Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, June 30, 2012

ရှိခြင်းမရှိခြင်း ဆုံမှတ်ထဲကအိမ်လေး

အနက်ရောင်ဟာ အရောင်တွေအားလုံးကင်းမဲ့မှု၊ အဖြူရောင်က အရောင်တွေအားလုံး တည်ရှိမှု၊ မီးခိုးရောင်ကတော့ ရှိခြင်းမရှိခြင်းတို့ရဲ့ အလယ်က ပြည့်စုံတဲ့ မြေကြီးပဲပေါ့။ အနက်ရောင်ဟာ အမြဲတမ်းမရျှိခြင်းတွေနဲ့ တင်းမာခက်ထန်နေတာတော့လည်း မဟုတ်ပါဘူး။ ရောင်စဉ်တွေလင်းလက်နိုင်တယ်၊ စတိုင်ကျကျ လှပအောင်ဖန်တီးပေးနိုင်တယ်။ အဖြူရောင်ဟာ အမြဲတမ်းသွက်သွက်လက်လက်နဲ့ ရှင်းသန့်မနေနိုင်ပါဘူး။ နောက်ကျိညစ်ထေးသွားနိုင်တယ်။ မီးခိုးရောင်ကရော.. အမြဲထိုင်းမှိုင်းမနေနိုင်ပါဘူး။ ထူးထူးခြားခြား ရွှင်မြူးတဲ့အရောင်လေးဖြစ်နိုင်သေးသတဲ့။ အရောင်တွေနဲ့ ကစားနိုင်စွမ်းတဲ့ဖန်တီးမှုလေးပဲ လိုအပ်တာပါ။ အနက်၊ အဖြူ၊ မီးခိုးရောင်တွေဟာ တစ်ခြားရောင်စဉ်တွေနဲ့ ပေါင်းစပ်ကြည့်ရင် အထူးခြားဆုံးအိမ်ခန်းလေးကိုရနိုင်ပါတယ်။ အနက်ရောင်ဟာ သြဇာညောင်းမှု၊ ယုံကြည်စိတ်ချမှုတွေပြည့်စုံစေတဲ့အရောင်ပါ။ အင်အားပြည့်စေပြီး လွတ်လပ်မှုကိုပြသနိုင်တယ်။ အဖြူရောင်ကို အသုံးပြုတဲ့အခါ စိုးရိမ်ကြောင့်ကျစိတ်တွေ၊ နာကျင်မှုနဲ့ ဆန့်ကျင်ဘက်သဘောထားတွေကို ပြေပျောက်စေသတဲ့။ ဒါပေမယ့် အထီးကျန်မှုကို ပိုပြီးအရှိန်မြင့်စေတယ်။ လှုပ်ရှားသွက်လက်မှုမရှိသလို၊ အင်အားမရှိသလို ခံစားရနိုင်ပါတယ်။

အနက်ရောင်ကို အခန်းနံရံပြည့်အလှဆင်ကြလေ့မရှိပါဘူး။ အနက်ရောင်အိမ်ခန်းနံရံကို နှစ်သက်သဘောကျတဲ့သူ မရှိသလောက်ရှားပါတယ်။ အနက်ရောင်က ကွဲပြားမှုကိုသိသာစေတယ်။ အနက်နဲ့တွဲစပ်လိုက်တဲ့အရောင်တွေကို ပိုပြီး သိသားထင်ရှားစေပါတယ်။ ဘာကြောင့်များအမျိုးသမီးလေးတွေအများစုက အနက်ရောင်ကို ၀တ်ဆင်ကြပါသလဲတဲ့။ အနက်ရောင်ဟာ အတူရှိနေသမျှအရာအားလုံးကို ပိုပြီးကြည့်ကောင်းစေတယ်။ အားနည်းချက်တွေကိုစုပ်ယူပစ်လိုက်တယ်။ ပိုပြီးစတိုင်ကျစေတာကြောင့်ပါပဲ။ အိမ်ခန်းအလှဆင်တဲ့အခါမှာလည်း အတူတူပါပဲ။ အနက်ရောင်ပရိဘောဂတွေနဲ့ ကြမ်းပြင်မှာ အမှိုက်အမှုံအမွှားလေးတွေနဲ့ အိမ်မွှေးတိရစ္ဆာန်လေးတွေရဲ့ အမွှေးအမှင်တွေ သိသိသာသာမြင်စေနိုင်တယ်။ စတိုင်ကျမှုကတော့ အထူးခြားဆုံးအရောင်ပါပဲ။

မရှိသလောက်ရှားတဲ့ အိမ်ခန်းနံရံမှာ အနက်ရောင်ကိုမှ ခြယ်မှုန်းချင်တယ်ဆိုရင်တော့ ဒီလိုမျိုးလေးတွေဆိုရင် … 

အဖြူရောင်ကတော့ အခန်းနံရံအရောင်အတွက် အသုံးအများဆုံးပါ။ အိမ်ခန်းနံရံအတွက် ပန်းရောင်သန်းတဲ့အရောင်၊ အါရောင်ဘက်နွယ်တဲ့အရောင်၊ အပြာရောင်လေးဖျော့ဖျော့ပြေးနေတဲ့အရောင်အစရှိတဲ့ အဖြူရောင်စဉ်တွေဟာ  ၅၀၀ခန့်ရှိတယ်လို့ဆိုတယ်။ အဖြူရောင်နံရံတွေနဲ့ များလွန်းတဲ့အဖြူရောင်အလှဆင်မှုဟာ စင်ကြယ်ရှင်းသန့်တယ် ဆိုပေမယ့် တစ်ခါတစ်ရံမှာတော့ သိပ်ပြီး ငြိမ်ဝပ်နေသလိုခံစားရနိုင်ပါတယ်။ အဲဒါကြောင့် လှုပ်ရှားသက်ဝင်နေဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ပဲ အနုပညာပြခန်း၊ ပြတိုက်တွေရဲ့ နံရံတွေဟာ အရောင်အသွေးစုံလင်တောက်ပနေကြတယ်။
ဒီပုံမှာဆိုရင် အဖြူရောင်အိမ်ခန်းလေးပါ။ လင်းလင်းထင်းထင်းနဲ့ တောက်ပနေပါတယ်။ အထီးကျန်မှုကိုငြီးငွေ့တတ်မယ်ဆိုရင်တော့ အလင်းများလွန်းတဲ့အိမ်ခန်းလေးက သိပ်ပြီးမသင့်တော်ဘူးပေါ့။

မီးခိုးရောင်မှာလည်း အရင့်ဆုံးမီးသွေးကနေ အဖျော့တော့ဆုံးငွေရောင်ထိ မီးခိုးရောင်စဉ်တွေအများကြီးရှိနိုင်ပါတယ်။ ကွဲပြားတဲ့ အနက်နဲ့အဖြူအိမ်ခန်းအလှဆင်မှုမှာ မီးခိုးရောင်လေးဟိုဟိုဒီဒီ ဖြည့်စွက်မှုဟာလည်း ပြည့်စုံတဲ့ဒီဇိုင်းအမြင်ကိုရနိုင်တယ်။

အခန်းတိုင်းမှာ အနက်ရောင်ရဲ့ထိတွေ့မှုကင်းလွတ်တယ်ဆိုတာမရှိပါဘူး။ အိမ်ခန်းအလှဆင်တဲ့အခါ အနက်နဲ့ အဟန့်အတားဖြစ်စေလောက်တဲ့ အရောင်တွေဟာ အထူးသဖြင့် အနီရောင်၊ အ၀ါရောင်နဲ့ အပြာရောင်တွေပါ။ ခရမ်းရောင်နဲ့ အပြာရောင်တစ်ချို့ကလည်းအနက်ရောင်နဲ့ ဆန့်ကျင်နိုင်တာတွေ့ရပါတယ်။ မကြည်မလင်နဲ့ ပျင်းရိစရာကောင်းတဲ့အိမ်ခန်းအပြင်အဆင်မျိုး ဖြစ်သွားနိုင်လို့ပါ။
ဒီအိပ်ခန်းလေးလို အနက်ရောင်နည်းနည်း၊ အနီသွေးကျကျအနည်းငယ်၊ အဖြူရောင်များများအလှဆင်မယ်ဆိုရင် သိသာထင်ရှားတဲ့ဒီဇိုင်းလေးရလာနိုင်ပါတယ်။

ဒီလိုမြင်တွေ့နေကြစစ်တုရင်ကစားကွက်နဲ့ အစိမ်းရောင်နံရံကပ်ဒီဇိုင်းတွဲဖက်ထားမှုဟာ တစ်မူထူးခြားနေတယ်။
အနက်နဲ့ အဖြူရောင် အခန်းမှာ သံပုရာသီးအစိမ်းရောင်လေးနည်းနည်း ရောယှက်အလှဆင်ပေးလိုက်လိုက်တော့ ခေတ်အမှီဆုံးအပြင်အဆင်လေးပေါ့။

အနက်ရောင်နဲ့ အဖြူရောင်မှာ တခြားကိုယ်အကြိုက်တွေ့မယ့် အရောင်တစ်ရောင်စီနဲ့ ဒီလိုအခန်းလေးတွေဖန်တီးကြည့်နိုင်ပါတယ်။
အနက်၊ အဖြူ အရောင်အစပ်အဟပ်မှာ သက်တံရောင်ကို ရောယှက်ပြင်ဆင်လိုက်မယ်ဆိုရင် အဲဒီပြည့်စုံတဲ့အလှအပမှာ ကျေကျေနပ်နပ်ရူးသွပ်သွားမှာပါပဲ။

 အ၀ါရောင်လေးဟိုတစ်စ ဒီတစ်စနဲ့ အနက်ရောင်အဖြူရောင်ရေချိုးခန်းလေး။

အနက် နဲ့ အဖြူ အိပ်မက်လို့ နာမည်ပေးထားတဲ့ အပြင်အဆင်လေးပါ။ အနက်ရောင်ဘောင်၊ အဖြူသား အောက်ခံနဲ့ မိသားစုဓါတ်ပုံတွေချိတ်ထားတဲ့ ဒီအခန်းလေးဟာ ပင်ပန်းနွမ်းနယ်နေတဲ့သူတွေကို လှိုက်လှဲစွာကြိုဆိုနေမှာပါတဲ့။
နှစ်သက်စရာပြူတင်းပေါက်တွေပေါ့။ အနက်နဲ့ အဖြူအစင်း ခန်းဆီးဟာ ဟောလိဝုဒ်ရဲ့ ရှေးကျတဲ့ဒီဇိုင်းဆိုပေမယ့် အခုထိခေတ်မှီမှီလှပနေဆဲပါ။
၁၃လက်မရှိတဲ့နံရံစက္ကူဒီဇိုင်းကို တစ်ခုပြီးတစ်ခုစီပြီး အလှဆင်ဖန်တီးလိုက်ပါတယ်။ ညစာစားမယ့်ထမင်းစားခန်းတွေရဲ့ ထူးခြားတဲ့ နောက်ခံနံရံကပ်ဒီဇိုင်းအပြင်အဆင်ပဲပေါ့။
အနက်နဲ့အဖြူ အောက်ခံကျောက်ပြားmosaic ဒီဇိုင်းအဆင် သေးသေးလေးတွေနဲ့ ဆန်းသစ်နေပါတယ်။ ရေချိုးခန်းအောက်ခံကြွေပြားတွေကို အများအားဖြင့်တော့ အကွက်ကြီးကြီးတွေအသုံးပြုတတ်ကြတယ်။
အနက်ရောင်နဲ့ အဖြူရောင် ပရိဘောဂတွေ ချစ်စရာ။

ရှိခြင်းမရှိခြင်းတွေပေါင်းစပ်ပြီး စတိုင်ကျကျလှနေတဲ့ အနက်ရောင်နဲ့ အဖြူရောင် အရောင်တွဲဖက်မှုမှာ ကိုယ်ကြိုက်နှစ်သက်တဲ့အရောင်လေးတွေကိုပါ ရောယှက်အလှဆင်ကြည့်လိုက်တဲ့အခါ …..
ပြီးပြည်စုံတဲ့ အခင်းအကျင်းနဲ့ အိမ်လေး ဖန်းတီးဖြစ်သွားမှာကတော့ အသေအချာပါ။           ။

Living Fashion Magazine, July, 2012

1 comment:

mstint said...

ရှိခြင်းမရှိခြင်း အနက်အဓိပ္ပာယ်နဲ့အတူ ဆုံမှတ်ထဲက နေချင်စဖွယ် သပ်သပ်ရပ်ရပ်အိမ်လေးတွေ စိတ်ဝင်တစ်စား ကြည့်သွားတယ် ဖြိုးဖြိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်