Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, August 07, 2015

ဂီတသတင်းများ

သီချင်းဆိုတာရပ်နားထားရမယ့် ပေါ့ပ်အဆိုတော်မလေး Meghan Trainor
            ပေါ့ပ်ဂီတတစ်မျိုးဖြစ်တဲ့ Bubblegum pop, blue-eyed soul နဲ့ အာဖရိကန်-အမေရိကန်တွေကြားခေတ်စားလှတဲ့ doo-wop ဂီတစတိုင်လ်သီချင်းလေးတွေသီဆိုသူ အမေရိကန်အဆိုတော်မလေး Meghan Trainor ဟာ အသံကြိုးမှာ သွေးယိုစီးတဲ့ ကျန်းမာရေးပြဿနာကြုံရတာကြောင့် ဆေးကုသမှုခံယူခဲ့ပါတယ်။
All About That Bass အဆိုရှင်လေးဟာ အဲဒီသတင်းကို သူမရဲ့ လူမှုကွန်ယက်မီဒီယာစာမျက်နှာတွေမှာ ရှင်းပြခဲ့တယ်။ သူမရဲ့ လည်ချောင်း ပြန်လည်ပျောက်ကင်းတဲ့တိုင်အောင် အသံကြိုးအပြည့်အဝအနားပေးထားရမှာပါတဲ့။ ဒဏ်ရာအနာတရဖြစ်ခဲ့တာကတော့ အဆိုသမားတွေမှာဖြစ်တတ်ကြတဲ့ အသံကြိုးမှာ hemorrhage သွေးယိုစီးတာမျိုးပါ။  MTrain Tour ကို ရပ်နားထားရမယ့် အခြေအနေပါပဲ။ အတ္တလန်တစ်စီးတီး၊ နယူးဂျာစီတို့မှာ ဇူလိုင် ၃ ရက်နေ့ပြုလုပ်မယ့် ပွဲနဲ့ အဲဒီနောက်တစ်နေ့ ကော်နက်တီကတ်ပြည်နယ်၊ အမေရိကရဲ့ အကြီးဆုံးကာစီနိုတွေရှိတဲ့မြို့ထဲက တစ်ခုဖြစ်တဲ့ Uncasville မြို့လေးက Mohegan Sun မှာပြုလုပ်မယ့်ပွဲ နှစ်ပွဲ ရွှေ့ဆိုင်းခဲ့ရတယ်။ "အရင် tour date တစ်ခုမှ ပျက်ကွက်ခဲ့တာမရှိလို့ အခုဒီလိုဖြစ်တာ ကျွန်မကို သတ်နေသလိုပဲ" လို့ စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ Trainor က ပြောပါတယ်။ Trainor လိုပဲ အင်္ဂလိပ် R&B, Pop အဆိုတော် Sam Smith လည်း လည်ချောင်းမှာဒဏ်ရာဖြစ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဧပြီလမှာ ချက်ချင်းပဲ အနားယူခဲ့ရတယ်။ သူ့ရဲ့အသံကြိုးမှာလည်း သွေးယိုစီးမှုဖြစ်ခဲ့တာကြောင့်ပါ။ ဇူလိုင်အစောပိုင်းမှာက လတ်တလော စကားပြောဖို့မဖြစ်နိုင်သေးပါဘူး။ tour ဖြေဖျော်ရေးအစီအစဉ်တွေကို နိုဝင်ဘာနောက်ပိုင်းမှ ပြန်ပြီးစီစဉ်နိုင်မယ်လို့ ဆိုတယ်။ ပြင်းပြင်းထန်ထန်စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ Trainor က Instagram account မှာ "ကျွန်မ ငိုချလိုက်ချင်တယ်။ ဒါပေမဲ့ မလုပ်နိုင်ဘူး။ အဲဒါ ပိုပြီးတော့ နာကျင်တယ်။ အခု အရာအားလုံးမုန်းလိုက်တာ" လို့ ရေးထားပါတယ်။ Trainor ရဲ့ All About That Bass ဟာ Billboard Hot 100 စာရင်းမှာ နံပါတ် ၁ hit ဖြစ်ခဲ့ပြီး Lips are Movin ကတော့ နံပါတ် ၄ စာရင်းဝင်ခဲ့ပါတယ်။

မွန်ထရီးလ်ဂျက်ဇ်ပွဲတော်က ပရိတ်သတ် ၂ သန်းကျော်ကို ဆွဲဆောင်သွားခဲ့
            ကနေဒါနိုင်ငံက ဒုတိယအကြီးဆုံးမြို့တော် မွန်ထရီးလ်မှာကျင်းပခဲ့တဲ့ ဂျက်ဇ်ဂီတပွဲတော်ဟာ ၁၉၈၀ ခုနှစ်ကနေစတင်ပြီး ဇွန် ၂၆ ကနေ ဇူလိုင် ၅ ရက်နေ့ထိ နှစ်စဉ်ကျင်းပခဲ့တာပါ။ ဒီနှစ်မှာလည်း ပရိတ်သတ် ၂ သန်းကျော်ဝင်နွှဲခဲ့ကြတယ်။ ၂၀၀၄ ခုနှစ်မှာ ကမ္ဘာ့အကြီးဆုံးဂျက်ဇ်ပွဲတော်အဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာရင်းဝင်သွားခဲ့ပါတယ်။ နှစ်တိုင်အကြမ်းဖျင်း ဂျက်ဇ်ဂီတသမားပေါင်း ၃၀၀၀ ခန့် နိုင်ငံပေါင်း ၃၀ ခန့်က ပါဝင်တီးခတ်ကြတယ်။ ဂီတဖြေဖျော်ပွဲပေါင်း ၆၅၀ကျော်ခန့်တီးခတ်ကြပါတယ်။ ၄၅၀ ပွဲက အခမဲ့ ဖြေဖျော်ပွဲတွေပါ။ အခမဲ့ outdoor စင်ပေါင်း ၁၀၊ indoor ဂီတစင်မြင့်တွေ ၁၀ခုရှိကြတယ်။ ဂျက်ဇ်ဂီတပွဲတော်ဆိုပေမယ့် နိုင်ငံတကာဂီတ၊ ကနေဒီယန်းလက်ရွေးစင်တွေ၊ နာမည်ကျော်ရောခ့်၊ ပေါပ့်နဲ့ ဘလူးစ် ဂီတသမားတွေအပြင် hip-hop သမားတွေရယ်၊ ညလယ်ပိုင်း electronic dance ဂီတပွဲတွေလည်း ဂီတသွေးနွှေးဖို့ ဂီတမျိုးစုံပါဝင်တီးခတ်ကြပါသေးတယ်။ နှစ်တိုင်း အစီအစဉ်အသစ်တွေပြင်ဆင်ထားတတ်တဲ့ဂျက်ဇ်ပွဲတော်မှာ ဒီနှစ်မှာလည်း စပိန်တေးသွားသွက်သွက် flamenco နဲ့ folk ရိုးရာဂီတတွေပေါင်းစပ်ထားတဲ့ ဂီတဖြေဖျော်ပွဲတွေ အစီအစဉ်မှာပါဝင်ခဲ့တယ်။ ဖွင့်ပွဲညမှာများပြားလှတဲ့ဂျက်ဇ်ဂီတ ပရိတ်သတ်တွေကို ဖြေဖျော်ခဲ့ကြသူတွေမှာ ထရမ်းပက်သမား Paulo Fresu နဲ့အတူ မြေထဲပင်လယ်ဒေသ ကော်စီကန်ကျွန်း အဆိုအဖွဲ့ A Filletta ၊ ကလပ်စစ်ရော့ခ်သမား Steve Miller ၊ Al Di Meola နဲ့ Stanlye Jordan တို့လို့ ဂစ်တာသူရဲကောင်းတွေ၊ အမေရိကန်အဆိုတော် Beth Hart တို့ပါဝင်တယ်။ လူထူထူဂီတပရိတ်သတ်တွေ လွတ်လွတ်လပ်လပ်စုစည်းကြတဲ့ Le Greand Concert D'Ouventure မှာ Balkan folk ၊ Indie folk အမေရိကန်ဂီတအဖွဲ့Beirut ရဲ့ဂီတလက်စွမ်းက အံ့ဘနန်း မြူးထူးစရာဖြစ်ခဲ့ကြတယ်။ မွန်ထရီးလ်ဂီတပွဲတော်မှာ နှစ်တိုင်းဂီတသူရဲကောင်းတွေကို ဂုဏ်ပြုဆုပေးကြတာရှိပါတယ်။ ဒီနှစ်အတွက် B.B. King ဆုကို မစ္စစ္စပီ ဘလူးစ်ဂီတသမား James Cotton ၊ Miles Davis ဆုကို ဂစ်တာသမား Al Di Meola နဲ့ Ella Fitzgerald ဆုကိုတော့ Soul နဲ့ R&B ပေါင်းစပ်ထားတဲ့ဂီတစတိုင်လ် neo-soul အဆိုတော် Erykah Badu တို့ကို ပေးအပ်ခဲ့တယ်။ Erykah Badu က ၂ နာရီကြာအင်အားပါပါ သွက်သွက်လက်လက် သီဆိုသွားခဲ့ပါတယ်။ ဂီတသမားတချို့ ဂီတပွဲတော်အချိန်နီးကပ်မှ ပျက်ကွက်ခဲ့တာတွေလည်းရှိကြတယ်။ အစ္စရေး ဘေ့စ်ဂီတသမား Avishai Cohen နဲ့ နိုင်ဂျီးရီးယန်း juju-music ဂုရုကြီး King Sunny Ade တို့က ဗီဇာအခက်အခဲတွေကြောင့်၊ ကင်မရွန်း ဘေ့စ်ဂစ်တာသမား အဆိုတော် Richard Bona ကတော့ ပွဲချိန်နီးကပ်မှ သိလိုက်တာရယ်၊ အမေရိကန်ဘလူးစ်ဂီတသမား Taj Mahal နဲ့ မွန်းထရီးလ်အကျော်အမော် ထရမ်းပက်သမား Vic Vogel ကတော့ ကျန်းမာရေးအခြေအနေတွေကြောင့် မဖြေဖျော်နိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ ၁၀ရက်ကြာကျင်းပတဲ့ ဂျက်ဇ်ဂီတပွဲတော်တစ်လျှောက်လုံးမှာ ဂန္တဝင်ဂီတသမားတွေအများကြီး၊ ဂီတချစ်ပရိတ်သတ်တွေအများကြီးပဲဆင်နွှဲကြတဲ့ ပွဲတော်အဖြစ် ၂၀၁၅ မှာလည်းထိန်းထားနိုင်တုန်းပါပဲ။

ဂီတလောကနဲ့ ဂီတကုထုံးတွေအတွက် ဂီတသမားတွေကြိုးပမ်း
            "With or Without You" hit သီချင်းဖန်တီးခဲ့ကြတဲ့ U2 အဖွဲ့သားတွေဖြစ်တဲ့ Bono, the Edge, Adam, Clayton နဲ့ Larry Mullen Jr တို့ရဲ့ အမှတ်တရလက်မှတ်ရေးထိုးထားတဲ့ ဂစ်တာကို UK ရဲ့ ဂီတကုထုံးကုသိုလ်ဖြစ်အဖွဲ့ Nordoff Robbins အတွက် ရံပုံငွေအတွက် လေလံတင်ခဲ့ကြတယ်။ လန်ဒန် O2 Silver Chef Awards ဆုပေးပွဲရဲ့ အနှစ် ၄၀ မြောက် နှစ်ပတ်လည်နေ့မှာရောင်းချခဲ့တာပါ။ အဲဒီ Gibson Les Paul Music Rising ဂစ်တာဟာ U2 အဖွဲ့ရဲ့ လတ်တလော tour ဖြစ်တဲ့ iNNOCENCE + eXPERIENCE မှာ the Edge တီးခဲ့တဲ့ဂစ်တာပါ။ ဂစ်တာဝယ်ယူခဲ့သူဟာ ဂစ်တာနဲ့အတူ တန်းဖို့မဖြတ်နိုင်တဲ့ အမှတ်တရလက်မှတ်ပါ သူတို့ရဲ့ ၁၉၈၇ ခုနှစ်က အယ်လ်ဘမ် The Joshua Tree ကော်ပီနဲ့၊ ရွှေရောင်ဘောင်ပါတဲ့ LP disc တို့နဲ့အတူ U2 အဖွဲ့ရဲ့ လန်ဒန် O2 Arena မှာ ပြုလုပ်မယ့် ဖြေဖျော်ပွဲ VIP လက်မှတ် ၄ စောင် အပါအဝင် အဲဒီပွဲမှာ စင်ပေါ်မှာ လှည့်လည်ကြည့်ရှုနိုင်မယ့် ခရီးစဉ်ပုံစံမျိုးခွင့်ပြုလက်မှတ်ထည့်သွင်းထားတဲ့ package တစ်ခုလုံးရရှိခဲ့ပါတယ်။ လေလံတင်ဈေးနှုန်းကို ကြောက်ခမန်းလိလိတန်ဘိုး ပေါင် ၁၅၀၀၀ ကနေ စတင်ခဲ့တာပါ။ Nordoff Robbins ရဲ့ website မှာ ဖော်ပြထားခဲ့တယ်။ ကြိုတင်မျှော်မှန်းထားခဲ့ကြသလိုပဲ O2 Silver Clef Auction လေလံပွဲမှာ ရင်သပ်ရှုမောဖွယ် ပေါင် ၇၄၀၀၀၀ ရံပုံငွေရရှိခဲ့ကြတယ်။ Silver Chef Awards ဆုပေးပွဲဟာ စတင်ပြုလုပ်ခဲ့တဲ့ ၁၉၇၆ ခုနှစ်ကနေစတင်ပြီး Nordoff Robbins ဂီတကုထုံးလှုပ်ရှားမှုတွေအတွက် ရံပုံငွေ ပေါင် ၉.၂ သန်း လှူဒါန်းပေးနိုင်ခဲ့ကြတယ်။ U2 ရဲ့ ဂစ်တာ package ကို ပေါင် ၇၅၀၀၀ ၊ Ed Sheeran လက်မှတ်ပါတဲ့ ဂစ်တာက ပေါင် ၂၂၀၀၀ နဲ့ Iron Maiden စာသားလက်ရေးမူကတော့ ပေါင် ၂၃၀၀၀ ရရှိခဲ့ကြတယ်။ Mark Ronson DJ သင်ခန်းစာနဲ့ ဓာတ်ပြားတင်စင်ကို အင်္ဂလိပ် ပေါ့ပ်/ ရော့ခ်အဖွဲ့ Level 42 က Mark King နဲ့ Duran Duran တို့ တစ်လှည့်စီလေလံဆွဲကြတော့ Mark King က ပေါင် ၁၂၀၀၀နဲ့ လေလံအောင်သွားခဲ့ပါတယ်။ O2 Silver Clef Awards နှစ် ၄၀ မြောက်ဆုပေးပွဲကို လန်ဒန် Park Lane က Grosvenor House ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့အခါ ဆုရရှိသူတွေ၊ ဂီတ၊ ရုပ်ရှင်၊ ဖက်ရှင် နဲ့ အားကစားလောကက စတားတွေအပါအဝင် ဧည့်ပရိတ်သတ် ၁၁၀၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။ The Edge နဲ့ ထုတ်လုပ်သူ Bob Ezrin ၊ Gibson ဂစ်တာဥက္ကဌ Henry Juszkiewica တို့အတူပူးပေါင်းပြီး Music Rising ကုသိုလ်ဖြစ်အဖွဲ့ကို ဟာရီကိန်း ကက်ထရီနာ တိုက်ခတ်ခဲ့ပြီးနောက် ၂၀၀၅ နိုဝင်ဘာမှာတည်ထောင်ထားခဲ့ကြတယ်။ Music Rising အဖွဲ့ရဲ့ ရည်မှန်းချက်ဟာ ဟာရီကိန်း ကက်ထရီနာ နဲ့ ရီတာ မှာ ဘေးဒဏ်သင့်ကာ ဂီတတူရိယာပစ္စည်းဆုံးရှုံးခဲ့ရတဲ့ Gulf Coast ဂီတသမားတွေအတွက် လိုအပ်တဲ့ ဂီတပစ္စည်းတွေနဲ့ စက်ပစ္စည်းတွေ ပြန်လည်အစားထိုးဝယ်ယူနိုင်စေဖို့ပါ။

Jessie J ကျန်းမာရေး OK မဖြစ်သေးဘူး
            ပေါ့ပ်၊ R&B အဆိုတော်မလေး Jessie J ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက ဆန်းကြယ်တဲ့ဖျားနာမှုကြောင့် ခွဲစိတ်ကုသခံယူခဲ့အပြီး Not O.K လို့ ပြောလိုက်ပါတယ်။ အင်္ဂလိပ်အဆိုတော်မလေးဟာ ကုသမှုအပြီး ဆေးရုံမှာစစ်ဆေးပြီးအခြေအနေသိခဲ့ရတဲ့အခါ သူမရဲ့ ဒိန်းမတ်၊ ဘယ်လ်ဂျီယံ နဲ့ ဇာတိအင်္ဂလန်မှာ ပြုလုပ်မယ့် ဂီတဖြေဖျော်ပွဲတွေ ဖျက်လိုက်ရတယ်လို့ဆိုတယ်။ လက်ဖျံမှာ drip သွင်းနေတဲ့ဆေးပိုက်တွေနဲ့ ပုံကို Instagram account မှာ တင်လိုက်ပြီး "အဆင်မပြေပါဘူး။ ကျွန်မ သိပ်ကိုနာကျင်နေပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေနဲ့ ဆွေးနွေးကုသနေပါတယ်" လို့ရေးထားတယ်။ မမျှော်လင့်ခဲ့ပေမဲ့ အနိုင်ရရှိအောင် ကျွန်မအကောင်းဆုံးကြိုးစားဖို့ ဒီကိုရောက်နေပါတယ်လို့လည်း ဆက်ပြီးရေးထားပါတယ်။ လူမှုကွန်ယက်မီဒီယာတွေမှာ သတင်းအချက်အလက်ပေးတင်ကြလေ့ရှိတဲ့ အနုပညာသမားတွေရဲ့ ထုံးစံအတိုင်းပဲ Jessie J လည်း ခွဲစိတ်ကုသမှုခံယူနေစဉ် ဖြူလျော်ဖျော့တော့ပြီး မပျော်ရွှင်နိုင်ဖြစ်နေရတဲ့ဓာတ်ပုံတချို့ကို တင်ခဲ့ပါတယ်။ ဒီလိုအခြေအနေတိုင်းကို ပရိသတ်တွေကိုပြောပြနေသလဲဆိုတော့ သူမကိုယ်တိုင်ပြောပြမနေတဲ့အခါ စိုးရိမ်ကြီးနေတဲ့ ပရိတ်သတ်တွေဟာ သူမနဲ့ ရင်းနှီးတဲ့သူတွေ၊ မိသားစုဝင်တွေကို တချိန်လုံးမေးမြန်းနိုင်တယ်။ အဲဒါဟာ စိတ်အနှောင့်အယှက်ပေးသလိုဖြစ်နိုင်တယ်။ သူမကိုယ်တိုင်က ပြောပြတဲ့အခါ အခြေအနေအမှန်ဟာ မကွဲလွဲနိုင်သလို၊ ပိုပြီးဆိုးတာမျိုးလည်းဖြစ်မသွားနိုင်ဘဲ အတိအကျသိနိုင်တာပေါ့ လို့ Jessie J က ရှင်းပြပါတယ်။ တစ်နေရာရာမှာ သူမတဲ့ပိုပြီး နာကျင်နေတဲ့သူတွေရှိနေနိုင်သေးတယ်။ သူတို့အတွက် နာကျင်မှုတွေက ကင်းလွတ်ဖို့ ဆုတောင်းပေးချင်မိတယ်လို့ ဆိုတယ်။ ဆေးရုံတွေဟာ သူမရဲ့ ဘဝတစ်ခုလုံး ဒုတိယလှို့ဝှက်အိမ်လိုဖြစ်နေရပြီ။ သူတို့ဘယ်တော့မှ ကောင်းမွန်ချိုသာမနေကြပါဘူး တဲ့။ ဒါပေမဲ့ သူမအတွက် ထူးကဲတဲ့သီချင်းတစ်ပုဒ်ဖန်တီးဖို့ စိတ်ဝင်စားမှုနိုးကြွစေနိုင်တယ်။ အရာအားလုံးအကောင်းမြင်နိုင်ဖို့ ကြိုးစားနေပါတယ် လို့ ရေးထားပါတယ်။ ဇူလိုင်လဆန်းပိုင်းမှာ ဂီတဖြေဖျော်ပွဲ ၅ ပွဲအတွက် စီစဉ်ထားခဲ့တာပါ။ ဇူလိုင် ၃ မှာ တူရကီနိုင်ငံ၊ မြို့တော်အီစတန်ဘူလ် Küçükçiftlik ပန်းခြံကနေစတင်မယ့် အဲဒီ ဖြေဖျော်ပွဲတွေအားလုံး ဖျက်ခဲ့ရတယ်။ Jessie J ရဲ့ ဖျားနာမှုအကြောင်း ရှင်းရှင်းလင်းလင်းတော့မသိခဲ့ရပါဘူး။ ၂၀၁၂ သြစတြေးလျ ဂီတပွဲတုန်းကလည်း အသံကြိုးပြဿနာကြောင့် ပွဲတွေဖျက်ခဲ့ရဖူးတယ်။

အယ်လ်ဘမ်အသစ်တွေအတွက် ဂီတရိက္ခာလုံလောက်နေတဲ့ Guns N' Roses
            Guns N' Roses ဟာ အယ်လ်ဘမ် ၂ ခု ၃ ခုစာလောက် လုံလုံလောက်လောက်အသံဖမ်းဖို့ ကုန်ကြမ်းအသစ်တွေရှိနေတယ်လို့ ဂစ်တာသမား Richard Fortus က ပြောပါတယ်။ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ နောက်ဆုံး အယ်လ်ဘမ် Chinese Democracy အပြီး အခုတစ်ခါ အယ်လ်ဘမ်အသစ်အတွက် အလုပ်ရှုပ်နေကြပြီလို့ ဆိုတယ်။ "အသံဖမ်းထားတာတွေအများကြီးပဲ။ အယ်လ်ဘမ် ၂ခု ၃ ခုစာ ရနိုင်တယ်လို့ အလေးအနက်ပြောပါတယ်။ ဖိုင်တွေကို လမ်းကြောင်းတိုင်းကို ပို့ထားပါပြီ။ မြန်နိုင်သလောက်မြန်မြန်ဆန်ဆန်ထုတ်နိုင်ဖို့ ကျွန်တော်တို့ မစောင့်နိုင်ကြတော့ဘူး လို့ဆိုတယ်။ ကီးဘုတ်သမား Dizzy Reed ကတော့ အဖွဲ့မှာ ကုန်ကြမ်းအသစ်တွေကြွယ်ဝနေတာတွေထဲက ရွေးချယ်စရာတွေရှိနေပေမယ့် အယ်လ်ဘမ်အသစ်ဘယ်တော့ထွက်မလဲ ကျွန်တော်တို့ အခုထိမသေချာသေးဘူးလို့ ထပ်ပြောပါတယ်။ Axl Rose ကတော့ "သိပ်ကောင်းတဲ့အယ်လ်ဘမ်ဖြစ်လိမ့်မယ်" လို့ နောက်ဆုံးစကားပြောထားတယ်။ Axl (Rose) တစ်ယောက်ပဲ သိနိုင်မယ်။ သူက အဲဒါကို သိပ်လှို့ဝှက်ထားတယ်။ စိတ်ရှည်ပေးပါလို့ ဆိုတယ်။ ပြီးခဲ့တဲ့လက Gun N' Roses ဂစ်တာသမား DJ Ashba ဟာ လာ့စ်ဗေးဂက်စ် ကလပ်တစ်ခုမှာ အော်ကြီးဟစ်ကျယ်ပါဝင်ငြင်းခုံခဲ့သေးတယ်။ Ashba ဟာ Robin Finck တစ်ယောက် Nine Inch Nails အဖွဲ့နဲ့ ပြန်လည်ပေါင်းစည်းဖို့ ထွက်ခွာသွားပြီးနောက် ၂၀၀၉ မှာ Guns N' Roses ကို ဝင်လာခဲ့တာပါ။ Guns N' Roses အဖွဲ့သားဟောင်း Sweet Child O' Mine သီချင်းဟာ သြစတြေးလျအဖွဲ့ Crawls ရဲ့ ၁၉၈၁က သီချင်း Unpublished Critics ကို ပုံတူကူးယူထားတယ်လို့ ဝေဖန်ချက်တွေကြားလာရတာကို အဖွဲ့သားဟောင်း Duff McKagan က ငြင်းဆန်ခဲ့ပါတယ်။ ဇွန်လအစောပိုင်းက သြစတြေးလျ ဘလောဂ့် Max TV က သီချင်းနှစ်ပုဒ်ကြား တူနေတဲ့နေရာတွေကို ထောက်ပြခဲ့တာပါ။ သြစီအဖွဲ့ အဆိုသမား James Reyne က သီချင်းနှစ်ပုဒ်ဟာ မငြင်းနိုင်လောက်အောင် တူနေတာတွေရှိတယ်လို့ ဆိုတယ်။ ဒါပေမဲ့ Guns N' Roses ကို တရားစွဲဖို့တော့ ရည်ရွယ်ချက်မရှိပါဘူးလို့ ဆိုတယ်။ Guns N' Roses ဟာ ၁၉၈၇ နဲ့ ၁၉၉၃ ခုနှစ်အတွင်းမှာ Use Your Illusion အယ်လ်ဘမ် ၂ ခုအပါအဝင် အယ်လ်ဘမ် ၅ ခုထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် ပရိတ်သတ်တွေ တမေ့တမောစောင့်ဆိုင်းနေခဲ့ရပြီးမှ ၂၀၀၈ မှာ ၆ခုမြောက် အယ်လ်ဘမ် Chinese Democracy ထွက်ရှိခဲ့တာပါ။

ရင်ကွဲအသည်းကြွေစရာ Amy ပါ
            အင်္ဂလိပ်အဆိုတော်မလေး Amy Winehouse ဟာ အယ်လ်ကိုဟောအဆိပ်သင့်ပြီး အသက် ၂၇ နှစ်အရွယ် ၂၀၁၁ ဇူလိုင်မှာ သေဆုံးခဲ့ပါတယ်။ Winehouse သေဆုံးခဲ့တဲ့အချိန်မှာ ၂၀၀၃ ခုနှစ်က Frank ၊ ၂၀၀၆ ခုနှစ်က Back to Black အယ်လ်ဘမ် ၂ ခုပဲ ထွက်ရှိခဲ့ရသေးတယ်။ Lioness: Hidden Treasures အယ်လ်ဘမ်ကတော့ ၂၀၁၁ ဒီဇင်ဘာမှာ မထွက်ရှိခဲ့သေးတဲ့ သီချင်းတွေရယ်၊ Demo သီချင်းတွေရယ်စုပေါင်းပြီး Island Records က ထွက်ရှိခဲ့တယ်။ အဲဒီတတိယအယ်လ်ဘမ်ကတော့ Amy Winehouse Foundation ရံပုံငွေအတွက် မိသားစုက လှူဒါန်းခဲ့တာပါ။ တတိယ LP အတွက် ဘယ်သူမှ မကြားခဲ့ရသေးတဲ့ Demo သီချင်းတွေအသံသွင်းခဲ့တာရှိပါတယ်။ ဒါပေမဲ့ Winhouse ရဲ့Label Universal Music U.K ဥက္ကဌ David Joseph က အဲဒီ Demo သီချင်းတွေ ဖျက်ဆီးလိုက်ပြီ။ အဲဒါ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့အရာပါ။ ဘယ်သူမှမပိုင်ဆိုင်နိုင်အရာဖြစ်နေတယ် လို့ပြောခဲ့တယ်။ Winehouse ရဲ့ ထုတ်လုပ်သူ တွဲဖက်သီချင်းရေးသူ Mark Ronson အပါအဝင် သူငယ်ချင်းတွေ၊ အမာခံပရိတ်သတ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေဟာ သူတို့ချစ်ရတဲ့ အဆိုရှင်မလေးရဲ့ ဝမ်းနည်းစရာဘဝ၊ ဂီတနဲ့ပတ်သက်တဲ့ အမွေအနှစ်တွေအကြောင်း အိန္ဒိယလူမျိုး၊ အင်္ဂလိပ်ဒါရိုက်တာ Asif Kapadia ရဲ့ Amy မှတ်တမ်းရုပ်ရှင်ထွက်ရှိခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့မှာ အမှတ်တရစကားတွေပြောခဲ့ကြတယ်။ Amy မှတ်တမ်းရုပ်ရှင်ကို ယူကေမှာ ဇူလိုင် ၃ ရက်နေ့က စတင်ပြသခဲ့ပြီး ကမ္ဘာတစ်ဝှမ်း ဇူလိုင် ၁၀ မှာ ပြသခဲ့တာပါ။ ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့က ၂၀၁၅ ကိန်းရုပ်ရှင်ပွဲတော် မှာ အစမ်းပြသခဲ့တော့ ကြည့်ရှုခဲ့ရသူတွေက ဝမ်းနည်းစရာအပြောင်မြောက်ဆုံးအနုပညာ၊ ထူးခြားပြောင်မြောက်လှတယ်၊ ရင်ကွဲအသည်းကြွေစရာ၊ လက်မလွှတ်သင့်တဲ့ မှတ်တမ်းရုပ်ရှင်တစ်ကားလို့ ချီးကျူးခဲ့ကြတယ်။ Winehouse မသေဆုံးခင်တုန်းက jazz/ hip-hop supergroup တစ်ဖွဲ့ ဖွဲ့ချင်တဲ့အကြောင်း Roots အဖွဲ့ ဒရမ်သမား ထုတ်လုပ်သူ Questlove, Raphael နဲ့ Mos Def တို့နဲ့ ဆွေးနွေးခဲ့ကြသေးတယ်။ "သူမ မသေဆုံးခင်ရက်သတ္တပတ်အနည်းငယ်တုန်းက သီချင်းတွေရေးပြီးခဲ့ပုံရတယ်" လို့ ဒုတိယနဲ့ နောက်ဆုံးအယ်လ်ဘမ်ဖြစ်ခဲ့တဲ့ Back to Black ပူးတွဲထုတ်လုပ်ခဲ့တဲ့ Remi က ပြောပါတယ်။ သူတို့မှာ သီချင်း ၁၄ ပုဒ်ခန့်ရှိတယ်လို့ ဆိုတယ်။ Winehouse ရဲ့ Rehab သီချင်းဟာ Winehouse ဖခင်က သူမ ပြန်လည်ထူထောင်ရေးစခန်းလုံးဝသွားတက်ဖို့ မလိုဘူးလို့ ဆူပူခဲ့တာနဲ့ ပတ်သက်ပြီး Winehouse ရေးထားခဲ့တာပါ။ အဲဒီသီချင်းကို ရေးခဲ့တုန်းက အချိန် ၃ နာရီပဲ ယူခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က Stay With Me သီချင်းနဲ့ hit ဖြစ်ခဲ့တဲ့ Sam Smith က သူ့ရဲ့ ဂီတမှာ Winehouse ရဲ့ လွှမ်းမိုးမှုရှိနေပါတယ်။ Winehouse ရဲ့ You Sent Me Flying သီချင်းကြောင့် သူ သီချင်းဆိုဖြစ်ခဲ့တာလို့ အမေးအဖြေတစ်ခုမှာ ဖြေခဲ့ပါတယ်။

ဖြိုးဖြိုး
(Yati Magazine, August, 2015)

No comments: