကို ကြည့်ချင်ရင်တော့ ဆောင်းခိုရာက ပြန်လာကြတဲ့အချိန် နွေဦးရာသီအစပိုင်းလောက်မှာ စောင့်ကြည့်နိုင်ပါတယ်။ မြို့ပြအဆင်အပြင်တွေကို ကြည့်ရှုချင်ရင် မြို့တော် Helsinki ရဲ့ Market Square နဲ့ ခေတ်ပြိုင်အနုပညာပြတိုက် Kiasma ကို အလည်အပတ်သွားနိုင်ကြတယ်။ မြို့ပြမှာပဲ တိရစ္ဆာန်တွေကို စူးစမ်းကြည့်ချင်သေးတယ်ဆိုရင် ရှည်ကြာလွန်းလှတဲ့ဆောင်းရာသီအကုန် မေလအလယ်လောက် Vikki မြို့ လယ်ကွင်းစိုက်ခင်းတွေမှာ နွားတွေအုပ်လိုက်ကျောင်းထားကို လေ့လာနိုင်ပါတယ်။ Helsinki နဲ့ အနီးအပါးမှာပါပဲ။ ဒေသခံတွေကတော့ အဲဒီအချိန်မှာ စုရုံးကြပြီး နွားအုပ်တွေကို စောင့်ကြည့်ကာ ပျော်ပွဲ/ အောင်ပွဲအခမ်းအနားဆင်နွှဲကြတယ်။

7. Netherlands
ကျူးလစ်ဟာ ပျော်ရွှင်စရာအကောင်းဆုံး၊ အထိမ်းအမှတ်အဖြစ်ဆုံး ဒတ်ခ်ျပန်းတွေလို့ ဆိုတယ်။ Keukenhof (ဥရောပရဲ့ ပန်းခြံ)ကျူးလစ်ပန်းရောင်စုံစိုက်ပျိုးတာတဲ့ ပန်းခြံတွေရှိကြတယ်။ ဟော်လန်ရဲ့ နွေဦးရာသီ မတ် ၂၀ရက်နေ့မှာ ပန်းခြံတွေဖွင့်လှစ်ကြတယ်။ ဥရောပတလွှားက ခရီးသွားတွေ ကျူးလစ်အမျိုးအစားစုံ၊ အရောင်အသွေးစုံနဲ့ တခြားအမျိုးအစားပန်းရောင်စုံတွေကို ကြည့်ရှုကြဖို့ အရောက်လာကြတယ်။ မေ ၁၈ မှာ ပန်းခြံတွေပိတ်ကြတာမို့ အဲဒီမတိုင်ခင် သွားရောက်ကြဖို့ သတိထားရပါလိမ့်မယ်။ ကျူးလစ်ပန်းခင်းတဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးကြည့်မြင်နိုင်ဖို့က စက်ဘီခရီးနဲ့ ဟော်လန်ပန်းဥယျာဉ်တဝိုက်လျှောက်လည်ကြတာ ပျော်ရွှင်စရာအကောင်းဆုံးပါ။ စက်ဘီးစီးနိုင်တဲ့ ခရီးသွားတွေအတွက် ljsselmeer tour စက်ဘီး tour ရှိပါတယ်။ နိုင်ငံတစ်လျှောက် ကီလိုမီတာ ၄၀၀(မိုင် ၂၅၀ ခန့်) ၈ ရက်ကျော်စက်ဘီးခရီးစဉ်ပါ။ စက်ဘီးတစ်စီးနဲ့ ရက်သတ္တတစ်ပတ်လုံးရှိမနေချင်ဘူးဆိုရင်တော့ ကိုယ့်စိတ်ကြိုက် ရက်တိုတိုခရီးစဉ်ရေးဆွဲလည်ပတ်နိုင်ပါတယ်။ ဒီနှစ်မှာ နိုင်ငံ နှစ် ၂၀၀ ပြည့်အခမ်းအနားအတွက် ပျော်ပွဲရွှင်ပွဲအခမ်းအနားတွေ ပိုပြီးကျင်းပပါလိမ့်မယ်။


8. Sweden
အောင်ပွဲခံအခမ်းအနားကျင်းပရတာကို အင်မတန်နှစ်သက်ကြသူတွေလို့ ဆိုကြတယ်။ ဆွီဒက်စ်တွေဟာ နွေလယ်နေ့(နှစ်တစ်နှစ်ရဲ့ အရှည်ကြာဆုံးနေ့)အခမ်းအနားဆင်နွှဲရတာကို အားလုံးလိုလို ပျော်ရွှင်ကြတယ်။ တရားဝင်အားလပ်ရက်ဖြစ်ပြီး ရိုးရာအစားအစာ၊ အကအလှတွေနဲ့ အသွေးအရောင်စုံပန်းတွေနဲ့ အလှဆင်ထားတဲ့ ပန်းလည်တိုင်တစ်ဝိုက် မြူးထူးကခုန်ကြတယ်။ နွေလယ်ပါတီပွဲမပြုလုပ်နိုင်ဘူးဆိုရင်တောင် ဆင်နွှဲပျော်ရွှင်စရာတွေ အများကြီးပဲရှိနေပါတယ်။ မြို့တော် Stockholm ကနေ မိနစ် ၂၀ လောက်သွားရတဲ့ခရီးမှာ စတော့ဟုမ်းကျွန်းစုတွေ ၃၀၀၀၀ ခန့် မဆုံးနိုင်အောင်ရှိကြတယ်။ အဲဒီကျွန်းတွေမှာ ရေကူးတာ၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ငါးမျှား နဲ့ မြင်းစီးတာတွေပြုလုပ်နိုင်ကြတယ်။ boat trip တစ်ခု စာရင်းပေးထားတာနဲ့ အဲဒီနည်းတွေအားလုံးပါဝင်ပြီးသားဖြစ်နေမှာပါ။ တချို့ boat trip တွေမှာ မနက်စာ၊ နေ့လယ်စာတွေအပါအဝင်ပြင်ဆင်ထားပြီး ကျွန်းတွေကို လှည့်လည်ကြည့်ရှုနိုင်မယ့် အစီအစဉ်တွေပါရှိတယ်။



9. New Zealand
အပျော်ရွှင်ဆုံးနိုင်ငံ ၁၀ နိုင်ငံမှာ အသစ်ပါဝင်လာတဲ့နိုင်ငံပါ။ New Zealnd ပါဝင်လာနိုင်တာက အကြောင်းပြချက်တွေအများကြီးပဲ ရှိနေပါတယ်။ Lord of the Rings ရုပ်ရှင် ဇာတ်လမ်းတွဲ ၃ ခုရိုက်ကူးရမယ့်နိုင်ငံအဖြစ် Peter Jackson ရွေးချယ်ခဲ့တာဟာ စူးစမ်းလေ့လာကြဖို့ ဆွဲဆောင်မှုရှိတဲ့ နေရာဒေသအဖြစ် ခရီးသွားတွေကို ပိုပြီးစိတ်ဝင်စားစေခဲ့တယ်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းတွေ စိတ်ဝင်စားမှုပိုလာခဲ့တာဟာ ငွေနဲ့ မဝယ်ယူနိုင်တဲ့အရာပါ။ မြို့တော် Wellington မှာ ရုပ်ရှင်လုပ်ငန်းအတွက် လိုအပ်တဲ့ဆက်တင်အပြင်အဆင်တွေနဲ့ အတူ စားသောက်ဆိုင်တွေပိုပြီး တိုးတက်များပြားလာကြတယ်။ နိုင်ငံရဲ့ သဘာဝတရားအတိုင်းရှိနေကြတဲ့ အံ့သြဖွယ်ရာတွေကို နိုင်ငံတကာက ပိုပြီးဂရုပြုမိလာခဲ့ကြတယ်။ ရုပ်ရှင်ထဲမှာ Mount Doom အဖြစ်ရိုက်ကူးထားတဲ့  ၂၂၉၁ မီတာ(၇၅၁၆ ပေ)အမြင့်ရှိ Ngauruhoe တောင်လည်း အပါအဝင်ပါ။ Ngauruhoe တောင်ဟာ UNESCO ကမ္ဘာ့အမွေအနှစ်ဒေသစာရင်းဝင် Tongariro အမျိုးသားပန်းခြံရဲ့ အစိတ်အပိုင်းတစ်ခုပါ။


10. Australia
ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းအစုအဝေး Great Barrier Reef ဟာ သဘာဝအလှတရားဖြစ်စဉ်တစ်ခုဖြစ်တာကြောင့် သွားလောက်လေ့လာဖို့ လက်မလွှတ်သင့်ပါဘူး။ သဘာဝအတိုင်းတည်ရှိနေမှုအပေါ် လူတို့ပြုပြင်ဖန်တီးမှုတွေ ခြောက်လှန့်နေတာကို သြစတြေးလီးယန်းတွေ အလွန်အမင်းစိုးရိမ်ပူပန်ကြတယ်။ အဲဒါကို ဘယ်သူကမှ မပျော်ရွှင်နိုင်ကြဘူး။ သင့်မှာ အခွင့်အရေးရခဲ့မယ်ဆိုရင် ပင်မကမ်းရိုးတန်းကနေ ၂၄၀ ကီလိုမီတာ(၁၄၉ မိုင်)အကွာမှာရှိတဲ့ Tasmania ကျွန်းဆီခရီးလှည့်ပြီး အံ့ဖွယ်ထူးခြားဆွဲဆောင်မှုရှိလှတဲ့ ရေအောက်နယ်နမိတ်ကို စူးစမ်းသင့်ပါတယ်။ UNESCO ကမ္ဘာ့အမွေအနှစ်ဒေသစာရင်းဝင် တက်စ်မေးနီးယန်းတောဟာ ကမ္ဘာ့ သမပိုင်းမိုးများသစ်တောတွေထဲမှာ နောက်ဆုံးရှင်သန်ကျန်ရစ်တဲ့ သစ်တောတွေထဲကတစ်ခုပါ။ တက်စ်မေးနီးယန်းတောရိုင်းသဘာဝကို အနီးကပ်လေ့လာချင်ရင် ၆၅ ကီလိုမီတာ(မိုင် ၄၀) သစ်တောတစ်ဝိုက်လေ့လာကြတဲ့ tour ကို ရွေးချယ်နိုင်ပါတယ်။ အဲဒီ tour ဟာ ခရီးဝေးလမ်းလျှောက်သူတွေအတွက် ၆ ရက်ကြာခရီးဖြစ်ပါတယ်။ ခရီးတိုလမ်းလျှောက်ချင်သူတွေအတွက်ဆိုရင် Cradle တောင် ခရီးသွားစင်တာနဲ့ Dove ရေကန် ကနေ စတင်တဲ့ tour ကို ရွေးချယ်နိုင်ကြပါတယ်။


Source: Get happy in the world's happiest countries by Katia Hetter| CNN Travel

မယ်ရူပ
(Living Fashion Magazine, August, 2015)

No comments: