Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, October 16, 2012

မင်္ဂလာဆောင်ပွဲလေး ကျင်းပနေတယ်

 ကျွန်မဟာနိုင်ငံတကာရုပ်သံလိုင်းများကို လှည့်ပြောင်းဖမ်းယူပြီး ကမ္ဘာကြီးရဲ့ဖြစ်စဉ်တွေ  မျက်ခြေမပြတ် စောင့်ကြည့်ဖို့ဝါသနာရှိခဲ့တယ်။ ဒီလို ကြည့်တဲ့အခါ ကမ္ဘာကြီးဟာ စဉ်ဆက်မပြတ် ဆူပွက်နေတာမို့  စိတ်ချမ်းသာစရာမြင်ကွင်းကတော့ သိပ်မရှိလှပါဘူး။ အနိဋ္ဌာရုံတွေသာ ဖန်သားပြင်ကို မင်းမူ ကြီးစိုးနေတယ်။အသေခံ ဗုံးခွဲခြင်း အကြမ်းဖက် တိုက်ခိုက်ခြင်း ကျူးကျော်ဝင်ရောက်ခြင်း ရန်စ ရန်လိုခြင်း  လက်နက်ယှဉ်ပြိုင် စမ်းသပ်ခြင်း  တဦးနှင့်တဦးပြစ်တင်ဝေဖန်ခြင်း တရားမဲ့ မောက်မာထောင်လွှ့ာားခြင်း စတာတွေကိုဘဲတွေ့နေရတယ်။ လူတွေဟာ ဒီလောက်ဘဲ ရိုင်းစိုင်းပြီး မေတ္တာတရား ခေါင်းပါးနေပြီလား။သည်းခံ ခွင့်လွှတ်ခြင်းတိုင်ပင်ဆွေးနွေးခြင်း မပြုနိုင်ကြဘူးလား။ အတိတ်ကဖြစ်စဉ်တွေ နာကျည်းမနေဘဲ ထားခဲ့လို့ မရကြဘူးလား။ လက်ရှိဘ၀မှာ ညီညွှတ်မျှတစွာ လူသားအချင်းချင်း အကျိုးရှိရှိ ငြိမ်းငြိမ်းချမ်းချမ်း အတူတကွ လက်တွဲ  နေကြဖို့  ဆန္ဒမရှိကြဘူးလား။ ဒီမျှ အမျိုးသားရေးစိတ်ဓါတ်ကို လွဲမှားစွာ ရှေ့တန်းတင် အစွန်းရောက်သင့်သလား။စစ်မှန်သော အမျိုးသားရေးစိတ်ဓါတ် ထားရှိဖို့  မသင့်ပါလား။

လူတွေ ဘာ့ကြောင့် အေးအေးဆေးဆေး မနေနိုင်ကြပါလိမ့် ။
ဘာ့ကြောင့် ဒီလောက် ခိုက်ရန်ဖြစ်ပွားနေကြပါလိမ့်။
ဘာ့ကြောင့် ဒီလောက် လူတွေ သတ်နေကြပါလိမ့်။
စာရေးသူ နားမလည်နိုင်ပါပြီ။ အံ့သြရပါပြီ။
ဘယ်ဘာသာရေးကမှ လူသတ်ရန် ခွင့်ပြုလိမ့်မည် မထင်ပါ။
ဂေါတမဗုဒ္မသာ သက်တော်ထင်ရှား ရှိစေချင်စမ်းပါဘိ။
တဘက်သတ်။ အယူသီး အစွန်းရောက် စသည် ကင်းရှင်းစေချင်ပါဘိ။
ဘယ်ရုပ်သံလိုင်းကို ကြည့်ကြည့် နေ့ စဉ်လူသတ်ပွဲတွေသာ တွေ့ နေရပြီး ပေါက်ကွဲဆူဝေနေတယ်။
အမျိုးသမီးများကလည်း အမျိုးသားများနှင့် တန်းတူ ရည်တူ လူသတ်နေပြနေကြ အသေခံဗုံးခွဲ နေကြတယ်။

၂၀၀၇ နိုဝင်ဘာ ၉ရက့်ဗုဒ္ဓဟူးနေ့ က ရုပ်သံလိုင်းအားလုံး  ဂျော်ဒန်နိုင်ငံ အမ္မာန်မြို့  ဟိုတယ်သုံးခု ဗုံးခွဲ ခံရမှု ကို breaking news  အဖြစ် ဦးစားပေး ထုတ်လွှင့်ခဲ့တယ်။  ဖေါက်ခွဲ ခံလိုက်ရတဲ့ ဟိုတယ် သုံးခုအနက် ရာနီဆန်ဟိုတယ်မှာတော့  မင်္ဂလာဆောင်ပွဲ ကလေးတခု ကြည်ကြည်နူးနူး ကျင်းပ ပျော်ရွှင် နေချိန် ဖြစ်ပါတယ်။ တဲ့။ ဖြစ်ရလေ ။လို့ စာရေးသူ သနားမိတယ်။ နှစ်ဘက်မိဘနှင့် သတို့သမီး သတို့သား ဆွေမျိုး (၁၇ယောက်) အပါအ၀င် ဧည့်ပရိတ်သတ်လူပေါင်း (၅၇)ယောက် ပွဲ ချင်းပြီး သေဆုံးခဲ့တယ်။သေစေညွှန်းခဲ့သူ ဘယ်မျှပါဝင်မည် မသိရပေမဲ့ အီရတ်၊ တရုပ်၊ ဂျော်ဒန်၊ ဆော်ဒီ ၊ ပါလက်စတိုင်း၊ အင်ဒိုနီရှား ၊ အဇ္ဇရေးလ်၊ အာရပ် စသည် တည်းခိုသူ (၁၀၀) ကျော် ဒါဏ်ရာ အကြီးအကျယ် ရရှိကြတယ်။ ကြောက်ခမန်းလိလိ မိုက်မဲ ဆိုးသွမ်းမှုတွေ ပါဘဲ။

မွှန်ထူနေတဲ့ မီးခိုးလုံးတွေကြား ဖရိုဖရဲ ကစဥ့်ကလျား ပြေးသူပြေး။ လွှားသူ လွှား ကြေမွသွားတဲ့ ဟိုတယ်အဆောက်အဦကြား အော်သူအော် ငိုသူ ငို ။ငရဲ ပွက်သလို သည်းပွတ်နှလုံး ပျက်ပြုံးချင့်စဖွယ် ဒါဏ်ရာ ဗလပွနှင့် ပြန့် ကြဲနေတဲ့  လူသေ အလောင်းများ မသေမရှင် လူနာများ ။
အို ဒါ လုပ်သင့် လုပ်ထိုက်ပါရဲ့ လား။ မေးစမ်းချင်ပါတယ်။
မိမိ ဘယ်သူ့ ကို ရည်ရွယ်တိုက်ခိုက် ဗုံးခွဲ ခဲ့ပါသလဲ။ မိမိအသက်ကိုစတေးရလောက်အောင် ထိုငိတန်သော လုပ်ရပ်ဟုတ်ပါ ရဲ့ လား။  မိမိသေစေချင်သူ ဘယ်နှစ်ဦးပါပါသလဲ။ ဗုံးခွဲသူ မသိနိုင်တဲ့ အရာပါ။
သေချာတာကတော့ မိမိနှင့် မျိုးတူ ရိုးတူ အီရတ်သတို့ သားနှင့် သတို့ သမီး ပါဝင်သွားခြင်းပါဘဲ။

တကယ်တော့ ဗုံးခွဲ သူတွေဟာ အုပ်စု သုံးစု ခွဲ ပြီး ဟိုတယ်သုံးခု သုံးနေရာ ကို တပြိုင်တည်း ဖေါက်ခွဲ ဖို့  အကြံကြီးခဲ့ကြသူများပါ။သူတို့ ဟာ ၂၀၀၅ခုနှစ် နိုဝင်ဘာလ (၅)ရက်နေ့ မှာ အီရတ်နိုင်ငံ ကနေ ဂျော်ဒန်နိုင်ငံ အမ္မာန်မြို့ ကို ရောက်ရှိလာကြသူများဖြစ်တယ်။ အဲဒီအဖွဲ့ ထဲက အသက် (၄၀) အရွယ် အီရတ်အမျိုးသား အလီဟူစိန်အယ်လ်ရှန်မာရီ နှင့် ဇနီးဖြစ်သူအသက်(၂၅)နှစ် အရွယ် ဆာဂျီ ဒါမူဘာရပ် အယ်လ်ရီရှာဝီ တို့ ဟာ ဂျော်ဒန်နိုင်ငံ အမ္မာန်မြို့ ဟိုတယ်ရာမာဆန် မှာ တည်းခိုနေကြတဲ့ အနောက်နိုင်ငံ သားများကို ဗုံးခွဲတိုက်ခိုက်ရန် တာဝန်ပေးအပ်ခြင်း ခံရသူများဖြစ်တယ်။အမှန်ကတော့ အဲဒီအချိန်မှာ ရာမာဆန်ဟိုတယ်မှာ တည်းခို နေသူများက အပြစ်ကင်းသူများပါ။  အီရတ်နိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အတွက်  ၀ိုင်းဝန်းပူးပေါင်းကူညီရန် အပြည်ပြည်ဆိုင်၇ာ အဖွဲ့အစည်းအသီးသီးက ရောက်ရှိနေတဲ့  နိုင်ငံစုံက လူမျိုးစုံ များဖြစ်တယ်။ သူတို့ ဇနီးမောင်နှံဟာ မင်္ဂလာဆောင်ပွဲ ကလေး ကျင်းပနေစဉ် ဧည့်ပရိသတ်တွေနှင့် ခန်းမထဲကို ရောနှောဝင်ရောက်မယ် အသင့်နေရာယူ ပြင်  ဖေါက်ခွဲ စသည် အဆင့်ဆင့်  ကြိုတင် အကွက်ချစည်းဝါးရိုက် ထားကြပြီးပါ။ သူတို့ဟာ ဖေါက်ခွဲ ရေးသင်တန်းများကိုလည်း ပိုင်နိုင်စွာ တက်ရောက်ခဲ့ ကြပြီးဖြစ်တယ်။ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နိုင်ရန် အဓိကကျတဲ့ သတင်းအချက်အလက် တွေ ထောက်လှမ်းရေးသမားများထံက ပေးပို့ ထားပြီးလဲ ဖြစ်တယ်။

လူမျိုးရေး စိတ်ဓါတ် ခိုင်မာပြင်းထန်ဖို့ ရဲရင့်ပြတ်သားဖို့ မဆုတ်မနစ် ဇွဲမာန် ခက်ထန်မာကြောဖို့  အမေရိကန်တွေ မျိုးပြုတ်ဖို့ အမေရိကန်တွေကို အသေအလဲ မုန်းတီးဖို့ ကလဲ့စားခြေဖို့  စတဲ့သဘောတရားတွေကိုလဲ သူတို့ရဲ့ ခေါင်းဆောင်ကြီးများက သို့မဟုတ် သင်တန်းဆရာများက သူတို့ ခေါင်းထဲအကြိမ်ကြိမ် အပြတ်ရိုက်ထည့် ပေးလိုက်ပြီးပါ။ အယ်လ်ရီရှာဝီ ကိုယ်တိုင်လည်း မောင်သုံးယောက်နှင့် ညီမ ခင်ပွန်းကို အမေရိကန် မရိန်းတပ်ဖွဲ့  က သတ်ဖြတ်ပြစ်ခဲ့မှု အပေါ် အခဲ မကြေ ဖြစ်နေတာပါ။သူမက ခံစားချက်အပြည့်နှင့် လက်တုံ့ ပြန်တိုက်ခိုက်ဖို့  သိပ်စိတ်အားထက်သန်နေတယ်။ သူမရဲ့ အမျိုးသား ကလည်းသူမကို ဒီကိစ္စ သွေးအေးမသွားဖို့  မပြတ်သွေးထိုး လှုံ့ ဆော်ခိုင်းစေ နေသူဖြစ်တယ်။အမေရိကန်များကို သူတို့  က ခရူဆိတ်ဒါများအဖြစ်သာ အမြဲ မြင်နေကြတယ်။

နိုဝင်ဘာ (၉) ရက် ညဦးပိုင်းမှာတော့ ဟိုတယ် ခန်းမကြီးထဲမှာ မင်္ဂလာပွဲ ချီးမြှင့်လာသူများနှင့် စည်ကားသိုက်မြိုက်လို့နေတယ်။ ဧည့် သည်များဟာ တဦးကို တဦး အပြုံးတွေဖလှယ်ရင်း တုံ့ပြန်ရင်း ပေးကမ်းရင်း ချမ်းမြေ့စွာ ဟိုသည် ကူးသန်း သွားလာ ပြောဆိုနေကြတာပါ။ အစီအစဉ်အတိုင်းအီရတ်ဇနီးမောင်နှံဟာ ခန်းမထဲကို ဧည့်ပရိတ်သတ်တွေနှင့် မင်္ဂလာပွဲ တက်ရောက်သူ အသွင် ရောနှောဝင်ရောက်လာပါပြီ။ အသင့်အနေအထားလည်းရှိနေပါပြီ။ အယ်လ်ရီရှာဝီ တယောက် စိတ်ဂဏှာ မငြိမ်ပါဘူး။ နိုင်ငံခြားသားတွေလို့  သူထင်နေတဲ့လူတွေကို သဲသဲမဲမဲ စိမ်းစိမ်းကြည့် ပြီး စိတ်ထဲက “သွားစမ်း ဟေ့လူတွေ .. မင်းတို့  မကြာခင် သေရစေ့မယ်။ငါ့ဆွေမျိုးတွေ အသေဆိုးနဲ့ သေရသလို မင်းတို့  အခုသေရမယ်။" စသည် အံကြိတ်ကြုံးဝါးနေလေရဲ့ ။
ဟုတ်တယ်လေ။ မကြာခင် စက္ကန့်ပိုင်းအတွင်း သူမ ဗုံးခွဲ တိုက်ခိုက်တော့မှာလေ။
သူမရဲ့ဝတ်ရုံမဲ ကြီးအောက်က ခါးမှာ ဗုံးတွေ အလီ ဟူစိန်ကိုယ်တိုင် ကျကျနန ခါးပတ်ပတ် တပ်ဆင်ပေးလိုက်ပြီကော။ (အရင်ဆုံးသေရမဲ့သူက သူမဆိုတာ သူမ မသိဘူး) ၀တ်ရုံဖါးဖါးကြီးက  ဖုံးကွယ်ထားသလိုဘဲ။ ဗုံးတွေကို ဘယ်သူမှ မမြင်နိုင်ပါဘူး။ သူတို့နှစ်ဦးဟာ ဆန့်ကျင်ဘက် ဒေါင့်တခုစီမှာ နေရာယူခဲ့တယ်။ အသင့်အနေအထားနှင့် စောင့်ဆိုင်းနေကြတယ်။ သတ်မှတ်ချိန်ကာလမှာ အလီဟူစိန်က အချက်ပေးလိုက်တယ်။သူကိုယ်တိုင်လည်း စနက်တံကို ဆွဲ ဖြုတ်လိုက်ပါပြီ။ သူ့ကိုယ်က ဗုံးတွေဟာ ချက်ခြင်းပေါက်ကွဲ ပြီး အစအနတွေလေထဲမှာ လွင့်ပျံသွားသလို သူ့ ကိုယ်ကြီးဟာလည်း အပိုင်းပိုင်း ပြတ်ထွက် သွားခဲ့တယ်။

ပရိတ်သတ်တွေ တော်တော်များများ လည်း အလားတူ တစစီဖြစ်သူဖြစ်  ကူပါ ကယ်ပါ အော်သူတွေနှင့် ဆူညံ ပွက်လောရိုက်ခဲ့ပြီး လွတ်ကင်းချမ်းသာကြသူများကတော့ တံခါးဝတခုကို ပြုံတိုးရင်း ဦးတည်ချက်မရှိ ထွက်ပြေးနေကြတယ်။ ဗုံးခွဲမယ့် အီရတ်အမျိုးသမီးကတော့ စနက်တံကို ဆွဲဖြုတ်ဖို့ အားထုတ်ခဲ့ပေမဲ့ ကံကောင်းစွာ ဗုံးတွေက မကွဲ ပါဘူး။ စုပြုံထွက်ပြေးနေကြသူတွေထဲမှာ သူမပါ အသိမဲ့စွာ ရောနှော တိုးဝှေ့ နေတယ်။ နောင်အခါ သက်ဆိုင်ရာက သတင်းအရ  သူမတို့  ငှားရမ်းတည်းခိုခဲ့တဲ့ အမ္မာန်ရှိ အိမ်တလုံးအတွင်းကနေ ဖမ်းမိသွားတယ်။ ဒီသတင်းကို CNN ,BBC ,DW ,ALJAZEERA စသည် အာရပ် လိုင်းပေါင်းစုံမှပါ  သူမရဲ့  ဗုံးဆင်ထားတဲ့ ကိုယ်ခန္ဒာကို ရှုဒေါင့် မျိုးစုံ ဘက်ပေါင်းစုံက လှည့်ပတ်ရိုက်ကူး ပြီး အဆက်မပြတ် တင်ဆက်ပြသထုတ်လွှင့်ခဲ့တယ်။ဗုံးဆင်ပုံဆင်နည်းကို ပြသပေးတာပါ။ ဒီလုပ်ရပ်ကို အယ်လ်ကေဒါ အဖွဲ့ က သူတို့ လက်ချက်လို့  ၀န်ခံခဲ့ကြတယ်။
ကောင်းပါပြီ။

ဘာ့ကြောင့် ဒီလို အကြမ်းဖက်တိုက်ခိုက်ပါသလဲ။ (ဇစ်မြစ်ကို ရှာပါ)
ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေကို ကမ္ဘာ့ခေါင်းဆောင်ကြီးတွေက ဘယ်လို တုံ ပြန်ပါသလဲ။
အကြမ်းဖက်နှိမ်နင်းရေးကို  ပူးတွဲ ဆောက်ရွက်ကြတယ်အောင်မြင်မှု သိပ်မရှိခဲ့ဘူး။ အမှန်က စစ်ရေးနှင့် ဖြေရှင်းလို့ ရမယ်မထင်ဘူး။ အမုန်းကို နှိမ်နင်းရမှာဖြစ်တယ်။ အမုန်းဘယ်ကလာသလဲ ။ အကြောင်းရင်းကို ကြည့်မြင်ရမှာဖြစ်တယ်။ ဟုတ်ပါတယ်။ အမုန်းကို ပြိုကွဲအောင်  ဖြိုခွဲနှိမ်နင်းရမှာပါ။အမုန်းကို အမုန်းဖြင့် (လက်နက်ဖြင့် ) ဖြေရှင်း နှိမ်နင်းလို့  က ဘယ်တော့မှ စစ်မီးငြိမ်းမယ်မဟုတ်ဘူး။ ရန်ကို ရန်ချင်း မတုံ့ နှင်းရပါဘူး။ သည်းခံခွင့်လွှတ်နားလည်ပေးခြင်းဟာ ကျွန်မတို့ ဂေါတမဗုဒ္မရဲ့  အကောင်းဆုံး အမုန်းဖြိုဖျက်ရေး လမ်းစဉ်ပါဘဲ။ဆိုလိုတာက တွေ့ ဆုံ ဆွေးနွေး အဖြေရှာရေးပါ။ သူတပါးကို ကိုယ်နှင့် ထပ်တူ ချမ်းသာစေလိုခြင်း။ ဆိုတဲ့ မေတ္တာ ကို  ဖြန့်ဖြူးနိုင်ရပါမယ်။ မေတ္တာဖြင့်သာ အောင်မြင်မှုတွေ တပွေ့ တပိုက် ရရှိနိုင်ပါလိမ့်မယ်။ အမုန်းသံသရာရှည်စေမဲ့ အပြန်အလှန် ကလဲ့စားခြေခြင်း An Eye For An Eye ဆိုတဲ့ တောင်းဆိုချက်မျိုးဟာ သွေးရူးသွေးတမ်း တောင်းဆိုမှုသာ ဖြစ်လို့  ဒါဟာ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဒါဟာ တရားလက်လွှတ်သူများရဲ့  ရူးသွပ်မိုက်မဲမှုသာ ဖြစ်တယ်။
 အစွဲ ကြောင့် မုန်းခြင်း (obsessive hate)
အတ္တကြောင့်မုန်းခြင်း။ (hysterical hate)
စတာတွေ မရှိရပါဘူး။ ခ၀ါချပြစ်ရပါလိမ့်မယ်။
မဟုတ်ရင် ဘယ်တော့မှ မငြိမ်းချမ်းဘူး။  ခက်တော့လဲ အခက်သား။
နိုင်ငံ့ခေါင်းဆောင်ကြီးတွေဟာ ဘုရားလောင်းတွေမှ မဟုတ်တာ။ florist က လောဘတကြီး မျှော်လင့် နေမိတယ်။ ဘာသာရေးဆိုတာ ပျော့ညံ့တယ်လို့ လူ့စရိုက် လူ့ဗီဇ အရ ပြဿနာတွေကို လူသားပီပီ ဖြေရှင်း ကြမှာဖြစ်လို့  အမုန်းက ရှို့ တဲ့ မီးတောက်မီးလျှံ များအကြားမှာ ကမ္ဘာသူ ကမ္ဘာသားအားလုံး လောင်မြိုက်မှု ကင်းအောင် ဗုဒ္မ ကျင့်စဉ်အတိုင်း ကျင့်ကြံ နေထိုင်ရမှာက အသေအချာပါဘဲ။

(အတွဲ ၂ အမှတ် ၄ ၂၀၀၇ ဧပြီလထုတ် youth မဂ္ဂဇင်းပါ ဆောင်းပါးကို ပြန်လည်ဝေမျှပါသည်)


Florist

No comments: