Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, July 30, 2015

ခရီးသွားသတင်းများ

ရေထဲက ဟန်ချက်ညီ နံရံဆေးရေးပန်းချီကားတွေ
ဟာဝိုင်ရီဖွား ပန်းချီဆရာ၊ Street artist တစ်ဦးဖြစ်တဲ့ Sean Yoro (Hula) ဟာ ရင်သပ်ရှုမောဖွယ်ရာ Street art နံရံဆေးရေးပန်းချီတွေကို ရေထဲက မြုပ်တစ်ဝက်ပေါ်တစ်ဝက် ကွန်ကရစ် နံရံအိုတွေပေါ်မှာ ရေးဆွဲခဲ့ပါတယ်။ ရေထဲ ရေလွှာလျှောစီး surfboard ပေါ်မှာ ဟန်ချက်ညီညီရပ်တည်နိုင်ဖို့လေ့ကျင့်ခဲ့ပြီး သူ့ရဲ့ ပန်းချီအတွက် အကောင်းဆုံးနေရာရောက်ရှိရေးဆွဲနိုင်အောင်လည်း အများကြီးပြင်ဆင်ခဲ့ရတာပါ။
နယူးယောက်မှာနေထိုင်တဲ့ ပန်းချီဆရာ ဟူလာဟာ အသက်ရှုမှားလောက်စရာ ဆွဲဆောင်မှုရှိလှတဲ့  အမျိုးသမီးပုံနံရံဆေးရေးပန်းချီတွေကို သူ့ရဲ့ instagram account မှာ မတင်သေးခင်မှာကတည်းက ကင်းဗတ်စ်တွေပေါ်မှာ surfboard အဟောင်းတွေမှာ လှပတဲ့အမျိုးသမီးပုံတူတွေ ရေးဆွဲသူအဖြစ် နာမည်ရနေခဲ့သူပါ။ ဟူလာလို့ လူသိများနေခဲ့တဲ့ ပန်းချီဆရာက အခု နယူးယောက်စီးတီးမှာ နေထိုင်ပေမယ့် ဇာတိမြေက ဟာဝိုင်ရီကပါ။ "အိုဝါဟူမှာ ကြီးပြင်းခဲ့ပါတယ်။ ကျွန်တော်ကြီးပြင်းခဲ့တဲ့နေရာမှာ အားလုံးသဘာဝတရားအတိုင်း ဝန်းရံနေကြတယ်။ ပင်လယ်ကြီးက ကျွန်တော့် ကစားကွင်းဖြစ်ခဲ့တယ်။ ကျွန်တော့်ရဲ့ ဆက်ကျော်သက်ကာလတွေလွန်တဲ့တိုင် art က ကျွန်တော့်ဘဝထဲ ဝင်ရောက်မလာခဲ့သေးဘူး" လို့ CNN အမေးအဖြေမှာ ပြောပြထားတယ်။ ဟူလာရဲ့ နံရံဆေးရေးပန်းချီတွေကို  အွန်လိုင်းကနေ ကြည့်ချင်တယ်ဆိုရင်တော့ www.hulaaa.com နဲ့ instagram account "the_hula" မှာ ကြည့်ရှုနိုင်ကြပါတယ်။

နီပေါ သမိုင်းဝင်နေရာတချို့ပြန်လည်ဖွင့်လှစ်
 
ဧပြီလ ၂၅ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ပြင်းထန်လှတဲ့ငလျင်ကြောင့် ကုန်းတွင်းပိတ်နိုင်ငံလေးဖြစ်တဲ့ နီပေါနိုင်ငံ၊ မြို့တော်ခတ္တမန်ဒူဟာ အပျက်အစီးများခဲ့တယ်။ အဆိုးဝါးဆုံးဗိသုကာလက်ာဆုံးရှုံးမှုမှာ ခံ့ညားထည်ဝါလှတဲ့ Shiva ဘုရားကျောင်းနဲ့ အမွှာစေတီ Narayan တို့ဟာ အားလုံးပြိုပျက်ခဲ့ပါတယ်။ ငလျင်လှုပ်ပြီး ၂ လ ခန့်ကြာတဲ့အခါ ပြားပြားဝပ်လဲပြိုကျခဲ့တဲ့ မြို့တော် ခတ္တမန်ဒူနဲ့ ကျေးလက်ရွာတွေမှာ သေဆုံးသူပေါင်း ၉၀၀၀ နီးပါးစာရင်းရှိသွားခဲ့ပါပြီ။ ဧပြီ ၂၅ အန္တရာယ်ဆိုးပြီးကတည်းက ပိတ်ထားခဲ့တဲ့ ကမ္ဘာ့အမွေအနှစ်နေရာ ၇ ခုလုံးကို နီပေါအာဏာပိုင်တွေက ပြန်လည်ဖွင့်လှစ်ပေးလိုက်ပါပြီ။ "ငလျင်ကြောင့် ဘာသာရေးဆိုင်ရာအထိမ်းအမှတ်နေရာတွေမှာ အပျက်အစီးအစအနတွေ၊ အုတ်ကျိုးအုတ်ပဲ့တွေစုပြုံနေခဲ့ပြီးကတည်းက အဲဒီနေရာတွေကို ပိတ်ထားခဲ့ပါတယ်။ အဲဒီအရေးကြီးလှတဲ့ရှေးဗိသုကာလက်ရာတွေ စိတ်ချရတဲ့အနေအထားဖြစ်အောင်ပြုလုပ်ပြီးပါပြီ" လို့ ရှေးဟောင်းသုတေသနဌာန ပြောရေးဆိုခွင့်ရှိသူ ရမ်ဗဟာဒူးကူန်ဝါ က ပြောပါတယ်။ ရှေးဟောင်းသုတေသနဌာနက ထုတ်ပြန်တဲ့အချက်အလက်အရ ဗိသုကာအထိမ်းအမှတ်လက်ရာတွေ ၄၄၃ ခု ငလျင်ကြောင့် ပျက်စီးခဲ့ရတယ်။ နီပေါဟာ ၇.၈ ရစ်ခ်ျတာစကေးရှိတဲ့ငလျင်ကြောင့် ထိခိုက်ခံစားရတာတွေရှိနေဆဲပါ။ အမွေအနှစ်နေရာဒေသတွေအားလုံးပြန်လည်ဖွင့်လှစ်နိုင်သေးတာမဟုတ်ပါဘူး။ ဘုရားကျောင်းတည်နေရာ တချို့ဧရိယာတွေမှာ ပြိုကျနိုင်သေးတဲ့အန္တရာယ်ရှိနေဆဲပါ လို့ ကူန်ဝါက ပြောပါတယ်။ ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ အမွေအနှစ်ဧရိယာတွေပြန်လည်ပြုပြင်/ အသစ်တည်ဆောက်/ ထိန်းသိမ်းစောင့်ရှောက်စတဲ့ အစိုးရအစီအစဉ်တွေဟာ ၅ နှစ်ကနေ ၇ နှစ်အထိကြာမြင့်နိုင်ပြီး ဒေါ်လာသန်း ၇၀ကနေ သန်း ၁၀၀ အထိ ကုန်ကျနိုင်တယ်လို့ဆိုတယ်။ နိုင်ငံတဝှမ်း ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာ ၂ ဘီလီယံ မတည်ကောက်ခံနိုင်ဖို့ အဲဒီဟိမဝန္တာနိုင်ငံရဲ့ အစိုးရဟာ နိုင်ငံတကာအလှူရှင်များအစည်းအဝေးတစ်ရပ် ဇွန်လ ၂၅ ရက်နေ့ကပြုလုပ်ခဲ့တယ်။ ယူနက်စကို ကမ္ဘာ့အမွေအနှစ်ဒေသ ၇ ခုဖြစ်တဲ့ ဟိန္ဒူဘုရားကျောင်း ၄ ကျောင်းနဲ့ ဗုဒ္ဓဘာသာအထိမ်းအမှတ်နေရာတွေဟာ နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားများစွာဆွဲဆောင်နိုင်ခဲ့တဲ့နေရာတွေပါ။ "ဒီနေရာတွေ ပြန်လည်ဖွင့်လှစ်ခဲ့တာဟာ ပုံမှန်ဘဝတစ်ခု ပြန်ရလာမယ်ဆိုတဲ့ အတွေးအမြင် ကမ္ဘာကိုပေးချင်လို့ အပြင်းအထန်ကြိုးစားခဲ့ကြတာပါ" လို့ နီပေါခရီးသွားဘုတ်အဖွဲ့ သတင်းမီဒီယာအတိုင်ပင်ခံ ဆာရက်ဒ်ပရက်ဒ်ဟန် က ပြောခဲ့တယ်။

ပဲရစ်မြို့ပေါ် ကောင်းကင်ပေါ်မှာ ယာဉ်ပျံနဲ့ တစ်ဦးတည်း စီးနင်းလှည့်လည်
အဆုံးအဆမရှိ ခေတ်လွန် လူစီးယာဉ်ပျံလို့ဆိုတဲ့ ဒေါ်လာ ၁၅၀၀၀၀ တန်ယာဉ်ပျံဟာ ဈေးကွက်ထဲကို မကြာခင်မှာရောက်ရှိလာပါလိမ့်မယ်။ အိမ်မှုဝေယျာဝစ္စတွေကို ရိုဘော့စက်ရုပ်တွေက လုပ်ကိုင်ဆောင်ရွက်မယ်၊ ပန်းကန်ပြားပျံတွေနဲ့ အလုပ်ကိုအချိန်မီအောင်သွားလာကြမယ်ဆိုတဲ့ ခေတ်ရှေ့ပြေးစိတ်ကူးယဉ်လောကထဲ ရှင်သန်နေထိုင်နိုင်ဖို့ ဆိုတာက ၂၁ ရာစုအစောပိုင်းတုန်းကတော့ တကယ့်စိတ်ကူးသက်သက်လိုပဲ။ ၁၉၆၀ ခုနှစ်တွေထဲက နာမည်ကြီးခဲ့တဲ့ Hanna-Barbera စတူဒီယိုရဲ့ သိပ္ပံဆန်းကြယ် animation ကာတွန်းကားထဲက အချိန်ကာလတစ်ခုလိုတော့ ဘဝကိုပြန်လှည့်အရောက်သွားနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီ hit ဖြစ်ခဲ့တဲ့ကာတွန်းကားထဲကလိုပဲ jetpack ယာဉ်ပျံတွေ အမှန်တကယ်မြင်တွေ့လာရတော့မှာပါ။ နယူးဇီလန်ကုမ္ပဏီ Martin Jetpacks ဟာ လာမယ့် ၁၂ လအတွင်း "ကမ္ဘာ့ပထမဆုံးလက်တွေ့အသုံးပြုနိုင်မယ့် jetpack" ထုတ်လုပ်နိုင်တော့မယ်လို့ ကြေညာပါတယ်။ CEO ပီတာကိုကာပြောတာက Martin Jetpacks ရဲ့ ပထမဆုံးထုတ်လုပ်ဖြစ်တဲ့ Jetpack ဟာ ၂၀၁၀ ခုနှစ်က ကြေညာခဲ့တဲ့ Time မဂ္ဂဇင်းရဲ့ "Top 50 inventions" ထဲမှာ ပါဝင်ခဲ့တယ်။ ကုမ္ပဏီဟာ အဲဒီ ယာဉ်ပျံကို မီးသတ်သမားတွေ၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး၊ နောက် ဆေးကုသရေး(ဆရာဝန်)တွေကို ပထမဆုံးရောင်းချပေးဖို့ ရည်ရွယ်ထားပါတယ်။ "အဲဒါဟာ နည်းဗျူဟာမြောက်ယာဉ်ပျံပါ။ အသက်တွေကယ်ဆယ်ရေးအတွက် အသုံးပြုနိုင်မယ်ယုံကြည်ထားပါတယ်" လို့ ကိုကာက ဆိုတယ်။ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ ပဲရစ်လေယာဉ်ပြပွဲမှာ ယာဉ်ပျံဝယ်ယူဖို့ စိတ်ဝင်စားခဲ့ကြတဲ့ တရုတ်၊ အိန္ဒိယနဲ့ ချက်ပြည်သူ့သမ္မနိုင်ငံနဲ့ သဘောတူစာချုပ် ချုပ်ဆိုတာရှိခဲ့ကြတယ်။ အဲဒီယာဉ်ပျံကို ဂလန်းမာတင်က တီထွင်ခဲ့ပါတယ်။ ဂလန်းမာတင်ဟာ အသက် ၅ နှစ်အရွယ်ကတည်းက ကာတွန်းကား Rllroy Jetson ထဲကလို ယာဉ်ပျံနဲ့ ပျံသန်းချင်ခဲ့သူပါ။ အဲဒီနောက်မှာ ဆယ်စုနှစ် ၃ ခုစာ သူ့ရဲ့ ကားဂိုဒေါင်ထဲမှာ စိတ်ကူးတွေကို အစစ်အမှန်ဖြစ်လာစေဖို့ အားသွန်ခွန်စိုက်ကြိုးစားခဲ့ပါတယ်။ "ငယ်ငယ်တုန်းက Lost in Space, Thunderbirds နဲ့ Apollo Program တွေကို ကြည့်ခဲ့ရတယ်။ နီးလ်အမ်းစထရောင်း လပေါ်ကို ခြေချနိုင်ခဲ့တော့ အားလုံးဟာဖြစ်နိုင်တယ်ဆိုတာ ကျွန်တော် သိခဲ့ပြီ"လို့ ၂၀၁၄ က CNN အမေးအဖြေတစ်ခုမှာ မာတင် ဖြေခဲ့ပါတယ်။ မာတင်ရဲ့ Jetpack ကို အစမ်းပျံသန်းပြခဲ့တဲ့ လေယာဉ်မှုးဟာ ယာဉ်ပျံနဲ့အတူ အပြာရောင်ဝင်းလဲ့လဲ့တောက်ပနေတဲ့ ပြင်သစ်နိုင်ငံ Seine မြစ် ကမ်းပါးတွေပေါ်ကနေဖြတ်ပြီး အီဖယ်မျှော်စင်ကို မြင်တွေ့နိုင်ခဲ့တယ်။ မောင်းနှင်ရတာလည်း ရိုးရှင်းလွယ်ကူပါတယ်လို့ ရှင်းပြခဲ့တယ်။ ၂၀၁၆ မှာ ဈေးကွက်ကိုရောက်ရှိလာမှာဖြစ်ပြီး မောင်းနှင်မယ့်သူဟာ microlight လေယာဉ်မောင်းလိုင်စင်ရှိရပါလိမ့်မယ်။ မောင်းနှင်ဖို့အတွက် ရက်သတ္တ ၃ ပတ်ကြာ သင်တန်းတက်ရမယ်လို့ ဆိုပါတယ်။

ဂရိအားလပ်ရက် ခရီးစဉ်ဖျက်သိမ်းရမှာလား
ဂရိနိုင်ငံဟာ ကာလတိုငွေရေးကြေးရေးအကျပ်အတည်းကို ရှောင်လွှဲနိုင်ဖို့ ကြိုးစားနေကြတာ ချောက်ကမ်းပါးစွန်းမှာ လှုပ်လီလှုပ်လဲ့အနေအထေားမျိုးဖြစ်နေကြတယ်။ စီးပွားရေးပြဿနာတွေ မြန်မြန်ဆန်ဆန်ဖယ်ရှားနိုင်ဖို့ အလားအလာမရှိသေးဘူး။ အဲဒါကြောင့် ဂရိနိုင်ငံဆီ စီစဉ်ထားကြတဲ့ နွေရာသီ tour တွေဖျက်သိမ်းဖို့ စဉ်းစားကြမှာလား။ ၂၀၁၅ နှစ်ဆန်းပိုင်းက ဝန်ကြီးချုပ်၊ သမ္မတဖြစ်လာခဲ့တဲ့ အလက်စစ်စီးပရက်စ် ဟာ ဂရိကို အီးယူဇုံကနေထွက်ဖို့ အားပေးခဲ့တယ်ဆိုတော့ လက်ရှိ ဂရိမှာ အသုံးပြုနေတဲ့ ယူရိုငွေအစား ငွေကြေးစနစ်ဟောင်း drachma ကို ပြန်လည်အသုံးပြုဖို့ ဖြစ်လာနိုင်တယ်။ အားလပ်ရက် ဂရိကမ်းခြေတွေ၊ ဂရိမြို့တော် အေသင်ဆီ အနားယူအပမ်းဖြေခရီးထွက်ကြမယ့် ဥရောပတစ်ဝှမ်းက ခရီးသွားသန်းပေါင်းများစွာအတွက် အကျိုးသက်ရောက်မှုတွေရှိလာမလား စိုးရိမ်ပူပန်မှုတွေရှိလာကြတယ်။ ၂၀၁၅ မှာ ဂရိနိုင်ငံရဲ့ ဝင်ငွေ လေးပုံတစ်ပုံကို ခရီးသွား ၂၅ သန်းဆီက ရရှိမယ်လို့ မျှော်မှန်းထားကြတာပါ။ ဂရိကျွမ်းကျင်သူတွေက စိုးရိမ်ပူပန်သူတွေမေးလာကြတဲ့ အဓိကမေးခွန်းတွေကို ဖြေကြတယ်။ "အားလပ်ရက် ဂရိကို သွားဖို့ ကြိုတင်စာရင်းပေးထားတယ်။ ဖျက်သိမ်းရမလား"၊ "ခရီးသွားလုပ်ငန်းတွေက အရေးပေါ်အစီအစဉ်တွေပြင်ဆင်ထားလား"၊ "credit card တွေ အသုံးမပြုနိုင်တာမျိုး အခက်အခဲတစ်ခုခုကြုံလာမလား"၊ "ဂရိမှာ နိုင်ငံငွေကြေးစနစ် ယူရိုကထွက်လိုက်တော့မယ်ဆိုရင်ရော ယူရိုနဲ့ ငွေပေးချေနိုင်မလား"၊ "အေသင်မြို့တော်မှာ ထိမ်းချုပ်မှုတွေ အတင်းအကျပ်ပြုလာမယ်ဆိုရင်ရော"၊ "မငြိမ်မသက်တဲ့အရေးကိစ္စတွေ၊ မတည်ငြိမ်မှုအန္တရာယ်၊ ပြစ်မှုတွေ တိုးပွားလာမလား"၊ "ဂရိခရီးသွားတွေအများဆုံးအသုံးပြုကြတဲ့ ဖယ်ရီသင်္ဘောတွေ၊ လှေတွေ ဆက်ပြီး အလုပ်လုပ်ကြပါ့မလား၊ တစ်နေရာမှာ ကမ်းတင်နေတာမျိုးဖြစ်နိုင်ခြေရှိမလား"၊ "လျှပ်စစ်မီး နဲ့ အစားအစာ ပြတ်တောက်/ ပြတ်လပ်တာတွေဖြစ်လာနိုင်မလား" "ဈေးနှုန်းတွေ အတက်အကျ" "ဂရိမှာ ဘဏ္ဍာရေးပြဿနာတွေကြုံနေကြတော့ ဂရိဒေသခံတွေကရော ကမ္ဘာလှည့်ခရီးသွားတွေကို မြင်တွေ့ရတာ ပျော်ရွှင်ပါ့မလား" စတဲ့ မေးခွန်းတွေပါ။ အဲဒီမေးခွန်းတွေအားလုံးအတွက် အပေါင်းလက္ခဏာဆောင်တဲ့ အဖြေမျိုးပဲရှိနေပြီး ဂရိဟာ သိပ်လှတယ်။ ငြိမ်းချမ်းတယ်။ တိတ်ဆိတ်ငြိမ်သက်တယ်။ မြို့တော်မှာ အခက်အခဲတွေ ရင်ဆိုင်နေရစေဦးတော့ သဘာဝအတိုင်း မပျက်မယွင်းတည်ရှိနေဆဲ ကမ်းခြေတွေဟာ တစ်နိုင်ငံလုံးမှာ အမြောက်အများရှိနေကြတယ်ဆိုတာကို ဂရိ ခရီးသွားလုပ်ငန်းအဖွဲ့ Greek Tourism Confederation (SETE) ရဲ့ ဥက္ကဌ အန်းဒရီးယားစ်အန်းဒရီးရေးဒိစ်က အချက်အလက်တွေနဲ့ ရှင်းလင်းဖြေကြားထားပါတယ်။
Source: CNN Travel

ဖြိုးဖြိုး
(Living Fashion Magazine, August, 2015)

No comments: