Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, August 28, 2015

မွေ့ရာတစ်ခုရဲ့ ရာဇဝင်

ပင်ပန်းနွမ်းနယ်လာတဲ့အခါ ကိုယ်ခန္ဓာကို ခပ်ကြီးကြီးအချပ်အပြားတစ်ခုပေါ်လှဲချလိုက်ပြီး အမောတွေပြေလျော့စေကြတယ်။ အဲဒီအချပ်အပြားက အခုခေတ်မှာခေါ်ဝေါ်ကြတဲ့ မွေ့ရာ(Mattress)ပဲပေါ့။ မွေ့ရာတွေမှာ ဂွမ်းတွေပါမယ်။ လေးလံတဲ့အဝတ်စ၊ ကောက်ရိုး၊ ချည်မျှင်တွေ၊ ရာဘာရေမြှုပ်တွေ၊ သတ္ထုစပရင်ဘောင်ထဲမှာ ထည့်သိပ်ထားမယ်။ ဖောင်းကြွနေအောင် ပြင်ဆင်ကြတယ်။ အဲဒါ ခေတ်အဆက်ဆက်ဖန်တီးခဲ့ကြတဲ့ မွေ့ရာတွေပါ။ mattress ဆိုတဲ့စကားလုံးဟာ အာရဗီဘာသာစကား matrah ကနေ ဆင်းသက်လာတယ်။ "တစ်ခုခုပစ်ချတဲ့နေရာ" လို့ ဆိုတယ်။ ခရူးဆိတ်ဘာသာရေးစစ်ပွဲအတွင်း ဥရောပသားတွေဟာ ကြမ်းပြင်ပေါ်ကူရှင်ချပြီးအိပ်လေ့ရှိကြတဲ့ အာရပ်တို့ရဲ့နည်းလမ်းအတိုင်း အိပ်စက်လာကြသတဲ့။ 

မွေ့ရာတွေကို အိပ်ရာအောက်ခြေပေါ်မှာ တင်ကြတယ်။ အင်မတန်ရှေးကျလှတဲ့ မွေ့ရာတွေထဲမှာ သဘာဝပစ္စည်းတွေဖြစ်တဲ့ ကောက်ရိုး၊ ငှက်တောင်တွေ ဒါမှမဟုတ် မြင်းမွှေးတွေ ထည့်သွင်းအသုံးပြုခဲ့ကြပါတယ်။ ၂၀ ရာစု အစောပိုင်းလောက်မှာ မြောက်အမေရိကက အတွင်းမှာ စပရိန် နဲ့ ချည်၊ ဂွမ်းသားအပြားအလိပ် ဒါမှမဟုတ် ပေါ်လီအက်စတာသားတွေဖြည့်ပြီး ဈေးကွက်မှာစတင်ရောင်းချခဲ့တယ်။ ခေတ်မီမွေ့ရာတွေမှာတော့ အတွင်းစပရိန်အူတိုင် ဒါမှမဟုတ် ကြက်ပေါင်စေး latex၊ စေးကပ်တဲ့အလပ်စတစ်တစ်မျိုး viscoelastic ဒါမှမဟုတ် တခြား ကျုံ့နိုင်ဆန့်နိုင်အားကောင်းတဲ့ ပေါ်လီယူရီသိန်း ရေမြှုပ် polyurethane foam တွေ ထည့်သွင်းအသုံးပြုလာကြတယ်။ မွေ့ရာတွေမှာ လေ ဒါမှမဟုတ် ရေဖြည့်တာတွေ၊ သဘာဝဖိုက်ဘာမျှင်ထည့်သုံးကြတဲ့၊ ခေါက်လိပ်ထားနိုင်တဲ့ ဂျပန်မွေ့ရာ futon တွေလည်းရှိကြတယ်။ အရှေ့တောင်အာရှမွေ့ရာတွေ့မှာတော့ လဲမှို့အသုံးပြုကြပါတယ်။ ၁၉၀၀ ခုနှစ်မှာ အင်္ဂလန်ဖွား အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ဂျိမ်းမာရှဲလ်က ပထမဆုံး စပရိန်အခွေကွင်းဆက်လေးတွေနဲ့ pocketed spring coil မွေ့ရာ မိတ်ဆက်လိုက်တယ်။ Marshall coils လို့ လူသိများလှပါတယ်။ ဒီနေ့ထိ Marshall Mattress တွေဈေးကွက်မှာရှိနေဆဲဖြစ်ပြီး ကနေဒါနိုင်ငံ တိုရွန်တိုမှာ မွေ့ရာတွေဆက်ပြီးထုတ်လုပ်ရောင်းချလျှက်ရှိတယ်။ မြောက်အမေရိကမှာလည်း ဒီနေ့ထိ အများသုံးနေကြတဲ့ အတွင်းစပရိန်သားပါမွေ့ရာတွေဈေးကွက်ရှိနေဆဲဖြစ်ပြီး ရေမြှုပ်အပြည့်ပါ မွေ့ရာနဲ့ hybrid မွေ့ရာပြောနိုင်မယ့် စပရိန် နဲ့ ရေမြှုပ်နှစ်မျိုးပါ မွေ့ရာတွေကို ပိုပြီးစိတ်ဝင်စားလာပါပြီ။ ဥရောပဘက်မှာတော့ ပေါ်လီယူရီသိန်းရေမြှုပ်နဲ့ ကြက်ပေါင်စေးအူတိုင်ပါ မွေ့ရာတွေဟာ ကာလရှည် ပေါ်ပြူလာဖြစ်ခဲ့ကြတယ်။ တောင်အာရှမှာတော့ ပေါပေါများများရနိုင်တဲ့ အုန်းဆံမျှင်သားဖြည့်တင်းထားတဲ့ မွေ့ရာတွေ လူကြိုက်များခဲ့ကြတယ်။

Neolithic: ကျောက်ခေတ်နှောင်းပိုင်းကနေစလို့ မွေ့ရာသုံးလာကြတာပါပဲ။ မွေ့ရာ၊ အိပ်ရာတွေစပြီးတီထွင်လာကြသတဲ့။ မြေပေါ်က ပိုးမွှားလေးတွေ၊ အမှိုက်သရိုက်တွေရှောင်နိုင်အောင် အိပ်ရာတွေ ဖန်တီးလာကြတာပါ။ ပထမဆုံးမွေ့ရာတွေမှာ သစ်ရွက်အစုအပုံတွေ၊ မြက်၊ ဒါမှမဟုတ် ကောက်ရိုးတွေ ထည့်ပြီး တိရစ္ဆာန် အရေပြားဖုံးကာ ကြတယ်။
3600 B.C: ပါရှား (အခု အီရန်) မှာ ဆိတ်အရေပြားအဖုံးအကာထဲ ရေထည့်ပြီး အိပ်ရာချုပ်လုပ်ခဲ့ကြတယ်။
3400 B.C: အီဂျစ်လူမျိုးတွေဟာ အုန်း၊ ထန်းရွက်တွေကို အခန်းထောင့်တွေမှာ ပုံထားပြီး အိပ်စက်ကြပါတယ်။
200 B.C: ရှေးခေတ်ရောမသားတွေ အဝတ်အိတ်တွေထဲ ကျူပင်၊ မြက်ခြောက် ဒါမှမဟုတ် သိုးမွှေးတွေထည့်ကြတယ်။ ချမ်းသာတဲ့သူကြွယ်တွေက ငှက်မွှေးငှက်တောင်ဖြည့်သိပ်ထားတဲ့ မွေ့ရာ သုံးနိုင်ကြတာပေါ့။
15th Century: အလယ်ခေတ်မှာ မွေ့ရာတွေကို ပဲစေ့အခွံ၊ ကောက်ရိုး တစ်ခါတစ်ရံ ငှက်မွှေးတွေကို ကတ္တီပါ၊ ဘရိုကိတ်သားအဝတ်တွေနဲ့ ဖုံးကာချုပ်လုပ်လာကြတယ်။
16th Century/ 17th Century: ကောက်ရိုး၊ ငှက်မွှေးနုနုဖြည့်ထားတဲ့မွေ့ရာကို ကြိုး ဒါမှမဟုတ် သားရေနဲ့ မှန်ကူကွက်ပုံဖော်ထားတဲ့ဖရိမ်ဘောင်ပေါ်မှာတင်ကြတယ်။
Early 18th Century: မွေ့ရာတွေကို ချည်သား၊ သိုးမွှေးတွေဖြည့်ပြီး ချုပ်လာကြပါတယ်။
Mid 18th Century: အရည်အသွေးကောင်းတဲ့ လိုင်နင်သား ဒါမှမဟုတ် ချည်သားနဲ့ ပြုလုပ်ကြတယ်။ မွေ့ရာကို ကြိမ်နဲ့ သေတ္တာပုံဘောင်ခွေပြီး အတွင်းမှာ သဘာဝဖိုက်ဘာ အုန်းဆံမျှင်၊ ချည်၊ သိုးမွှေး နဲ့ မြင်းမွှေးတွေ ထည့်သွင်းကြတယ်။
Late 19th Century: ကြာကြာခံအောင် စပရိန်အတွင်းမှာထည့်သွင်းထားတဲ့ မွေ့ရာတွေ ပြုလုပ်လာကြတယ်။
1926: Dunlop ဟာ ပေါင်းခံထားတဲ့ရာဘာ latex ရေမြှုပ်ထုတ်လုပ်တဲ့နည်းပညာ မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ ပေါင်းခံထားတဲ့ရာဘာသုံး အမျိုးဆင်တူတဲ့ရေမြှုပ်တွေ latex မွေ့ရာ နဲ့ ခေါင်းအုံးတွေ (Dunlopillo တံဆိပ်) မှာ အသုံးပြုနေကြဆဲပါ။ ထုတ်လုပ်မှု အစပိုင်းမှာတော့ ဗြိတိန်တော်ဝင်မိသားစုကိုသာ ရောင်းချခဲ့ပါတယ်။
1930s: အတွင်းစပရိန်ပါ မွေ့ရာ၊ ကူရှင်တွေ တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပါပြီ။ သဘာဝပစ္စည်းတွေမဟုတ်ဘဲ ဖန်တီးထားတဲ့ လူလုပ်ရေမြှုပ်တွေ အသုံးများလာကြတယ်။ စပရိန်ခွေမွေ့ရာတွေကို ဘောင်အကာနဲ့ပြုလုပ်လာကြပြီး စပရိန်တစ်ခုစီက ဖိုက်ဘာအိတ်တွေနဲ့ ချိတ်ဆက်ချုပ်ထားကြတယ်။
1940s: လေအိတ်မွေ့ရာတွေထဲ ပေါင်းခံရာဘာသုတ်လိမ်းထားတဲ့ ဖိုက်ဘာတွေနဲ့ ပေါင်းစပ်ချုပ်လုပ်ထားတယ်။
1960s: ခေတ်မီရေမွေ့ရာ မိတ်ဆက်လာခဲ့ပြီး အသုံးပြုသူတွေကျယ်ပြန့်ခဲ့ကြတယ်။ လိုသလိုအရွယ်အစားညှိနိုင်တဲ့ အိပ်ရာတွေဟာ ခေတ်စားခဲ့ပါတယ်။ ကယ်လီဖိုးနီးယား king size အိပ်ရာကို စတင်မိတ်ဆက်ထုတ်လုပ်ခဲ့တယ်။
1970s: နာဆာက ပစ္စည်းတစ်မျိုးတီထွင်ခဲ့ပြီး အဲဒီပစ္စည်းဟာ နောက်ပိုင်းမှာ memory foam လို့ လူသိများခဲ့တယ်။ တခြားဖန်တီးထားတဲ့ ရေမြှုပ် ရာဘာမွေ့ရာတွေနဲ့ ခေါင်းအုံးတွေကို သဘာဝရာဘာ latex မွေ့ရာအစား သုံးစွဲသူပိုများလာအောင် ဈေးကွက်ချဲ့ထွင်ဖို့ စက်ရုံတွေက ကြိုးစားလာကြပါတယ်။
1992: Tempur-Pedic ဟာ memory foam နဲ့ မွေ့ရာ မိတ်ဆက်ခဲ့ပါတယ်။ Fibrelux ကုမ္ပဏီက ရာဘာအရောအနှောနဲ့ အုန်းဆံသားမွေ့ရာ ပြုလုပ်မိတ်ဆက်ရောင်းချခဲ့တယ်။
2000: Simmons Bedding ကုမ္ပဏီဟာ အထက်အောက်လှန် အသုံးမပြုနိုင်တဲ့ တစ်မျက်နှာအသေ no-flip မွေ့ရာကို တီထွင်လိုက်ပြီးနောက်ပိုင်း two-siided flip မွေ့ရာတွေ ရှာဖို့တောင် ခက်သွားခဲ့ပါတယ်။ 

မွေ့ရာတွေရဲ့ အထူတွေဟာ လေးလက်မက နေ ၁၈ လက်မ ( ၁၀ စင်တီမီတာကနေ ၄၆ စင်တီမီတာ)ထိ ရှိကြတယ်။ 

Source: Wikipedia

ရွေးချယ်စရာ မွေ့ရာတွေမှာ အခြေခံအားဖြင့် Innerspring, Memory Foam, Latex, Hybrid, Pillow Top, Gel, Air, Adjustable Foundations, Futon နဲ့ Waterbed မွေ့ရာတွေရှိကြတယ်။ ဘယ်မွေ့ရာအမျိုးအစားက ပိုကောင်းတယ်၊ မကောင်းဘူး ပြောရခက်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့အမျိုးအစား၊ ဈေးနှုန်း၊ အရွယ်အစား၊ တံဆိပ်ကို ကြည့်ပြီး ရွေးချယ်ဝယ်ယူကြရမှာပါပဲ။ ၂၀၁၅ မှာ အသုံးများတဲ့ မွေ့ရာအမျိုးအစား၊ တံဆိပ်တွေကို နှိုင်းယှဉ်ထားတဲ့ စာရင်းလေးဖော်ပြပေးလိုက်ပါတယ်။ ရုန်းကြွတွန်းကန်အားကောင်းလှတဲ့ memory foam အမျိုးအစားမွေ့ရာတွေကတော့ လူသုံးအများဆုံးဖြစ်နေတာတွေ့ရမှာပါ။ 

မွေ့ရာအမျိုးအစားအလိုက် အသုံးများတဲ့ ရာခိုင်နှုန်း
Source: www.sleeplikethedead.com

မွေ့ရာအမျိုးအစားနဲ့ ကျန်းမာရေးအတွက်ဆိုရင်

Innerspring Mattress
အတွင်းမှာ စပရိန်ပါတဲ့ မွေ့ရာတွေဟာ အခုထိ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြတုန်းပါ။ စပရိန်အခွေလိုက်လေးတွေရဲ့ အပေါ်မှာမှ သက်တောင့်သက်သာဖြစ်အောင် ခေါင်းအုံး၊ latex ရာဘာကနေ memory foam ထိ အမျိုးမျိုးပေါင်းစပ်ထားတာတွေရှိကြတယ်။ ရောင်းချတဲ့သူတွေကတော့ စပရိန်ခွေလေးတွေ ပိုများရင် ပိုပြီး သက်တောင့်သက်သာရှိမယ်ဆိုတဲ့ အပြောမျိုးနဲ့ ရောင်းချတတ်ကြတယ်။ အဲဒါမမှန်လှပါဘူး။ 

အားသာချက် - ဈေးကွက်ထဲမှာ ရွေးချယ်စရာပေါလှတယ်။ ခိုင်ခံ့တယ်။ firmness ဖြစ်တာ(နစ်မြုပ်မသွားစေတာ) အပေါ်ဘက်နူးညံ့အိစက်လှတဲ့အသားခံထားတဲ့အမျိုးအစားအစဉ်လိုက်ရွေးချယ်ဝယ်ယူနိုင်တယ်။ ဈေးနှုန်းကလည်း လူတိုင်းဦးစားပေးဝယ်ယူချင်တဲ့အနေအထား/ သင့်လျော်တဲ့ဈေးနှုန်းဖြစ်နေတယ်။
အားနည်းချက် - ဈေးနှုန်းနဲ့ သက်တောင့်သက်သာရှိမှုဟာ တချို့ကိစ္စတွေမှာ တိုက်ရိုက်ဆက်သွယ်မှုမရှိလှပါဘူး။ ဒါပေမဲ့ ဈေးအသက်သာဆုံး စပရိန်မွေ့ရာတွေနဲ့တော့ လွတ်လွတ်ကင်းကင်းနေဖို့ အကြံပြုကြတယ်။ လုံလောက်တဲ့စပရိန်တွေ နဲ့ ကူရှင်တွေထည့်ပေးမထားဘူးဆိုရင်တော့ အဲဒီအိပ်ရာနဲ့ အိပ်ပြီး နိုးထတဲ့အခါ ကျောနာခြင်းကပါ တွဲလျက်ပါလာတတ်ပါတယ်။

ကိုယ်အလေးချိန်လွန်ကဲတဲ့သူတွေအတွက် firmer အထောက်အပံ့ပါတဲ့ မွေ့ရာမျိုးရွေးချယ်သင့်ပါတယ်။ firmer version တွေဟာ ကျောနာတဲ့သူတွေအတွက် ကောင်းမွန်တယ်။ စပရိန်မွေ့ရာတွေဟာ လူတိုင်း အားလုံးနီးနီးအတွက် သက်တောင့်သက်သာဖြစ်စေတယ်လို့ ဆိုနိုင်ပါတယ်။

Memory Foam Mattress 
ဒီမွေ့ရာအမျိုးအစားကတော့ ပိုပြီး လူကြိုက်များလာနေပါပြီ။ ကွဲပြားတဲ့ သိပ်သည်းမှုရှိတဲ့ ရေမြှု့်တွေ အလွှာလိုက်ပေါင်းစပ်ပြုလုပ်ထားတယ်။ အလေးချိန် နဲ့ အပူချိန်ကိုလိုက်ပြီး သင့်သလိုတုံ့ပြန်ပေးနိုင်ကြတယ်။ ကိုယ်ခန္ဓာကောက်ကြောင်းအလိုက် လိုသလိုပုံဖော်ပေးနိုင်တာကြောင့် သက်တောင့်သက်သာအဖြစ်ဆုံးလို့ လူသိများလှပါတယ်။ memory foam အပေါ်သားကပ်ထားတဲ့ မွေ့ရာမျိုးတွေလည်း ရနိုင်ပါတယ်။

အားသာချက် - ညအချိန် အိပ်စက်တဲ့အခါ ကိုယ်အလေးချိန်အတိုင်း၊ ခန္ဓာကိုယ်ပုံသဏ္ဍာန်အတိုင်း ပုံသွင်းလောင်းသလိုက်သလို ပြောင်းလဲပေးနိုင်တယ်။ memory foam ဟာ လှုပ်ရှားမှုကိုလည်း စုပ်ယူနိုင်စွမ်းရှိတော့၊ ကိုယ့်ရဲ့ အဖော် ဘေးမှာရှိနေရင်တောင် သူ လူးလှိမ့်တာ၊ ဟိုဘက်ဒီဘက်လှည့်တာဟာ ကိုယ့်ကို အနှောင့်အယှက်မဖြစ်စေပါဘူး။ 
အားနည်းချက် - အများဆုံးဝေဖန်ကြတာက အပူချိန်တုံ့ပြန်လွယ်တာ၊ ကိုယ်အပူချိန်နဲ့လိုက်ပြီး ပျော့ပျောင်းညံ့သက်၊ ပုံသွင်းသလိုဖြစ်နေတဲ့အခါ ညပိုင်း အလွန်အမင်း ပူတာကိုခံစားရနိုင်တယ်။ ဓာတုအနံ့တစ်မျိုးလည်းထုတ်လွှတ်ပေးတယ်လို့ ဝေဖန်ကြပါတယ်။

Memory foam ဟာ ကိုယ်ခန္ဓာအပူချိန်အတွက် ပြဿနာသိပ်မရှိကြသူတွေ၊ ပြင်းထန်တဲ့ ပင်ပမ်းနွမ်းလျမှု ဒါမှမဟုတ် ကြွက်သားနာကျင်မှုတစ်မျိုးမျိုးခံစားရသူတွေအတွက် အသုံးပြုဖို့ ကောင်းမွန်တယ်လို့ ညွှန်းဆိုနိုင်ပါတယ်။

Latex Mattress

latex mattress တွေကို သဘာဝ ရာဘာ/ ကြက်ပေါင်စေး latex ဒါမှမဟုတ် လူလုပ်ရာဘာ နဲ့ ပြုလုပ်ကြပြီး အလွန်အမင်း firm ဖြစ်တယ်။ တွန်းကန်အားကောင်းတယ်လို့လည်း လူသိများကြတယ်။

အားသာချက် - အကောင်းဆုံးအသားတွေထဲက တစ်ခုဟာ latex ပါလို့ ညွှန်းကြတယ်။ ခိုင်မာ firm ဖြစ်တာရယ်၊ တွန်းကန်နိုင်တာဟာ အလွန်နှစ်သက်စရာကောင်းသလို memory foam လိုပဲ သက်တောင့်သက်သာဖြစ်တာချင်းလည်း အတူတူပဲလို့ဆိုတယ်။ memory foam နဲ့ မတူတာက latex က ပြန်ပြီးတွန်းကန်တယ်။ အထောက်အပံ့ပေးနိုင်တာတွေပိုပြီး များလှတယ်။
အားနည်းချက် - မွေ့ရာမာမာ အသားပေါ်အိပ်ရတဲ့ခံစားချက်မကြိုက်ရင်တော့ ဒီ latex မွေ့ရာဟာ ကိုယ့်အတွက် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်လာမှာ မဟုတ်ဘူး။

latex မွေ့ရာဖြစ်ဖြစ်၊ latex အပေါ်သားခံထားတဲ့ မွေ့ရာပဲဖြစ်ဖြစ် နောက်ကျောနာတာ သက်သာစေဖို့ ကောင်းမွန်လှတယ်။ ဘာကြောင့်လဲဆိုတော့ သက်တောင့်သက်သာဖြစ်တာနဲ့ အထောက်အပံ့ပေးနိုင်တာတွေ အကောင်းဆုံးပေါင်းစပ်ထားလို့ပါလို့ ညွှန်းကြတယ်။

Air Mattress
ဒီလေမွေ့ရာက အားလပ်ရက်အပျော်ခရီးသွားတဲ့အခါ အသုံးပြုတဲ့ လေမှုတ်သွင်းမွေ့ရာမဟုတ်ပါဘူး။ စံချိန်မီ စပရိန်မွေ့ရာလို အဆင့်မြင့်ဖန်တီးထားတဲ့ လေအိပ်ရာကိုပြောချင်တာပါ။ စပရိန်ခွေအစား လေဖြည့်ထားတဲ့အခန်းတွေ ပါဝင်တယ်။ အပေါ်မှာ ရေမြှုပ်တစ်လွှာကာထားပါတယ်။ ကျောရိုးနာဗ့်ကြိုး ဒဏ်ရာရပြီး အချိန်ကြာရှည် အိပ်ရာထဲလှဲနေရမယ့် လူနာမျိုးတွေကို လေအိပ်ရာတွေ အသုံးပြုတယ်လို့ မှတ်ချက်ချကြတယ်။ လိုသလိုအနေအထားပြုပြင်နိုင်တာကြောင့် ကိုယ်ခန္ဓာရဲ့ တစ်နေရာထဲကိုပဲ ဆက်ပြီးဖိကပ်ထားတာမဖြစ်နိုင်တော့ဘူး။ မလှုပ်မရှားနိုင်တဲ့လူနာတွေအတွက် အရေပြားပွန်းပဲ့နာ မဖြစ်အောင်ရှောင်ကြဉ်နိုင်ကြတယ်လို့ ဆိုတယ်။

အားသာချက် - အကြိုက်ချင်းမတူကြတဲ့ စုံတွဲတွေမှာ တစ်ဦးချင်းအကြိုက် လိုသလိုပြောင်းလဲနိုင်ပါတယ်။ ခပ်မာမာကြိုက်တဲ့သူနဲ့ သက်တောင့်သက်သာအနေအထားမျိုးကြိုက်တဲ့သူ တစ်ဘက်စီ အနေအထားကိုက်ညှိနိုင်ကြတယ်။ latex နဲ့ memory foam လိုပဲ ကိုယ့်မွေ့ရာမှာ လေ topper အလွှာပါတာ ရှာဖွေဝယ်ယူနိုင်ပါတယ်။
အားနည်းချက် - တစ်ခါတစ်ရံမှာ လိုအပ်သလောက် firm ဖြစ်အောင်မလုပ်နိုင်တာမျိုး ကြုံရပြီး နိုးလာတဲ့အခါ ကျောနာတာခံစားရနိုင်တယ်။ ခေတ်မီဆန်းပြားမှုမရှိတာ၊ ဆန့်ကျင်ဘက်အခြမ်းမှာ ထိုင်မယ်ဆိုရင် တစ်ဘက်ခြမ်းက ခုန်ကြွမြင့်တာလာတာဟာ စိတ်ညစ်စရာပါ။ 

အကြိုက်မတူတဲ့သူတွေအတွက် လိုအပ်တဲ့မွေ့ရာပုံစံပါပဲ။ တစ်ဦးက ခပ်မာမာကြိုက်မယ်၊ တစ်ဦးက တစ်မျိုးကြိုက်မယ် တစ်ဘက်ခြမ်းစီလိုသလိုပြုပြင်နိုင်တဲ့မွေ့ရာလို့ ဆိုပါတယ်။

Source : How to Pick Your Perfect Mattress | www.webmd.com

ဖြိုးဖြိုး
(Living Fashion Magazine, September, 2015)

No comments: