Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, January 07, 2010

ကျွန်မရဲ့ သူ၊ သူ့ ရဲ ပိစိကွေးအင်စတော်လေးရှင်းများ

artist တွေဟာ တော်တော်ထူးဆန်းတဲ့လူသားတွေဆိုတာကျွန်မအရင်ကတည်းက သိထားပေမယ့် အခုလို နီးနီးနားနားနေရပြန်တော့ ပိုပိုပြီးထူးဆန်းတာတွေ သိလာရပြန်ရော၊ ဒီနေ့ ညနေစာ စားပြီး ကော်ဖီလေးတစ်ခွက်နဲ့ ဟိုဟိုဒီဒီရှာဖွေ ဂိမ်းဆော့၊ facebook မှာမွေးထားတဲ့ ကြောင်လေးတွေ အစာကျွေး၊ သူတို့ကို လည်ပင်းလေး၊ ကျောလေးတွေပွတ်သပ်ပေး၊ ဒီလိုနဲ့ အမှတ်တွေတိုးလာ၊ သူတို့နဲ့ ကြွက်အရုပ်ပေးဆော့၊ ပြီးတော့ ဟိုး ငယ်ငယ်လေးကတည်းက ဆော့ခဲ့ဖူးတဲ့ battle city တင့်ကားဂိမ်းကို အင်တာနက်မှာရှာပြီးဆော့၊ ဟော ကြယ်ဖြူဖြူလေး ဒါဆို တင့်ကားက ကျည်ဆံ မြန်လာတယ် စားဖို့ အမြန်ပြေးနေတုန်း၊ ဗြုန်းကနဲ အခန်းထဲ သူ ၀င်လာပါရော၊ "ဟန်နီရေ ကြည့်ပါဦး"တဲ့ ဘာမပြောညာမပြော ကြည့်ပါဦးဆိုတော့ ကျွန်မလဲ ကြည့်ပေးရတာပေါ့၊ သူ့လက်ထဲမှာတော့ ထင်းရှုးသားဖြတ်စလေးတစ်ခုထဲ ကြေးနန်းကြိုး သွပ်ကြိုးတွေစိုက်ထည့်ထားတဲ့ ပိစိကွေးအရာတစ်ခု ကိုင်လို့ ဘာမှန်းလဲမသိ၊ ကျွန်မကလဲ ဖြီးတာပေါ့ အင်း ကြေးနန်းကြိုးရောင်၊ သွပ်ရောင်တွေနဲ့ဆိုတော့ သက်တန့် ခုံးခုံးလေးလိုပဲ လို့ ဘာရယ်မဟုတ် သူ့ကိုကျေနပ်အောင် ပြီးပြီးရော ပြောလိုက်တာ၊ ပြောလိုက်ခါမှ သူ့မျက်နှာက ပြုံးဖြီးဖြီးနဲ့ ၀င်းကနဲလက်သွားလိုက်တာများ သကြားလုံးရတဲ့ ကလေးလိုပဲ၊ ဒါ sunset တဲ့ အော် .. နေ၀င်တာပေါ့ ဘာပဲဖြစ်ဖြစ် သူ့ ပိစိကွေးအရာလေးအတွက် မှတ်ချက်တစ်ခုရတော့ သူကျေနပ်သွားတယ်၊ လှစ်ကနဲ ပြန်ထွက်သွားပြန်ရော၊ ကျွန်မလဲ ဂိမ်းဆက်ပြီး ဆော့မယ်လုပ်တော့ ကျွန်မ တင့်ကားလေးကို ရန်သူ တင့်ကားက ၀င်ပစ်သွားပြီ၊ စားစရာကြယ်ကလဲ အချိန်နဲနဲကြာတော့ ပြန်ပျောက်သွားပြီပေါ့၊

Wednesday, January 06, 2010

ငါ့ရဲ့လမ်း ... အားလုံးရဲ့လမ်း

(ကြာတော့ကြာပါပြီ၊ ရေးထားတာ၊ ၂၀၀၈ ခုနှစ်က အဟောင်းပြန်တင်လိုက်တာပါ)

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂုဏ်ပြုပွဲ အခမ်းအနားတစ်ခုမှာ ရော်ဘီဝီလျမ်(စ်)သီဆိုဂုဏ်ပြုထားတဲ့ သီချင်းတစ်ပုဒ်ကိုနားထောင်မိရင်း အဲဒီသီချင်းကို သဘောကျသွားပြန်တယ်။ မန်ချက်စတာပရိသတ်တွေ သံပြိုင်သီဆိုထားတဲ့ အသံတွေနဲ့ အင်အားပြည့်ဝလှတဲ့ သီချင်းတစ်ပုဒ်က `ငါ့ရဲ့လမ်း´  `My Way´ ဆိုတဲ့ သီချင်းဟောင်းတစ်ပုဒ်ပါ။
ဒီ My Way သီချင်းကို သီဆိုဂုဏ်ပြုခဲ့ကြသူတွေ အများကြီးပါပဲ။ ဈာပနအခမ်းအနားတွေမှာ အဓိက သီကျူးလေ့ရှိတယ်လို့ သိရပါတယ်။ ဗြိတိန်ဈာပနအခမ်းအနားတွေမှာ ထိပ်ဆုံးက တောင်းဆိုခြင်းခံရတဲ့သီချင်းဖြစ်တယ်။ My Way ကို မူရင်း သီဆိုခဲ့သူက ဖရန့်ခ်စီနားထရားပါ။

အဲဒီလိုအခမ်းအနားတွေမှာ ပရိသတ်တွေ ဒုတိယ တောင်းဆိုခံရတဲ့သီချင်းက ဘက်တီမစ်ဒ်လားရဲ့ Wind Beneath Will Go On ပါပဲ။ တီနာတားနားရဲ့ Simply the Best သီချင်းကတော့ နံပါတ် ၅ လိုက်တဲ့ သီချင်းတစ်ပုဒ်ပါ။ တခြားနာမည်ကြီး သီချင်းတွေလည်း တော်တော်များများရှိပါသေးတယ်။ သိသလောက် ပြောပြရရင် ဂျိမ်းစ်ဘလန့်ထ်ရဲ့ Goodbye My Lover ၊ ဂျနီဖာဝမ်းန်စ်ရဲ့ I've Had the Time of My Life ၊ ရီကွင်းမ်ရဲ့ Pie Jesus ၊ အယ်လ်တန်ဂျွန်ရဲ့ Candle In the Wind ၊ U2 ရဲ့ With or Without You ၊ အဲရစ်ခ်ကလက်ပ်တန်ရဲ့ Tears in Heaven ၊ Police ရဲ့ Every Breath You Take နဲ့ Righteous Brothers ရဲ့ Unchanged Melody သီချင်းတွေက လူကြိုက်များလှတဲ့ သီချင်းတွေဖြစ်တယ်။ တချို့လူငယ်တွေကတော့ သူတို့ရဲ့ တစ်နေ့ ကြုံဆုံလာမယ့် ဈာပနအခမ်းအနားတွေမှာ Green Day ရဲ့ Time of your life(Good Riddance) သီချင်း၊ Led Zeppelin ရှဲ့ Stairway to Heaven သီချင်းတွေကို သီဆိုစေဖို့ ဆန္ဒ ရှိတယ်လို့ သိရတယ်။

My Way သီချင်းရဲ့ရာဇ၀င်ကို စူးစမ်းကြည့်တဲ့အခါ မူရင်းအဆို ဖရန့်ခ်စီနားထရား ဆိုထားပါတယ်။ ပေါလ်အန်ကာ က ရေးပေးထားပြီး သံစဉ်က ကလော်ဒီဖရန်ကွိုက်စ် နဲ့ ဂျက်ရီဗော့က်ခ်တို့ ရေးထားတဲ့ ပြင်သစ်သီချင်း Comme d'habitude  ရဲ့သံစဉ်ကို ယူထားခဲ့တယ်။ အင်္ဂလိပ်သီချင်းစာသားတွေကတော့ မူလပြင်သစ်သီချင်းနဲ့ ဆက်စပ်မှုမရှိပါဘူး။ My Way သီချင်းစာသားတွေဟာ သေခြင်းတရားနဲ့ လတ်တလောရင်ဆိုင်ကြုံတွေ့နေရတဲ့ လူတစ်ဦးကပြောပြနေဟန် ရေးထားတာပါ။

တေးရေးဆရာ ပေါလ်အန်ကာက My Way သီချင်းရေးဖြစ်ပုံနဲ့ ပတ်သက်ပြီး ခုလိုပြောပြခဲ့ဖူးတယ်။
“၁၉၆၇ ခုနှစ်လောက်က ကျော်ကြားခဲ့တဲ့ပြင်သစ် ပေါ့ပ်သီချင်း တစ်ပုဒ် Comme d'habitude ကို ကျွန်တော် ပါရီကို အလည်အပတ်သွားရင်းနဲ့ နားထောင်ခဲ့ရတယ်။ နားထောင်မိကတည်းက မသိမသာ နားစွဲသလို ဖြစ်ခဲ့တယ်။ နောက် ၂နှစ်လောက်ကြာတဲ့အထိ မေ့ပျောက်မသွားဘဲ မှတ်မှတ်ထင်ထင် နားထဲစွဲနေတာနဲ့ပဲ အဲဒီသီချင်းကို စာသားတွေ ဖန်တီးဖြစ်ခဲ့တာဗျ။ မူရင်းပြင်သစ် သီချင်းမှာ အသံဖမ်းထားပုံက သန့်သန့်ခန့်ခန့် မရှိလှပါဘူး။ ဒါပေမဲ့ အဲဒီသီချင်းထဲမှာ တစ်ခုခုတော့ လှလှပပကလေး ပုန်းအောင်းနေတယ်လို့ ကျွန်တော့်စိတ်ထဲ ခံစားလိုက်ရတယ်။ ကျွန်တော် ဒါကို ဖမ်းဆုပ်ရယူကြည့်ချင်လာတယ်။ ဒါနဲ့ပဲတစ်ရက် မနက်ခင်း တစ်နာရီလောက် အချိန်မှာ ကျွန်တော်လက်နှိပ်စက် အအိုအဟောင်းရှေ့မှာ ထိုင်ရင်း တစ်ယောက်တည်းပဲ အဲဒီပြင်သစ်ပေါ့ပ်သီချင်းကို နားထဲပြန်ကြား ယောင်ခံစားကြည့်လိုက်တယ်။ ခံစားမှုနောက်ကိုလိုက်ပြီး လက်ကလည်း စာလုံးတွေ တတောက်တောက်နဲ့ လိုက် - ရိုက်နေမိတယ်။ စကားလုံးခပ်ဆန်းဆန်းလေးတွေရဖို့ လစဉ်ထုတ်မဂ္ဂဇင်းတွေလည်း ရှာလိုက်၊ ဖတ်ကြည့်လိုက်နဲ့။ အရင်ဆုံး ကျွန်တော့်ရင်ထဲက ထွက်ကျလာတဲ့စာလုံးက “အခုတော့ အဆုံးသတ်ဖို့ နီးလာနေပြီ” ဆိုတဲ့ စာသားတွေပါပဲ။ ပြီးတော့ ကျွန်တော် ဘယ်တော့မှ မသုံးဖူးတဲ့ စာလုံးတွေ... “ငါလေ ၀ါးမျိုစား သုံးလိုက်၊ အခြေအနေမဟန်ရင် ဒါကိုပဲ ပျစ်ခနဲ ထွေးထုတ် လိုက်နဲ့” တဲ့။ ဒီလိုအသုံးအနှုန်းမျိုးကို ဖရန့်ခ်ရဲ့ တွန်းအားကြောင့် ရေးတတ်ခဲ့တယ်လို့ပဲ ပြောရမယ်ဗျ။ အဲဒီမနက် ငါးနာရီလောက်မှာပဲ သီချင်းရဲ့ ending ကို လက်စသတ်နိုင်ခဲ့တယ်။ ပြီးတာနဲ့ နီဗားနားမြို့က Caesar's Palace ဟိုတယ်ကို ရောက်နေတဲ့ ဖရန့်ခ်ကို ဖုန်းခေါ်လိုက်တယ် (နည်းနည်းမှအချိန်မဆိုင်းနိုင်ဘူး)။ ဟော့ဒီလို ပြောချလိုက်တယ်။
ဖရန့်ခ်ရေ... မင်းအတွက် အထူးသီးသီးသန့်သန့် ပေးစရာတစ်ခု ငါ့မှာ ရှိနေပြီဟေ့ ...လို့။
ဒီသီချင်းကို ကျွန်တော့်အသံဖမ်းကုမ္ပဏီက ကျွန်တော့်အတွက်ပဲ ထိန်းသိမ်းထားစေလိုတယ်လို့ ပြောကြတယ်။ သဘောက တခြားသူမပေးလိုက်နဲ့၊ ကျွန်တော်ပဲ ဆိုလိုက်ပေါ့လေ...။ ကျွန်တော်က ဒီသီချင်းကို ရေးနိုင်ခဲ့ပေမဲ့ ကောင်းအောင်ဆိုနိုင်မယ့် လူစားမျိုးတော့မဟုတ်ဘူးလို့
ဝန်ခံပြောပြခဲ့ရပါသေးတယ်"...။
သီချင်းရေးဆရာ ပေါလ်အန်ကာရဲ့ ရိုးသားမှုတွေကို သူ့စကားတွေထဲမှာ အထင်းသားတွေ့မြင်ခဲ့ရတယ်။
သူဟာ ကောင်းအောင် ဆိုနိုင်မယ့်လူမဟုတ်ဘူးဆိုပြီး `ဆိုခွင့်´ကို ပစ်ပစ်ခါခါ ငြင်းဆန် ခဲ့တာပါ။

ဒါနဲ့ပဲ ဖရန့်ခ်စီနားထရားဆိုဖို့ဖြစ်လာခဲ့တယ်။ Mya Way အယ်လ်ဘမ်ဟာ ၁၉၆၉ ခုနှစ်မှာ ထွက်ရှိခဲ့တယ်။
ယူအက်စ်မှာ သိက္ခာရှိရှိကျော်ကြားခဲ့ပြီး ချစ်စရာ၊ လှပဆွေးမြည့်ဖွယ်ရာ ခံစားမှုလေးတွေ လိမ်ယှက်နေတဲ့သီချင်းကောင်းတစ်ပုဒ်ဖြစ်လာခဲ့တယ်။ မူရင်းသီဆိုသူ စီနားထရား သေဆုံးခဲ့တဲ့အခါ ပေါလ်အန်ကာက ကာဗာသီချင်းအဖြစ် ဖန်တီးခဲ့သေးတယ်။ စီနားထရားရဲ့ မူရင်းသီချင်းနဲ့ လုံးဝကွဲပြားတဲ့ ထရက်ခ်(track)ပါ။ အဲလ်ဗစ်စ်ပရက်စလေ ကလည်း ၁၉၇၀ နှစ်လယ်ပိုင်းက ဂီတပွဲတစ်ခုမှာ သီဆိုခဲ့ပြီး Elvis In Concert  စင်ဂဲလ်အယ်လ်ဘမ်ကို CBS-TV အတွက် ရိုက်ကူး ထုတ်လွှင့်ခဲ့တယ်။

Sex Pistols အဖွဲ့ရဲ့ ဘေ့စ်ဂစ်တာသမား ဆစ်ဒ်ဗီးဆီးယပ်စ် က အရင့်အရင်နဲ့ လုံးဝမတူအောင်
Punk -Rock သီချင်းပုံစံပြောင်းလဲ သီဆိုပြန်တော့လည်း အင်မတန် ကျော်ကြားခဲ့ပါသေးတယ်။ စာသားတွေလည်း အများကြီးပြောင်းထားတယ်။ ပြီးတော့ မြန်မြန်ဆန်ဆန် တီးခတ်ထားတာတွေ့ရတယ်။ ပြီးတော့ မိတ်ဆွေကြီးရေ...ဆိုတဲ့ သီချင်းစာသားတွေမှာ ဦးထုပ်တွေ အများကြီးဆောင်းသူ ပရက်ထ် ရေ...လို့ ဆိုထားတာဟာ ဗီးဆီးယပ်စ်က သူ့သူငယ်ချင်း ဂျွန်လိုင်ဒန် ကို တိုက်ရိုက်ရည်ညွှန်း သီဆိုထားတယ်လို့ Sex Pistols အဖွဲ့ကို မွှေနှောက်ကျွမ်းဝင်ထားကြသူတွေက အသေအချာဆိုကြတယ်။ တကယ်လည်း ဂျွန်လိုင်ဒန်က ဘယ်နေရာ ရောက်ရောက် ဦးထုပ် အမျိုးမျိုး ရှာဖွေဝယ်ယူစုဆောင်းတဲ့သူ ဖြစ်နေတော့တာကိုး။

ရက်ပ်ပါဂျေဇီကလည်း ၂၀၀၀ခုနှစ်ကထွက်ရှိခဲ့တဲ့ The Gift & the Curse အယ်လ်ဘမ်မှာ ကာဗာသီချင်းအဖြစ် သီဆိုခဲ့ပါ သေးတယ်။ ရစ်ချီရေးနဲ့ ဘော့ဘီကာ့ဇ်တို့ကလည်း ၁၉၆၉ ခုနှစ်က စပိန်ဘာသာနဲ့ A Mi Manera သီချင်းကို သီဆိုခဲ့ကြတယ်။ ရော်ဘီဝီလျံမ် အသံသရုပ်ဆောင် ပါဝင်ခဲ့တဲ့ Happy Feet ကာတွန်းကားရဲ့ အဓိကဇာတ်ကောင် ပင်ဂွင်းလေး ရာမွန်ဟာ အဲဒီ စပိန်သီချင်း
A Mi Manera ကို ဇာတ်ကားထဲမှာ အကောာင်းဆုံး သီဆိုသရုပ်ဆောင်ခဲ့တယ်။

Pirates of Silicon Valley ရုပ်ရှင်ဇာတ်ကားမှာ ဘီလ်ဂိတ် အဖြစ် သရုပ်ဆောင်ခဲ့တဲ့ အန်ထော်နီမိုက်ကယ်လ်ဟောလ် ကလည်း ဒီ My Way သီချင်းကို သီဆိုခဲ့သေးတယ်။ နောက် စာရေးဆရာမ ဂျေကေရိုးလင်းရဲ့ ဇာတ်ကောင် ပရော်ဖက်ဆာ ဒေါက်တာဒမ်ဘဲလ်ဒေါ ရဲ့ ဈာပနအခမ်းအနားမှာလည်း My Way သီချင်းနဲ့ တခမ်းတနား ခင်းကျင်းခဲ့တယ်။
တခြား သီဆိုခဲ့ကြတဲ့ နာမည်ကြီးအဆိုတော်တွေလည်း အများကြီးရှိနေပါသေးတယ်။
ပေါလ်အန်ကာရဲ့ ငါ့ရဲ့လမ်း သီချင်းစာသားတွေထဲက ပုန်းအောင်းနေတဲ့အရာ တစ်ခုခုကို (သီချင်းရေးသူနဲ့ထပ်တူ) ရှင်းရှင်းလင်းလင်း ခံစားစေလိုတဲ့ရည်ရွယ်ချက်နဲ့ပဲ စကားလုံးတွေ တစ်လုံးပြီးတစ်လုံး ဖလှယ်သွန်ချလိုက်မိတော့တယ်။
 - - - - - - -

ကဲ... အခုတော့ အဆုံးသတ်ဖို့ နီးကပ်လာခဲ့ပြီပေါ့...
အဲဒါကြောင့်ပဲ... နောက်ဆုံးကားလိပ်ကြီးကလည်း ...
ငါ့ရဲ့ဘ၀ကြီးကို အမှောင်ချပိတ်သိမ်းဖို့ ဟန်တပြင်ပြင်လုပ်နေတာ ...
ငါ မြင်တွေ့လိုက်ရတယ်...
မိတ်ဆွေကြီးရေ.... တကယ်ပဲ
သေချာလှတဲ့ ငါ့အဖြစ်၊ ငါ့အခြေအနေတွေကို အခု ရှင်းရှင်းလင်းလင်း ပြောပြလိုက်ပါတော့မယ်။

ငါ ရှင်သန်နေထိုင်ခဲ့ရာ ငါ့ရဲ့ဘ၀ဟာ...
ခရီးတွေ တစ်ခုစီ တစ်ခုစီ သွားလာလှုပ်ရှားမှုတွေနဲ့ ပြည့်နှက်လို့ပေါ့...
ခရီးတိုင်းကလည်း တာဝေး ခရီးတွေချည်းပါပဲလား...
အဲဒီထက် ပိုလာမယ့်အဖြစ်တွေ ရှိလာတဲ့အခါတိုင်း...
ငါ့ရဲ့ နည်းလမ်းအတိုင်း ရှင်းလင်းလုပ်ဆောင်ခဲ့တယ်.....။

နောင်တတွေကတော့... ငါ့မှာ နည်းနည်းပဲရှိခဲ့ပါတယ်၊
သေချာစေ့စေ့ပေါက်ပေါက်စဉ်းစားလေတိုင်းလဲ ချပြစရာ အင်မတန်ကိုနည်းတာပါပဲ၊
ငါက လုပ်ရမယ့်အလုပ်တွေပဲ လုပ်ခဲ့တာကိုး၊
ငါ့ကိုငါလည်း အလွတ်မပေးပဲ အမြဲသတိထားစောင့်ကြည့်ခဲ့သေးတာလေ.....။

လုပ်စရာတွေကို အပိုင်းလိုက် အပိုင်းလိုက် တစ်ခုစီ စီစဉ်ထားခဲ့တယ်၊
ခြေလှမ်းတလှမ်းစီကိုလည်း တလျှောက်လုံးဂရုပြုလှမ်းလျှောက်ခဲ့တယ်၊
အဲဒီထက် ပိုလာမယ့်အဖြစ်တွေ ရှိလာတဲ့အခါတိုင်း...
ငါ့ရဲ့ နည်းလမ်းအတိုင်း ရှင်းလင်းလုပ်ဆောင်ခဲ့တယ်.....။

ဟုတ်တယ်... အဲဒီအချိန်အခါ၊ အဖြစ်အပျက်တွေကို မင်းသိမယ် လို့ ငါ...သေချာပြောရဲပါတယ်၊
ငါလေ... ၀ါးမျိုနိုင်တဲ့အစားအစာတွေထက် ပိုပိုပြီး ကိုက်ဝါးမိခဲ့တဲ့ အခါ...
အဲဒီအရာတွေအားလုံးကို သံသယတွေ ဗရုန်းသုန်းကား ဖြစ်လာတဲ့ အခါ...
ငါကတော့ ၀ါးမျိုစားသုံးလိုက်.. အခြေအနေမဟန်ရင် ပျစ်ခနဲ ထွေးထုတ်လိုက်နဲ့ အဲဒီအရာတွေကိုပေါ့...
ထိပ်တိုက်ဝင်တိုးလိုက်... မတ်မတ်ရပ်ရင်း ကြံ့ကြံ့ခံ ရင်ဆိုင်လိုက်နဲ့...
ငါ့ရဲ့နည်းလမ်းအတိုင်းပဲ ရှင်းလင်းလုပ်ဆောင်ခဲ့တာပါပဲ.....။

ငါလေ...ချစ်ခြင်းမေတ္တာ.. သံယောဇဉ် တစ်ပြုံတစ်မကြီးနဲ့ ပျော်ဝင်နစ်မြုပ်ခဲ့ဖူးတယ်၊
ငါ ရယ်မောခဲ့တယ်...
ပြီးတော့ ငါ ငိုကြွေးခဲ့သေးတယ်...
ငါ့ဘ၀မှာ ခံစားချက်အားလုံး ပြည့်ပြည့်သိပ်သိပ် ခံစားခဲ့တယ်၊
ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခုန်ဆင်းလာတတ်တဲ့ မျက်ရည်တွေကိုလည်း ရယူခံစားခဲ့တယ်၊
ကဲကွယ်... အခုတော့ မျက်ရည်တွေများ...
တလိမ့်ချင်း တလိမ့်ချင်း လျှောကျ ပျောက်ကွယ်သွားပြီးတဲ့အချိန်တိုင်း အချိန်တိုင်း...
ငါ့မှာ ပျော်ရွှင်မြူးထူးစရာလေး တစ်ခုခုတော့ ရှာဖွေတွေ့ရှိခဲ့မိတာချည်းပါပဲ...

အဲဒီအဖြစ်အပျက်တွေကို တွေးတော... စောင်းငဲ့ ကြည့်ကြည့်တဲ့အခါ...
ပြောပါရစေတော့... ငါရှက်ရွံ့သိမ်ငယ်မနေခဲ့ပါဘူးကွဲ့...
မဟုတ်ဘူး... ငါဟာ အဲဒီလို လူစားမျိုး မဟုတ်ခဲ့ဘူး...
ငါ့ရဲ့နည်းလမ်းအတိုင်း လုပ်ဆောင်ခဲ့သူတစ်ဦးပါပဲ.....။

‘သူ’---  ဆိုတာ ဘာလဲ...
‘သူ’ --- ဘာတွေ ရရှိခဲ့လဲ...
‘သူ’ ကိုယ်တိုင်ကလွဲလို့ ကျန်တာ အားလုံး ဗလာနတ္တိ ပဲ...
အစစ်အမှန်ခံစားချက်တွေ ဖွင့်ဟလာတဲ့ အဲဒီ ‘သူ’ ရဲ့ စကားလုံး တွေဟာ...
ဒူးထောက်၊ အရှုံးပေး ကျဆုံးနေတဲ့ လူသားတစ်ယောက်ဆီက တောင်စဉ်ရေမရ လွင့်ထွက်ကျလာတဲ့အရာတွေ မဟုတ်ဘူး ...။
ဘ၀မှတ်တမ်းက ပြသမှာပါ... ထိုးနှက်တိုက်ခိုက်မှုတွေကိုလည်း ရယူခဲ့တာပဲလေ...
ပြီးတော့... ငါ့ရဲ့နည်းလမ်းအတိုင်းပဲ...
ငါ လုပ်ဆောင်သွားခဲ့ပါပြီ...။

Tuesday, January 05, 2010

မြန်မာစာလုံး အလှဆုံး၊ ကြိုးစားရေးမယ် တစ်ပြုံးပြုံး

"သေချာရေးပါဟာ လက်ရေးကလဲ လှချင်ရက်သားနဲ့ ဘယ်လိုလုပ်ရေးမှန်းမသိဘူး၊ ခဏ ခဏဖတ်ဖူးနေတာတောင် ဘယ်လိုမှစာလုံးဖော်မရဘူး၊ စိတ်ညစ်ပါတယ်" ပြောပြောဆိုဆို အမ က ပွစိပွစိ ဆူပြောပြောရင်း စာရွက်ထပ်ကြီးစားပွဲပေါ်လာချပေးတယ်၊ စာရွက်တွေကို ကြည့်လိုက်တော့ မှင်နီတွေက တော်တော်များများ၊ ဒါကြောင့် စာရိုက်ပြီးပေးပါဆိုတော့လဲ မရိုက်ဘူး၊ တဲ့ ပြောပြန်ပီ၊ နားညီးလိုက်တာ အလွန်ပဲ၊ ကျွန်မကလဲ အမှတ်မရှိပါဘူး၊ သူ ဘယ်လိုပြောပြော ရေးချင်သလိုရေးပီးပေးလိုက်တာပဲ၊ ကျွန်မမှာ တနေကုန် ကွန်ပျူတာကြီး မျက်စိနှစ်လုံး အလယ်စိုက်နေအောင် ကြည့်ရ အိမ်ရောက်တော့လဲ တစ်ခါ ကြည့်ရနဲ့ဆိုတော့ မကြည့်ချင်တော့ဘူး၊ လက်ရေးနဲ့ရေးပြန်တော့လဲ ကျွန်မက စာရေးသိပ်ပျင်းတာ၊ မြန်မြန်ပြီးချင် မြန်မြန်ကြီးရေး၊ ဒီလိုနဲ့ ကျွန်မလက်ရေးတွေက ဖတ်ရ မလွယ်တာ တကယ့်ကိုပဲ၊ ကျွန်မ ဘာသာပြန်စာတွေ ရေးဖြစ်ပါတယ်၊ ဘောလုံးသမားတစ်ယောက်အကြောင်းလစဉ်၊ ဒါကိုတော့ ကြိုက်တယ်၊ ကျွန်မက ဘောလုံးပွဲ ကြည့်ရတာဝါသနာပါတာကိုး၊ ဘာသာပြန်တွေလောက်ပဲ ရေးဖြစ်ပြီး ကိုယ့်ဘာသာ ကိုယ်ပိုင်စာရယ်လို့ မရေးတတ်ဘူး၊ တစ်ခါ ကျွန်မတစ်ယောက်တည်း ရန်ကုန်အိမ်မှာ ၅ ရက်လောက်နေဖြစ်ခဲ့ရတော့မှ ကြောက်ရလန့်ရပုံကို စာရေးချင်စိတ် သူ့ဘာသာပေါ်လာပြီး ရေးဖြစ်တာ အဲဒါပထမ ဆုံးပဲ၊

Monday, January 04, 2010

ဘဲလ်ဂရိတ်မြို့သားတွေနဲ့ ခရမ်းရောင်

ဘဲလ်ဂရိတ်မြို့မှာ ဟိုနားဒီနားသွားရင်း ခဏခဏတွေ့ရတာ ခရမ်းရောင်ပါ၊ ကျွန်မကလဲ ခရမ်းရောင်ကြိုက်တတ်တော့ သတိထားမိနေတယ်၊ လမ်းဘေး ကြော်ငြာဘုတ်တွေကအစ စတိုးဆိုင်၊ ဘဏ် တွေနဲ့ အိမ်ခန်းတွေမှာပါ ခရမ်းရောင်ကိုတော်တော်သုံးကြတယ်၊ မြစ်ကမ်းပါးဘေး သွားလိုက်တော့လဲ အပင်လေးတွေ အသစ်စိုက်ထားတာ အမှတ်အသားလုပ်ထားတာကိုက ခရမ်းရောင်ဖဲကြိုးလေးတွေနဲ့၊ စူပါမားကတ် ဆိုင်ခန်းတွေမှာ အ၀င်ဝနားမှာ ခရမ်းရောင် အ၀တ်အစားတွေကို ပြထားကြတာ တွေ့ တွေ့နေရတော့ ဘဲလ်ဂရိတ်မြို့ ဟိုနားဒီနား ပြန့်ကျဲနေတဲ့ ခရမ်းရောင်တွေ ကို စုစုစည်းစည်းမြင်ချင်လာလို့ ဓါတ်ပုံရိုက်ယူထားလိုက်တယ်၊ ပြီးတော့ ဒီနေရာမှာ ...

အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, December 23, 2009

His sketch and my handwriting

Text from Dhammapada(A practical guide to right living)
လက်ရေးကလဲ ကလေး လက်ရေးလောက်တောင် ကြည့်ပျော်ရှုပျော် မရှိ၊
သူက မသိတော့ လှတယ် လှတယ်နဲ့

While, I look up the sky,
I find the twinkle stars shine,
I find the clouds flying under the sky,
They look so fine ...
++ I murmur under stars and sky,
     I love you, that is why ... 





အရင်က သူ့ဆီ ပို့ဖူးတဲ့ ကဗျာကို သူ့ Sketch မှာ မြန်မာလို လက်ရေးနဲ့ ရေးပေးပါ ဆိုလို့ စာမရေးတာကြာတော့ လက်ရေးတွေက တောင်တစ်လုံး မြောက်တစ်လုံးနဲ့ ...

Tuesday, December 22, 2009

ကိုယ်သာ ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့ရင်

ကိုယ်သာ ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့ရင် ဘယ်လိုနေထိုင်ပြုမူမယ်လို့ တွေးမိနေမယ့် မိန်းကလေးတွေ ဘယ်လောက်များ ... များနေမလဲ ဘီယွန့်ဆေးသီချင်း "If I were a boy" နားထောင်ခဲ့အပြီး သိပ်အများကြီးမရှိစေချင်တော့ဘူးလို့ တွေးလိုက်မိတယ်။ ဘီယွန့်ဆေးကတော့ သူ ရဲ့ စိတ်ကူးကို "If I were a boy" သီချင်းနဲ့ ပြောဖြစ်အောင်ပြောပြလိုက်တယ်။ နဂိုက အသံအိုးကောင်းကောင်း အဆိုပိုင်ရှင်ဖြစ်သလို ဒီသီချင်းမှာ ပိုပြီး နှစ်နှစ်ကာကာရှိလှတဲ့အသံနဲ့ ဆိုထားတယ်ဆိုတာ ဘီယွန့်ဆေး အမာခံပရိသတ်တွေ အသေအချာသိကြမှာပါ။ "If I were a boy"  သီချင်းနဲ့ပတ်သက်ပြီး ဘီယွန့်ဆေးက သူ့ရဲ့ MySpace account မှာ ပြောပြထားတယ်။
"If I were a boy"  ကို ရှင်တို့ နားထောင်နိုင်ပါပြီ၊ အရသာ ရိုးအီနေတွဲျ့ရြ သီချင်းမဟုတ်ပါဘူး၊ အဲဒါက ကြီးပြင်းအောင်မွေးမြူဖို့ ခက်ခဲသလို ချိုးဖဲ့ဖျက်ဆီးဖို့လဲ ခက်ခဲတာပဲ၊ အရသာအသစ်တွေဖြည့်ပေးထားတယ်၊ ဘာကြောင့်လဲ ဆိုတော့ .. လူတွေမှာ အားကြီးတဲ့မျှော်လင့်ချက်တွေရှိတယ်မဟုတ်လား။ ကျွန်မကိုယ်တိုင်လဲ ဒီလိုအနေအထားက ခံစားကြည့်ရတာကြိုက်တယ်၊ ဂီတချစ်တဲ့သူတွေကို  အားပြင်းတဲ့စာသား။သီချင်းတွေနားထောင်စေချင်တယ်၊ ရှင်တို့  နက်နက်ရှိုင်းရှိုင်းခံစားလို့ရတဲ့သီချင်းမျိုးပြောတာပါ။ ကျွန်မဘဲလေးသီချင်းတွေကြိုက်တယ်၊ ကျွန်မက ဂီတကိုချစ်သလို၊ သီချင်းတွေကပြောတဲ့ ပုံပြင်တွေကိုနားထောင်ကြည့်ရတာကိုသိပ်ကြိုက်တယ်။ အဲဒါ လူတွေကို အဆက်အသွယ်ပြုပေးတယ်။ သီချင်းချစ်တဲ့သူတွေကို ကျွန်မရဲ့အသံကြားစေချင်သလို၊ ကျွန်မမှာရှိနေတဲ့ ပြောပြမှဖြစ်မယ့်စကားလုံးတွေသိစေချင်သေးတယ်။'  တဲ့
အမေရိကန် R & B အဆိုတော် ဘီယွန့်ဆေးနိုးလ်စ် ရဲ့ "If I were a boy"  သီချင်းကို တော့ဘီဂက်ဒ် နဲ့ ဘီစီဂျီးန် တို့က ရေးပေးထားတယ်။ ဘီယွန့်ဆေးရဲ့ တတိယတကိုယ်တော်အယ်လ်ဘမ် "I Am...Sasha Fierce" ထဲက သီချင်းတစ်ပုဒ်ပါ။ စီဒီစင်ဂဲလ်ကို ၂ဝဝ၈ နိုဝင်ဘာ ၁၁ရက်နေ့ကထုတ်ခဲ့ပြီး ကမ္ဘာတဝှမ်း top chart 11 ရောက်ရှိခဲ့ပြီး အထူးသဖြင့် ဥရောပတိုင်းပြည်တွေမှာ ပိုပြီးလူကြိုက် များခဲ့တယ်။
"If I were a boy" ကို ဘီစီဂျီးန်က အများဆုံးရေးပေးထားပါတယ်။ ဂျီးန်ရဲ့ ကိစ္စတွေသီချင်းထဲမှာထည့်ရေးဖြစ်ခဲ့တာပါ။ ဂျီးန်နဲ့ ပရိုဂျူဆာ တော့ဘီဂက်ဒ် တို့ဟာ  တိုင်းမ်စကွဲမှာ ဟိုဟိုဒီဒီ လမ်းသလားနေရင်း လူငယ်လေးတွေရဲ့ ပြီတီတီဆွဲဆောင်မှုတွေကို တွေ့ကြုံတာကစပြီး သီချင်းစာသားတွေဖန်တီးဖို့ ဖြစ်လာခဲ့တယ်။ ဂျီးန် ရဲ့မိတ်ဆွေတစ်ဦးက အခုလိုပြောပြတယ်။
'ဂျီးန် က အဝေးဆုံးနေရာမှာနေဖို့ ခက်ခက်ခဲခဲ ကြိုးစားထားရတာ၊ အဲ့ဒီအတွက် သူ အင်မတန် ဝမ်းနည်းပူဆွေးနေခဲ့တယ်။ ဂျီးန် ရဲ့အတွေး က  သူသာယောကျာ်းလေးဖြစ်ခဲ့ရင် တစ်ဦးတစ်ယောက်တည်းကိုပဲ နောင်တရဖို့ အကြောင်းမရှိ ချစ်သွားမယ်တဲ့။  ဂျီးန်ရဲ့ စိတ်ကူးအတိုင်း "If I were a boy" သီချင်း ဖြစ်လာခဲ့တာ၊ သူ့ရဲ့ ယောကျာ်းလေးမိတ်ဆွေဟောင်းထက် ဂျီးန်က အများကြီးကောင်းမွန်တဲ့သူပါ ။'
ဂျီးန် ပြောပြခဲ့တဲ့ စကားလုံးတွေကို ဂက်ဒ်က အသံဖမ်းယူဖို့ ထပ်ခါထပ်ခါပြောခိုင်းတယ်၊ နောက်တော့ သူတို့ တိုင်းမ်စကွဲကထွက်ခွာလာခဲ့ကြပြီး စတူဒီယိုမှာ သီချင်းကို ၁၅မိနစ်တည်းနဲ့ ရေးနိုင်ခဲ့တယ်။ ဂျီးန်ကိုယ်တိုင်သီဆိုခဲ့စဉ်က တော့ record company က ငြင်းဆန်ခဲ့ဖူးပါတယ်။ ဘီယွန်ဆေး သီဆိုခဲ့တဲ့အခါ အင်မတန် အားကောင်းတဲ့သီချင်းဖြစ်လာခဲ့တဲ့အပေါ် ဂျီးန်က လှိုက်လှိုက်လှဲလှဲကျေနပ်တယ်လို့ ဆိုတယ်။ 'ဘီယွန်ဆေး ဆိုနေတဲ့အသံက အသက်ပါလွန်းလို့  ကျွန်မ ပထမဆုံးနားထောင်လိုက်ရတဲ့အခါတုန်းက ခဏလောက်အသက်ရှုရပ်သွားခဲ့သေးတယ်' လို့ ဂျီးန်က ပြောခဲ့တယ်။
"If I were A Boy" ဗီဒီယိုကို youtube မှာ တင်လိုက်တဲ့အခါ မတ်လ ၁ ရက်နေ့အထိကြည့်ရှုသူပေါင်း ၄၁၇ဝ၁ဝ၃၃ ဦးတောင် ရှိခဲ့တယ်။ တကယ့်ကို စိတ်ဝင်စားစရာကောင်းလှတဲ့ ဗီဒီယိုပါ။ ဒါရိုက်တာက ဂျိတ်နာဗာ ဖြစ်ပြီး အဲဒီ ဗီဒီယိုမှာ ဘီယွန်းဆေးက ခင်ပွန်းသည်နဲ့ တစ်နေ့တာ ကတောက်ကဆဖြစ်ပုံကို ပြထားတယ်။ စိတ်ကူးထဲကအတိုင်း ဘီယွန်ဆေးသွားလာလှုပ်ရှားနေပုံ ပြထားပြီး ဗီဒီယို အဆုံးမှာမှ ပရိတ်သတ်တွေကို တကယ့်အဖြစ်ကိုနားလည်သွားစေတယ်။
ဗီဒီယိုအစမှာ ... ဘီယွန်ဆေးနဲ့ သူမခင်ပွန်းတို့ဟာ 'ရင်းနှီးမှု' 'ရိုးသားအပြစ်ကင်းမှု' 'တာဝန်ယူမှု' ဒီလိုစကားလုံးတွေနဲ့ အပြန်အလှန်ရွတ်ဆိုပစ်ပေါက်နေကြတယ်။ သီချင်းစတင်တဲ့အခါ .. ခင်ပွန်းသည်က မနက်စာအတွက် ပြင်ဆင်နေချိန် ဘီယွန်ဆေး က သူမရဲ့ အလုပ်ကိုသွားဖို့ အလုပ်ရှုပ်နေပြီ၊ ဘီယွန်ဆေးက ရဲအရာရှိဖြစ်ပြီး သူမရဲ့အနားမှာ စမတ်ကျကျ ဆွဲဆောင်မှုရှိလွန်းလှတဲ့ လုပ်ဖော်ကိုင်ဖက်ရဲအရာရှိက အမြဲလိုရှိနေတယ်။ ဘီယွန်ဆေးရဲ့အာရုံက အဲဒီရဲအရာရှိ ဆီမှာသာ စုပြုံနေတဲ့အချိန် သူမရဲ့ ခင်ပွန်း ရုံးဝန်ထမ်း က အလုပ်လုပ်ရင်း အွန်လိုင်းမှာ ဘီယွန်ဆေးအတွက် နားကပ်တစ်ရန်ဝယ်ပေးဖို့  ကြိုးစားနေရှာတယ်။ မိတ်ဆွေယောကျာ်းလေးတွေနဲ့ ညတိုင်းလို ဘီယာသောက်နေတတ်တဲ့ ဘီယွန်ဆေးကို ဒီညတော့ ပါတီကိုအတူသွားကြဖို့ ခင်ပွန်းသည်က တောင်းဆိုလိုက်တယ်။ အဲဒီညမှာ ဘီယွန်ဆေးကို နားကပ်လေးလက်ဆောင်ပေးလိုက်ပါတယ်။ ဘီယွန်ဆေးကတော့ အဲဒီသက်မဲ့နားကပ်လေးတစ်ရန်ထက် ပိုလို့ ဆွဲဆောင်မှုရှိလှတဲ့ ရဲအရာရှိနဲ့ ရင်းရင်းနှီးနှီးတွဲကဖို့ကိုပဲ စိတ်ဝင်စားနေပြန်တယ်။ ခင်ပွန်းသည် က ဘီယွန်ဆေးကို အပြင်းအထန်အပြစ်တင်တော့တယ်။ နောက်ဆုံးမှာ ဘီယွန်ဆေးတို့ရဲ့ နေရာအပြောင်းအလဲကို အမှန်အတိုင်းပြန်လည်ရိုက်ကူးပြလိုက်တယ်။ အမှန်တကယ်က ခင်ပွန်းသည်က ရဲအရာရှိဖြစ်ပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့တွဲနေတာပါ။ ဘီယွန်ဆေးကတော့ ရုံးဝန်ထမ်းတစ်ဦးဖြစ်ပြီး ဒေါသ၊ ပူဆွေးဝမ်းနည်းမှုတွေ ထိန်းချုပ်ရင်း "If I were a boy" စာသားအဆုံး ဗီဒီယိုကို အဆုံးသတ်ပေးထားလိုက်တယ်။
ဘီယွန်ဆေးရဲ့ ယောကျာ်းလေးတစ်ဦးဖြစ်ခဲ့ရင် ဆိုတဲ့ စိတ်ကူးကို မြည်းစမ်းကြည့်ဖို့ ...

ကိုယ်သာ ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့ရင်
ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့ရင် ...
မနက်ခင်းတွေမှာ အိပ်ရာထဲမှာ  အပျင်းထူမနေပါဘူး ..
ကျွန်မ လုပ်ချင်တဲ့ ကိစ္စတွေထဲ ပြေးဝင်နှစ်မြှပ်ပစ်လိုက်မယ် ..
ပြီးတော့ မိတ်ဆွေကြီးတွေနဲ့ ဘီယာသောက်မယ် ..
မိန်းကလေးတွေကို  ဝေးဝေးသွားစေမယ် ..
သူတို့တွေက အတင်းတွယ်ကပ်လွန်းတယ် ..
ကျွန်မအလိုရှိတဲ့  တစ်ဦးတစ်ယောက်နဲ့ပဲ ပျော်ရွှင်ကြည်နူးချင်ပါတယ် ..
သူနဲ့ ဆန့်ကျင်ဖက်ဖြစ်ရမယ့် ကိစ္စတွေ မဖြစ်ချင်ဘူး ..


ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့ရင်
ကျွန်မသိတယ် .. ကျွန်မနားလည်နိုင်တယ် ..
မိန်းကလေး တစ်ယောက်ကို ဘယ်လိုချစ်မြတ်နိုးရမယ်ဆိုတာကိုလဲ ခံစားနိုင်တယ် ..
ကျွန်မ ကျိန်ဆိုပြောရဲပါရဲ့ ..
သူမအတွက်  ကောင်းမွန်တဲ့ ယောကျာ်းတစ်ဦး ဖြစ်ရစေ့မယ် ..
သူမ ပြောမယ့်စကားတွေကိုလဲ နားထောင်ပေးဦးမယ် ..
ဘာကြောင့်လဲဆိုတော့ ..  ရှင်တို့ အလိုအပ်ဆုံးသူတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အခါ  ..
ရလိုက်တဲ့ နာကျင်မှုတွေဟာ ဘယ်လိုဆိုတာ ကျွန်မသိထားလို့ပဲပေါ့ ..
သူက ရှင့်ကို အရာတိုင်းအတွက် အသုံးချသွားခဲ့ပြီး ..
ရှင်ကတော့ ရှင်မှာရှိတဲ့အရာအားလုံး ပျက်ဆီးကုန်တာကိုပဲ ရလိုက်တော့တယ် ..


ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့ရင်
ကျွန်မရဲ့ ဖုန်းကို ပိတ်ထားလိုက်ဦးမယ် ..
အားလုံးကိုပြောထားရဦးမယ် .. ဖုန်းပျက်နေပါတယ် ပေါ့..
သူတို့ ကျွန်မတစ်ဦးတည်း အိပ်ပျော်နေတယ် ထင်မြင်ကြပါစေ ..
ကျွန်မကိုယ်တိုင်အတွက် ကျွန်မရဲ့ နည်းလမ်းအတိုင်းပဲ လှုပ်ရှားသွားလာမယ် ..
ဘာကြောင့်လဲ ဆိုတော့ .. သူမက သိပ်ပြီးသစ္စာရှိတဲ့သူဆိုတာ သိတယ် ..
ကျွန်မပြန်အလာကို  အဲဒီမိန်းကလေးက အိမ်မှာ စောင့်နေရှာမယ် ...
အိမ်အပြန်ကို စောင့်နေတယ် ..


ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့ရင်
ကျွန်မသိတယ် .. ကျွန်မနားလည်နိုင်တယ် ..
မိန်းကလေး တစ်ယောက်ကို ဘယ်လိုချစ်မြတ်နိုးရမယ်ဆိုတာကိုလဲ ခံစားနိုင်တယ် ..
ကျွန်မ ကျိန်ဆိုပြောရဲပါရဲ့ ..
သူမအတွက်  ကောင်းမွန်တဲ့ ယောကျာ်းတစ်ဦး ဖြစ်ရစေ့မယ် ..
သူမ ပြောမယ့်စကားတွေကိုလဲ နားထောင်ပေးဦးမယ် ..
ဘာကြောင့်လဲဆိုတော့ ..  ရှင်တို့ အလိုအပ်ဆုံးသူတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အခါ  ..
ရလိုက်တဲ့ နာကျင်မှုတွေဟာ ဘယ်လိုဆိုတာ ကျွန်မသိထားလို့ပဲပေါ့ ..
သူက ရှင့်ကို အရာတိုင်းအတွက် ပေးအပ်ခဲ့ပေမဲ့ ..
ရှင်ကတော့ ..
ကဲ  .. အခုတော့ ရှင်မှာရှိတဲ့အရာအားလုံး ဖျက်ဆီးခံလိုက်ရပြီ ..


ရှင် ခြေတစ်လှမ်းနောက်ပြန်ဆုတ်ဖို့  နောက်ကျသွားခဲ့ပါပြီ ..
ပြောပါဦး .. အဲဒါက 'အမှားအယွင်း' တစ်ခုပါ လို့ ..
ရှင် တွေးပါဦး .. ကျွန်မကလဲ ထပ်ခါထပ်ခါ ရှင့်ကို ခွင့်လွှတ်လိမ့်ဦးမယ်လို့  ..
ပြီးတော့  .. ရှင်ထပ်ပြီး တွေးပါဦး .. ကျွန်မက ရှင့်ကို စောင့်နေဦးမယ်လို့ ..
ကဲ .. ရှင့်ရဲ့ အတွေးရိုးရိုးတွေ မှားယွင်းကုန်ကြပြီ  ..


ရှင်က ယောကျာ်းလေးတစ်ယောက် ပဲ ..
ရှင် နားမလည်းခဲ့ပါဘူး ..
 မိန်းကလေးတစ်ဦးကို ဘယ်လိုချစ်ခင်မြတ်နိုးရမယ်ဆိုတာ .. ရှင်တကယ်နားမလည်ပါဘူး ..
တနေ့နေ့တော့  ရှင်က ကောင်းမွန်တဲ့ယောကျာ်းတစ်ယောက်ဖြစ်ဖို့ ဆန္ဒ္ဒရှိလာနိုင်ပါလိမ့်မယ် ..
ရှင် သူမရဲ့ စကားလုံးတွေလဲ နားမထောင်ခဲ့ဘူး ..
ရှင်တို့ အလိုအပ်ဆုံးသူတစ်ယောက် ဆုံးရှုံးလိုက်ရတာတောင်  အဲဒီ ဒဏ်ရာကို ရှင် ဂရုမစိုက်ခဲ့ဘူး ..
ရှင်က သူမဆီကပဲ ပေးကမ်းခဲ့သမျှ အချစ်မေတ္တာတွေ အကုန်လုံးယူခဲ့တာပဲ ..
ကဲ  .. အခုတော့ ရှင်မှာရှိတဲ့အရာအားလုံး ဖျက်ဆီးခံလိုက်ရပြီ ..
ဒါပေမဲ့လည်းကွယ် .. ရှင်က  ယောကျာ်းလေးတစ်ယောက်ပါပဲ ..


မဉ္ဇူရီ

Thursday, December 17, 2009

လူ နှင့် အကောင်

၂၀၁၀ သြဂုတ်လ၊ ပန်းအလင်္ကာမဂ္ဂဇင်း

ဒီနေ့မနက်အိပ်ရာထ၊ မျက်နှာသစ် မနက်စာစား ပြန်အိပ်၊ အိုး  မှားလို့ ဒီနေ့တော့ ပြန်အိပ်လို့မဖြစ်ချေဘူး၊ အပြင်လောကမှာလူတွေဘာတွေဘယ်လိုဖြစ်နေတယ်ကြည့်သင့်တယ်၊ အင်တာနက်က တီဗီကလာတဲ့ live သတင်းတွေကြည့်တိုင်း လူက live ဖြစ်တာမှ မဟုတ်တာ၊ ဆောင်းခိုကောင်တစ်ကောင်လို အိမ်ထဲနေ့တိုင်း ငြိမ်ကုပ်မနေသင့်ဘူးဆိုတော့ကာ ထူထူထဲထဲ အ၀တ်အစားတွေဝတ်၊ မံမီရုပ်လို အထပ်ထပ်ထုပ်ပိုးလို့၊ ကိုယ့်ဘာသာသံပတ်ပေးပြီး အပြင်ထွက်၊ အပြင်ရောက်တော့ လူတွေက ခါတိုင်းထက်ပိုထူးခြားနေသလိုပဲ၊ ခါတိုင်းတွေ့ဖူးတဲ့ ပိန်တယ်ထင်ရတဲ့ လူတွေက အ၀တ်ထူထူဝတ်ထားလျက်နဲ့ ပိုပိန်နေသလို၊ လှတယ်ထင်ရတဲ့သူက ပိုပြီးလှနေသလို၊ ၀တယ်ထင်ရတဲ့သူက ပိုပိုပြီးဝကုန်သလို အရာအားလုံးက အလွန်အကျွံတွေဖြစ်နေတော့တယ်၊ ရှေ့က လာနေတဲ့ ကားရထား ၂ခုတွဲကြီး ကြည့်ရတာလဲ အချိုးမပြေလှဘူး၊ တွဲ ၂ ခုအဆက်နေရာက ရာဘာတွန့်ကြီးတွေ ပိုပိုပြီးတွန့်လိမ်နေသလို ဘောက်ဖတ်ကောင်လိုပဲ၊ အဲဒီ တွန့်လိမ်လိမ်ကားပေါ်တက်၊ ကားထဲ အဲ .. ကားရထားထဲ နောက်ဆုံးခုံကို အလျင်အမြန်ပြေးထိုင်၊ အိုး နေရာလွတ်တွေ အများကြီးပါ၊ ဘတ်စ်ကားပေါ်ရောက် နေရာလုချင်နေတဲ့ အကျင့်က ပျောက်ပဲ မပျောက်နိုင်ဘူး၊ လေးလေးပင်ပင်ဖြစ်နေတဲ့ကျွန်တော် ဒီနေရာမှာတော့ လှစ်ကနဲ ၀ှီးကနဲ၊ ကားထဲမှာ ကျွန်တော်က နောက်ဆုံးခုံကိုရွေးထိုင်နေကြဗျ၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော် က လူတွေလိုက်ကြည့်ရတာသိပ်ဝါသနာထုံတာ၊ ကောင်မလေးချောချော တောင့်တောင့် ဖြောင့်ဖြောင့်တွေမှ မဟုတ်ဘူး၊ အကုန်လိုက်လိုက်ကြည့်တာ၊ ပိုက်ဆံလိုက်တောင်းတတ်တဲ့ ဂျစ်ပဆီလေးတွေပါ မချန်ဘူး၊ အဲဒီကလေးတွေပါ လိုက်လိုက်ကြည့်တတ်ပေမဲ့ ပိုက်ဆံပေးဖို့တော့ လက်ကတွန့်ပြန်ရော၊ ကျွန်တော်က ကောင်းတဲ့လူ မဟုတ်ပါဘူးဗျာ၊ ဒီတော့ကာ ကားထဲ နောက်ဆုံးခုံမှာထိုင် ကားထဲ ပါသမျှလူ လိုက်ငေး၊ ဒါ ကျွန်တော့အလုပ်တွေထဲက တစ်ခုပေါ့၊

Tuesday, December 08, 2009

စန်တာကလောစ့်ဆီ ရေးတဲ့ စာတစ်စောင်

ချစ်ရတဲ့စန်တာကလောစ့်ရေ

ဒီခရစ်စမတ်မှာလည်း ကလေးငယ်တွေနဲ့ အလုပ်ရှုပ်နေဦးမှာကိုသိပေမဲ့ စာရေးလိုက်ပါတယ်၊ မိဘစကားနားထောင်တဲ့ ချစ်စရာကလေးငယ်တွေနဲ့ ပြောင်နောက်နောက်ကလေးငယ်တွေ အတွက် သူတို့လိုချင်တဲ့ အရုပ်တွေစုဆောင်းရင်း၊ သကြားလုံးတွေတစ်ပွေ့တစ်ပိုက်ထမ်းရင်း လိုက်လံဝေငှဦးမယ်မဟုတ်လား၊ ကျွန်မက ကလေးငယ်လေးမဟုတ်တော့ပေမဲ့ ဆိုးပေနေတဲ့ သူတစ်ယောက်မဟုတ်တော့ စာကို အဆုံးထိဖတ်ပေးဖို့ တောင်းဆိုချင်ပါတယ်၊ ကျွန်မလိုချင်တာတွေ ဖြစ်ချင်တာတွေ ဒီခရစ်စမတ်မှာပြည့်ဝရရင် သိပ်ကောင်းမှာပဲ၊ ကျွန်မတောင်းကြည့်ချင်ပါတယ်၊

ကျွန်မ နဲ့ ကျွန်မအမျိုးသားတို့အတွက် ချစ်စရာသမီးလေးနဲ့သားလေး ကို ပေးပါ၊ ကျွန်မအတွက် ကျွန်မတတ်ကျွမ်းတဲ့အလုပ်မျိုးကိုလြဲမန်မြန်ပေးပါ၊ ဆားရ်ဘီးယန်းစကား (ဆရပ်စကီး) မြန်မြန်တတ်ကျွမ်းဖို့ ကူညီပေးပါ၊ အင်္ဂလိပ်စကားပြောကိုလဲ အင်္ဂလိပ်၊ အမေရိကန်လေသံမျိုးနဲ့ပြောနိုင်အောင် ကူညီပေးပါ၊ ကျွန်မ အမျိုးသားအတွက် လဲ သူဆွဲသမျှ ပန်းချီကားတွေအားလုံး ဈေးကြီးကြီးပေးသိမ်းကြုံးဝယ်မယ့် သူဌေးကြီးတစ်ယောက်ကိုလဲ ကျွန်မတို့နဲ့လက်လှမ်းမှီတဲ့နေရာမှာ ပို့ထားပေးပါ၊ ကျွန်မ ချစ်ရတဲ့၊ ကျွန်မကို ကလေးတစ်ယောက်လို စောင့်ရှောက်တတ်တဲ့ ကျွန်မအမျိုးသားနဲ့လဲ အမြဲ ပျော်ပျော်ရွှင်ရွှင်နေသွားဖို့ စောင့်ရှောက်ပေးပါ၊ ခေါင်းခဏခဏကိုက်တတ်တာကိုလဲ တားဆီးပေးပါ၊ စာရေးရတာ အမြဲအာရုံရဖို့ ခေါင်းကြည်နေဖို့ စောင့်ရှောက်ပေးပါ၊ ကျွန်မရေးချင်သမျှလျှောက်ရေး၊ ကျွန်မလျှောက်ရေးသမျှထည့်ပေးမယ့် မဂ္ဂဇင်းတစ်စောင်နဲ့လဲ ကျွန်မကိုချိတ်ဆက်ထားပေးပါ၊

ကျွန်မ ပေါ့ပေါ့ဆဆနေလိုက်မိတာနဲ့ နှာချေ၊ ပြီးတော့ ဖျားတတ်လွန်းလို့ ဒီရာသီဥတုနဲ့ အမြန်ဆုံး လိုက်လျောညီထွေဖြစ်ဖို့ စောင့်ရှောက်ပေးပါဦး၊ နှင်းကျပြီးအေးလိုက်၊ မြူတွေပိတ်နေအောင်ဝေနေပြီး အေးလိုက်၊ မိုးဖွဲဖွဲနဲ့အေးလိုက်၊ လေအေးအေးနဲ့အေးလိုက် အေးနည်းမျိုးစုံအေးနေတဲ့ ရာသီဥတုနဲ့ ဒီ ဒီဇင်ဘာမှာ အမြန်ဆုံး သင့်မြတ်ဖို့ ကူညီပေးပါ၊ အေးတဲ့ရာသီဥတုကို သိပ်ကြိုက်သလို အကျီင်္အများကြီးမ၀တ်ရပဲ၊ ခေါင်းစွပ်မစွပ်ရပဲ အပြင်ထွက်နိုင်အောင် ခံနိုင်ရည်ရှိဖို့ စောင့်ရှောက်ပါ၊

ပြီးတော့ ပေါ့ပေါ့ပါးပါး ရသ၀တ္ထုတိုလေးတွေရေးပေးပါလို့ တောင်းဆိုတဲ့ မဂ္ဂဇင်းအယ်ဒီတာမျိုးကိုလဲ ကျွန်မမေမေ ရေးချင်တဲ့ ဘာသာပြန်နိုင်ငံရေးစာမူတွေမှန်သမျှ ထည့်ပေးဖို့ ပြောထားပေးပါဦး၊ လမ်းဘေး တွေ့သမျှ ကွမ်းယာဆိုင် ဆေးရွက်ကြီးတောင်းတတ်တဲ့ ဖေဖေလဲ ကွမ်းယာဆိုင်က  ကလားလေးတွေ၊ ကလားမလေးတွေ၊နဲ့ ကလားလို မတောက်တခေါက်ပြောရင်း ပျော်ပျော်ရွှင်ရွှင်နေစေဖို့ ကူညီပေးပါ၊

မုန့်ဟင်းခါးစားချင်ပါတယ်၊ အစုံသုတ်၊ ရှောက်သီးသုတ်စားချင်ပါတယ်၊ IM ရုံးဘေး၊ သမ္မတရုံလမ်းကြားက ကလားကြီး လဘက်သုတ်လဲ စားချင်ပါတယ်၊ ကလားကြီးပလာတာကို ချောကြီး၊ ထူးထူး၊ ကိုပက်ထရစ် တို့ နဲ့ လုစားကြတာသတိရနေလို့ပါ၊  ကြက်သားကြော်ကျွေးဖို့ တွေ့တိုင်းပူဆာတတ်တဲ့ အွန်လိုင်းက သူရဦးကိုလဲ သူ ပူဆာတိုင်း ၀ယ်ကျွေးမယ့်အမတစ်ယောက်ကိုလဲ ရစေချင်ပါတယ်၊ ကျွန်မတို့ကို အလုပ်တွေများများခိုင်းလို့ ကျွန်မတို့စိတ်ဆိုးတိုင်း ဘယ်တော့မှ လိုက်ပြီး စိတ်မဆိုးတဲ့ IM က မန်နေဂျာကိုဘန်နီကိုလဲ အမြဲပြုံးနေစေချင်ပါတယ်၊ ချောကြီးကို အလုပ်တွေဖိမခိုင်းပဲ ချောကြီးအတွက် မုန့်ဝယ်ကျွေးဖို့ တိုက်တွန်းပေးပါ၊ ချောကြီးလဲ ပျော်ရွှင်ချမ်းမြေ့ နေစေဖို့စောင့်ရှောက်ပေးပါ၊ စင်္ကာပူက ပုံခဏခဏပြောခိုင်းတဲ့ဟန်ဟန်(မဟန်စု)လဲ အမြဲမြူးတူးပျော်ရွှင်နေစေဖို့စောင့်ရှောက်ပါ၊ လန်ဒန်က စာအရေးကောင်းလှတဲ့ ကိုမျိုးသာထက်လဲ laptop အသစ်လေးနဲ့ ပိုစ့်အသစ်အသစ်၊ စာအသစ်အသစ်တွေ အများကြီးရေးနိုင်အောင်၊ ရုပ်ရှင်ကားကောင်းတွေ ကြည့်နိုင်အောင်စောင့်ရှောက်ပေးပါဦး၊  သဘောအကောင်းလွန်တတ်တဲ့ ကိုစောဟန်လဲ သူ့ အသည်းလေးနဲ့ စက်ာပူမှာ လက်ထပ်ဖြစ်ဖို့ စောင့်ရှောက်ပေးပါ၊  ဈေးဝယ်ထွက်တာကျွမ်းကျင်တဲ့ ထူးထူးလဲ ရှော့ပင်းစင်တာရှိသမျှအထပ် ရှိသမျှဆိုင်ခန်းအားလုံးရှောက်ကြည့်လို့ တစ်ပွေ့တစ်ပိုက်ကြီး ၀ယ်စေချင်ပါတယ်၊ ဘီယာသိပ်ကြိုက်တဲ့ ကျွန်မ သူငယ်ချင်း ဇော်ဇော်လည်း သူ့အသည်းလေးခွင့်ပြုချက်နဲ့ ဘီယာတွေ၊ ၀ီစကီတွေ စိတ်ကြိုက်သောက်နိုင်စေဖို့ကူညီပေးလိုက်ပါ၊ စရိတ်မထောင်းပဲ အတိတ်စောင်းပြီး ဆိုက်ပရပ်စ်ရောက်နေတယ်ဆိုတဲ့ သူငယ်ချင်း နေညိုရင့်(ရဲထွတ်နောင်)လဲ မြန်မာအစားအစာတွေတစ်ဝကြီးစား၊ သူငယ်ချင်းတွေနဲ့ လဘက်ရည်ဆိုင်ထိုင် အလုပ်တွေကောင်းကောင်းလုပ်၊ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားနိုင်ပါစေ၊ IM က ဗြဲဗြဲ(ထွန်းနိုင်လင်း)လဲ  အမြဲတမ်း တဗြဲဗြဲနဲ့ ရီမောပြုံးရွှင်နေအောင် စောင့်ရှောက်ပါ၊ စင်္ကာပူက ကွန်ပျူတာပညာရှင် အရွယ်တင်လှတဲ့ ပီပီ(ပြည့်ဖြိုးရှိန်)လဲ brand အကောင်းစားတွေပဲ ၀ယ်ချင်တဲ့အချိန်ဝယ်နိုင်အောင် စောင့်ရှောက်ပေးပါဦး၊ ကျွန်မ အမ ၀က်သိုးအတွက်လဲ စာအုပ်မြန်မြန်ထုတ်နိုင်အောင် ကူညီပါ၊ သူ့စာအုပ်မှာ သူ သုံးချင်တဲ့ ပုံတွေ ထုတ်ဝေသူက သုံးပေးဖို့လဲ ကူညီပေးပါ၊

အိမ်နားက မြေအောက်လမ်းထဲ အကော်ဒီယံတီးလို့ ပိုက်ဆံအလှူခံတဲ့သူကြီးလဲ ပိုက်ဆံတွေအများကြီးရဖို့ စောင့်ရှောက်ပါ၊ ဂျစ်ပဆီကလေးငယ်တွေအတွက်လဲ သူတို့လိုအပ်သမျှတွေဖြည့်ဆည်းပေးပါ၊ ဒီဇင်ဘာနေ့တိုင်းမဟုတ်တောင် နေ့အတော်များများ နှင်းဖြူဖြူတွေကျဖို့ ကူညီပါ၊ ဆစ်ဒနီမှာရှိနေတဲ့ ကျွန်မ အချစ်ဆုံးအကို ရရလဲ မြန်မာပြည်နှစ်တိုင်းပြန်လည်နိုင်ဖို့ကူညီပေးပါ၊ သူလိုချင်သမျှ ပစ္စည်းဆန်းဆန်း မှန်သမျှဝယ်နိုင်အောင်စောင့်ရှောက်ပါ၊ သီချင်းအဆိုကောင်းတဲ့ ရရစိတ်ကြိုက်သီချင်းတွေ သူ့ကိုယ်ပိုင်စတူဒီယိုလေးမှာဆိုပြီး တပြုံးပြုံးနဲ့ ကျေနပ်ပီတိဖြစ်နေနိုင်ဖို့လဲ စောင့်ရှောက်ပေးပါ၊ သူ့စိတ်ကြိုက် ခပ်လန်လန်ဒီဇိုင်းနဲ့ အမြဲ ပျော်ရွှင်နေနိုင်အောင်ကြည့်ရှုပါ၊ သူ့မိသားစုလေး အမြဲပျော်ရွှင်ပြီး ကမ်းခြေတွေမှာ အနားယူနိုင်ဖို့ ကူညီပါ၊

ဘယ်တော့မှ ငြိမ်ငြိမ်မနေ၊ တခုခု အလုပ်လုပ်နေတတ်တဲ့ ကျွန်မအမျိုးသားရဲ့ မာမာနဲ့တာတာလဲ သူတို့လုပ်ချင်တာလုပ်နေနိုင်အောင် ကျန်းမာစေဖို့စောင့်ရှောက်ပေးပါ၊ တူလေး ဖိုးလပြည့်လဲ ထူးချွန်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်လာစေဖို့စောင့်ရှောက်ပါ၊ ကျွန်မအမျိုးသားရဲ့တူလေး အဲလက်စ်ကိုလဲ သူ့မေမေက သိပ်မဆူပဲ သူဆော့ချင်သမျှ ဒေါင်းလုပ် လုပ်ချင်သမျှ လုပ်ခွင့်ပေးဖို့ ကူညီပေးပါ၊

ပြီးတော့ တာတာ့သူငယ်ချင်းကိုစောင့်ရှောက်ပါ၊ သူက brain stroke ၂ခါ ရထားပြီး လမ်းမလျှောက်နိုင်ရှာဘူး၊ ကျွန်မတို့သွားလည်ရင် တွေ့တွေ့ချင်း ငိုသံပါပါလှိုက်လှိုက်လှဲလှဲနှုတ်ဆက်တတ်ပြီး ပြန်တဲ့အခါမှာလည်း မျက်ရည်လည် ငိုသံပါကြီးနဲ့ စိတ်မကောင်းဖြစ်ကျန်တတ်လို့ သူ လမ်းမြန်မြန်လျှောက်နိုင်ဖို့ ကူညီပေးပါ၊ သူ့ရဲ့ အမျိုးသမီးလည်း အရေပြားကင်ဆာက ကင်းလွတ်အောင်စောင့်ရှောက်ပေးပါ၊ သဘောကောင်းလှတဲ့ တာတာ့သူငယ်ချင်းနဲ့သူ့ အမျိုးသမီး ဒီနှစ်ဒီဇင်ဘာမှာ ကျန်းမာပျော်ရွှင်စေဖို့ စောင့်ရှောက်ပေးပါ၊

ချစ်ရတဲ့ စန်တာ ဒီဇင်ဘာမှာ ပျော်ရွှင်ပါစေ၊
Merry Christmas !


စန်တာကလောစ့်ဆီ စာရေးချင်ရင် လိပ်စာတွေက
• Santa Claus, North Pole, Canada, H0H 0H0
• Santa/Father Christmas, Santa’s Grotto, Reindeerland, SAN TA1
• Father Christmas, North Pole, SAN TA1
• Santa Claus, Santa Claus Village, FIN-96930 Arctic Circle, Finland.
စန်တာကလောစ့်အကြောင်းပိုပြီးစပ်စုချင်ရင်တော့ အဲဒီမှာ http://en.wikipedia.org/wiki/Santa_Claus ဖတ်ကြည့်ပါ၊

ခရစ်စမတ်ဘိုးဘိုးဆီ စာရေးကြတဲ့ အလေ့အထက ကလေးတွေအတွက် ခရစ်စမတ်ထုံးထမ်းစဉ်လာလို ဖြစ်နေခဲ့တာကြာပါပြီ၊ ကလေးတွေစန်တာဆီရေးကြတဲ့ စာတွေမှာ သူတို့လိုချင်တဲ့ အရုပ်တွေကို စန်တာဆီစာရေးတောင်းကြပါတယ်၊ လိမ်မာတဲ့ကလေးငယ်တွေကိုချစ်တဲ့ စန်တာဆီ သူတို့ဟာ မိဘစကားနားထောင်ကြောင်းအခိုင်အမာပြောဆိုကြပြီး အရုပ်ကလေးတွေတောင်းတတ်ကြတယ်၊ မိန်းကလေးတွေက ယောက်ျားလေးတွေထက်စာကိုပိုရှည်ရှည်ရေးသားပြီး ပိုမိုယဉ်ကျေးစွာ ရေးသားကြတယ်လို့ဆိုတယ်၊ မိန်းကလေးတွေက သူများတွေအတွက် တောင်းဆိုပေးတတ်ကြတယ်၊ စာတိုက်ဝန်ထမ်းတွေနဲ့ တခြား volunteer တွေက ကလေးငယ်တွေရဲ့စာကို ပြန်စာရေးပေးကြတယ်၊ ကျွန်မက ကလေးငယ်လေးမဟုတ်တော့ စန်တာက ကျွန်မရဲ့စာကိုဖတ်လိမ့်မယ်မထင်ပါဘူး၊ လူတိုင်းလူတိုင်း၊ လူကြီးတိုင်း ကလေးတိုင်း သူတို့လိုချင်တာတွေ စာရွက်ပေါ်ချရေးလိုက်တယ်ဆိုရင်ပဲ စိတ်ပေါ့ပါးသွားတတ်ကြပါတယ်၊ ဘာပဲဖြစ်ဖြစ်ပါ၊ ခရစ်စမတ်မှာ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။       ။