၁. နတ်သမီးပုံပြင်ဖန်တီးရှင်ရဲ့ အထူးခြားဆုံး နတ်သမီးသစ်လုံးအိမ်လေးတွေ

ဟယ်ရီပေါ်တာ နတ်သမီးပုံပြင်ဇာတ်လမ်းတွဲတွေကို ဖန်တီးခဲ့တဲ့ အင်္ဂလိပ်စာရေးဆရာမ ဂျေ ကေ ရိုးလင်း ဟာ သူမရဲ့ ကလေးငယ်လေးတွေအတွက် အံ့သြစရာအကောင်းဆုံး မှော်ဆန်ဆန်သစ်သားအိမ်လေးတွေ တည်ဆောက်ဖို့ စတင်ပြင်ဆင်နေပါပြီ။ ဟယ်ရီပေါ်တာဇာတ်လမ်းထဲကလိုပဲ ဟောဂ့်ဝါ့ထ်ရဲတိုက်ပုံစံ အဆင့်မြင့် နှစ်ထပ်ဆောင် နှစ်ဆောင်ပါဝင်တဲ့ သစ်လုံးအိမ်လေးတွေကို သူမရဲ့ ပန်းခြံထဲမှာ ဆောက်လုပ်ဖို့လျှောက်ထားခဲ့ပေမယ့် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြတာတွေရှိခဲ့ပါတယ်။ အီဒင်ဘာဂ်မြို့တောင်ကောင်စီ ဒေသခံတွေက သစ်လုံးအိမ်ရဲ့ အရွယ်အစားပမာဏကြီးမားမြင့်မားလှတာကြောင့် လမ်းမကနေမြင်ကွင်းမှာ အနှောင့်အယှက်ဖြစ်နိုင်တယ်ဆိုပြီး ကန့်ကွက်မှုတွေပေးပို့ကြတာပါ။ အခုတော့ ဆောက်လုပ်ခွင့် ကျလာခဲ့ပြီမို့ တည်ဆောက်တော့မယ်လို့ဆိုတယ်။ ပေ ၄၀ မြင့်မားပြီး ပေါင် ၂၅၀၀၀၀ ခန့်မှန်းခြေ ကုန်ကျနိုင်ပါတယ်။ သစ်လုံးအိမ်လေးတွေကို သူမရဲ့ ၉နှစ်အရွယ်သား နဲ့ ၇နှစ်အရွယ်သမီးလေးအတွက်ဆောက်လုပ်မှာပါ။ လှို့ဝှက်ဥမင်လိုဏ်ခေါင်းတွေ၊ ကြိုးတံတားတွေ နဲ့ ပြာသာဒ်ချွန်ချွန်နဲ့ ခေါင်မိုးလေးတွေနဲ့ အံ့အားသင့်စရာကောင်းလောက်အောင် ဖန်တီးပါလိမ့်မယ်။ သစ်လုံးအိမ်တွေမှာ လှို့ဝှက်တံခါးပေါက်တွေလည်း ပါရှိပြီး ကြောင်လိမ်လှေကားတွေနဲ့ အပြင်ကိုလျှင်လျှင်မြန်မြန်ထွက်နိုင်တဲ့ လှို့ဝှက်တံခါးပေါက်လေးပါထည့်ထားဦးမှာပါ။ ပုံစံငယ်မှာ ဇီးကွက်တစ်ကောင်အတွက်အိပ်တန်းအဆောင်ငယ်ကိုလည်း သစ်ကတိုးသားအုပ်ကြွပ်မိုး အဆောင်လေးအဖြစ်မြင်တွေ့ရပါသေးတယ်။ အင်္ဂလန်အရှေ့တောင်ပိုင်း ကန့်ထ်ဒေသ၊ တန်ဘရစ်ချစ်ဝဲလ်စ်မြို့ က နာမည်ကြီး သစ်လုံးအိမ်ဆောက်လုပ်ရေး Blue Forrest က တာဝန်ယူတည်ဆောက်မှာပါ။ ရိုးလင်းဟာ ပြီးခဲ့တဲ့ ၂ နှစ်ခွဲလောက်က ပေါင်နှစ်သန်းကျော်လောက် တန်ကြေးရှိတဲ့ ၁၇ ရာစုခေတ်ကဒီဇိုင်းစံအိမ်မျိုး ၀ယ်ယူခဲ့ပါတယ်။



၂. တန်ဖိုးကြီးလက်ဆောင်တွေနဲ့ ဂီတဆုပေးပွဲ

၁၉၈၄ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ ဂီတဆုပေးပွဲ(MTV Video Music Award- VMA)ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၂ VMA ဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူက အမေရိကန်သရုပ်ဆောင် ကီဗင်ဟာထ့်ပါ။ လူငယ်တွေအတွက် အော်စကာဆုလို့ တင်စားကြတဲ့ VMA ၂၀၁၂ ပွဲမှာတော့ One direction ရဲ့ What Makes You Beautiful က အကောင်းဆုံးပေါ့ပ်ဗီဒီယိုဆု၊ အကောင်းဆုံးမျက်နှာသစ်အဆို ဆု၊ Chris Brown ရဲ့ Turn Up the Music က အကောင်းဆုံးအမျိုးသားဗီဒီယိုဆု၊ Niicki Minaj ရဲ့ Starships က အကောင်းဆုံးအမျိုးသမီးဗီဒီယိုဆု၊ Rhihanna ရဲ့ We Found Love က ဒီနှစ်အတွက်အကောင်းဆုံးဗီဒီယိုဆုတွေ ရကြပါတယ်။ ဒီဆုပေးပွဲမှာ ကိန်းဝက်စ်၊ ဂျပ်စ်တင်ဘီဘာ နဲ့ ဂျေ-ဇီ တို့ကတော့ ဘာဆုတံဆိပ်မှ မရပဲ VMA ကနေထွက်ခွာခဲ့ကြရတယ်။ ဒါပေမဲ့ စကာတင်စာရင်းဝင်သူ၊ အစီအစဉ်တင်ဆက်သူ နဲ့ ပါဝင်ဖျော်ဖြေတင်ဆက်ကြသူ အားလုံးအတွက် VMA ကပေးတဲ့ လက်ဆောင်အိတ်တွေမှာ အဖိုးတန်ပစ္စည်းတွေဖြည့်ထားကြတယ်ဆိုပါတယ်။ နာမည်ကြီးအမှတ်တံဆိပ်တွေဖြစ်တဲ့ Covergirl နဲ့ Calvin Klein ကနေ Apple နဲ့ Monster လိုပစ္စည်းတွေအထိ လက်ဆောင်အိတ်ထဲမှာ မြင်တွေ့ခဲ့ကြတယ်တဲ့။ ဆုမရခဲ့ရင်တောင် သီချင်းနားထောင်ရတဲ့ နားကြပ်တွေ၊ iPod နဲ့ တန်ဖိုးကြီးလက်ဆောင်တွေကို အိမ်ကို သယ်သွားနိုင်ခဲ့ကြတဲ့ ဂီတဆုပေးပွဲပါပဲ။

၃. ခြိမ်းခြောက်မှုတွေကြားက ဘီတဲလ်စ်တွေရဲ့ ပန်းချီကား

ဘီတဲလ်စ်တွေရဲ့ ပန်းချီကားတစ်ချပ်ကို နယူးယောက်မှာလေလံတင်ရောင်းချနေပါပြီ။ ဘီတဲလ်စ်တွေဟာ ၁၉၆၆ ခုနှစ်တုန်းက ဂျပန်ကိုရောက်ရှိခဲ့တဲ့အချိန် လုံခြုံရေးအရ အပြင်ကိုထွက်ခွင့်မရပဲ တည်းခိုနေတဲ့ တိုကျိုဟီလ်တန်ဟိုတယ်မှာပဲ နာရီအတိအကျဆိုရရင် နာရီ ၁၀၀ နေခဲ့ကြရတယ်။ ငြီးငွေ့ဖွယ်ကောင်းလွန်းလှတဲ့အချိန်တွေမှာ ပန်းချီကားတစ်ချပ်ဆွဲနေဖို့ သူတို့ ဆုံးဖြတ်လိုက်ကြတယ်။ ဘီတဲလ်စ်အဖွဲ့မန်နေဂျာ ဘရိုင်ယန်အက်ပ်စတိန်း က ကင်းဗတ်စတစ်ခုပေးပြီး ပန်းချီကားတစ်ခုခုဆွဲဖို့ အကြံပေးပါတယ်။ ဘီတဲလ်စ် တွေ ပန်းချီကားပြီးသွားတဲ့အခါ ဂျပန်က ဘီတဲလ်fan club ရဲ့ ဥက္ကဌ တက်စုစာဘူရို ရှီမိုယာမာကို လက်ဆောင်ပေးခဲ့ကြတယ်။ ပန်းချီကားဟာ ၃၀ x ၄၀ ပေရှိပြီး ပန်းချီကားရဲ့ အလယ်မှာ မီးတိုင်ကိုချပြီး ထောင့်လေးဘက်လေးတန်မှာ ဘီတဲလ်စ်တွေတစ်ဦးစီက ကိုယ်ပိုင်းစိတ်ကူးနဲ့ပဲ ရေဆေး၊ ဆီဆေးခြယ်မှုန်းခဲ့ကြတာပါ။ နောက်ဆုံး မီးအိမ်ကိုဖယ်ရှားလိုက်ပြီးတဲ့အခါ မီးအိမ်နေရာ ကွက်လပ်မှာတော့ ဘီတဲလ်စ်တွေ လေးဦးရဲ့ လက်မှတ်တွေရေးထိုးလိုက်ကြပါတယ်။ ပန်းချီကားကို “အမျိုးသမီးတစ်ဦးရဲ့ ပုံရိပ်-image of a woman”လို့ နာမည်ပေးခဲ့ကြတယ်။ ဘီတဲလ်စ်တွေဖန်တီးတဲ့ အဲဒီအမျိုးသမီးတစ်ဦးရဲ့ ပုံရိပ် ပန်းချီကားကို လေလံပွဲမှာ ဒေါ်လာ ၈၀၀၀၀ နဲ့ ဒေါ်လာ၁၂၀ ၀၀၀ ကြားရောင်းချနိုင်လိမ့်မယ်လို့ Philip Weiss Auctions က မျှော်မှန်းထားကြပါတယ်။


၎. ပုံစံတူ ပန်ခ့် အသွင်အပြင်နဲ့ သူတို့တွေ


မိုင်လီဆိုင်းရပ်စ်ရဲ့ ဆံပင်ပုံစံအသစ် ဟာ ပေါပ့်စတား ပင့်ခ် ရဲ့ ဆံပင်ပုံစံသစ်နဲ့ အတူတူပဲဖြစ်နေခဲ့ပါတယ်။ VMA ဂီတဆုပေးပွဲရဲ့ ကောဇောနီပေါ်ကို ရောက်လာခဲ့ကြတဲ့ ဂီတစတားနှစ်ဦးဟာ ထပ်တူနီးပါးပုံစံတူဖြစ်နေကြတာကို မိုင်လီက ပင့်ခ်ရဲ့ ဖျော်ဖြေမှုအတွက် မိတ်ဆက်ပေးလိုက်တဲ့အခါမှာ ပရိတ်သတ်တွေက ပိုပြီး သတိထားမိသွားကြတယ်။ ပင့်ခ် အတွက်ကတော့ တိုတိုကပ်ကပ်ဆံပင်ပုံစံမျိုးက အမြဲရွေးချယ်နေကြမို့ အထူးအဆန်းမဟုတ်လှပါဘူး။ မိုင်လီရဲ့ ပရိတ်သတ်တွေကတော့ ဆံပင်ပုံစံအသစ်မှာ တော်တော်လေး တုန်လှုပ်သွားကြတယ်လို့တောင်ဆိုကြပါတယ်။ မိုင်လီကတော့ သူမရဲ့ ဆံပင်ပုံစံအသစ်ကို မုန်းတီးတဲ့သူတွေကို ဂရုမစိုက်ပါဘူး။ သူမရဲ့ ပုံစံသစ်မှာ မိနစ်တိုင်းကို ပျော်ရွှင်ကျေနပ်ပါတယ်။ ကျွန်မရဲ့ ဂီတအသစ်၊ သီချင်းအသစ်တွေ ဒီနှစ်ထဲမှာ ပရိတ်သတ်တွေ ကြားရပါလိမ့်မယ်။ ခံစားမှုအသစ်တွေကို ခံယူရတာ သိပ်ကောင်းပါတယ် လို့ ပြောပါတယ်။ Twitter မှာတော့ ဆိုးဆိုးဝါးဝါးဝေဘန်ကြသူတွေကို မိုင်လီကပြောပါတယ်။ “ရှင်တို့မှာ ပြောစရာစကားလုံးအကောင်းစားတွေမရှိတော့ရင် ဘာကိုမှမပြောပါနဲ့၊ ကျွန်မ ဆံပင်က ကျွန်မအရေပြားနဲ့ တွယ်ကပ်နေတာပါ။ တခြားဘယ်သူဆီမှာမှ မဟုတ်ဘူး။ ကျွန်မအဖေ အမြဲပြောနေခဲ့သလိုပဲ တစ်ယောက်ကတော့ ကျွန်မဆံပင်ကို ချစ်မှာပဲ၊ ပျော်ရွှင်စရာကောင်းတယ်။ ချစ်စရာကောင်းတယ်။ လွတ်လပ်တယ်လို့ ထင်မှာပါပဲ”။

၅. ရင်ထဲက တိုးထွက်လာတဲ့ စန္ဒရားလက်သံ


ဂန္တ၀င်စန္ဒရားလက်သံတွေကိုမှ သဘောကျနှစ်ခြိုက်လွန်းလှတဲ့ လူငယ်လေးဟာ ဒီနေ့မှာတော့ ကမ္ဘာမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး နဲ့ ထူးခြားကွဲပြားလှတဲ့စန္ဒရားပညာရှင်တွေထဲက တစ်ဦးဖြစ်နေခဲ့ပါပြီ။ အဲဒီလူငယ်လေးက အသက် ၂၀ ပဲ ရှိသေးတဲ့ ဘင်ဂျမင် ဂရောစ့်ဗ်နော(Benjamin Grosvenor)ပါ။ အောက်တိုဘာလမှာ ကျင်းပမယ့် Classis Birt Awards အတွက် စကာတင်ရွေးချယ်တဲ့စာရင်းမှာ ဆုနှစ်ဆုစာအတွက် ရာထားခြင်းခံရပါတယ်။ မိသားစုမှာ ညီအစ်ကိုငါးယောက်ထဲက အငယ်ဆုံးလူငယ်လေးရဲ့ ဖခင်က ကျောင်းဆရာဖြစ်ပြီး မိခင်က စန္ဒရားတီး သင်ကြားပေးတဲ့သူ၊ ဂရောစ့်ဗ်နော ရဲ့ ပထမဆုံးစန္ဒရားဆရာပါ။ ဂရောစ့်ဗ်နော အသက် ၁၀နှစ်မှာပဲ The Southend Young Musician of the Year, The Essex Young Musician of the Year, The Emanuel Trophy နဲ့ The EPTA Trophy ပြိုင်ပွဲလေးခုစာ အောင်မြင်ထားတဲ့ အသက်အငယ်ဆုံးအောင်နိုင်သူလေးဖြစ်နေခဲ့ပါပြီ။ ဂရောစ့်ဗ်နော အနှစ်သက်ဆုံး ဂန္တ၀င်ဂီတတွေက မိုးဇက်၊ ဂရေ့ဂ်၊ ရာဗဲလ်၊ ဘရစ်တန်း နဲ့ ချော့ပ်ပင် ပြီးတော့ စကာလက်တီ၊ ရှုးမန် နဲ့ တာကာမစ်ဆူ တို့ရဲ့ သီချင်းတွေလည်း အမြဲ တီးခတ်လေ့ရှိပါတယ်။ ၂၀၁၁မှာ Decca Record Lable နဲ့ စာချုပ်ချုပ်ခဲ့ပြီး ဒုတိယအယ်လ်ဘမ်ထုတ်ဝေခဲ့ပြီးပါပြီ။ “စန္ဒရားကို ပြဿနာတွေဖန်တီးဖြေရှင်းတဲ့စိတ်မျိုးနဲ့ မတီးပါနဲ့၊ ရင်ထဲက တငြိမ့်ငြိမ့် တိုးထွက်လာတဲ့ခံစားချက်ကို နားထောင်ပြီးမှ စန္ဒရားခလုတ်တွေပေါ် သင့်ရဲ့ လက်ချောင်းတွေပြေးလွှားလိုက်ပါ” လို့ ဂရောစ့်ဗ်နော က ဆိုတယ်။
၆. ကလေးတွေ မလိုချင်တဲ့ ကစားစရာတွေ
ကလေးတွေ စွန့်ပစ်ထားခဲ့တဲ့၊ မလိုချင်တော့တဲ့ ကစားစရာအရုပ်တွေကို စုဆောင်းပြီး အင်စတော်လေးရှင်းဖန်တီးမှုကို ဂျပန်အင်စတော်လေးရှင်း Artist ဟီရိုရှီ ဖူဂျီက Art Centre Melbourne မှာ ပြုလုပ်ခဲ့ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Recycles Art Project လို့ နာမည်ပေးထားတယ်။ Artist ဖူးဂျီဟာ ကလေးတွေ မလိုချင်တော့တဲ့ ကစားစရာလေးတွေကို ပြန်လည်အသုံးပြုပြီး ဒိုင်နိုဆောပုံစံတူ ဖန်တီးခဲ့ပါတယ်။ စွန့်ပစ်ထားတဲ့ ကစားစရာပစ္စည်းတွေကို ဂျပန်နိုင်ငံတစ်ဝှမ်း ၁၃ နှစ်ကျော်ကြာစုဆောင်းခဲ့ပြီး တစ်ကိုယ်တော်ပြပွဲအဖြစ် ဖွင့်လှစ်ပြသခဲ့တာပါ။ ပြပွဲကို ၂၀၁၂၊ စက်တင်ဘာ၆ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ Toy Saurus၊ Toy Stick လို့ နာမည်ပေးထားတဲ့ အင်စတော်လေးရှင်းပြကွက်တွေကို ပြသထားပါတယ်။
၇. သရုပ်ဆောင်ကို ကူညီတဲ့ ဒါရိုက်တာ

ဒါရိုက်တာအလုပ်ဟာ သရုပ်ဆောင်ပညာကို တိုးတက်စေဖို့ ကူညီတယ် လို့ အမေရိကန်သရုပ်ဆောင်၊ ဒါရိုက်တာ၊ စာရေးဆရာ၊ ထုတ်လုပ်သူ ဘန်အက်ဖ်လက်ခ်က ပြောပါတယ်။ သရုပ်ဆောင်ကနေ ဒါရိုက်တာတစ်ဦးအဖြစ်ပြောင်းလဲလာတဲ့သူအတွက် ကင်မရာရဲ့ အရှေ့ရော အနောက်မှာပါ အလုပ်လုပ်ရတော့မှာပါ။ The Town နဲ့ Argo ရုပ်ရှင်ကားတွေမှာ ဒါရိုက်တာဖြစ်တဲ့ ဘန်အက်ဖ်လက်ဟာ စကရင်ပေါ်မှာမြင်လာရမယ့် အပြစ်အနာအဆာ ချို့ယွင်းချက်၊ အားနည်းချက်တွေကို ပိုပြီးရှောင်တိမ်းနိုင်လာတယ်လို့ဆိုတယ်။ “တစ်စုံတစ်ဦးကများ သရုပ်ဆောင်အမှန်တကယ်ဖြစ်ချင်တယ်လို့ ဆိုလာရင်တော့ အကောင်းဆုံးသင်တန်းကျောင်းက တချို့အခန်းတွေမှာ ကိုယ်တိုင်ရိုက်ကူးကြည့်ဖို့ပါ။ ဘာကြောင့်လဲ ဆိုတော့ မြင်ကွင်းတဆုံးမြင်ရလို့ပါ” တဲ့။ ထိတ်လန့်သည်းဖိုဇာတ်ကား Argo ကို ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ “ဘာကြောင့်လည်းဆိုတော့ ဇာတ်ညွှန်းကို ဖတ်ကြည့်လိုက်တာနဲ့ အလွန်အမင်း ချစ်ခင်နှစ်သက်သွားလို့ပါ။ အဲဒီရုပ်ရှင်ကားမှာ အီရန်နိုင်ငံကိုနောက်ခံထားပါတယ်။ အီရန်နိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးဝိုင်းရံထားမှုမှာ ပြည်နယ်ရုံးခွဲက အလုပ်သမားခြောက်ဦးကို လွတ်မြောက်အောင်ကူညီကြတဲ့ ဇာတ်အိမ်မျိုးပါ။ ဇာတ်ညွှန်းမှာပါတဲ့ စကားလုံးတွေ သဘောကျရုံပါပဲ၊ နိုင်ငံရေးအယူအဆသဘောထားတွေ မပါပါဘူး။ ကျွန်တော့်သူငယ်ချင်းတွေမှာ ရီပက်ပလစ်ကန်တွေ၊ ဒီမိုကရက်တွေရှိနေပါတယ်”လို့ ဆိုတယ်။
၈. ကင်ဆာအတွက် ရပ်တည်ကြမယ့် နာမည်ကျော်တွေ
Entertainment Industry Foundation ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Stand Up to Cancer(SU2C) အဖွဲ့အစည်းကပြုလုပ်တဲ့ ဖျော်ဖြေပွဲက ရရှိတဲ့ ငွေကြေးတွေကို ကင်ဆာရောဂါရှင်တွေအတွက် လှူဒါန်းမှာပါ။ ဖျော်ဖြေပွဲမှာ နာမည်ကျော် ရုပ်ရှင်၊ ဂီတ ပညာရှင်တွေ အများအပြားအထောက်အပံ့ပေးခဲ့ကြပါတယ်။

တေလာဆွစ်ဖ်က အနီရောင်ဝတ်စုံဝတ်ဆင်ထားတယ်။ ရွှေဝါရောင်ဆံပင်တွေကို ပိုနီတေးလ်စတိုင်လ်စည်းနှောင်ထားပြီး “Ronan” ဆိုတဲ့သီချင်းလေးကို ငြိမ်ငြိမ်သက်သက်လေးဆိုပါတယ်။ နာဗ့်ကြောစနစ်ကင်ဆာကြောင့် ပြီးခဲ့တဲ့နှစ်က သေဆုံးခဲ့တဲ့ ၃ နှစ်အရွယ် ကလေးငယ် ရိုနန်ကို ရည်စူးပြီး ဆွစ်ဖ်ကိုယ်တိုင် စပ်ဆိုခဲ့တဲ့သီချင်းပါ။ “ငါ့ကိုကြည့်လိုက်တဲ့ မင်းရဲ့မျက်လုံးပြာလေးတွေကို သတိရလိုက်တာ” လို့ ဆွစ်ဖ်က ဆိုသွားပါတယ်။ သီချင်းဆုံးတော့ ရိုနန်ရဲ့ ဓါတ်ပုံလေးတွေကို ပိတ်သားပြင်ပေါ်မှာ ပြသွားခဲ့တယ်။ ဂွင်းနက်ပက်ထရိုရဲ့ ဖခင်ဟာ ကင်ဆာနဲ့ သေဆုံးသွားခဲ့တယ်။ မက်ဒေမွန်၊ မိုက်ကယ်ဒေါက်ဂလပ် တို့ဟာလည်း လည်ချောင်းကင်ဆာကို တိုက်ခိုက်နေရသူတွေဖြစ်နေကြပါတယ်။ တခြား SU2C ကို အထောက်အပံ့ပေးကြတဲ့ နာမည်ကျော်တွေက တွမ်ဟန့်စ်၊ ဆိုဖီယာဗာဂါရာ၊ ဂျူလီယာရောဘတ်စ်၊ ဆမ်မျူရယ် အယ်လ် ဂျက်ဆန်၊ ဂျဲရဲမီရန်းနား၊ အဲမာစတုန်း၊ ဂျပ်စ်တင် တင်ဘားလိပ်ခ် နဲ့ ဂျက်ဆီကာဘီဘဲလ် တို့လည်းပါဝင်ကြတယ်။ အဲလီစီယာကီးစ် နဲ့ ကိုးလ်ပလေး တွေကိုလည်း ဖျော်ဖြေသူတွေကြားထဲ တွေ့လိုက်ရပါသေးတယ်။ SU2C ကို အထောက်အပံ့ပေးကြတဲ့ နာမည်ကျော် အနုပညာရှင်ပေါင်း ၁၁၆ ဦးရှိပါပြီ။
၉. ကြည့်ပါ .. သရဲတစ္စေဆိုတာ မရှိပါ
လူထောင်ပေါင်းများစွာဟာ ယူကေ၊ ဘရစ်စတိုလ်က နယ်လ်ဆန်လမ်းတစ်လျှောက်က လေဟာပြင်ပါတီပွဲတစ်ခုကို တက်ရောက်ခဲ့ကြပါတယ်။ အဲဒီလမ်းတစ်လျှောက်မှာ See No Evil ဆိုတဲ့ နံရံဆေးရေးပန်းချီ(Graffiti Art)တွေကို public art အဖြစ် အပြင်မှာပဲ ပြသထားတာပါ။ graffiti တွေဟာ အရွယ်အစားအမျိုးမျိုးရှိနိုင်ပါတယ်။ တချို့ကို မျှော်စင်အဆောက်အဦးမှာရေးဆွဲကြတယ်။ အထပ်၁၀ ထပ်ပါ အဆောက်အဦးအပါအ၀င် ခြယ်မှုန်းပါတယ်။ ၂၀၁၁ ကနေ See No Evil နံရံဆေးရေးပန်းချီပြပွဲကို ပြုလုပ်ခဲ့ကြပြီး၊ ယူကေရဲ့ နာမည်ကြီး graffiti artist တွေ ၇၅ ဦးအထက်ပါဝင်ခဲ့ကြတဲ့ ယူကေက အကြီးမားဆုံး street art ပြပွဲတစ်ခုပါ။ ပြီးခဲ့တဲ့နှစ်က သြစတြေးလျ၊ ပြင်သစ်၊ ချီလီ၊ အီတလီ၊ ဘာစီလိုနာ၊ အမ်စတာဒမ်၊ လောစ့်အင်ဂျလိစ်၊ နယူးယောက်၊ ပဲရစ် က graffiti artist အများအပြား ပူးပေါင်းပါဝင်ခြယ်မှုန်းခဲ့ကြပါတယ်။ See No Evil t အဓိပ္ပါယ်ကတော့ ဥာဏ်အမြော်အမြင်ကြီး၊ ပညာရှိတဲ့ မျောက်သုံးကောင်ဟာ သရဲတစ္စေကိုမမြင်နိုင်ဘူး၊ မကြားနိုင်ဘူး၊ စကားမပြောနိုင်ဘူးဆိုတဲ့ ဆောင်ပုဒ်ကနေ လာတယ်လို့ ဘရစ်စတိုမြို့တောင်ကောင်စီက မိုက်ခ်ဘန်းနက်ထ်က ပြောပါတယ်။
၁၀. ဒိုင်ယာရီမှတ်တမ်းထဲက သွေးစုတ်ဖုတ်ကောင်တွေ
The Vampire Diaries တီဗီဇာတ်လမ်းတွဲတွေမှာ ပါဝင်တဲ့သရုပ်ဆောင်တွေ ရဲ့ Dawson’s Creek နဲ့ One Tree Hill ပွဲအတွက် အ၀တ်အစားဖန်တီးရှင် လေးလာဗရာထ့်က ပြင်ဆင်နေပါပြီ။ အောက်တိုဘာ ၁၁ ရက်နေ့မှာ ပြုလုပ်မယ့် ရုပ်ရှင်အစမ်းပြပွဲတွေမှာ လာဗရာထ့်က ပွဲကိုတက်ရောက်လာသူတိုင်းအတွက်ထူးခြားတဲ့ ၀တ်စုံတွေဖန်တီးပါလိမ့်မယ်။ လူတိုင်းအတွက်စုံးမ၊ သွေးစုတ်ဖုတ်ကောင်နဲ့ ၀ံပုလွေသဏ္ဍာန် ၀တ်စုံတွေ ပြုလုပ်မှာဖြစ်ပြီး သွေးစက်တွေနဲ့ ကြောက်လန့်စရာအသွင်ပိုမိုပီပြင်အောင် ပြုလုပ်မယ်လို့ဆိုတယ်။ သူ စဉ်းစားတာက ကပွဲအမျိုးမျိုးအတွက် လိုက်ဖက်တဲ့ဝတ်စုံတွေပါ။ ၀တ်စုံအမျိုးအစား ခြောက်မျိုးကနေ ရှစ်မျိုးအထိအပေါ်ကနေ ၀တ်ဆင်ထားနိုင်တဲ့ ၀တ်စုံမျိုးဖြစ်ပြီး တခဏအတွင်း နေရာနဲ့လိုက်အောင် လဲလှယ်နိုင်ဖို့ ပြင်ဆင်နေတာပါ။ စင်ဒရဲလားခေတ်က ၀တ်စုံမျိုးတွေနဲ့ ဖန်တီးမယ်လို့ ဆိုပါတယ်။ ။
Living Fashion Magazine, October, 2012