Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, August 19, 2015

ခရီးသွားသတင်းများ

Airbnb ကုမ္ပဏီရဲ့ ကျူးဘားခရီးသွားဆွဲဆောင်မှု
တချို့ကံကောင်းတဲ့ ဇူလိုင်လအတွင်းက Airbnb ခရီးသွားတွေဟာ တည်းခိုစရာနေရာအခမဲ့ဝန်ဆောင်မှုရရှိခဲ့ကြတယ်။ ယူအက်စ်နဲ့ ကျူးဘားသံရုံးတွေပြန်ပြီးဖွင့်ကြတဲ့ အထိမ်းအမှတ်နဲ့ ပြုလုပ်ခဲ့တာပါ။ ဇူလိုင် ၂၀ မတိုင်ခင် ကြိုတင်လက်မှတ်ပေးသွင်းခဲ့ကြရပြီး သူတို့ရဲ့ ခရီးစဉ်က ဇူလိုင် ၁၉ ကနေ ဇူလိုင် ၂၆ ရက်နေ့အထိ တည်းခိုစရာ ကျူးဘန်းစတိုင်လ် အိမ်လှလှလေးတွေဝန်ဆောင်မှုပေးခဲ့ပါတယ်။ ကုမ္ပဏီက အံ့အားသင့်စရာကြော်ငြာအစီအစဉ်ကို အချိန်နီးကပ်မှ ရုတ်တရက်ကြေညာလိုက်တာကြောင့် မူလကတည်းက Airbnb နဲ့ ခရီးသွားဖို့ ကြိုတင်လက်မှတ်ယူထားသူတွေသာ အဲဒီဝန်ဆောင်မှုကို ရယူနိုင်ခဲ့ကြတာပါ။
ကြိုတင်ငွေပေးသွင်းထားသူတွေကို ခရီးစဉ်တစ်လျှောက်လုံးအတွက် နေထိုင်စရိတ်ငွေပြန်အမ်းပေးခဲ့ကြတယ်။ ယူအက်စ် သံရုံးဟာ ၁၉၆၁ ခုနှစ်ကတည်းက ပိတ်ထားခဲ့ထားပါ။ ဇူလိုင် ၂၀ရက်နေ့က ပြန်ဖွင့်ခဲ့တယ်။ Airbnb ဟာ ကျူးဘားခရီးစဉ်အတွက် ဧပြီလက စတင်ခဲ့ပြီး ဆက်သွယ်ငှားရမ်းသူအိမ်ရှင် ၂၀၀၀ ခန့် စာရင်းရှိခဲ့တာဟာ ဟာဗားနားမှာ Airbnb နဲ့ ဆက်သွယ်ခရီးသွားသူ ၄၀ ရာခိုင်နှုန်းခန့်ရှိခဲ့တာပါ။ ကုမ္ပဏီကပြောတာက ကျူးဘားဟာ အမေရိကန်တွေအကြား လက်တင်အမေရိကနိုင်ငံတွေထဲမှာ ဘူရန်နိုအေးရိစ်၊ မက္ကဆီကိုစီးတီး နဲ့ ရီရိုဒီဂျနေးရိုးတို့ထက်သာလွန်ပြီး စိတ်ဝင်စားမှုအများဆုံးနိုင်ငံဖြစ်နေပါတယ်လို့ ဆိုတယ်။ ခရီးသွားကုမ္ပဏီကလည်း ကျူးဘားကို ခရီးသွားတွေ ပိုပြီး စိတ်ဝင်စားလာကြတာကို ဂရုထားနေကြတယ်။ Carnival Corporation(CCL) က ကျူးဘား ရေလမ်းအပျော်စီးခရီးစဉ်အတွက် လတ်တလော ကြေညာထားပါတယ်။ JetBlue(JBLU) လေကြောင်းကုမ္ပဏီကလည်း ရက်သတ္တပတ်တိုင်းမှာ နယူးယောက်စီးတီးကနေ ဟားဗားနားမြို့တော်ဆီ စင်းလုံးငှားလေယာဉ်ခရီးစဉ်တွေ ဖွင့်လှစ်ကမ်းလှမ်းထားလိုက်ပါပြီ။

ကမ္ဘာကြီးကို ချောင်းကြည့်နေတဲ့ ပြတင်းပေါက်တွေ
ကိုယ်က ပြတင်းပေါက်မှာ ရပ်ပြီး အပြင်ကို ငေးနေမိတဲ့အချိန်များ ဓာတ်ပုံဆရာတစ်ဦးဦးက zoom ဆွဲယူနေတာရှာတွေ့လိုက်မိရင် ရဲကို လှမ်းအကြောင်းမကြားလိုက်ပါနဲ့ဦး။ ဓာတ်ပုံဆရာကလည်း Andre Vicente Goncalves ဖြစ်နေတယ်ဆိုရင် သူဟာ ချောင်းမြောင်းကြည့်ရှုနေတဲ့သူမဟုတ်ပါဘူး။ သူဟာ သင့်နံရံပေါ်က ပြတင်းပေါက်တွေကို ကြိုက်နှစ်သက်တတ်သူတစ်ဦးပါ။ Goncalves ဟာ သူ့ဘာသာ ပြတင်းပေါက်တွေကို "စွဲလမ်းသူ" တစ်ဦးလို့ သရုပ်ခွဲပြလေ့ရှိသူပါ။ သူ့ရဲ့ဘဝမှာ ဓာတ်ပုံတွေရိုက်ကူးအသက်မွေးရင်း ပြတင်းပေါက်တွေဓာတ်ပုံရိုက်ကူးရတာကို အလွန်အမင်းစွဲလမ်းသွားခဲ့တယ်။ ကိုယ်ပိုင်ကမ္ဘာလေးတွေကို ထူးခြားတဲ့ဓာတ်ပုံပညာရပ်နဲ့ ပေါင်းစပ်ဖွဲ့စည်းပြီး သူတို့ရဲ့ နေရာဒေသတွေကိုပါ ဖမ်းယူပြထားတယ်။ "ကျွန်တော် ပြတင်းပေါက်တွေအကြောင်း သိချင်စိတ်အမြဲ ပြင်းပြနေခဲ့တယ်။ အတွင်းနဲ့အပြင်ကြားက ဖန်သားချပ်အပိုင်းအစလေးကို ရှာတွေလိုက်တဲ့အခါ လုံခြုံစိတ်ချသွားတဲ့ခံစားချက်ရလိုက်တာဟာ ရွှင်မြူးစရာပဲ" လို့ Goncalves က ပြောပါတယ်။ သူစုဆောင်းထားတဲ့ပုံတွေဟာ အခုဆိုရင် ပုံပေါင်း ၃၆၀၀ ရှိနေပြီး သူ့ရဲ့ ဇာတိ ပေါ်တူဂီကနေ စတင်ကာ ဥရောပတစ်ဝှမ်းရိုက်ကူးခဲ့ပါတယ်။ Canon Digital  ကင်မရာတွေနဲ့ အဝေးကြည့်မှန်ဘီလူးတွေ တပ်ဆင်ပြီး လမ်းတွေပေါ်မှာခြေသံလုံလုံလျှောက်လှမ်း ပြတင်းပေါက်တွေဆီ တရွေ့ရွေ့ချဉ်းကပ်ပြီး မျက်လုံးတွေက အပေါ်ထပ်၊ အောက်ထပ်တွေမှာ ရွေ့လျားနေတတ်တဲ့ Goncalves ကို တွေ့မြင်ခဲ့ကြတဲ့ ဒေသခံတွေ တစ်ခါတစ်ရံ မသင်္ကာဖွယ်ဖြစ်ကုန်ကြတယ်။ "မြို့ကြီးတွေမှာ ဓာတ်ပုံရိုက်တဲ့အခါမှာတော့ ဘယ်သူမှ ကျွန်တော့်ဆီချဉ်းကပ်မေးမြန်းမလာကြပါဘူး။ ဒါပေမဲ့ မြို့ငယ်လေးတွေမှာတော့ သူတို့က မေးတယ်။ ဘာကြောင့် ဓာတ်ပုံရိုက်ကူးတာလဲ။ သူတို့ ဖောက်ထွင်းမယ့်သူတွေကိုကြောက်လန့်ကြလို့ ထင်ပါတယ်" လို့ သူက ပြောပါတယ်။ သူတို့ရဲ့ အကြောက်တရားပြေစေဖို့ ဖုန်းထဲမှာ အရင်ရိုက်ကူးထားခဲ့ပြီးတဲ့ဓာတ်ပုံတွေကို ပြဖို့အသင့်ပြင်ဆင်ထားရတယ်လို့ ဆိုတယ်။ ရိုက်ကူးထားပြီးသားပုံတွေကို ပြလိုက်ရင်တော့ သူတို့နားလည်သွားပြီး အမြဲဖော်ရွေတဲ့ဟန်ပန်ပြကြတာပါပဲ။ Goncalves ရဲ့ စုဆောင်းမှုမှာ ပြတင်းပေါက် အများစုက ပေါ်တူဂီ နဲ့ အီတလီမှာဖြစ်နေပါတယ်။ ရိုမေးနီးယားနိုင်ငံ မြို့တော်ဘူခါရက်စ်၊ စပိန်နိုင်ငံ ဘာစီလိုနာ၊ လန်ဒန်မြို့ကြီးက ပြတင်းပေါက်တွေပိုများများ ရိုက်ကူးဖို့ အစီအစဉ်တွေရှိနေတယ်။ ရုရှားကိုသွားရတာလည်းနှစ်သက်ခဲ့တယ်။ ရုရှားက ပြတင်းပေါက်တွေလည်း သိပ်လှတာပဲလို့ ပြောပြပါတယ်။ တရုတ်နိုင်ငံ တိဘက်ကိုသွားရတာလည်း နှစ်သက်ခဲ့တယ်။ Goncalves ရဲ့ ကမ္ဘာကြီးကိုချောင်းကြည့်နေတဲ့ ပြတင်းပေါက်အသွေးအရောင်စုံကို ပိုပြီးကြည့်မြင်ချင်တယ်ဆိုရင်တော့ သူ့ရဲ့ website (www.andrevicentegoncalves.com) မှာ ကြည့်ရှုနိုင်ပါတယ်။ ရိုမေးနီးယားနိုင်ငံ Brasov မြို့က Urban Culture ပွဲတော်မှာ Goncalves ရဲ့ ဓာတ်ပုံပြပွဲကို သြဂုတ် ၂၁ ကနေ ၂၃ ရက်နေ့အထိ ပြသပါလိမ့်မယ်။

Google Street View နဲ့ မွန်ဂိုလီးယားရဲ့ ကျော်ကြားတဲ့ Naadam ပွဲတော်
ပင်လယ်ရေအောက်ထဲကို ကူးခတ်သွားလာ၊ တောင်တွေကို ကျော်တက်၊ ရထားနဲ့တစ်တန်ခရီးသွားကာ Google Street View အတွက် ကြည်လင်ပြတ်သားတဲ့ပုံတွေကြည့်ရှုနိုင်ဖို့ ကြိုးစားနေကြတယ်။ ဒီလအတွက်တော့ မွန်ဂိုလီးယားနိုင်ငံ Ulaanbaatar မြို့ မှာပြုလုပ်တဲ့ Naadam ပွဲတော်က ဓာတ်ပုံတွေရရှိဖို့ ကြိုးစားခဲ့ကြပါတယ်။ Naadam မြို့ပွဲတော်က ပထမဆုံးအကြိမ်ကျင်းပပေမယ့် မြင်းစီးပြိုင်ပွဲတွေ၊ နပမ်းပွဲ နဲ့ လေးမြှားပစ်ပြိုင်ပွဲ ကြွက်သားအလှပြပွဲတွေကတော့ မွန်ဂိုလီးယားရဲ့ နှစ်စဉ်မြင်တွေ့နိုင်တဲ့မြင်ကွင်းတွေဖြစ်နေကြတယ်။ Ulaanbaatar မှာ နှစ်စဉ်နွေရာသီတိုင်း (ဒီနှစ်နွေရာသီတော့ ဇူလိုင် ၁၁ ကနေ ၁၃ရက်နေ့အထိ)ကျင်းပကြတယ်။ Naadam မှာပြုလုပ်တဲ့ပွဲတော်ကို "Three Games of Men" လို့လည်းခေါ်ကြတယ်။ မွန်ဂိုလီးယားရဲ့ လေးပစ်၊ နပမ်းနဲ့ မြင်းစီးကစားနည်းတွေကို ယူနက်စကိုရဲ့ Intangible (ဒြပ်မဲ့)ကမ္ဘာ့ယဉ်ကျေးမှုအဖြစ် ၂၀၁၀ က ခွင့်ပြုသတ်မှတ်ထားခဲ့ပါတယ်။ Google ခရီးကြမ်းနှင်သူဝန်ထမ်းဟာ မှန်ဘီလူးသီးခြား ၁၅ ခု အသေတပ်ဆင်ထားပြီး ၃ မီတာအကွာတိုင်းမှာ ၃၆၀ ဒီဂရီစာ မြင်ကွင်းကျယ်မြင်ကွင်းတွေဖမ်းယူရိုက်ကူးနိုင်တဲ့ကင်မရာပါရှိတယ်။ မွန်ဂိုလူမျိုးတွေနဲ့ ကမ္ဘာကို ယဉ်ကျေးမှုဆိုင်ရာမြင်ကွင်းတွေပြသနိုင်ဖို့ Naada ရဲ့ပထမဆုံးပွဲတော်ဟာ နည်းပညာအားထုတ်မှုအဖြစ် ရွေးချယ်စရာဖြစ်ခဲ့တယ်လို့ Google ရဲ့ အာရှပစိဖတ် Street View ကော်ပိုရေးရှင်းက ဦးဆောင်သူ Alex Starns က ပြောပါတယ်။ "Naadam ဟာ မွန်ဂိုလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ အမွေအနှစ်တွေ ပြသစရာတစ်ခု၊ မွန်ဂိုတွေရဲ့ ပြိုင်ဘက်ကင်းလှုပ်ရှားမှုအစစ်အမှန်တွေ မြင်တွေ့ရမယ့် ပြည့်စုံတဲ့နမူနာပါ။ ဒါကို ကမ္ဘာတလွှားက လူတွေနားလည်နိုင်အောင် Google Street View ကို ကျွန်တော်တို့ အသုံးပြုပြီး ပြသချင်ပါတယ်" လို့ ဆိုတယ်။ ပွဲတော်ဖွင့်ပွဲမှာ Google ဝန်ထမ်းတွေကို ဝင်ခွင့်ပြုဖို့ငြင်းဆန်တာတွေတော့ရှိခဲ့တယ်။ ဝန်ထမ်းတစ်ဦးစီရဲ့ ကျောဘက်ပွဲလွယ်ပိုးထားတဲ့ကြိုးခွေတွေ ဦးခေါင်းမှာတပ်ဆင်ထားတဲ့ ကင်မရာ ၁၅ ခုစာရဲ့ အိမ်ဖြစ်နေတဲ့ ဘောလုံးပုံသဏ္ဍာန်တွေကြောင့် လုံခြုံရေးဝန်ထမ်းတွေ အလန့်တကြားဖြစ်သွားခဲ့ကြမှာပါ။ ဒါပေမဲ့ မေးလာတဲ့ မေးခွန်းတွေအကြိမ်နည်းနည်းဖြေခဲ့ပြီး နောက်ဆုံးမှာတော့ တစ်ဖွဲ့လုံး ပွဲတော်ဖွင့်ပွဲကျင်းပရာ အားကစားရုံထဲ ဝင်ခွင့်ရခဲ့ကြပါတယ်။ အဲဒီအချိန်မှာ လူ တစ်သောင်းခန့်ဆန့်တဲ့ အားကစားရုံမှာ နေရာလပ်မကျန်လောက်အောင်ပြည့်နေခဲ့ပါပြီ။ ၁၃ နှစ်အရွယ် ကလေးငယ်တွေ မြင်းစီးနေကြတာ၊ လေးပစ်တဲ့အခါ မြှားတွေဟိုကဒီက ထွက်ပျံလာကြတာ ကိုယ့်ဆီကိုတည့်တည့်မတ်မတ်လာသလို အသည်းထိတ်စရာပဲလို့ Google အဖွဲ့သားတွေက အတွေ့အကြုံတွေ ပြောပြကြတယ်။ Naadam ပွဲတော်ဟာ Google ရဲ့ မွန်ဂိုလီးယားတိုင်းပြည်ထဲက လှုပ်ရှားမှုတစ်ခုပါ။ တခြား ကျေးလက်ဒေသရှုခင်းတွေကိုတော့ ၂၀၁၄ ကတည်းက စတင်ရိုက်ကူးပြထားခဲ့ပြီးပါပြီ။ Google Street View အသုံးပြုသူတွေဟာ ကိုယ့်ရဲ့ဆိုဖာဆက်တီက မထဘဲ မွန်ဂိုဒေသရှုခင်းတွေကြည့်ရှုနိုင်ကြပါပြီ။ Ulaanbaatar, Darkhan, Khentii, Dornogovi နဲ့ Selenge အပါအဝင် မွန်ဂိုလီးယားနိုင်ငံရဲ့ အင်မတန်လှပတဲ့ မြို့တော် ၅ ခုနဲ့ ဒေသ ၆ခု ရဲ့ ဓာတ်ပုံတွေကြည့်ရှုနိုင်ပါတယ်။ မွန်ဂိုလီးယားရဲ့ အကြီးဆုံးပြတိုက် ၃ ခုဖြစ်တဲ့ National Museum of Mongolia, Fine Arts of Zanabazar Museum and Bogd Khaan Palace Museum တို့ရဲ့ဓာတ်ပုံတွေလည်း အွန်လိုင်းမှာ ကြည့်ရှုနိုင်ပါတယ်။

ကမ္ဘာ့ပထမဆုံး ရိုဘော့ဟိုတယ် ဂျပန်မှာ
ဧည့်ကြိုကောင်တာဝန်ထမ်းဟာ ရိုဘော့ဒိုင်နိုဆောတစ်ကောင်ဖြစ်နေတဲ့အချိန် အခန်းအဆင့်မြှင့်ဝန်ထမ်းကတော့ တကယ့်ကိုခပ်သွယ်သွယ်ဖြစ်သွားမှာပါ။ ကြယ်ငါးပွင့် ဂျပန် ဟိုတယ် Henn-na ဟိုတယ် ကို ဇူလိုင် လလယ်ပိုင်းက ဖွင့်လှစ်ခဲ့ပါတယ်။ Henn-na ဆိုတဲ့နာမည်ကတော့ Strange ဆိုတဲ့အဓိပ္ပါယ်ပါ။ Strange Hotel လို့ အမည်ပေးထားပါတယ်။ ဟိုတယ်မှာတည်းခိုတဲ့ဏဧည့်သည်တွေကတော့ နာဂါစာကီဒေသ အပမ်းဖြေပန်းခြံ Huis Ten Bosch ကို သွားရောက်လည်ပတ်ကြမယ့် သူတွေဖြစ်နေပါလိမ့်မယ်။ ဂျပန်စကားပြောဧည့်သည်တွေ နဲ့တွေ့ဆုံတဲ့အခါ လူပုံစံ ရိုဘော့တွေက နှုတ်ဆက်စကားဆိုကြပြီး အင်္ဂလိပ်စကားပြောဧည့်သည်နဲ့ တွေ့တဲ့အခါမှာတော့ ဒိုင်နိုဆောရိုဘော့ကလက်ခံစကားပြောပါတယ်။ ဘာကြောင့် ဒိုင်နိုဆောရိုဘော့ကပဲ အင်္ဂလိပ်စကားပြောစေလဲ အကျိုးအကြောင်းသေသေချာချာ မသိရပါဘူး။ ရိုဘော့တွေဟာ ဥာဏ်ရည်ဥာဏ်စွမ်းကောင်းလှတဲ့ စကားပြောမျိုး စီစဉ်ပြောဆိုနိုင်ကြတယ်။ လုပ်ငန်းများများပိုပြီးလုပ်နိုင်တဲ့ ရိုဘော့တွေက ဧည့်သည်တွေရဲ့ ခရီးဆောင်အိတ်တွေကို ဟိုတယ် အခန်း ၇၂ ခန်းဆီ သယ်ဆောင်ပေးကြတယ်။ သန့်ရှင်းရေး အတွက်လည်းတာဝန်ယူကြတယ်။ ဟိုတယ်ဟာ လတ်တလော ပထမအဆင့်ပဲပြီးဆုံးသေးတာပါ။ ဒုတိယအဆင့်အဖြစ် နောက်ထပ် အခန်း ၇၂ ခန်း ထပ်ပေါင်းပြီး ၂၀၁၆ မှာ ပြီးဆုံးပါလိမ့်မယ်။ ဟိုတယ်ဖွင့်ပွဲ ပထမဆုံးကြေညာခဲ့တော့ Huis Ten Bosch ဥက္ကဌ Hideo Sawada က ဟိုတယ်ရဲ့ ၉၀ ရာခိုင်နှုန်းဟာ ရိုဘော့တွေနဲ့ပဲ လည်ပတ်လှုပ်ရှားနေလိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ပြောခဲ့တယ်။ "အနာဂတ်မှာ ဒီလို အလားတူဟိုတယ်မျိုး ၁၀၀၀ ခန့် ကမ္ဘာတစ်ဝှမ်းမှာ တည်ဆောက်ဖို့ မျှော်လင့်ထားတယ်"လို့ ဂျပန် Nikkei News မှာပြောသွားခဲ့ပါတယ်။ တခြားစိတ်ဝင်စားစရာက ဟိုတယ်လုပ်ငန်းမှာ Henn-na ဟာ ခေတ်ရှေ့ပြေး စရိတ်စကအနည်းဆုံးဟိုတယ်အဖြစ် တည်ထောင်ဖို့ အကူအညီပေးပါလိမ့်မယ်။ ဧည့်သည်တွေရဲ့ အခန်းတံခါးဟာ မျက်နှာပုံသဏ္ဍာန်မှတ်မိသိရှိစေတဲ့ နည်းပညာနဲ့ ဝင်ရောက်နိုင်ကြမှာပါ။ ဧည့်သည်တွေအလိုရှိတဲ့အခါ tablet ကနေတစ်ဆင့် တောင်းခံနိုင်ပါလိမ့်မယ်။ လေအေးပေးစက်အစား ကိုယ်ခန္ဓာအပူချိန်ကို စူးစမ်းသိရှိပြီး အခန်းအပူချိန်ကို ချိန်ညှိပေးတဲ့ radiation panel တစ်ခုတပ်ဆင်ထားတယ်။ နေရောင်ခြည်သုံးနဲ့ တခြား လျှပ်စစ်ချွေတာနိုင်တဲ့နည်းစနစ်တွေလည်း အသုံးပြုထားပြီး လုပ်ငန်းလည်ပတ်မှုစရိတ်စကလျော့ချထားတာပါ။ ဟိုတယ်အခန်းခတွေကိုလည်း တသမတ်တည်းသတ်မှတ်ထားတာထက် ခရီးသွားအများဆုံးရာသီမျိုးမှာ ဈေးပြိုင်ပေး စာရင်းပေးဖို့ စီစဉ်ထားကြတယ်။ ဈေးအမြင့်ဆုံးပေးနိုင်တဲ့သူက အခန်းရဖို့ စိတ်ချရပါလိမ့်မယ်။ ဒါပေမဲ့ ဈေးပြိုင်ပေးဖို့တော့ ဈေးနှုန်းတစ်ခုသတ်မှတ်ပေးထားမှာပါ။ တစ်ယောက်ခန်းအတွက် ဂျပန်ယန်း ၇၀၀၀(ဒေါ်လာ ၆၀) ကျသင့်နိုင်ပြီး သုံးယောက်ခန်း တစ်ခန်းအတွက် ဈေးပြိုင်ပေးပြီး အမြင့်ဆုံးဖြစ်နိုင်တဲ့ဈေးနှုန်းက ဂျပန်ယန်း ၁၈၀၀၀ (ဒေါ်လာ၁၅၃)ပါ။ superior နဲ့ deluxe အခန်းတွေက ဈေးပိုကြီးမြင့်နိုင်ပါတယ်။ ဟိုတယ်ရဲ့ website (www.h-n-h.jp) မှာ အွန်လိုင်းကြိုတင်စာရင်းသွင်းနိုင်ပါပြီ။ 
Huis Ten Bosch, Hausutenbosu-machi, Sasebo 859-3243 Nagasaki Prefecture
Source: CNN Travel

ဖြိုးဖြိုး
(Living Fashion Magazine, September, 2015)

No comments: