သင် နောက်ကျ ကျန်ရစ်မှာစိုးပြီး အမြဲတန်း ဤ ခေတ်ကြီးနှင့်အမှီ
အပြေးအလွှားလိုက်နေရတာ မို့  မောပမ်းနွမ်းနယ် နေလောက်ပြီ။
ကိုင်း .. ကျုပ်တို့ နဲ့ အတူလိုက်ခဲ့။ ကျောက်ခေတ်ကို ပြန်သွားပြီး ဂူအောင်းကြရအောင် …တဲ့။

Nick Weston ကတော့ ဂူနေလူသားဘ၀ကို ခံယူဖို့ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း ပြောပြနေပါတယ်။ တစ်ခါတစ်ရံ Florist တို့တတွေ ခေတ်ကိုအမှီလိုက်နေရတာ အားရတယ် ကျေနပ်ဝမ်းသာတယ် ပျော်ရွှင်မိတယ် ဆိုပေမဲ့ တစ်ခါတစ်ရံတော့လည်း စိတ်ညစ်ညူးထွေပြားလာတာမျိုးတွေ ရှိတတ်ပါတယ်။ ကားစီးရတာကြာတော့ မွန်းကြပ် ပိတ်ဆို့လာလို့ လှည်းယဉ်ကလေးစီးချင်တဲ့ဆန္ဒ ဖြစ်ပေါ်လာသလို ဒီကမ္ဘာကြီးကို back လုပ်ပြီး ထိန်ထိန်ညီးနေတဲ့ လျှပ်စစ်မီးရောင်နဲ့ ကင်းရာ လူသူမနီး လရောင်ဆမ်းတဲ့ တောစခန်းမှာ စိတ်လွတ် ကိုယ်လွတ် နေချင်တဲ့ ဆန္ဒ မကြာမကြာ ပေါ်လာတတ်ပါတယ်။ ဒါ့ကြောင့် မွမ်းမံချယ်သမှုမပါ သာမန်ရိုးသားပွင့်လင်းလွတ်လပ်တဲ့ ဂူနေလူသားဘ၀ လူနေမှု စတိုင်ကလေးတခု ပြန်လည်ပုံဖေါ်ဖို့  ကြိုးစားနေတဲ့ Nick ပြောပြတာကလေးကို Florist တို့  ဖတ်ကြည့်ကြရအောင်။
ကျုပ်က တောလိုက်မုဆိုးပညာရပ်တွေကို ၀ါသနာပါလွန်းလို့ ရှေးဟောင်းသုတေသန ဆိုင်ရာ တက္ကသိုလ်တွေမှာ သဲကြီးမဲကြီး လေ့လာထားတာပါ။ သာမန်လူသားဘ၀မှာ ရိုးရိုးသားသား ကျုပ်က ပျော်မွေ့ချင်တာ။ အင်္ဂလန် အရှေ့တောင်ပိုင်းဒေသမှာရှိတဲ့ တောလိုက်မုဆိုးသင်တန်းကျောင်းတခုက ကျွန်တော်ထွက်လာတာ မကြာသေးပါဘူး။ သဲကန္တာရဆန်တဲ့ ကျွန်းငယ်လေးတကျွန်းမှာ ၃လလောက်နေရင်း ယူကေ သင်္ဘောတစင်း နစ်မြုပ်ရာမှာလဲ ကျုပ် ကယ်ဆယ်ရေး လုပ်ခဲ့ ပါသေးတယ်။ ဒီ့နောက်သစ်ကိုင်းအိမ်တလုံးမှာ၆လလောက်နေပြီး စာရေးနေခဲ့တယ်။
တကယ်တော့ သာမန်လူသားဘ၀ကို ပြန်သွားဖို့ ဆိုတာ လွယ်တော့ မလွယ်ပါဘူး။ ဒါပေမဲ့ ကျုပ်ကတော့ ဂူနေလူသားဘ၀ကို အစမ်းသဘောမျိုး တပတ်လောက် နေကြည့်ဖို့ စိန်ခေါ် ဆုံးဖြတ်လိုက်ပါပြီ။ ကျုပ်သူငယ်ချင်း “အယ်လ် ဟမ်းမ်ဖရေး” က မှတ်တမ်းတင် ဓါတ်ပုံတွေ လိုက်ရိုက်ပေးမတဲ့။ ရှေးဟောင်းဂူနေလူသားတို့ဘယ်လို နေတယ်။ ဘယ်လို စားတယ် ဘယ်လို အစာရှာတယ်။ ဘာလက်နက်တွေ သုံးတယ်။ ဘယ်လို အိပ်တယ် ။ အရာရာကိုပေါ့။ သူတို့ နေသလို နေမယ်။ သူတို့လုပ်သလို အကုန်လုပ်မယ်။ ကျုပ်တို့ လွန်ခဲ့တဲ့ အနှစ်တသောင်းက လူသားဘ၀မျိုး ပြောင်းလဲ နေထိုင်ကြရတော့မယ်။ ဒါပေမဲ့  “ယူအက်စ် ပါမောက္ခ ဂျွန် ဇာဇန် “ကတော့ “ဒါဟာ စိတ်ပျံ့ လွင့်မှုကြောင့် ဖြစ်ပေါ်လာတဲ့  စူးစမ်းလိုစိတ်သက်သက်ဘဲ” လို့  အခိုင်အမာ ဆိုပါတယ်။
“အယ်လ်”နဲ့ ကျုပ်အဖို့တော့ ကျုပ်တို့ရဲ့ ထူးခြားတဲ့အတွေ့အကြုံ ကနေ တစုံတရာ သင်ခန်းစာတခုခု ရနိုင်ကောင်းရနိုင်ပါလိမ့်မယ်။ နောက်နေ့ ပြင်ဆင်သင့်တာပြင်ဆင်ပြီး ကျုပ်တို့အဖို့မီဆိုလီသစ်ခ် လူသားတယောက် ဖြစ်လာဖို့  စိတ်အလွန် ၀င်စားနေတော့တယ်။
ပထမနေ့ 
ကျုပ်တို့ စခန်းချဖို့ နေရာသစ်ကို ရောက်ရှိတာနဲ့ ပတ်ဝန်းကျင် တောတောင်ရေမြေ အနေအထားကို စူးစမ်းကြတယ်။ဂူ တခုခုကိုတော့ ယောင်လို့ မှ မတွေ့ သေးဘူးပေါ့။ ဂူနေလူ လို့  နာမည်ခံထားသော်လဲ တစုံတရာ အစားအစာ မရသေးပါဘူး။ ပတ်ဝန်းကျင်တခုလုံး သစ်တောတွေ လယ်ကွင်းတွေကတော့ အပြည့်ဘဲ။ ကောင်းကောင်း တောလိုက်လို့  ရမဲ့ အနေအထားကိုတော့ တွေ့ နေရပါပြီ။ စွန့် စားရတော့မယ်။ ဂျီတကောင်လည်းတွေ့ ထားတယ်လေ။သူရေသောက်ဆင်းရင် …
ကျုပ် ပြုံးမိသေး။ ဒါ့ကြောင့် ကျုပ်က “ပျော်စရာ ဘဲဟေ့” လို့  ကြေညာလိုက်တယ်။ “အယ်လ်” ကတော့ “ကျွန်တော် နည်းနည်း စိုးရိမ်မိတယ်ဗျ ။ လောမကြီးပါ နဲ့” တဲ့ ထူးထူး ခြားခြား စကားဆိုတယ်။
ကျုပ်တို့  မီးမွှေးလိုက်ကြတယ်။ မြက်ခြောက်တွေကို စုစည်းပြီး အထုံးပြု မီးရှို့ လိုက်တော့ မီးကို ရပြီ။
ဒါဟာ ရှေးဦးလူသားတွေရဲ့ အဓိကကျတဲ့ အလေ့အကျင့် တခုမို့ လား။
နောက်တစ်ခု ကျုပ်တို့ ခိုနားဖို့ကွန်းတခု တည်ဆောက်ကြရမယ်။ ပစ္စည်းကရိယာကို လိုနေပြန်ပြီ။ ရှေးဦးဂူနေလူသားတွေဟာ ကျောက်ကို ပုံဖေါ် လက်နက်လုပ်ကြတယ်လေ။ သင်တန်းမှာ ကျောက်လက်နက်ပစ္စည်း လုပ်နည်း သင်ထားတော့ ။ ပြီး ကံအားလျော်စွာ ကျုပ်တို့ စခန်းချတဲ့  အနီးအနားမှာဘဲ မီးခတ်ကျောက်တောင်တည်ရှိနေတော့ အဲဒီက အပိုင်းအစတွေနဲ့  ကျုပ်တို့  အလွယ်တကူ သမင်ချို ပုံ တခု ကို ပုံဖေါ် ထုဆစ်လိုက်ကြပြီ.။ ပြီးတော့ ကျောက်ခေတ်အသုံးအဆောင် ဓါးလှံ လေးမြား ဘလိတ်ဓါး ပုဆိန်စသည်။
ကိုင်း အမဲလိုက်ထွက်ဖို့ အချိန်ကျရောက်လာပါပြီ။ ကျော့ကွင်း၆ခုကိုလည်း ပြင်ဆင်ပြီးပြီ။ ဒါပေမဲ့  ကျုပ်တို့အတွက် အဟာရဖြစ်မယ့် အစားအစာ က အပူတပြင်းလိုအပ်နေပါပကော။ စားစရာ စိမ်းစိမ်းစိုစိုတွေ..နက်တယ်လ် ဆော်ရယ်လ် နဲ့ ဗျစ်ပန်း စတာ တွေ တတောလုံး တတောင်လုံးပိုက်စိပ်တိုက်ရှာ မတွေ့။ ဒေစီတွေကတော့ တွေ့နေရရဲ့။ တခြားရိုးစင်းစင်း မလောက်လေးမလောက်စားအပင်ကလေးတွေ တွေ့ လားတွေ့ ရဲ့ ။”အယ်လ်” ကတော့ ပေါင်မုံ့ မီးကင်နဲ့  ယိုချိုချိုမွှေးမွှေးလေး စားရဖို့ မျှော်လင့်နေမလားဘဲ။ တကယ်တော့ ကျုပ်တို့ ခန္ဒာကိုယ်နဲ့  လိုက်ဖက်တဲ့  အစာအဟာရကို လိုအပ်ပေမဲ့ ဒီ အနံ့အရသာ ပြင်းပြင်း မွှေးမွှေး အပွင့်တွေ အရွက်တွေ ရောနှော ပေါင်းစပ်ထားတဲ့ အစာကို အဟာရအဖြစ် ကျုပ်တို့ စားကြရမှာပါ။
၎နာရီ ၀န်းကျင်မှာတော့ တကိုယ်လုံးနုံးခွေလာကြပြီ။ ဒါပေမဲ့ နားခိုစရာ ရှာမတွေ့သေးပါဘူး။ ကျော့ကွင်းတွေ ထောင်ခြောက်တွေ စစ်ဆေးကြည့်တော့လဲ ဘာကောင်မှမမိ။ ဗလာနတ္ထိ။ အမိုးခုံးလေးနှစ်ခု နဲ့ ဟေဇယ်လ်ပင်ကိုလှဲချ ဘောင်ခတ်ပြီး ကွန်းခိုနားနေဖို့  ဂူသဏ္ဍာန်ာလေး လောလောဆယ် နေဖို့ဖန်တီးလိုက်တယ်။ ဟန်းနီးဆတ်ကယ်လ်နွယ်ပင်တွေ ဟေဇယ်ရွက်တွေ ဋရင်ကောက်ပင်တွေ စသည်ကိုတော့ ရေစိုခံအောင်မိုးတယ် ကာတယ်။ညနေခင်းအစောပိုင်းမှာဘဲ ကျုပ်တို့နေဖို့  သားအောင်းဂူလေးတခု လက်စသတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ နည်းနည်း မှောင်တာနဲ့ တောက သိပ်သည်းထူပစ်ပြီး နက်ရှိုင်း သွားတယ်။ တော်သေးတာပေါ့ ။ကျုပ်တို့အရပ်နဲ့ တပြေးညီ ထင်းတွေ ခုတ်စီထားတာရှိလို့ တညတာနွေးနွေးထွေးထွေးနေဖို့ မီး မရှိမှာ မပူရဘူး။ အမဲလိုက် ရထားတဲ့  ဂျီသားခြောက်တွေကို ဟေဇယ်လ်သားတံစို့တွေနဲ့ကင် မီးမြိုက်ပြီးညစာ ဖန်တီးလိုက်ကြတယ် ။ ညအိပ်ချိန်မှာတော့ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ပြင်ဆင်ထားတဲ့(မွေ့ယာအစား) နူးညံ့တဲ့ သမင်ရေ နှစ်ထပ်ခင်းပြီး အပေါ်က ဋရင်ကောက်ပင်ရွက်တွေ ဖြန့်ခင်းလိုက်တယ်။ကောင်းကောင်းကြီး သက်တောင့်သက်သာ အိပ်ကြရတယ်။ နူးညံ့တဲ့ ဆိတ်ရေ ကို အပေါ်ကနေ လွမ်းခြုံအိပ်ကြရတော့ အအေးဒါဏ်ကိုလဲ ကာကွယ်ပြီးဖြစ်တယ်။
“ အယ်လ် “ ကတော့ “ဇိမ်ဘဲဟေ့” လို့  သဘောအကျကြီးကျပြီး အော်ဟစ်နေတယ်။
ဒုတိယနေ့ 
နံနက် အရုဏ်တက်မှာဘဲ အံ့သြတုန်လှုပ်စွာနိုးလာခဲ့တယ်။့ သားမွှေးစောင်က ခြုံရက်ဘဲ။ မီးကတော့ သေနေပြီ။ အခြေအနေကတော့ မနှစ်မျို့စရာဘဲ။ ဒါပေမဲ့  ..ကြည့်လိုက်စမ်း။ ငွေရောင်တောက်နေတဲ့ အနားကွပ် မျဉ်းကလေးတခု။ထွက်ပြူလာတယ်။တောဟာ တဖြည်းဖြည်းနိုးထလာခဲ့သလို ငှက်ကလေးတွေရဲ့  ကျိကျိကျာကျာ တေးဆိုသံလေးတွေနဲ့ မြိုင်ဆိုင်လာနေပြီ.။ ထွန်းသစ်စ နေမင်းရဲ့  လင်းေေ၇ာင်ခြည်ဟာလည်းသစ်ပင်တွေကို ထွင်းဖေါက်ကျော်ဖြတ်လို့ကျုပ်တို့ဆီ ဖြာကျလာပြီ။ သိန်းငှက်ကြီးတကောင် ပန်းခြောက်ကလေးတွေကို ကျော်လွှားပြီး နေ့သစ်တနေ့အတွက် အစာရှာဖို့ အလို့ ငှာ လယ်ကွင်းတွေဆီ ပျံသန်းခဲ့ ပြီ။
ကဲ ကျုပ်တို့လဲ အလုပ်စကြဦးစို့ရဲ့။ ပထမ ကျုပ်တို့ ထောင်ခြောက်တွေကို စစ်ဆေးကြည့်ရှုကြတယ်။ ဒီတခါတော့ ၀ှက်ဖဲကလေးတွေ ထုတ်ဖေါ်လိုက်နိုင်ပြီ လို့ထင်ထားပေမဲ့  ချက်ခြင်းပယ်ချလိုက်ရတယ်ဗျို့။ လေးခုက ဘာမှမရှိ။ တခုမှာ ယုန်မွှေးတွေ ညှိတွယ်နေတာမြင်ရတယ်။ကျန်တခုမှာလဲကျုပ်တို့ပြိုင်ဘက် ဖြစ်နေတဲ့ မြေခွေးတကောင် လက်ချက်မိသွားပုံရတယ်။ဘာဆို ဘာမှ မကျန် ။ စခန်းပြန်ရောက်တော့ “အယ်လ်” ကတော့ မီးဖိုနေပြီ။ ကျုပ် ခြေပစ် လက်ပစ်ထိုင်ချလိုက်တယ်။ မီးတွေကတော့ ကင်စရာ ပါးရှားစွာ တောက်လောင်နေတယ် ။မိနစ်ပေါင်းများစွာ ငြိမ်သက်နေကြရာက သည်းမခံနိုင်တဲ့ ကျုပ်သူငယ်ချင်းက “ကော်ဖီ မရှိ” လို့  ထအော်လိုက်တယ်။ဒါနဲ့ ဘဲ ကျောက်လက်နက်အချွန်တခုနဲ့ အမြစ်တွေ လိုက်တူးမိတယ် ။ ၀က်မြေဥလိုမျိုး။ ဘားဒေါ့ခ်ပန်းဥမျိုး။ဒါလဲ မစွန်ဘူးခင်ဗျ။ နုံချာချာ သေးကွေးကွေးတွေ။ ဘာ့ကြောင့်များ အာလူးခင်း မတွေ့ ပါလိမ့်။ ကျုပ် ပြစ်ပြစ်နှစ်နှစ် ညည်းလိုက်မိတယ်။ မီးကျီးခဲ ကြားက အမြစ်တွေ ဥတွေက သင်းသင်းလေးမွှေးလာပြီ။ စားချင်စရာပါဘဲ။ အိမ်လုပ်တာနဲ့တော့ မတူဘူးပေါ့။ ကျုပ်တို့ဗိုက်တွေ ဆာလောင်မွတ်သိပ်နေပြီ။ ဗိုက်ထဲမှာသာ မိုးခြုံးနေတာ မဟုတ်ဘူး။ အပြင်မှာလည်း မိုးခြိမ်းနေပြီ။ ဟေဇယ်ရွက်တွေကတော့ မိုးဒါဏ်ကို ခံနိုင်ပါတယ်။

တတိယနေ့ 
အိပ်ဖို့ မျှော်လင့်မိကြပေမယ့် မိုးေ၇ကြောင့် ရေစိမ့်နေတယ်။ ပြိုတော့ မကျလောက်ပါဘူး။ စားစရာ အရွက်တွေလိုက်ခူးရအုံးမယ်။ ဟောဗျ။ မိန်းမအရွယ်ခပ်ကြီးကြီး နှစ်ယောက် လျှောက်လာနေပါလား။
“သားရဲတွင်းကလေးပါလား ချစ်စရာလေး။ မင်းဆောက်တာလား။ ညက အပြင်မှာ အိပ်တယ်ပေါ့.”
ကျုပ်တို့ ဘယ်လို လုပ်ခဲ့တယ်ဆိုတာရှင်းပြလိုက်တယ်။ သူပြောမှဘဲ ကျုပ်ဆောက်ထားတဲ့  ကျောက်ခေတ်လူအောင်းဂူစတိုင် ကဲ့(မ်ပ်)တဲလေးကို ပို သဘောကျသွားတယ်။
“:ဟေ့ ..ဒါပေမဲ့  မင့်စတိုင်က ဂူနေလူလို့  မထင်ရဘူး “ သူတို့ က ဆက်ပြောတယ်။ မှန်ပါတယ် ။ မနုဿဗေဒ ပညာနဲ့ကြည့်ရင် သူတို့ မမှားပါဘူး။ကျှုပ်တို့အသွင်အပြင်က ခေတ်လူဆိုတာ အလိုလို ဖေါ်ညွှန်းပြီးဖြစ်နေတယ်။ ကျုပ်တို့ အသွင် အပြင်ကို ပြောင်းဖို့  အချိန်ရောက်ပြီ။
ကျုပ်တို့  ကျောက်ဂူတလုံး ကို ကြာကြာ မရှာရပါဘူး။ ဗျာမများလိုက်ရဘူး။ သမိုင်းမတင်မီ ခေတ်က ပုံရိပ်ကို အံ့သြစဖွယ် တွေ့ မြင်လိုက်ရလို့  ကျုပ်သူငယ်ချင်း “ အယ်လ်” က အံ့သြကျေနပ်နေတယ်။
ရေရှာလည်း မကြာမကြာထွက်ရသေးတာပါ။မီးက ဖိုထားရတာဆိုတော့ မီးခိုးတွေက ၃ရက်လောက်ကို မှုံမှိုင်းနေတော့တာဘဲ။ ပင့်ကူတွေလဲ တကောင်ပြီးတကောင် ကျ ကျ လာနေတယ်။ အညစ်အကြေးကင်းအောင် ရေကန်မှာလည်း ရေစိမ်လိုက်ရသေးတယ်။ ဘုဇဘတ်ရွက် က ဒီနေရာမှာ အသုံးတော်တော်ကျတယ်ဗျ။ ဂျီးညော်တွေ ကင်းစင်စေတယ်။ ကိုယ်ခန္ဓာကိုလည်းလန်းဆန်းတက်ကြွလာစေတယ်။
ဒီကနေ့ တော့ ကျုပ် ငါးဖမ်းထွက်ပြီဗျို့ ။ ငါးကြင်းကြီးတကောင်တော့ အသာကလေး လှံနဲ့  ထိုးစိုက်လိုက်တာ တချက်တည်းချက်ကောင်းထိသွားတယ်။ လိုအပ်နေတဲ့  အသားဓါတ်ကို ဖြည့်ဆီးဖို့  ရှိတယ်လေ။ ဒါပေမဲ့ ကျုပ်တွက်ကြည့်တယ်။ အစာရေစာအတွက် အချိန်၅နာရီလောက်ပေးလိုက်ရတော့ ရှေးဦးလူသားတွေဟာ ဒီလိုဘဲလား။ အစာရေစာအတွက်ဘဲ အလုပ်ရှိတာလား။ တခြားသူတို့ဘာလုပ်ကြသေးသလဲအုပ်စုချင်း စစ်ပြုတာ။ ဗိုလ်လုတာ။ ပိုင်နက်နယ်မြေချဲ့ ထွင်တာ အကြမ်းဖက်တာ ချစ်တာ ကြိုက်တာ ကိစ္စ တော်တော်များများ ရှိပါလိမ့်ဦးမယ်။
အင်း ..။ လောလောဆယ် ကျွန်တော့တို့မှာတော့ TV, satelliteစသည် စိတ်အပန်းဖြေစရာတွေ ကင်းမဲ့ နေပြီ။
ညနေစာအဖြစ် ငါးကြီးကို ဘားဒေါ့ခ်ရွက်နဲ့ ထုပ် မီးကျည်းခဲ ထဲ ခပ်ရိုင်းရိုင်းပြစ်ထည့် ဟော..၊ မွှေးလာပြီ။ ဒါပေမဲ့  ဒါနဲ့  မလုံလောက်သေးပါလားဗျ။ အာဆွတ်ဖို့  အရည်ကလေး လိုနေတယ်။
ကဲဗျာ အိပ်ပြီဗျို့  ။ သားမွေးစောင်ဆွဲ ခေါင်းမြီးခြုံ လိုက်တော့ အိမ်မက်ထဲမှာ အိမ်က ထမင်းစားပွဲ ကြီးက အခန့် သားပေါ်လာ ကျုပ်စိတ်တွေကို ကလူနေသလို မြူနေသလို ။
စတုတ္ထနေ့ 
ကျုပ်တို့ အိပ်ယာက နိုးလာတော့ နေရောင်ခြည်က ဂူပေါ်ကို သွန်းလောင်းဖြာကျနေပါပြီ။
အား..၊ သိပ်ကို ကြည်နူးစရာဘဲဗျို့ ။ဂူနံရံမှာ ဂရပ်ဖစ်ဒီဇိုင်းတွေနဲ့  မျက်လှည့်ပြ ရေးသီ် မှုံးချယ်ထားလား ထင်မှားလောက်ရဲ့။ ကျုပ်တို့ရဲ့ဘိုးဘေးဘီဘင် တွေ လာရောက် ဖန်ဆင်းသွားသလား။ ကျုပ်အော်မေးလိုက်ချင်စမ်းရဲ့ ။ ဘာပဲဖြစ်ဖြစ် ကျုပ်သိပ်ပျော်သွားတယ်။ ကျေနပ်သွားတယ်။
မိုးလင်းတာနဲ့ ဝမ်းဗိုက်က အော်နေပြီ။ စားစရာအတွက်
ကျုပ်တို့  ပစ်မှတ်တခုကို မလွှဲဧကန် ထိမှန်ရမယ်လို့  ယုံယုံကြည်ကြည်ဘဲ လှံတံတွေ ပလူပျံလိုက်တယ်။ ငှက်ကလေးတကောင်လောက် တော့ အသာလေး။ ညွှတ်ကွင်းမှာတော့ ဘာမှ မရှိ။ ကံကောင်းချင်တော့ ရေကန်အနီးမှာ ဘဲဥ လေးလုံး တွေ့ ရတယ်။
ဧကန္တ ဟို မိန်းမကြီးတွေ ကျုပ်တို့သွားရည်ကျအောင် သနားသဖြင့် အကြံအဖန်လုပ်ထားပုံရတယ်။ သူတို့ ရဲ့ တဲကြီးလဲ ရေကန်အနီးမှာ တွေ့ရတယ်။ ဘာမှ မပြောနှင့် ကျုပ်တို့ဘဲဥနှစ်လုံးကို ယူ ခွဲ ကျောက်သင်ပုန်းကွဲတခုမှာ ကြော်။ နိပ်ပြီ။
ဒီညနေခင်းလေးက စိုစို ပြေပြေ စကားစမည်ပြော ကြည်နူးစရာ အချိန်ကုန်သွားတယ်။
ပဉ္စမနေ့ 
နားနားနေနေ အိပ်ယာက နိုးထလာတယ်။ ဒီကနေ့ဟာ ကျုပ်တို့ ရဲ့ ကျောက်ခေတ်လူသားပုံစံကို အဆုံးသတ်ကြရတော့မဲ့ နေ့ ။ သမင် ဒရယ် ချေငယ် စိုင်ဆတ် အသားတွေ ထားရစ်ခဲ့ရတော့မယ်။
ဘ၀ဆိုတာ ကြမ်းတမ်းပါတယ်။ပျော်ပြီးရင်း ပျော်ရင်း အစဉ်အမြဲ လဲ မပျော်ရွှင်နိုင်ဘူးတဲ့ ။ သေချာတာပေါ့ ဗျာ။
ဒေါက်တာ ဂျွန်ဇာဇန် ပြောတာမှန်ပါတယ်။
“အမဲလိုက် မုဆိုးတယောက်ရဲ့ လူနေမှု ဘ၀ပုံစံနဲ့ 
ဒီကမ္ဘာကြီးနဲ့ သဟဇာတဖြစ်ဖို့ လူသားတယောက်အနေနဲ့ အောင်အောင်မြင်မြင်နေထိုင်နိုင်မှာ သေချာပေမဲ့ 
သူတို့ ရဲ့ တည်ရှိမှုက ကျုပ်တို့  ထက်သာတယ်လို့  မဆိုလိုပါဘူး။”
“ အယ်လ်” ကတော့ သူဘယ်လိုမှ မခံစားတတ်ကြောင်း ညည်းညည်းညူညူ ပြောတယ်။
ကျုပ်အဖို့ကတော့ တကယ်လို့ ကျုပ်တို့ ပတ်ဝန်းကျင်မှာ သဘာဝကပ်ဘေးကြီးများ ဆိုက်ရောက်ခဲ့ရင် ကျောက်ခေတ်ကို ပြန်သွားမယ် ဂူနေလူသား ဘ၀စတိုင်ထဲကိုဘဲ ပျော်စရာ လှိုဏ်ဂူအိမ်ကလေးထဲကိုဘဲ ပစ်ဝင်သွားမယ်ဆိုတာ သေချာပါတယ်။ ။

Florist
Home sweet cave by Nick Weston
From RD May 2012
Living the high life: The diary of a jobless and disillusioned author who decided to build a tree house in the woods and survive off Mother Nature

1 comment:
တစ်ခါတစ်လေတော့လည်း အဲဒီလိုတောတောင်ထဲမှာ လျှောက်သွားရတာ ပျော်ဖို့တော့ကောင်းတယ်
ဒါပေမဲ့ ညအိပ်ရမှာတော့ ကြောက်စရာကြီး
အသည်းက ခပ်ငယ်ငယ်ရယ်...း))
Post a Comment