Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, August 31, 2015

ဂီတသတင်းများ

Nirvana ရဲ့ ပထမဆုံး ဂီတဖြေဖျော်ပွဲရဲ့ ဓာတ်ပုံတွေ
            ရောခ့်ပရိသတ်တွေကို သြဇာညောင်းခဲ့တဲ့ အမေရိကန်ရောခ့်ဂီတအဖွဲ့ နီဗားနားရဲ့ ခေါင်းဆောင်အဆို/ ဂစ်တာသမား ကတ်ကိုဘိန်းဟာ သူ့ရဲ့ Seattle က အိမ်မှာ ၁၉၉၄ ဧပြီ ၅ ရက်နေ့က ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့သူပါ။ သူ့ဘဝမှတ်တမ်းရုပ်ရှင်ကား "Kurt Cobain: Montage of Heck" ကို ၂၀၁၅ နှစ် နှစ်ဆန်းပိုင်းလောက်က ထုတ်လွှင့်ပြသခဲ့တော့ ပရိသတ်တွေဆီက ဝေဖန်ပြစ်တင်သံတွေ ကြားခဲ့ရသေးတယ်။ ၁၉ နှစ်အရွယ်မိန်းကလေး Maggie Poukkula ဟာ သူမဖခင်ရဲ့ ဓာတ်ပုံစက္ကူဟောင်းတွေရှာတွေ့ရင်း အဲဒီဓာတ်ပုံတွေကြည့်လိုက်တော့ ဖခင်အနားမှာ ရောခ့်အကျော်အမော် ကတ်ကိုဘိန်းကိုလည်းတွေ့လိုက်ရတယ်။ အဲဒီတော့ Poukkula လည်း တခြားဆယ်ကျော်သက်လေးတွေလိုပဲ Twitter ကို ဓာတ်ပုံတွေတင်လိုက်တာပေါ့။
"ကျွန်မဖေဖေနဲ့ ကတ်ကိုဘိန်းတို့ အရင်တုန်းက အတူတကွဂစ်တာတီးနေကြတယ်" လို့ tweet ထားလိုက်သေးတယ်။ သူမလက်ထဲမှာ ရှိနေတာ ဘာတွေလည်းဆိုတာသိခဲ့တယ်။ နီဗားနားရဲ့ ပထမဆုံးဖြေဖျော်ပွဲတစ်ခု သူမအဖေ Raymond Washington ရဲ့အိမ်က ပါတီပွဲ ပြုလုပ်ခဲ့စဉ်က ၁၉ ၈၇ ခုနှစ် နွေဦးကာလတုန်းက ပုံတွေပါ။ "ကျွန်မဖေဖေ ကိုဘိန်းအတွက် ဂစ်တာတီးပေးခဲ့တယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး။ အဲဒါကြောင့် ဓာတ်ပုံတွေကို Twitter မှာတင်လိုက်ပါတယ်"လို့ Poukkula က ပြောပါတယ်။ Twitter အသုံးပြူတဲ့တခြားတစ်ယောက်က မူရင်းပုံတွေမှာပါ သတိထားပြန်ရှာကြည့်ရင်ကောင်းမယ်လို့ ရေးထားသေးတယ်။ နီဗားနားအဖွဲ့ဟာ Aero Zeppelin, Mexican Seafood, Pen Cap Chew, Hairspray Queen, Spank Thru နဲ့ If You Must ဆိုတဲ့ သီချင်းတွေ သီဆိုတီးခတ်နေတယ်လို့ Rolling Stone သတင်းမှာ ဖော်ပြထားတယ်။ Poukkula ရဲ့ ဖခင်ဟာ နီဗားနားအဖွဲ့နဲ့ လက်တွဲပြီး Led Zeppelin ရဲ့ သီချင်းနှစ်ပုဒ် Heartbreaker နဲ့ How Many More Times တို့ မှာ တီးခတ်ခဲ့တာပါ။ အရင်က မတွေ့ခဲ့ရဖူးတဲ့ ကတ်ကိုဘိန်းရဲ့ ရှားပါးလှတဲ့ဓာတ်ပုံတွေဖြစ်နေတာကြောင့် မီဒီယာတွေရော ကတ်ကိုဘိန်းပရိသတ်တွေပါ အလွန်အမင်း စိတ်ဝင်စားနေကြတော့တာပေါ့။


Spice Girls တွေရဲ့ ၂၀ နှစ်မြောက် နှစ်ပတ်လည်မှာ
            Dance-Pop သီချင်း Wannabe နဲ့ ပေါ့ပ်ဂီတလောကထဲ ခုန်ခုန်မြောက်မြောက် ပိုပြီးပေါက်ကွဲရွှင်မြူးခဲ့တဲ့ Spice Girls အဖွဲ့ဟာ ၁၉၉၄ မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အခုဆိုရင် အနှစ် ၂၀ ပြည့်တော့မှာပါ။ နှစ်ပတ်လည်ကာလထဲနီးလာလေလေ ကမ္ဘာတစ်လွှားက Spice Girls ပရိသတ်တွေရဲ့ မေးခွန်းတွေအသံတွေ ကျယ်လောင်လာလေလေပေါ့။ "ဘယ်တော့ပြန်ဆုံစည်းကြမလဲ" တဲ့။ အခုထိတော့ အတူတကွမဖြစ်နိုင်ကြသေးပါဘူး။ Scary Spice ဖြစ်တဲ့ Mel B ဟာ နိုင်ငံရပ်ခြားမှာရောက်ရှိနေပြီး သြဂုတ် ၁ ရက်နေ့က အမေရိကန် talk show "The Tonight Show" အစီအစဉ်တင်ဆက်သူ Jimmy Fallon ကို Spice Girls တွေ ပြန်ဆုံကြဖို့ ဆန္ဒရှိတယ်ဆိုတာ ပြောပြခဲ့တယ်။ "ကျွန်မတို့ရဲ့ ၂၀နှစ်မြောက် နှစ်ပတ်လည်လာနေပြီ။ ဘုရားသခင်။ အဲဒါ တော်တော်လေးကြာမြင့်လှပြီ။ ကျွန်မတို့ ပြန်လည်စုစည်းမိကြတယ်လို့ မျှော်လင့်နေပါတယ်။ လာမယ့်နှစ်အတွက် တစ်ခုခုပြုလုပ်ဖို့ ဆန္ဒရှိနေတယ်။ အဲဒါ ကျွန်မရဲ့ အစီအစဉ်ပါ။ တခြားသူတွေ ဘယ်လိုရှိမလဲတော့ ကျွန်မ မသိနိုင်သေးဘူး" တဲ့။ America's Got Talent အစီအစဉ်မှူးပါဝင်ဆောင်ရွက်နေတဲ့ Mel B ဟာ Spice Girls တွေ ပြန်စုစည်းကြဖို့ ပြီးခဲ့တဲ့နှစ်အနည်းငယ်ကတည်းက တိုက်တွန်းနေခဲ့တာပါ။ "ကျွန်မမှာ ကြီးကျယ်ခမ်းနားတဲ့ အမှတ်ရစရာတွေ အများကြီးပဲရှိတယ်။ ကျွန်မရဲ့ အကောင်းဆုံး သူငယ်ချင်းလေးယောက်နဲ့ အတူ ကမ္ဘာ့လှည့်ဖြေဖျော်ပွဲတွေသွားခဲ့ကြတယ်။ ဒီနေ့အထိလည်း ကျွန်မတို့ တစ်ဦးနဲ့တစ်ဦးအားပေးကူညီနေကြဆဲပါပဲ။ ကျွန်မတို့ တစ်ဦးနဲ့ တစ်ဦးနှစ်သက်ကြတယ်။ အဲဒါ အရေးအကြီးဆုံးအပိုင်းပါ" လို့ Mel B က ပြောပါတယ်။ Spice Girls တွေဟာ ၁၉၉၆ မှာ Spice အယ်လ်ဘမ်၊ ၁၉၉၇ မှာ Spice World နဲ့ ၂၀၀၀ မှာ Forever အယ်လ်ဘမ်တွေထွက်ရှိခဲ့ပါတယ်။ Spiece Girls လေးတွေကတော့ Mel Brown ("Scary Spice"), Mel C ("Sporty Spice"), Emma Bunton ("Baby Spice"), Geri Halliwell ("Ginger Spice"), နဲ့ Victoria Beckham("Posh Spice") တို့ပါ။ Mel B မျှော်လင့်သလို သူတို့ ပြန်ဆုံကြမလား။ သီချင်းအသစ်၊ အယ်လ်ဘမ်အသစ် ဖန်တီးဖြစ်ကြပါ့မလား။ Spice Girls လေးတွေ သီဆိုခဲ့တဲ့ Wannabe သီချင်းထဲက စာသားလေးအတိုင်း Friendship never ends ဖြစ်လာမလား။ Victoria မပါတဲ့ လေးဦးအဖွဲ့ Spice Girls ဖြစ်လာဖို့က ဖြစ်နိုင်ခြေ ပိုများနေတယ်လို့လည်း ဆိုကြတယ်။ Spice Girls ရဲ့ ပေါ့ပ်သီချင်းလေးတွေ ကြိုက်နှစ်သက်ခဲ့ကြတဲ့ ပရိသတ်တွေကတော့ သွက်သွက်လက်လက် ပေါပ့်အဖွဲ့လေးကို ဆက်ပြီးမျှော်လင့်နေကြတာပါပဲ။


Dr. Dre ရဲ့ အယ်လ်ဘမ်အသစ် နဲ့ charity
            ၁၉၈၄ ခုနှစ်လောက်ကတည်းက အမေရိကန် ရက်ပ်လောကမှာ ကျော်ကြားခဲ့တဲ့ Dr. Dre ရဲ့ အယ်လ်ဘမ်အသစ် Compton သြဂုတ် ၇ ရက်နေ့ကထွက်ရှိခဲ့တယ်။ ၁၉၉၂ မှာ the Chronic နဲ့ ၁၉၉၉ မှာ ၂၀၀၁ အယ်လ်ဘမ်တို့ ထွက်ရှိခဲ့ပြီး ၁၆ နှစ်ကြာမှ အယ်လ်ဘမ်အသစ် Compton ထွက်ရှိခဲ့တာပါ။ Apple Music နဲ့ Beats 1 တို့ကလည်းဝယ်ယူနားထောင်နိုင်ကြပါတယ်။ Rolling Stone မဂ္ဂဇင်းကို Dre ပြောတာက Compton အယ်လ်ဘမ်က ရရှိသမျှငွေကြေးအားလုံးကို လော့စ်အိန်ဂျလိစ်တောင်ပိုင်း Compton က ကလေးတွေအတွက် အနုပညာ နဲ့ ဖြေဖျော်ရေးအထောက်အပံ့အသစ်ရံပုံငွေ လှူဒါန်းသွားမယ်တဲ့။  Compton မြို့တော်ဝန် Aja Brown နဲ့ လည်း ဆက်သွယ်အလုပ်လုပ်နေပါပြီလို့ ဆိုတယ်။ Dre ရဲ့ အယ်လ်ဘမ်အသစ်ဟာ မွေးရပ်ဇာတိ Chompton မြို့ကို ဂုဏ်ပြုထားတာပါ။ Snoop Dogg, Eminem, Kendrick Lamar, The Game, Ice Cube နဲ့ လက်တွဲဆောင်ရွက်ခဲ့ကြတဲ့ ဂီတသမားတွေခပ်များများ ပါဝင်ထားကြတယ်။ Chompton မှာ ပါဝင်တဲ့ သီချင်းတွေကတော့ 1. “Intro”
2. “Talk About It” (Feat. King Mez & Justus)
3. “Genocide” (Feat. Kendrick Lamar, Marsha Ambrosius & Candice Pillay)
4. “It’s All on Me” (Feat. Justus & BJ the Chicago Kid)
5. “All in a Day’s Work” (Feat. Anderson Paak & Marsha Ambrosius)
6. “Darkside/Gone” (Feat. King Mez, Marsha Ambrosius & Kendrick Lamar)
7. “Loose Cannons” (Feat. Xzibit & COLD 187um)
8. “Issues” (Feat. Ice Cube & Anderson Paak)
9. “Deep Water” (Feat. Kendrick Lamar & Justus)
10. Jon Connor, “One Shot One Kill” (Feat. Snoop Dogg)
11. The Game, “Just Another Day” (Feat. Asia Bryant)
12. “For the Love of Money” (Feat. Jill Scott & Jon Connor)
13. “Satisfiction” (Feat. Snoop Dogg, Marsha Ambrosius & King Mez)
14. “Animals” (Feat. Anderson Paak)
15. “Medicine Man” (Feat. Eminem, Candice Pillay & Anderson Paak)
16. “Talking to My Diary” တို့ဖြစ်ကြတယ်။ ၁၆ နှစ်ကြာပြီးမှ ထွက်ရှိတဲ့ အသက် ၅၀ အရွယ် ရက်ပ်ဂီတသမားကြီးရဲ့ Compton ဟာ ရက်ပ်ဂီတပရိသတ်တွေအတွက် စိတ်ဝင်စားစရာကောင်းလှတဲ့ အယ်လ်ဘမ်တစ်ခုဖြစ်နေပါတယ်။

ရှင်သန်ခြင်း သေဆုံးခြင်းဆက်နွယ်နေခဲ့ကြတဲ့ Houston သားအမိ
            Whitney Houston နဲ့ Bobby Brown တို့ရဲ့ သမီး Bobbi Kristina Brown ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့တုန်းက သူမရဲ့ ဂျော်ဂျီယာက နေအိမ် ရေချိုးကြွေဇလုံထဲ ဦးခေါင်းစိုက်ကာ မေ့မြောနေတာတွေ့ရှိခဲ့ကြတယ်။ အဲဒီနောက်ပိုင်း ကိုမာဝင်သွားခဲ့ပြီး Atlanta ကဆေးရုံမှာ ရက်ရှည်ဆေးကုသနေခဲ့ရကာ ဇူလိုင် ၂၆ ရက်နေ့ အသက် ၂၂ နှစ်အရွယ်လေးမှာ သေဆုံးသွားခဲ့ပါတယ်။ ရင်ခွဲစစ်ဆေးမှုမှာလည်း သေဆုံးရလောက်တဲ့ ထင်ရှားတဲ့အကြောင်းအရာ၊၊ အရေးကြီးတဲ့ထိခိုက်ဒဏ်ရာရမှု ဘာမှမတွေ့ရှိခဲ့ကြပါဘူး။ Brown ကို မိခင် Whitney Houston မြှုပ်နှံခဲ့တဲ့ နယူးဂျာစီ၊ Westfield က Fairview Cemetery မှာ သူမရဲ့မိခင် အုတ်ဂူဘေးမှာပဲ မြှုပ်နှံခဲ့ပါတယ်။ Houston ဟာ ၂၀၁၂ က ဂရမ်မီဆုကျင်းပနေတဲ့ ညနေခင်းက၊ ကယ်လီဖိုးနီးယား၊ Beverly Hilton ဟိုတယ်အခန်းထဲက ရေချိုးကြွေဇလုံထဲမှာ အမှတ်မထင်သေဆုံးခဲ့တာပါ။ Houston ကတော့ နှလုံးရောဂါ နဲ့ ကိုကင်သုံးစွဲထားမှုတွေကြောင့် သေဆုံးသွားခဲ့ရတယ်လို့ မှုခင်းဆရာဝန်က ထွက်ဆိုခဲ့ပါတယ်။ Houston သေဆုံးသွားခဲ့တော့ ဂီတပရိသတ်တွေက ၁၈ နှစ်အရွယ် Brown ကို စာနာသနားခဲ့ကြတယ်။ Houston နဲ့ ခင်ပွန်းဟောင်း Bobby Brown တို့ရဲ့ တစ်ဦးတည်းသောသမီးလေးကို Houston ဘယ်သွားသွားအမြဲမြင်တွေ့ရလေ့ရှိတယ်။ Brown ဟာ အမေရိကန် reality တီဗီအစီအစဉ်တင်ဆက်သူ၊ သရုပ်ဆောင်၊ အဆိုတော်အဖြစ် အနုပညာလောကမှာ ပရိသတ်တွေရရှိနေခဲ့သူပါ။ "သူမရဲ့ မိခင်ဟာ ကမ္ဘာအတွက် ဘယ်လောက်အဓိပ္ပါယ်ပြည့်ဝစေခဲ့သလဲ ဆိုတာ သူမသိတယ်။ Brown ဟာလည်း သူမရဲ့ မိခင်လိုပဲ နှလုံးသားပြည့်ဝတဲ့ သူတစ်ဦးပါ" လို့ ဓမ္မသီချင်းအဆိုတော်၊ မိသားစုမိတ်ဆွေ Kim Burrell က ပြောပါတယ်။ မိခင်လိုပဲ သီချင်းတွေကို ချစ်မြတ်နိုးသူတစ်ဦးပါပဲ။ ၁၉၉၂ က ရုပ်ရှင် The Bodyguard မှာ Kevin Costner နဲ့ အတူသရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်အနုပညာလည်း ထူးချွန်တဲ့ မိခင်လိုပဲ Brown လည်း သရုပ်ဆောင်ဘဝကို ချဉ်းကပ်နေသူပါ။ Houston သေဆုံးခဲ့ပြီးနောက် Oprah Winfrey နဲ့ အင်တာဗျူးတစ်ခုမှာ Brwon ပြောခဲ့ဖူးတယ်။ "မေမေ ကျွန်မကို အမြဲမေးတတ်တယ်။ ငါ့ကို လိုအပ်လား၊ ငါ့ကိုလိုအပ်လားတဲ့။ တစ်ရက်တော့ ကျွန်မ ကိုယ့်ဘာသာသိလိုက်ပြီ။ ဘယ်နေရာမှာမှ မရှိနိုင်တော့တဲ့အခါမှ ကျွန်မ ပြောရတော့တယ်။ ကျွန်မ မေမေ့ကို အမြဲလိုအပ်တယ်လို့ပေါ့"

ဝေါဟာရအကြွယ်ဝဆုံး ဂီတသမားဟာ the Real Slim Shady ပါ
Eminem, Kanye West နဲ့ Bob Dylan တို့လို့ ဂီတသမားတွေဟာ ထူးခြားအံ့သြဖွယ်ကောင်းလှတဲ့ ဂီတသမားတွေပါ။ အဲဒီ ၃ ဦးဟာ ဂီတလောကထဲက ထိပ်ဆုံးအနုပညာ ၅ ဦးထဲမှာ ဝေါဟာရအများဆုံးသုံးနိုင်တဲ့သူတွေဖြစ်နေကြတယ် လို့ လေ့လာဆန်းစစ်မှုအသစ်တစ်ခုမှ ဖော်ပြထားတယ်။ အကြီးဆုံး အွန်လိုင်း သီချင်းစာသား site တစ်ခုဖြစ်တဲ့ Musixmatch အတွက် သီချင်းစာသားတွေ ဖော်ပြပေးနေတဲ့ ဗာရွန်ဂျီဝါလီကာ နဲ့ နီရှန့်ဗာမာ တို့က pop သီချင်းတွေကနေ new age အထိ သီချင်းအမျိုးအစား ၂၅ မျိုး၊ အဆိုတော် ၉၃ ဦးရဲ့ စာသားတွေကို လေ့လာပြီး မှတ်တမ်းမှာ ဖော်ပြခဲ့တာပါ။ လေ့လာဖြစ်တဲ့ရည်ရွယ်ချက်က အဲဒီ ဂီတသမားတွေရဲ့ ဝေါဟာရပမာဏကို နှိုင်းယှဉ်ကြည့်ချင်တာပါ လို့ ဆိုတယ်။ တချို့ဂီတသမားတွေကတော့ သူတို့ရဲ့ ဂီတသက်တမ်းရှည်ကြာပြီးသားဖြစ်နေတာနဲ့ သီချင်းတွေဘယ်လောက် များများစားစားထွက်ရှိထားတယ်ဆိုတဲ့ ကွာခြားမှုတွေတော့ရှိနေမှာပါ။ အမြဲတမ်း အရောင်းရဆုံးသောဂီတသမား ၉၉ ဦးရဲ့ သီချင်းတွေမှာ စကားလုံးစုစုပေါင်း အရေအတွက်တွေပါ လေ့လာခဲ့ကြတယ်။ ဒါပေမဲ့ Bruce Springsteen, Chicago, Def Leppard, Journey, The Beach Boys နဲ့ The Doors တို့ကတော့ သူတို့ရဲ့ သီချင်းစာသားတွေကို Musixmatch မှာ အသုံးပြုခွင့်ပေးမထားပါဘူး။ အဲဒီတော့ ကျန်ရစ်ခဲ့တဲ့ ဂီတသမားတွေတော့ ရှိနေနိုင်ပါတယ်။ Eminem ဟာ စကားလုံးပေါင်း ၈၈၁၈ လုံးနဲ့ ပြိုင်ဘက်ကင်း ထိပ်ဆုံးစာရင်းမှာရှိနေတယ်။ သူ့နောက်ကတော့ Jay Z က စကားလုံးပေါင်း ၆၈၉၉ နဲ့ ဒုတိယ၊ Tupac Shakur က ၆၅၆၉ လုံး၊ West ကတော့ စကားလုံး ၅၀၆၉ လုံးတို့ အသုံးပြုခဲ့ကြတယ်။ အထင်ကရ သီချင်းရေးဆရာ Dylan က စကားလုံး ၄၈၈၃ လုံး နဲ့ ငါးဦးမြောက်ပါ။ ပထမ ၄ ဦးက မျှော်လင့်ထားတဲ့အတိုင်း ရက်ပ်ဂီတသမားတွေပါပဲ။ ရက်ပ်ဂီတရဲ့ သဘာဝအရ သိပ်သည်းကျစ်လစ်ပြီး ခံစားချက်ဖွင့်ဟမှု၊ တေးကဗျာဆန်မှုအားကောင်းလှတာကြောင့် ရက်ပ်သီချင်းတွေမှာ ဝေါဟာရတွေ ကြွယ်ပိုးကြွယ်ဝတွေ့ရှိခဲ့ရတာပါ။ လေ့လာမှုမှာ ဝေါဟာရအရွယ်အစား(စကားလုံးအရေအတွက်)၊ သီချင်းစာသားသိပ်သည်းမှု (အသုံးပြုထားတဲ့ စကားလုံး အရေတွက်စုစုပေါင်း) နဲ့ စကားလုံးအသစ်ခြားထားနိုင်မှု(စကားလုံးအသစ်ရွေးချယ်အသုံးပြုတာ) စတဲ့အချက်တွေနဲ့ လေ့လာခဲ့ကြတာပါ။ "ပီသကြည်မြစွာ ခပ်ရှင်းရှင်းရွတ်ဆိုပြီး၊ သရုပ်ပေါ်လှတဲ့ Bob Dylan သီချင်းတွေမှာလည်း ဝေါဟာရတွေ ကြွယ်ဝလှတယ်။ အဲဒါကြောင့်လည်း Bob Dylarn က လည်း ထိပ်ဆုံး နံပါတ် ၁၁ မှာ ရှိနေတာ အံ့သြစရာမဟုတ်ပါဘူး။ သူက စကားလုံး ၉ လုံး အသုံးပြုပြီးတိုင်း စကားလုံး အသစ် ၁ လုံး ပျှမ်းမျှအသုံးပြုလေ့ရှိတယ် လို့ လေ့လာချက်မှတ်တမ်းထဲ ဖော်ပြထားပါတယ်။ The Real Slim Shady သီချင်း ရေးသားခဲ့တဲ့ Eminem (Marshall Mathers)ကတော့ ဝေါဟာရ အကြွယ်ဝဆုံး ဂီတသမားဖြစ်လို့နေပါတယ်။

သီချင်းဆိုမယ့် ဟောလိဝုဒ် သွေးစုပ်ဖုတ်ကောင်တွေ
            Paul McCartney, Johnny Depp, Slash နဲ့ တခြား ရောခ့် ဂီတသမားတွေဟာ မူရင်းသီချင်းနှစ်ပုဒ်နဲ့ ပြန်ဆိုပြန်တီးသီချင်း ၁၂ ပုဒ်ပါတဲ့ Hollywood Vampires အယ်လ်ဘမ်မှာ သီဆိုဖို့ပြင်ဆင်နေကြတယ်။ အဲဒီ အယ်လ်ဘမ်ဟာ လာမယ့် စက်တင်ဘာ ၁၁ ရက်နေ့မှာ ပရိသတ်တွေဆီရောက်ရှိလာပါလိမ့်မယ်။ Hollywood Vampires အယ်လ်ဘမ်ကို Alice Cooper, Joe Perry နဲ့ သရုပ်ဆောင် Johnny Depp တို့ စတင်ဦးဆောင်ခဲ့တာပါ။ အယ်လ်ဘမ် ခေါင်းစဉ်အမည်အတိုင်းပဲ ၁၉၇၂ ခုနှစ်လောက်က လော့စ်အိန်ဂျယ်လိစ်၊ ဟောလိဝုဒ်အနောက်ပိုင်းက နာမည်ကျော် Sunset Strip လမ်းမှာရှိနေတဲ့ Rainbow Bar & Grill ရဲ့ အပေါ်ထပ်ဘားမှာ ဂီတမိတ်ဆွေကြီးတွေ ဝိုင်းဖွဲ့စားသောက်ရင်း ကလပ်တစ်ခုဖွဲ့ထားခဲ့တယ်။ အဲဒီတုန်းက ကလပ်မှာ John Lennon, Harry Nilsson, Keith Moon, Bernie Taupin, Jim Morrison နဲ့ Mickey Dolenz တို့ အမြဲ ပါဝင်ဆင်နွှဲတတ်ကြတယ်။ Cooper ကတော့ ကလပ်ကို တည်ထောင်သူပါ။ Cooper နဲ့ Depp တို့ဟာ ရဲဘောရဲဘက်ကြီးတွေ အမြဲစုဝေးခဲ့ကြတဲ့ စိတ်ခံစားမှုမျိုး ပြန်လည်ထူထောင်ချင်တာကြောင့် rock ပြန်ဆိုပြန်တီးတွေကို အထူးဧည့်သည်တော်တွေနဲ့ အယ်လ်ဘမ်တစ်ခု တီးခတ်အသံသွင်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ စုစည်းမိထားတဲ့ vampire တွေက AC/DC ရဲ့Brian Johnson, Paul McCartney, Perry Farrel, Dave Grohl, Slash, Joe Walsh, Doors ဂစ်တာသမား Robby Krieger Zak Starkey နဲ့ Kip Winger တို့ ပါဝင်လာကြတယ်။ ဒီအယ်လ်ဘမ်မှာ စကားပြောအဝင်နဲ့ စထားတဲ့ "The Last Vampire" track ကို Dracula ရုပ်ရှင်ရဲ့ ဇာတ်ကောင် ကောင့်ဒရက်ကူလာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Christopher Lee က သီဆိုထားတယ်။ Christopher Less ဇွန်လ ၇ ရက် မသေဆုံးခင်လေး အဲဒီ track ပြီးစီးခဲ့တာပါ။ ဒီအယ်လ်ဘမ်ရဲ့ ခေါင်းစီး single ဟာ Cooper ရဲ့ မူပိုင် "School's Out" နဲ့ Pink Floyd's ရဲ့ "Another Brick in the Wall Pt. 2." သီချင်းနှစ်ပုဒ်ကို ရောမွှေထားတာပါ။ Cooper နဲ့ Brian Johnson တို့ အတူသီဆိုထားကြတယ်။ Depp ဟာ သရုပ်ဆောင်လောကမှာ ပိုပြီးကျော်ကြားနေပေမယ့် ဂီတဖြေဖျော်ပွဲတွေမှာ တီးခတ်နေခဲ့တာကြာခဲ့ပါပြီ။ Marilyn Manson ကနေ Cooper, Black Keys တို့အထိ ပါဝင်တီးခတ်ခဲ့တယ်။ Hollywood Vampires မှာလည်း သီချင်းတော်တော်များများ တီးထားပါတယ်။ Hollywood Vampires အယ်လ်ဘမ် သီချင်းတွေကို အဖွဲ့သားတွေနဲ့အတူ စက်တင်ဘာမှာပြုလုပ်မယ့် ဘရာဇီး Rock in Rio ပွဲတော်မှာ နားထောင်နိုင်ကြမယ်။ Hollywood Vampires အယ်လ်ဘမ်ရဲ့ သီချင်းတွေပါ။
01 “The Last Vampire”
02 “Raise The Dead”
03 “My Generation”
04 “Whole Lotta Love”
05 “I Got A Line”
06 “Five To One/Break On Through”
07 “One/Jump Into The Fire”
08 “Come And Get It”
09 “Jeepster”
10 “Cold Turkey”
11 “Manic Depression”
12 “Itchycoo Park”
13 “School’s Out/Another Brick In The Wall Pt. 2″
14 “Dead Drunk Friends”
ဖြိုးဖြိုး
(Yati Magazine, September, 2015)




No comments: