Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, August 28, 2015

ဟန်းနီးမွန်းခရီးထွက်စရာ

ဟန်းနီးမွန်းခရီးထွက်စရာ ပြည်တွင်းမှာ

            ပျားရည်ဆမ်းခရီးစဉ်အတွက် ပြည်တွင်းမှာဆိုရင် ငပလီဟာ စိတ်ဝင်စားမှုအများဆုံးနေရာပါ။ ငပလီခရီးစဉ်လေးအကြောင်း အမှတ်တရပြောပြကြတဲ့ မင်္ဂလာစုံတွဲလေးတွေရှိတယ်။ သူတို့ပြောကြတာက ……
            ငပလီသွားရင် ကားလမ်းခရီးမှာ လမ်းကြမ်းမယ်၊ ကားတွေကလည်း သိပ်မကောင်းလှဘူးလို့ ထင်ခဲ့ပေမယ့် လမ်းလည်းကောင်းတယ်။ ကားလမ်းခရီးမှာ ပြေးဆွဲနေကြတဲ့ tour တွေက ကားတွေလည်း ကောင်းကြတယ်တဲ့။ အသွားခရီးမှာ ဇလွန်ပြည်တော်ပြန်ဘုရားမှာ ဆရာတော်ကို ဝင်ဖူးသွားကြသူတွေလည်းရှိတယ်။ မဒေးတောင်ဘက်ကိုလည်း သွားနိုင်ကြသေးတယ်။ သံတွဲမှာ ဘုရားသုံးဆူဖူးတွေ့နိုင်ပြီး တခြားရှေးဟောင်းဘုရားတွေလည်း ဖူးနိုင်ကြတယ်။ မြတ်စွာဘုရားရပ်တော်မူခဲ့တဲ့ တောင်လည်းအဲဒီမှာ ရှိနေပါတယ်။


            ငပလီကမ်းခြေဟိုတယ် Amazing Ngapali Resort ဟာ အခန်း ၃၇ ခန်းရှိပြီး ကြည်လင်ပြာလဲ့နေတဲ့ သိပ်လှတဲ့ ငပလီကမ်းခြေကို မျက်နှာမူထားတယ်။ ဆီးဖြူကုန်းရွာလေးရဲ့ ဧရိယာထဲတည်ရှိပါတယ်။ မျဉ်းပြိုင်လျှောက်လမ်းလေးတွေခြားပြီး တိုက်လေးတွေ ကမ်းခြေတစ်လျှောက်ဆောက်ထားတာပါ။ ဟိုတယ်စားသောက်ခန်းမမှာ အရသာရှိလှတဲ့ အာရှအစားအစာ၊ ဥရောပအစားအစာနဲ့ ပင်လယ်စာတွေရနိုင်ပါတယ်။ ကျယ်ပြန့်လှတဲ့ အခန်းတွေဟာ ရိုးရာဓလေ့စတိုင်လ် သစ်သားများများအသုံးပြုထားပြီး ကြိမ်သားပရိဘောဂတွေနဲ့ ဖြည့်တင်းအလှဆင်ထားတယ်။ ဟိုတယ်အနီးအနားဝန်းကျင်း ဟိုဟိုဒီဒီလမ်းလျှောက်ကြည့်မယ်ဆိုရင် နေ့လယ်စာ၊ ညစာ ရနိုင်တဲ့ စားသောက်ဆိုင်လေးတွေရှိနေကြတယ်။ မိသားစုဆန်ဆန်ရောင်းတဲ့ မုန့်ဟင်းခါးဆိုင်၊ မုန့်တီဆိုင်ခပ်သေးသေးလေးတွေ ရှိနေကြတယ်လို့ ဆိုတယ်။
            ငပလီကမ်းခြေက အင်မတန်ကြည်လင်လှတယ်။ ခရုလေးတွေ ဟိုမှာဒီမှာ ပြန့်ကျဲနေတာ ပြေးပြေးလွှားလွှား ရွေးကောက်ချင်စရာပါပဲ။ ကမ်းခြေက သဲတွေဟာ ဖြူလွလွသဲမှုန်လေးတွေ ရှင်းသန့်နေတာပါပဲတဲ့။ ရေကလည်း ပြာလဲ့လဲ့ကြည်လင်နေတော့ သိပ်လှတဲ့ ငပလီကမ်းခြေဟာ သဘာဝအတိုင်း မပျက်မယွင်းရှင်းသန့်ဆဲပဲလို့ ဆိုပါတယ်။ ငပလီဝန်းကျင်က နွေးနွေးထွေးထွေးလူသားဆန်နေပါသေးတယ်။ ကမ်းခြေဆီကလာတဲ့ ရေလှိုင်းလေးတွေနဲ့ နည်းနည်းလှမ်းတဲ့နေရာအရောက်မှာ ရေကူးတဲ့သူတွေအတွက် Amazing Ngapali Resort က ပြင်ဆင်ထားပေးတဲ့ လှဲလျောင်းအနားယူစရာခုံလေးတွေ စီစီရီရီတွေ့နေရပါတယ်။ ရေချိုပြန်ချိုးစရာ ရေချိုးပိုက်လေးတွေလည်း အနောက်ဘက်နားမှာ ထားပေးတာပါပဲ။ ဟိုတယ်က တည်ခင်းတဲ့ honey dinner က ဒေါ်လာ ၁၅၀ ကျသင့်တယ်။ ကမ်းခြေမှာ စိတ်ကြည်နူးစရာအပြင်အဆင်နဲ့ ညစာတည်ခင်းနိုင်မှာပါ။ တစ်ရက်တော့ ကြိုတင်စာရင်းပေးရမယ်လို့ ဆိုပါတယ်။ ဟိုတယ်မှာ မစားချင်တဲ့ တချို့စုံတွဲလေးတွေကတော့ အပြင်ဆိုင်လေးတွေမှာ စားတတ်ကြတယ်။ ဟိုတယ်နဲ့ အနီးဆုံးနေရာမှာ Golden Fish ဆိုတဲ့ စားသောက်ဆိုင်လေးရှိနေပါတယ်။ တခြား ရွေးချယ်ဆရာ ဆိုင်လေးတွေလည်း ရှိနေပါတယ်။ အဲဒီ စားသောက်ဆိုင် ပိုင်ရှင်ကလည်း ဒေသခံတစ်ဦးနိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ပြီး ကိုယ့်ဒေသကိုပြန်လာ စားသောက်ဆိုင်ပြန်ဖွင့်တယ်လို့ ဆိုပါတယ်။ ဧည့်သည်ရောက်လာမှ ချက်ပြုတ်ပေးတာပါ။ အစားအသောက် အရသာ အင်မတန်ထူးကဲလှလို့ အဲဒီစားသောက်ဆိုင်လေးကို နိုင်ငံခြားသားတွေပါ လာစားကြလေ့ရှိပါတယ်။ အဲဒီဆိုင်က အုန်းထမင်းမှာ အုန်းနို့နိုင်နိုင်နဲ့ ချက်ထားတော့ ချိုမြနေတာပါပဲ။ ဆိုင်ရှင်ကိုယ်တိုင် ဧည့်သည်တွေကို စကားစမြည်ပြော ဧည့်ခံလေ့ရှိတာ နွေးထွေးဖော်ရွှေတာ တခြားနိုင်ငံက စားသောက်ဆိုင်တွေနဲ့ မတူတဲ့ဓလေ့လို ဖြစ်နေတာကြောင့် နိုင်ငံခြားသားတွေအတွက် စိတ်ဝင်စားစရာဖြစ်လို့နေတာပေါ့။ ဧည့်သည်တွေကိုလည်း အပြန်မှာ ကနုကမာလက်ကောက်လေးတွေ လက်ဆောင်အဖြစ်ပေးတတ်သေးတယ်။ အဲဒီဆိုင်လေးမှာပဲ ငပလီကမ်းခြေတစ်လျှောက် ကြည့်ရှုနိုင်ဖို့ ဆိုင်ကယ်၊ စက်ဘီး၊ စက်လှေ ကြိုက်နှစ်သက်ရာ ဈေးမှန်မှန်နဲ့ပဲ ငှားနိုင်တယ်လို့ ဆိုပါတယ်။ တချို့ စုံတွဲလေးတွေ ဆိုင်ကယ်လေးတစ်စီးငှား သံတွဲမြို့ထဲ လျှောက်ကြည့်တတ်ကြတယ်။ စက်ဘီးလေးတွေကိုယ်စီ ငှားပြီး ဟိုဒီလျှောက်ကြည့်ကြတဲ့ နိုင်ငံခြားသား တစ်ဦးချင်း၊ မိသားစု စသည်တွေ့နိုင်ကြပါတယ်။ သံတွဲက ငပလီကမ်းခြေအပြန် လမ်းမှာ ဂျာမနီနိုင်ငံက ရံပုံငွေအထောက်အပံ့ပေးထားတဲ့ ဘိုးဘွားရိပ်သာတစ်ခု ရှိနေပါတယ်။ ခိုင်ခံ့လှတဲ့အဆောက်အဦ၊ သေသပ်လှပပြီး အေးချမ်းနေတဲ့နေရာလေးမို့ အဘိုးအဘွားတွေအတွက် စိတ်အေးချမ်းသား တရားမှတ်၊ အနားယူလို့ သင့်တော်လှတဲ့နေရာလေးပါပဲ။

            ဟိုတယ်က ဝန်ဆောင်မှုတွေမှာတော့ မနက်စာ ဘူဖေးက ပြင်သစ်စာ၊ အနောက်တိုင်းအစားအစာ၊ ရခိုင်အစားအစာ၊ မြန်မာအစားအစာတွေ အစုံအလင် အမယ်တွေစုံလှတယ်လို့ ဆိုတယ်။ ငပလီ ကမ်းခြေ ရေပြာပြာမှာ ရေကူးခတ်အပြီး၊ သဲဖြူလွလွလေးမှာ ပြေးလွှားဆော့ကစားလို့ ခနနား၊ ဟိုတယ်အခန်းပြန် ဟိုတယ်က ရေကူးကန်မှာ ရေကူး၊ အင်မတန်ပြည်စုံလှတဲ့အနားယူအပမ်းဖြေစရာအချိန်လေးတွေပေါ့။ ဟိုတယ်အခန်းကနေ မျက်စိတဆုံးကျယ်ပြောလှတဲ့ ရေပြင်ကျယ်ကြီးကို ငေးရင်း သူနဲ့ ကိုယ် ဘဝအကြောင်းလေးတွေ အလုအယှက် ဖလှယ်ဆွေးနွေး၊ စကားလေးတွေများများပြောရလို့ မောပန်းလာခဲ့ပြီဆိုရင် စစ်တုရင်ကစားဖို့ ဝါသနာပါလှတဲ့ စုံတွဲလေးတွေက အသင့်ယူလာခဲ့တဲ့ စစ်တုရင်ခုံလေးကို ထုတ်ယူ၊ သူနဲ့ကိုယ် ယှဉ်ပြိုင်တိုက်ခိုက်ရင် မောပန်းမှုတွေ ဖြေလျော့နိုင်ကြတာပေါ့။

            ဒီလိုနဲ့ ပျားရည်ဆမ်းရက်လေးတွေ ကုန်ဆုံးသွားလို့ ဟိုတယ်က check out လုပ်ရမယ့် နေ့ရက်၊ ကိုယ့်နေရပ်ဆီ၊ အလုပ်ခွင်ရှိရာဆီ ပြန်ရတော့မယ့် အဲဒီအချိန်ရောက်လာတော့ ဟိုတယ်အပြန်လက်ဆောင်အဖြစ် တစ်ဦးချင်းစီအတွက် နာမည်တိုလေးတွေရေးထိုးထားတဲ့ ကနုကမာဆွဲကြိုးလေးတွေ လက်ဆောင်ပေးလိုက်ကြတယ်။  အပြန်ခရီးမှာ ကားလမ်းကပဲ ပြန်မလား၊ လေယာဉ်နဲ့ပဲ ၄၅ မိနစ်စာ ပျံသန်းပြီး ရန်ကုန်မြို့ဆီပြန်ကြမလား။ ဒါမှမဟုတ် ကိုယ့်နေရပ်ဒေသတစ်ခုခုဆီပေါ့။ ပျားရည်ဆမ်းခရီးကအပြန် အချိန်လေးမှာ မင်္ဂလာစုံတွဲလေးတွေကိုယ်စီ ရင်ထဲမှာ ကြည်ကြည်နူးနူး ဆုမွန်တောင်းနေကြမယ်ထင်ပါတယ်။ အဲဒီဆုတောင်းလေးက သူနဲ့ ကိုယ်တို့ရဲ့ဘဝခရီးမှာ နှစ်ဦးလက်တွဲမြဲမြဲရှေ့ဆက်ရင်း အချိန်တိုင်း ပျားရည်ဆမ်းကာလလေးလို ချိုမြနေကြစေဖို့ ဆုတောင်းလေးတစ်ခုဖြစ်နိုင်တာပေါ့။          ။

ဟန်းနီးမွန်းခရီးထွက်စရာ ပြည်ပမှာ
Travel's best Honeymoons 2015


            ပျားရည်ဆမ်းခရီးထွက်နိုင်တဲ့ ကမ္ဘာတလွှားက ကြည်နူးဖွယ်ရာ၊ အမှတ်ရစရာ၊ ရိုးရှင်းပေမယ့် စိတ်ဝင်စားစရာအကေင်းဆုံး ရှုခင်းဒေသတွေကို Travel Channel က အကြံပြုခဲ့ပါတယ်။ ဝေးလံခေါင်ဖျားလှဆုံး ကမ်းခြေတွေ၊ ကြည်နူးဖွယ်ရာအကောင်းဆုံး ကျွန်းတွေနဲ့ အသည်းနှလုံးတဒိန်းဒိန်းခုန်လှုပ်နိုင်ဆုံး စွန့်စားခန်းတွေရှိမယ့်နေရာတွေကို ကမ္ဘာတစ်ဝှမ်း ပိုက်စိတ်တိုက် ရှာဖွေခဲ့ကြတယ်။ ဒီနေရာလေးတွေကို ဆွဲနှုတ်ယူငင်မှတ်သားထားလိုက်ကြတယ်။ ဒီ ပျားရည်ဆမ်းခရီး တွေထဲက တစ်ခုခုကို ရွေးချယ်ခဲ့ရင် မှားယွင်းမှုမရှိနိုင်ဘူး။ သူတို့ကို ယုံကြည်ပါလို့ Travel Chanel က ပြောပါတယ်။

Spicy Getaway in Zanzibar
            အပူပိုင်းဒေသသုခဘုံတွေဟာ အတူတူပဲ မဟုတ်ဘူး။ ကွဲပြားတယ်ဆိုတာ တန်ဇေးနီးယားပင်မကုန်းမြေ ကမ်းရိုးတန်းအလွန် ဒီကျွန်းစုက သက်သေပြနေပါတယ်။ သတ်မှတ်ချက်တွေအဆုံးမဲ့ပြည့်စုံပြီး အသစ်အတိုင်းရှိနေတဲ့ ဖြူလွလွကမ်းခြေတွေ၊ အလွန်ကြည်လင်လှတဲ့ရေရှိနေတယ်။ "Spice Islands" လို့ အမည်ပေးထားကြတဲ့ Zanzibar ဟာ ဟင်းခတ်အမွှေးအကြိုင်နဲ့ ငွေဝယ်ကျွန် ကုန်ကူးတဲ့လုပ်ငန်းနှစ်ခုလုံးရဲ့ အချက်အချာဒေသဖြစ်ခဲ့ပါတယ်။ မြို့တော် Stone Town ဟာ UNESCO ကမ္ဘာ့ယဉ်ကျေးမှုဒေသတစ်ခုပါ။ Zanzibar ရဲ့ အနောက်မြောက်ကမ်းရိုးတန်းစိမ်းပြာရောင်ကြည်သန့်နေတဲ့ကမ်းခြေရှိရာ Kilindi Zanzibar ဟိုတယ်မှာ တည်းခိုနိုင်တယ်။ အပမ်းဖြေပင်လယ်ကမ်းခြေအိမ်ခန်းလေးတွေရှိကြတယ်။ ရှင်းသန့်လှပတဲ့ သဘာဝရှုခင်းနဲ့ အပြစ်ဆိုစရာမရှိတဲ့ ဝန်ဆောင်မှုပဲရနိုင်တာမဟုတ်ဘဲ ဟိုတယ်ရဲ့ ထူးကဲလှတဲ့ ဟင်းလျာတွေကို melting pot လက်ကိုင်ပါအိုးနဲ့ ပူပူနွေးနွေးပြင်ဆင်တည်ခင်းတာကိုလည်း မြည်းစမ်းနိုင်ကြမယ်။ Zanzibar မှာ ပြည့်ပြည့်ဝဝ အနားယူပြီး ဆာဖာရီစွန့်စားခန်းတစ်ခုဆိုရင် တန်ဇေးနီးယား Mara ဒေသဆီ ခရီးထွက်နိုင်ပါတယ်။ Alex Walker's Serian အပမ်းဖြေစခန်းမှာခနားနားနေနိုင်တယ်။ ကိုယ်ပိုင်သုံးဖို့ ကားတစ်စီးရရှိပါလိမ့်မယ်။ ကိုယ်စိတ်ကူးပေါက်ရာ လုပ်ဆောင်ချင်တာမှန်သမျှတာဝန်ယူဖြည့်တင်းပေးမယ့် လမ်းညွှန်တစ်ဦးလည်းကိုယ်တို့ရဲ့ဘေးမှာ ရှိနေပါလိမ့်မယ်။

Great Barrier Reef in Australia
            Ever After Honeymoons ပျားရည်ဆမ်းစီစဉ်ဝန်ဆောင်မှုကုမ္ပဏီတည်ထောင်သူ Katie Frederick က ညွှန်းပါတယ်။ Great Barrier ကျောက်တန်းဟာ တစ်သက်မမေ့နိုင်စရာကြည်နူးစရာကောင်းလှတဲ့ ချစ်သူနှစ်ဦးရဲ့လွတ်မြောက်ရာနယ်မြေတဲ့။ Qualia Resort ဟာ ကျယ်ပြန့်တဲ့ကိုယ်ပိုင်လသာဆောင်တွေပါရှိတယ်။ ကိုယ်ပိုင်ရေစိမ်ကန်တွေရှိနေတော့ ပျားရည်ဆမ်းခရီးထွက်သူတွေ စိတ်ကြိုက်ဖြစ်နေခဲ့ပါတယ်။ Ihe One&Only Hayman Island အပမ်းဖြေဟိုတယ်ဟာ ပြုပြင်မွမ်းမံမှုတွေ အကြီးအကျယ်ပြုလုပ်ခဲ့ပြီးနောက် လတ်တလော ပြန်လည်ဖွင့်လှစ်ခဲ့တယ်။ Lizar Island ဟိုတယ်ကလည်း သိပ်မကြာခင် ပြန်လည်ဖွင့်လှစ်ပါလိ့မ်မယ်။ Qualia မှာ မလုပ်မဖြစ်လုပ်သင့်တာလေးက ကိုယ်ပိုင်ကမ်းခြေလေးတစ်ခုမှာ အစားအစာထည့်ထားတဲ့ပျော်ပွဲစားခြင်းတောင်းနဲ့ နေ့လည်စာ၊ ညစာနွှဲကြတာပါ။ နောက်တစ်ခုက မင်္ဂလာစုံတွဲလေးဟာ ရဟတ်ယာဉ်တစ်စင်းငှားပြီး ကျော်ကြားလှတဲ့ အသည်းနှလုံးပုံကျောက်တန်းကြီးကို လေ့လာနိုင်ကြသေးတယ်။

Mediterranean Cruise
            ကမ်းခြေတစ်ခုထက် ပိုပြီးအထီးတည်းပုန်းအောင်းနေချင်တဲ့သူတွေအတွက် မြေထဲပင်လယ်ဒေသဆီ အပျော်စီးသင်္ဘောခရီးထွက်နိုင်ပါတယ်။ အဲဒီခရီးစဉ်က ဒေသတစ်ဝိုက် ချစ်ကြည်နူးစရာ၊ ယဉ်ကျေးမှုဆိုင်ရာနဲ့ ဇိမ်ခံအနားယူစရာတွေခံစားနိုင်တယ်။ နေ့တိုင်း နေရာသစ်တစ်ခု ဒါမှမဟုတ် အတွေ့အကြုံသစ်တစ်ခုခု ရရှိတာ သာယာကြည်နူးစရာပါ။ ဒါမှမဟုတ် သင်္ဘောပေါ်က ကိုယ့်ရဲ့အခန်းငယ်ထဲမှာ ပုန်းခိုနေနိုင်သေးတယ်။ ပိုပြီးသီးသန့်ဖြစ်ချင်တယ်ဆိုရင်လည်း ရွက်လှေစတိုင်လ် သင်္ဘောသေးသေးတွေရှိတဲ့ Winstar Cruises ကို ရွေးချယ်နိုင်ပါတယ်။ Winstar ရဲ့ အပျော်စီးသင်္ဘောခရီးတွေမှာ Amalfi ကမ်းရိုးတန်းနဲ့ ဂရိ၊ ဗင်းနစ်ရေလမ်းခရီး နဲ့ စပိန်တောင်ပိုင်းတစ်လျှောက်ခရီးစဉ်တွေ စီစဉ်ထားပါတယ်။

Lodge in Private Game Reserve, South Africa
            တစ်သက်မှာတစ်ခါလောက် အာဖရိကကိုခရီးထွက်တာဟာ မင်္ဂလာစုံတွဲလေးအတွက် ပြည့်စုံတဲ့ပျားရည်ဆမ်းခရီးဖြစ်နိုင်တယ်။ စိတ်အာရုံကို ထူးထူးကဲကဲလှူံ့ဆော်တဲ့ သဘာဝရှုခင်း၊ စွန့်စားခန်းတို့နဲ့အတူ အဆင်မြင့်ဇိမ်ခံပစ္စည်းအပြည့် တည်းခိုစရာနေရာ၊ ဝန်ဆောင်မှုနဲ့ ဟင်းလျာကောင်းကောင်းမြည်းစမ်းနိုင်ပါတယ်။ တောင်အာဖရိကမှာရှိတဲ့ Londolozi's Granite Suites ဟိုတယ်ဟာ စုံတွဲလေးတွေအကြိုက်ဖြစ်နိုင်တယ်။ Stand-alone suites တွေမှာ ခေတ်မီတဲ့ အတွင်းပိုင်းဒီဇိုင်း၊ အပူပေးထားတဲ့ရေကူးကန်တွေနဲ့ အသက်ရှုမှားလောက်စရာ မြင်ကွင်းမျိုးရနိုင်တဲ့ Sand River ရှိနေတယ်။ ခြင်္သေ့တွေ၊ ကျားသစ်၊ သစ်ကုလားအုတ် နဲ့ cheetah တောလိုက်ကျားသစ်တွေရဲ့ ခြေရာကောက်ခရီးတစ်နေ့တာပြီးဆုံးတဲ့အခါ ကိုယ့်ရဲ့အခန်းမှာပဲ အနားယူရုံပေါ့။ ပြီးရင်တော့ လသာဆောင်မှာ ရှန်ပိန်အရသာကောင်းကောင်းသောက်ရင်း ကိုယ့်ဆီတန်းတန်းမတ်မတ်လာနေသလိုလှုပ်လီလှုပ်လဲ့ဟန်ပန်နဲ့  ဆင်တွေ လှမ်းရွေ့နေတာကြည့်ရတာဟာ တခြားကမ္ဘာတစ်ခုကို ရောက်ရှိသွားသလိုခံစားရမှာ အသေအချာပါ။

Overwater Bungalow in Cambodia
            ရေပေါ်က တစ်ထပ်အိမ်ငယ် ဘန်ဂလိုလေးမှာနေရတာဟာ ပျားရည်ဆမ်းထွက်လာကြတဲ့စုံတွဲအများစုအတွက် အိပ်မက်တစ်ခုပါပဲ။ အသက်ရှုမှားလောက်စရာ Song Saa Private Island ဟိုတယ်ရဲ့ သီးသန့်သုခဘုံလေးမှာ ပျားရည်ဆမ်းခရီးဖန်တီးနိုင်တယ်။ ဟိုတယ်ဟာ ကမ္ဗောဒီးယားကမ်းရိုးတန်းအလွန်မှာ ရှိနေပြီး အပမ်းဖြေအိမ်လေးတွေ ၂၇ လုံးရှိနေတယ်။ ရေပေါ်အပမ်းဖြေအိမ်ပဲဖြစ်ဖြစ်၊ တောတောင်ထဲက အပမ်းဖြေအိမ်လေးပဲဖြစ်ဖြစ် အားလုံး ကိုယ်ပိုင်ရေကူးကန်တွေပါရှိကြတယ်။ ရေပေါ်အပမ်းဖြေအိမ်အတွေ့အကြုံရှာဖွေချင်တဲ့ စုံတွဲလေးတွေအတွက် French Polynesia နဲ့ Maldives ဟာ သူတို့ အနှစ်သက်ဆုံးနေရာတွေပါ။ နောက်တစ်နေရာကတော့ အခု ကမ္ဗောဒီးယားပဲပေါ့။ Song Saa အနီးအနားမှာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း တစ်ကျောင်းရှိနေတာကြောင့် လက်ထပ်ပြီးစဇနီးမောင်နှံတွေ ရိုးရာဆုတောင်းပွဲအခမ်းအနားပြုလုပ်ကြတာကလည်း နာမည်ကျော်ကြားလှပါတယ်။

Stargazing in Atacama Desert Chile
            ပျားရည်ဆမ်းခရီးတွေထဲ ဒီနေရာလေးပါလာရတာကတော့ ကြယ်တွေကို လွတ်လွတ်လပ်လပ်ကြည့်ရှုငေးမောနိုင်တာကြောင့်လို့ ဆိုကြတယ်။ Atacama Desert ရဲ့ ညတွေလောက် အံ့ဘနန်းကြည်စင်တဲ့ကောင်းကင် ဘယ်နေရာမှာမှ မရှိနိုင်ဘူးလို့ တင်စားကြတယ်။ ကမ္ဘာကြီးတောင်ဘက်ခြမ်းရဲ့ ကြယ်တာရာအစုအဝေးကို Atacama သဲကန္တာရကနေကြည့်ရ အင်မတန် ပြတ်သာကြည်လင်လှတယ်။ စိတ်ကူးယဉ်ဆန်လှတဲ့ Atacama ညကောင်းကင်ယံ အလှအပနဲ့အတူ ရင်သပ်ရှုမောဖွယ်ရာ ကမ္ဘာ့ အခြောက်သွေ့ဆုံး သဲကန္တာထဲက ရှုခင်းအမျိုးမျိုးအထွေထွေဟာ မေ့မရတော့မယ့်နေရာတစ်ခုဖြစ်သွားမှာပါ။ Tierra Atacama ဟိုတယ်ဟာ အပမ်းဖြေခန်း ၁၂ ခန်းရှိနေပြီး အခန်းတွေဝန်းကျင်မှာ မွှေးကြိုင်သင်းပျံ့တဲ့ ပန်းခြံတွေရှိနေကြတယ်။ အတွင်း/ အပြင် Spa တွေမှာ ယောဂလေ့ကျင့်ခန်းလမ်းညွှန်းပေးတာတွေလည်းရှိနေပါတယ်။

Cultural and Culinary Tour of Spain
            ယဉ်ကျေးမှုဆိုင်ရာ ပြီးတော့လျှာဖျားအရသာ ခရီးစဉ်အတွက် ဥရောပဟာ အမြဲတမ်းပဲ ပေါ်ပြူလာအဖြစ်ဆုံးရွေးချယ်စရာနေရာဖြစ်နေခဲ့တယ်။ ၂၀၁၅ အတွက် စပိန်ဟာ ပြည့်စုံတဲ့ပျားရည်ဆမ်းခရီးနေရာအဖြစ် ရွေးချယ်ထားကြပါတယ်။ မကြုံစဖူးထူးကဲတဲ့ အစားအသောက်ကောင်းကောင်းအတွေ့အကြုံတွေ၊ အံ့အားသင့်စရာ အနုပညာလက်ရာတွေနဲ့ ဗိသုကာပညာ နဲ့အတူလှည့်လည်ကြည့်ရှုရင်း ပျော်ရွှင်စရာအချိန်လေးတွေဖန်တီးမလား၊ အဆင်မြင့်ဇိမ်ခံပစ္စည်းတွေနဲ့ပြည့်စုံနေတဲ့နေရာမှာ ပုန်းကွယ်တိုးလှိုးနေမလား ဖြစ်နိုင်ပါတယ်။ မက်ဒရစ်မှာ သီးသန့် စပိန် folk ဂီတ flamenco သင်တန်ုးတက်နိုင်သလို Reina Sofia နဲ့ Prado ပြခန်းတွေက ပြောင်မြောက်လှတဲ့အနုပညာလက်ရာတွေကို နီးနီးကပ်ကပ်ကြည်ရှုနိုင်ကြတယ်။ ဘာစီလိုနာဟာလည်း အားမန်ပြည့်လှတဲ့ ယဉ်ကျေးမှုတွေစုစည်းနေတဲ့အချက်အချာနေရာပါ။ Black Tomato tour အုပ်စုကနေ မမေ့နိုင်စရာပျားရည်ဆမ်းအတွေ့အကြုံအတွက် မြို့တော်တစ်ခွင် bird's eye view နဲ့ကြည့်ရှုနိုင်မယ့် ရဟတ်ယာဉ်ခရီးစဉ် အထူးစီစဉ်ပေးထားပါတယ်။

Ecuador & the Galapagos Islands Adventure
            အိုမင်းဟောင်းနွမ်းတဲ့ ပျားရည်ဆမ်းခရီးနေရာတွေကိုစွန့်လွှတ်ပြီး Ecuador နဲ့ Galapagos ကျွန်းတွေကို ရွေးချယ်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါသေးတယ်။ ရဲဝံ့တဲ့စုံတွဲလေးတွေအတွက် မကြုံစဖူးထူးကဲတဲ့ စွန့်စားခန်းမျိုးရနိုင်တယ်။ ဝေးဝေးလံလံနေရာက သိပ်လှတဲ့ ရှုမျှော်ခင်းတွေ၊ ပြိုင်ဘက်ကင်းတဲ့ တောတောင်သဘာဝအလှနဲ့ စိတ်ကူးယဉ်ထားတဲ့အိပ်မက်ထဲက နေရာလေးလို ဖွဲ့စည်းတည်ဆောက်ထားတဲ့ Andean အပမ်းဖြေအိမ်ခန်းလေးတွေရှိနေကြတယ်။ UNESCO အသိအမှတ်ပြုထားတဲ့ မြို့တော် Quito ရဲ့ မြင်ကွင်းတွေမှာ ကိုယ်တို့ရဲ့ စိတ်ကိုနစ်မျောပစ်လိုက်နိုင်သလို အမေဇုံတောနက်နက်ထဲ ခရီးကြမ်းလှမ်းရွေ့ပြီး လွန်ခဲ့တဲ့ နှစ် ၅၀ခန့်ကမှ ရှာဖွေတွေ့ရှိခဲ့ကြတဲ့ Huaorani လူမျိုးစုတွေလည်း လေ့လာကြည့်ရှုနိုင်တယ်။

A Private Villa in St. Barts
            ပျားရည်ဆမ်းခရီးအတွက် မူလအတိုင်းရှိနေတဲ့ကမ်းခြေရှာဖွေနေတယ်ဆိုရင် St. Barts ထက် သင့်တော်တာရှိမှာမဟုတ်ဘူးလို့ ညွှန်းကြပြန်တယ်။ မြေထဲပင်လယ်ထဲက ကျွန်းငယ်လေးရဲ့ ကမ်းခြေတွေဟာ ရင်သပ်ရှုမောဖွယ်ရာကောင်းလောက်အောင် ပြည့်စုံလှတယ်။ ကမ်းခြေလေးတွေဟာ ကွဲပြားကြတယ်။ အရသာရှိလှတဲ့ဟင်းလျာတွေ ပြင်ဆင်ပေးနိုင်တယ်။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတာက ညအလှပါ။ ထင်ရှားတဲ့ဟိုတယ်တွေထဲမှာ Eden Rock, Taiwana, Isle de France, Le Sereno နဲ့ Le Toiny တို့ဟာ ချီးကျူးစရာကောင်းလှတဲ့ဝန်ဆောင်မှုပေးနိုင်ကြတယ်။ ကျွန်းလေးမှာ ကြည်နူးပျော်ရွှင်စရာ အတွေ့အကြုံကောင်းရချင်တယ်ဆိုရင် ရေပူ၊ ရေကူးကန်ပါတဲ့ အပမ်းဖြေအိမ်လေးတစ်အိမ် သေချာအောင် ကြိုတင်စာရင်းပေးထားတာအကောင်းဆုံးပါပဲ။  package အမျိုးမျိုးထဲက ကြိုက်နှစ်သက်ရာ နေဝင်ချိန်အပျော်စီးသင်္ဘောခရီး၊ ကိုယ်ပိုင်စားဖိုမှူး နဲ့ Spa ဝန်ဆောင်မှုတွေပါဝင်တာတွေ ရွေးချယ်သင့်ပါတယ်။

Source: Travel’s Best Honeymoons 2015 | www.travelchannel.com

မယ်ရူပ
(Living Fashion Magazine, September, 2015)

No comments: