Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, June 05, 2012

ငယ်သူငယ်ချင်း သုံးယောက်ရှိလေသည်

ရှေးမြန်မာလူကြီးတွေဟာ ဆိုကြ တီးကြ မှုတ်ကြတဲ့  အနုပညာသမားတွေကို သဘင်သည် ဖက်ခွက်စားရယ်လို့ ဂုဏ်သရေရှိ လူတန်းစားအသွင်  တန်းတူရည်တူ မဆက်ဆံကြပါဘူး။ ကျွန်မတို့ မေမေရဲ့ မိဘများဖြစ်တဲ့  ဦးရွှေဝ နှင့် ဒေါ်ရွှေမတို့ဟာလည်း  ကျွန်မမေမေ “ရွှေမှီကလေး”ကို ပေါ်ပေါ်ထင်ထင် သီဆိုခွင့် မပေးခဲ့ပါဘူး။ တခါ ကျွန်မမေမေဟာလည်း ကျွန်မကို ကျောင်းကပွဲ တွေမှာတောင် ပါဝင်ခွင့် မပေးခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ မေမေက သီချင်းဆိုကောင်းသူဖြစ်ပါတယ်။ (မေရှင့် အသံမျိုးကလေးပါ) မေမေပုံပြောရင် စိတ်ပါလက်ပါပြောတတ်ပြီး သူ့နေရာနှင့်သူ လိုက်ဖက်တဲ့ တေးသီချင်းလေးတွေ ဆိုဆိုပြတတ်ပါတယ်။

ဥပမာ ဘိုးဘိုးအောင် အကြောင်းပြောရင် ….

“တို့ဗမာ တေဇာဂုဏ်ရည် ..ကျုပ်တို့ လူမျိုး  တန်ခိုးရှိသည် ..ဘုန်းကံရှင်များ ထင်ရှားခဲ့သည်  ပထမံ အတတ်နဲ့  ထွက်ရပ်လမ်း ပေါက်ခဲ့ပါသည် ..ဘိုးဘိုးအောင်  အထ္ထုပတ္တိကို တကယ် သိချင်ပါလိမ့်…မည်”…
“တို့များ မြန်မာလူမျိုးတွေဟာ ကံအကြောင်းမလှလို့ ကျွန်သပေါက်ဖြစ်ခဲ့ရပေမဲ့  ဘုန်းတန်ခိုးရှိတဲ့သူတွေပါ။ ထင်ရှားကျော်ကြားခဲ့တဲ့ ပုဂ္ဂိုလ်တွေ  အများကြီး ပေါ်ထွက်ခဲ့တယ်။ အဲဒီထဲက ဘိုးဘိုးအောင်အကြောင်း ဒီည ပြောပြချင်တယ်”လို့ မေမေ က အစချီပါတယ်။
သီချင်းတစ်ပိုဒ်ဆိုလိုက် …စကားကလေး လေးငါးဆယ်ခွန်းပြောလိုက် ..

“ကျနော်ကြားဖူး..သလို ..ပြောဆိုပါမည် ..ကျောင်းသားအရွယ် …ငယ်သူငယ်ချင်း ..သုံးယောက် ရှိလေ သည်…”  တဲ့ဗျ..

ရှေးရှေးတုံးက သိပ်ချစ်ကြတဲ့ ကျောင်းနေဖက်  ငယ်သူငယ်ချင်း သုံးယောက်ရှိကြသတဲ့။ တယောက်ကတော့ နာမည်မသိဖူး ကွဲ့။ ကျန်လူတွေနာမည်ကဦးဝိုင်း  နဲ့ ဦးအောင်ရယ်လို့ ထင်ရှားကြတာပေါ့ကွယ်။

(“စုံစုံညီညီ…ကတိသစ္စာ ထားကြပုံက..အရွယ်ရောက်တဲ့ ..ချိန်ခါမီ ..တယောက် ကောင်းစား..ရင် ..တယောက်ကို မ,မည် .တော.အရပ်ကို.. ခိုမှီ..တဦးကတော့  ရဟန်းဘ၀နဲ့  နေတော်မူသည်….အလယ်လူ ထင်လင်းစွာ ..မင်းဖြစ်တော့သည်..ကျန်လူတယောက်မှာ ထူးစွာ ပေါ်လာသည်…ပြဒါးနဲ့ ရေသယံ  သံမထိုး ဘဲ   ပထမံတန်ခိုးနဲ့  ဘိုးဘိုးအောင် တပေါင်နဲ့  ..ပေါ်လာသည်..။)  တဲ့ဗျ..။

သူတို့ကြီးပြင်းလာတဲ့ အခါ  တယောက်က လူ့ဘ၀ငြီးငွေ့ပြီး သာမန်ရဟန်းဘ၀နှင့်ဘဲ နေတော့တယ်တဲ့။ ဦးဝိုင်းကတော့  ရေမြေ့သနင်းပြည့်ရှင်မင်းကြီးဖြစ်ပြီး (မြန်မာရာဇ၀င်မှာ ဘိုးတော်ဦးဝိုင်းလို့ကျော်ကြားပါတယ်) ကျန်လူကတော့ ပြဒါး သံ သွတ် ရွှေ စသည် ဖိုထိုးပြီး အဂ္ဂိယတ်ပညာ ထူးထူးခြားခြား လေ့လာလိုက်စားခဲ့တော့ ပထမံအတတ်နဲ့   ထွက်ရပ်ပေါက်သူ  ဘိုးဘိုးအောင်ရယ်လို့  ထင်ရှားဖြစ်လာတယ်။ 

“တစ်နေ့သောအခါမှာ ..အာဏာပြင်းတဲ့  ရာဇာ မင်း က ..သူငယ်ချင်းဘ၀နဲ့ ထားတဲ့သစ္စာ မတည်..ဘိုးဘိုးအောင်  ပညာအတတ်နဲ့  နန်းရပ်ထီးဖြူ ..လုယူမယ် ထင်သည်…အမိန့်တော် မသွေ မှတ်လို့  အသေသတ်ဖို့ စိတ်ကြံစည် ..ကတိမတည် အကြံရိုင်း တဲ့ ဘိုးတော် ဦးဝိုင်းသည်..မဆိုင်းအောင် ကြံစည် ..ဗိုလ်မှူးတွေကို  သူစေခိုင်းလို့.. မသွေ မစောင်း ..လှေလောင်းနဲ့ အညီ..လက်ပြန်ကြိုး အမျိုးမျိုး ချီ.. ဖမ်းခဲ့ပြန်သည် ..အရမ်းမဲ့ကြံစည် ..ဂုဏ်မောက်တဲ့ ထိုမင်းကို ..ထင်လင်းစေရအောင်  ..အကြောင်းကို ပြအုံးမည်.”.တဲ့။

သူဟာ တနေ့ တခြား  နာမည်ကြီး ကြီးလာတယ်။ တနေ့ တော့  ဘုရင် က ငါ့ ထီးနန်းကိုများ လုမလားဆိုပြီး စိုးရိမ်ကြောင့်ကျစိတ်တွေများပြီး ည ည အိပ်မပျော်ဖူးတဲ့။ ဒါနဲ့ ဘဲ  ငယ်ငယ်က  တယောက်ကောင်းစားရင် တယောက်ကို ကူညီထောက်ပံ့ကြမယ် ဆိုတဲ့  ကတိသစ္စာကို ဖေါက်ဖျက်ပြီး မဆိုင်းမတွ မင်းမှုထမ်းတွေကို လက်ပြန်ကြိုးတုပ် ရှေ့တော်မှောက်အရောက်  ဖမ်းဆီးခေါ်ဆောင်ခဲ့ရမယ်လို့ အမိန့် တော်မှတ်ပါလေရော..။ (ဘုရင်ဆိုတာ ဂလိုဘဲ ထင်တယ် နော) မင်းမှုထမ်းတွေလဲ ဘုရင့်အမိန့်အတိုင်း ဖမ်းဆီးပြီး လောင်းလှေကလေးနဲ့  ခေါ်လာတော့ ဦးအောင်က အသာတကြည် အဖမ်းခံ လိုက်လာသတဲ့။ နန်းတော်ရောက်မှ အကြောင်းပြမယ်ပေါ့။

“အော်…ဘိုးဘိုးအောင် က သူ့တိုင်းပြည်ဘောင်သို့ နီဆိုက်အောင် ..လိုက်လို့  လာပြန်သည်..အတည်…မင်းလိုဘုရင် ဧကရာစ်က  အပြစ်ရှာသည် ..သစ္စာ မတည် ..ပထမံ အတတ်ဟာ  သတ်လို့ မသေပါသည်...”တဲ့.ဗျ။ ရှေ့တော်မှောက်အရောက် ဒူးတုပ်ခစားရမယ်လို့ နန်းရင်ပြင်လဲ ရောက်တော့ ဘုရင်က အမိန့်ပေးစေခိုင်းပါလေရော.. ဆိုပါတော့။ ဦးအောင်က..ဒူးမတုပ်ဘူး။ ရုတ်တရက် ကိုင်ထားတဲ့ တောင်ဝှေးနဲ့ ကြမ်းပြင်ကို တချက် ဆောင့်လိုက်ပါတယ် ။နှောင်ကြိုးတွေ ပြုတ်ပျက်ကုန်လို့ ဘုရင် မျက်လုံးပြူးထွက်ကုန်တာပေါ့။ (ဟေး..ကောင်းတယ် ကောင်းတယ်   ကျွန်မတို့ခလေးတွေ လက်ခုပ်သြဘာပေးလိုက်ကြတယ်။)

“သတ်ရန်ကို ..မဆိုထားနဲ့ ..ထင်ရှားအောင်  မြင်ရမည် …ငါရေးပြပါတဲ့  ၀တလုံးကိုသာ  အတည်..မင်းပျက်အောင် ..ဖျက်နိုင်ရင် ..ငါ့ ကို  နိုင်လိမ့်မည်..။” 

ဦးအောင်က ဘာမပြော ညာမပြော  ငါ့ကို သတ်ဖို့ မကြံခင် ဟောဒီ ၀လုံးကို ဘဲ ရအောင် ဖျက်စမ်းပါအုံး  ဆိုပြီး.. တခါထဲ ..နန်းတော်တိုင်မှာ.. ၀လုံးကလေး တလုံး  ၀ိုင်းဝိုင်းစက်စက်ကလေး..ရေးဆွဲ ပေးလိုက်တာပေါ့။

ဒီတော့ ဦးဝိုင်းကလဲ ဘာရမလဲ ငါဘုရင် ထင်တာလုပ်နိုင်တယ်ဟ ဆိုပြီး တခါထဲ ရာဇပလ္လင်ကြီးပေါ်ကထ ပုဆိုးကြီးဆွဲ ပြီး ကားယားကားယား လိုက်ဖျက်တာပေါ့ ။ ဟား ဟား .
ဘယ်ရမလဲ။ ဟိုက  ပထမံဆရာကိုး။ တလုံးဖျက် နှစ်လုံးပေါ် နှစ်လုံးဖျက် လေးလုံးပေါ် .ပထမံတန်ခိုးနဲ့  နှစ်ဆ နှစ်ဆတိုးပြီး ပေါ်နေတော့တာပေါ့။
 (ဒီလို ဆိုတော့ ကျွန်မကလေ ခုနေများ ဦးအောင် ရှိရင် .ကားတစင်းက နှစ်စင်း နှစ်စင်းက လေးစင်းဖြစ်အောင် ..ဒေါ်လာတရွက်ကို နှစ်ရွက၊် နှစ်ရွက်ကို လေးရွက် ဖြစ်အောင် လုပ်ပေးပါ လို့ တောင်းဆိုမိမှာဘဲ ။ ကိုယ်ကျိုးအတွက် မဟုတ်ပါဘူးနော် လှူချင်လို့ပါ ..အဟိ။ ဦးအောင် မရှိတော့တာ နာတယ်) 

ဦးအောင်ကအရေးသမား  ဦးဝိုင်းက အဖျက်သမား ဘာပြောကောင်းမလဲ ၀လုံးတွေ ပွားပွားကုန်တာ ရှိသမျှ နန်းတော်တိုင်တွေ အကုန် ၀လုံးတွေ များများ လာပါလေရော။  နန်းတော်တခုလုံး မွစာကြဲကုန်ပါလေရော.။ဒီတော့မှ ဘုရင် က မောပြီး မဖျက်နိုင်တော့ဘဲ လက်လျော့သွားတာကွဲ့ ။

“ပထမံ ဂုဏ်ရောင်  ဘိုးဘိုးအောင် ..က  . ဤကဲ့သို့  လျင်စွာ  ပညာကိုပြသည် ..ထီးဘုရင်မဟာ သည်  သူကိုယ်တိုင်  ထင်လင်းအောင် …အတင်း ဖျက်လိုက်ခါမှ ..အစက ၀တလုံးက  နှစ်လုံး ဖြစ်လာသည်..
နှစ်လုံး ဖျက်ပြန်တော့  လေးလုံးပေါ်ခဲ့ ပြီ….နှစ်ဆတိုးတာဟာလေ…ကျနော် တို့ ဗမာ့ တန်ခိုးပါဗျ… လွန်ထူးဆန်းတဲ့  ..စွမ်းဥာဏ်ရည်…ဘိုးဘိုးအောင်  ပါရမီ”…။ 
“ဗုဒ္မဘာသာ ဟူသမျှ  ရန်ဘယာမြူမခ စိတ်သာချအတည်..၀ိဇ္ဇာမမည်..စီးပွားချမ်းသာ ကျန်းမာကာ ရွှင်ကြည်..ထင်တိုင်းပေါက်မည်..၀မ်းမြောက်ကြဖို့  ချိန်ခါမှီ  ဘိုးဘိုးအောင်သည်  မကြာခဏနဲ့  မ,လိမ့်မည် …ယုံ..ကြည်…”။တဲ့ဗျ.။

ဒီသီချင်းကို ခေတ်ဟောင်းအဆိုတော် အသံထွက် ရုပ်ရှင်မင်းသားချော “ခင်မောင်ရင်” (ဗိုလ်အောင်ဒင်) က သီဆိုထားပါတယ်။ သူဆိုပုံကလေးက “တဲ့ဗျ၊ တဲ့ဗျ” နဲ့ သိပ်နားထောင်ကောင်းတာဘဲ။ ခုခေတ်အဆိုတော်တွေ ဘယ်သူမှ “ခင်မောင်ရင်”အသံကို လိုက်မမှီဘူး။ (ကျွန်မအထင်) ရုပ်ကျတော့ကော သူ့လောက်ဖြောင့်တာ ဟန်ကောင်းတာ  မရှိဘူး။ (ကျွန်မအထင်)  

ဆက်လက်ပြီး တေးသီချင်းလေးတွေနှင့် မေမေ့ပုံပြင်တွေ ရေးသားပါအုံးမယ်။ ခေတ်ဟောင်းတေးသီချင်းလေးတွေ နှစ်သက်မယ့်သူရှိမယ်ထင်ပါတယ်။ ရှေးသီချင်းတွေက အသားပါပါတယ်။ ဥပမာ ဒီသီချင်းထဲမှာဆိုရင် ဘိုးဘိုးအောင်ကို ယုံတာ မယုံတာ အပထား  ၀ိဇ္ဇာ မတာ မ,မတာ အသာထား.မြန်မာလူမျိုးတွေဟာ လူစွမ်းလူစရှိတယ်။ ဘုန်းတန်ခိုးသတ္တိရှိတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်သူများဖြစ်လို့ ဘေးဘယာ ရန်မြူ မခနိုင်ဘူး ဆိုတာတွေဟာ ဒီသီချင်းရဲ့ အနှစ်သာရတွေဘဲ ဖြစ်တယ်။  လူဆိုတာ ကတိသစ္စာတည်ရတယ်လို့ လဲ  သင်ခန်းစာ ပေးထားပါတယ်။   
(ပြဒါးနဲ့ ရေသယံ  သံမထိုးဘဲ  ဆိုတာ ကျွန်မလဲ နားမလည်ဘူးရှင့်။ ငယ်ကတည်းက နားထဲမှာ ဒီလိုချည်း စွဲနေတာ။)

ခင်မေသစ်
မတ်လ ၃၁ရက် ၂၀၁၂

No comments: