Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, October 10, 2012

ညင်သာစွာ ဇီဝိန်ခြွေသူ

ဒဲရက်ခ် ဟမ်းဖရေး(Derek Humphry) ဟာ အင်္ဂလိပ်ဘခင်နဲ့ အိုင်းရစ်မိခင်တို့က မွေးဖွားခဲ့သူဖြစ်တယ်။ ၁၉၃၅နဲ့ -၄၅ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းသူ့ရဲ့ပညာရေးနယ်နမိတ် ကျဉ်းမြောင်းခဲ့ပေမဲ့ အသက်၁၅နှစ်မှစလို့ စာပေလောကကို ၀င်ရောက်ခဲ့ပြီး  ဂျာနယ်လစ် တယောက်အဖြစ်  ခိုင်မာစွာ ရပ်တည်နိုင်ခဲ့တယ်လို့  ဆိုရမှာပါ။ အသက် (၁၈)နှစ်မှာ စစ်မှု ထမ်းခဲ့ရပြီးနောက် ယူကေနိုင်ငံရဲ့ နာမည်ကြီး မန်ချက်စတာ ညနေခင်းသတင်းစာ အထွေထွေသတင်းထောက်လှမ်းသူအဖြစ် ကျေပွန်စွာ တာဝန်ထမ်းဆောင်နိုင်ခဲ့တယ်။

ထိုမှ ဒေးလီမေးလ် သတင်းစာမှာ လက်ထောက်အယ်ဒီတာ၊ ဥရောပရဲ့ ဖို့ဒ်ကားတွေအကြောင်း ဝေေ၀ဆာဆာဖေါ်ပြရေးသားပေးရတဲ့ လန်ဒန်ပြင်ပက စာစောင်တခုမှာ အယ်ဒီတာချုပ်ဖြစ်လာပြီးနောက် ဆန်းဒေးတိုင်းသတင်းစာမှာ ပြောင်းရွှေ့တာဝန်ယူရပြန်တယ်။ သူဟာ Because They are Black အမည်နဲ့ လူမည်းတွေဘက်က ရှေ့နေလိုက်တဲ့ စာအုပ် ထုတ်ဝေခဲ့ရာမှာ လူကြိုက် အတော်များခဲ့တယ်။ဒီ့နောက် Police power နဲ့  Black People မှာ ဗြိတိန်ရဲတွေအကြောင်းနဲ့ လူမဲတွေအကြောင်း ပွင့်ပွင့်လင်းလင်းရေးသားခဲ့လို့ နာမည်ကျော်သွားတယ်။ ဒီနောက်မှာတော့ သူ့တသက်မှာ သူ့ချစ်ဇနီးနဲ့ ပတ်သက်လို့   စိတ်ထိခိုက်ခံစားခဲ့ရမှု အများဆုံးပါဝင်တဲ့ “ဂျင်းန်ရဲ့နောက်ဆုံးခရီး “ (Jean’s Way )စာအုပ်ကို  ဖွင့်ဟရေးသား ထုတ်ဝေလိုက်တယ်။

အဲဒီစာအုပ်မှာ ဇနီးသည် ဂျင်းန် ဟာ အရိုးကင်ဆာရောဂါနဲ့ ဘယ်လို နာကျင်ခံခက်စွာ ရှင်သန်နေရပုံ၊ နောက်ဆုံးမှာတော့ ဝေဒနာကို ဆက်လက်သည်းခံနိုင်စွမ်းမရှိတော့တဲ့ ဇနီးသည်အတွက် ရင်နာနာနဲ့ မသိမသာထွက်သက်ပျောက်စေနိုင်တဲ့ ဟမ်းမလော့ဆေးနဲ့ ဇီဝိန်ချွေပေးခဲ့ရပုံ ကို  ကွဲအက်ကြေပြုံးနေတဲ့ နှလုံးသားနဲ့ ရေးသားတင်ပြထားပုံ ဖတ်ရှုရမှာဖြစ်တယ်။ ဇနီးသည်ရဲ့ နောက်ဆုံးထွက်သက်အထိ သေပုံသေနည်း  ဖြစ်စဉ်တွေကို ရိုးစင်းစွာ ရဲရင့်စွာ ကြေကွဲစွာ ရေးသားထားတဲ့စာအုပ်ဖြစ်တာမို့ ထူးခြားတဲ့ စာအုပ်တအုပ်အနေနဲ့ ကမ္ဘာတ၀ှမ်း သိမ့်သိမ့်တုန်ကျော်ကြားသွားတာပါ။ ၁၉၇၈ခုနှစ် မှာပါ။ ဘာသာလေးမျိုး ပြန်ဆိုရေးသားခဲ့တယ်။ရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းခဲ့တယ်။ ဒီစာအုပ်ကိုသူကိုယ်တိုင် (၁၆)ကြိမ်တိတိ တည်းဖြတ်ခဲ့တာပါ။ ဒီလို အမှန်အကန်ဖြစ်ဖို့တည်းဖြတ်နိုင်ခဲ့လေလေ သူ့ အတွက် အန္တရယ်မကင်းလေလေပါဘဲ။

ဘာ့ကြောင့်လဲဆိုရင် ဗြိတိန်နိုင်ငံက ဘယ်လို အကြောင်းပြချက်မျိုးနဲ့မှ မိမိကိုယ်ကိုမိမိ သေကြာင်းကြံစည်ဖို့ အခွင့်မရှိပါဘူး။ အကူအညီပေးခဲ့သူကိုတောင် ထောင်ဒါဏ် (၁၄)နှစ် ကျခံ ရမှာဖြစ်တယ်။ သူဟာ မလွှဲမကင်းသာ  ပြစ်မှုကျူးလွန်ခဲ့သူဖြစ်ပေမဲ့ ဆေးဝါးထောက်ပံ့ပေးသူ သမားတော်ရဲ့အမည်ကိုတော့ ထုတ်ဖေါ်ခြင်းမပြုခဲ့ပါဘူး။ ၁၉၈၀ခုနှစ်မှာ တရားမ၀င် ဖွဲ့ စည်းထားတဲ့ မိမိကိုယ်ကို သေကြောင်းကြံစည်ကြသူများ အဖွဲ့(Hemlock society အဖွဲ့ အစည်း)တစ်ခုက သူ့ ကို ဆက်သွယ်လာတယ်။ အဲဒီစာအုပ်ကို ဖတ်ပြီး သူ့ဇနီးကို ကူညီခဲ့ရသလိုမျိုး အလားတူ ပါဝင်ကူညီပေးပါလို့ တော်တော်များများတောင်းဆိုမှုတွေ ရှိလာတယ်။ ဒီအခါမှာ သူသတိပြုမိတာက ဥပဒေကြောင်းအရ တရားဝင် အဖွဲ့အစည်းတခု ထူထောင်ဖို့  လိုအပ်တယ်လို့  သူတွေးခဲ့တယ်။
Let Me Die Before I Wake အမည်နဲ့ စာအုပ်ကို ထုတ်ဝေဖြန့်ချိခဲ့ရာမှာလဲ အရောင်းရအတွင်ကျယ်ဆုံးဖြစ်ခဲ့တယ်။ အဖွဲ့ဝင် လူကြီးများလက်ကို အပ်နှံ ရောင်းချခဲ့ပေမဲ့ လူသိရှင်ကြားဖြန့်ဝေဖို့ တိုက်တွန်းနိုးဆော်ကြတာမျိုးများလာတယ်။ ၁၉၈၂ခုနှစ်မှာ အုပ်ရေပေါင်း(၂၅၀၀၀) ဆင့်ပွားရောင်းချခဲ့တယ်။ ဒါဟာ ဟမ်းမလော့ခ်ဆေးရဲ့ ဂုဏ်သတင်းကျော်ကြားဖို့အခြေခံ အုတ်မြစ်တခု  ဖြစ်လာတာပါဘဲ။ Hemlock society အဖွဲ့ဟာ suicide လုပ်ပေးသူ သမားတော်တွေရဲ့  အကူအညီနဲ့ လျို့ဝှက်စွာ အကောင်အထည်ဖေါ် လုပ်ဆောင်နိုင်ခဲ့တယ်ဆိုရမှာပါ။ Hemlockဆေးရဲ့အရေးပါအရာရောက်ပုံကိုလဲ လူတွေ စိတ်ဝင်စားအောင် ဟောပြောနိုင်ခဲ့ပါတယ်။

၁၉၉၁ခုနှစ်မှာတော့ နောက်ဆုံးထွက်ပေါက် (Final Exit) ဆိုတဲ့ စာအုပ်ကို ရေးသားထုတ်ဝေရာမှာလဲ အောင်မြင်မှု ရခဲ့ပါတယ်။ ဒီစာအုပ်ပါ အချက်အလက်တွေဟာ ယူအက်စ် ၊ဗြိတိန်၊ သြစတြေးလျား နယူဇီလန်မှာဆိုရင် အခြေခံ စည်းမျဉ်းဥပဒေနဲ့  ညှိစွန်းနေမှာဖြစ်ပြီး ပြင်သစ်မှာ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ Dying with Dignity, Under Standing  Euthanasia,(1995) Lawful Exit (1994)စာအုပ်တွေကလည်း ထွက်ပြီးရင်းထွက်ရင်း ပါဘဲ။ လူတွေကလဲ ဖတ်ပြီးရင်း ဖတ်နေရင်းပါဘဲ။ ဆေးပညာရှုဒေါင့်ကနေပြီး သူ့တင်ပြပုံတွေကို လူတွေက ပြည့်ဝစွာ ယုံကြည်ကြတယ်။ ၁၉၈၆မှာ The Right To Die စာအုပ်ကို ထုတ်ဝေခဲ့တယ်။ ဟမ်းမလော့ခ်ဆေးရည်ဟာ လှပတဲ့ အဖြူရောင် အဆင်းရှိ တောပန်းပွင့်တမျိုးကနေ ထုတ်လုပ်ထားတဲ့ အဆိပ်ရည်ပါ။ညင်သာ သိမ်မွေ့နူးညံ့တဲ့သဘောကိုဆောင်ပြီး စိတ်ပူပန်ကြောင့်ကျစရာ မရှိဘူး။ဘယ်လို ဥပါဒ်မျိုးမှလဲ မရှိဘူး။ဒီဆေးရည်ကို အစက်ချပေးလိုက်ရုံနဲ့ လွတ်မြောက်ရာလမ်းသို့ မဆုတ်မနစ်  ညင်သာသိမ်မွေ့ စွာထွက်ခွာနိုင်မှာဖြစ်တယ်။

၁၉၇၅ခုနှစ်မှာပေါ့။ ကျွန်တော့်အကြိုက် တောင်ကုန်းကလေးပေါ်မှာဆောက်ထားတဲ့  သစ်သားအိမ်ကလေးထဲမှာ..။

ကျွန်တော်နဲ့ဂျင်း … လို့ သူက အစချီပြီး Jean’s Way စာအုပ်ရဲ့  အခန်း(၉) ကို အစချီ ရေးသားခဲ့တယ်။ အခန်း(၉)မှာ ကင်ဆာရောဂါရဲ့ ဆိုးဝါးပြင်းထန်ပုံတွေကို ဂျင်းခမြာ ၂နှစ်တိုင်တိုင် ကြိတ်မှိတ်ခံစားရပုံ ပထမရင်သားကနေ အရိုးတွေဆီ ပျံ့နှံ့လာပုံ သူကိုယ်တိုင် ဂရုတစိုက် လိုလေသေးမရှိ အနီးကပ် ပြုစုစောင့်ရှောက်ခဲ့ပုံ  နောက်ဆုံး အသက်ရှင်ရပ်တည်နေနိုင်ဖို့  လိုအပ်တဲ့အင်္ဂါအစိတ်အပိုင်းတွေအားလုံးကူးစက်လာပုံနဲ့ ကုမရတဲ့ ရောဂါဝေဒနာအကြောင်း  ဖွဲ့နွဲ့တင်ပြထားပါတယ်။

အခန်း(၁၀)မှာတော့ သည်းခံနိုင်ဖို့မစွမ်းနိုင်တော့တဲ့အခါ ဂျင်းန်က သူ့ကို ကျွန်တော်ကိုယ်တိုင် အဆုံးစီရင်ပေးရန် လိုလာ့းကြောင်း မနာမကြင်မခံစားရဖို့ကိုလည်း သမားတော်နဲ့တိုင်ပင်ရန် .. တောင်းဆိုခဲ့ကြောင်း..နဲ့သူ့ရဲ့ နောက်ဆုံးနေ့တွေမှာ ကျေးလက်က အနားယူ အပန်းဖြေအိမ်ကလေးမှာ အေးအေးဆေးဆေး ကုန်လွန်ချင်ကြောင်း ဂျင်းန်ပြောပြတာတွေ ဂျင်းနဲ့ နှစ်ဦးသဘောတူ ကတိပေးခဲ့ရပုံတွေ စိတ်ရှိလက်ရှိ ရေးသားချယ်မှုံးထားတယ်။နောက်ဆုံး သူတို့နှစ်ဦးရဲ့ကြေကွဲဖွယ် ဖြစ်စဉ်ကလေးက စိတ်ဝင်စားဖွယ် အလွန်ကောင်းနေတာမို့ မူရင်းစာသားအတိုင်း အောက်မှာ ကောက်နှုတ်ဖေါ်ပြပေးလိုက်ပါတယ်။

ကျွန်တော်တို့ရဲ့ ကျေးလက်စံအိမ်ကလေးထဲမှာ..တနေ့ ကျွန်တော် အိပ်ယာက နိုးလာတော့သူမဘက်ကို စောင်းငဲ့ကြည့်လိုက်တယ် ဆိုရင်ဘဲ ကျွန်တော်ကို အိပ်မရတဲ့ မျက်လုံးတွေနဲ့ ဆွေးဆွေးမြေ့မြေ့ငေးကြည့်နေတဲ့ဂျင်းန် ကို တွေ့ ရတယ်။ကျွန်တော်က တခုခုဖြစ်တော့မယ်လို့ကြိုတင် သတိပေးနေသလိုမျိုး အာရုံမှာခံစားလိုက်ရပေမဲ့ ဘာမှမဖြစ်သလို သာမန်အနေအထားနဲ့

 “ မောနင်း ဒါလင် နေကောင်းရဲ့လား “လို့ 
သူမကို နှုတ်ဆက်လိုက်တယ်။

သူမဟာဒီလိုဘဲ ကျွန်တော့်ကို စိုက်စိုက် ကြည့်နေတတ်တယ်လေ။

သူမကတော့ ငိုမဲ့မဲ့နဲ့ ..
“ကျွန်မ လည်ပင်းထဲက သိပ်ဆိုးတာဘဲ။ နည်းနည်းမှ လှုပ်မရဘူး"  တဲ့။ ဂျင်းန် ကပြန်ပြောတယ်။
ကျွန်တော်အိပ်ယာကထပြီး ဂျင်းန် သုံးနေကျ ဆေးတွေခွံ့ပေးလိုက်တဲ့အခါ ဂျင်းန်က ကြိုးစားပြီးမျိုချရှာတယ်။
ကျွန်တော်က အခန်းပြတင်းပေါက်တွေ လိုက်ကာတွေ ဖွင့် ဖယ်ရှားလိုက်တယ်။

 နွေဦးရာသီရဲ့ ချစ်စဖွယ်ကြည်လင်တောက်ပနေပုံ ရှုခင်းကလေးကို မြင်တွေ့လိုက်ရပြီး  သစ်လွင်တဲ့ နေခြည်နုထွေးထွေးက ကျွန်တော်တို့ နှစ်ဦးစလုံးကို တိတ်တခိုးနှုတ်ဆက်နေတယ်။ သူမကတော့ ဘာမှ တုံ့ပြန်မှုမပြုဘဲ ငြိမ်သက်လို့ နေတယ်။

ဂျင်းန် ထွက်ခွာဖို့ အားယူနေပြီလား။ ဒါမှမဟုတ် ပြီးခဲ့တဲ့ အတိတ်က လွမ်းဆွေးတသဖွယ်ရာတွေ အတွေးပေါင်းစုံ ယှက်ဖြာပြီး ပြန်လည်သုံးသပ်နေရော့သလား။
‘ကိုယ် မနက်စာ ယူပေးရမလား .ဟင်"
“သိပ်ကောင်းတာဘဲကွယ် ..လက္ဘက်ရည်တခွက်နဲ့ ပေါင်မုံ့ မီးကင်လေးများ..ရနိုင်ရင် ..”
သူမအတွက် မနက်စာကို ပြင်ဆင်ရင်း ကျွန်တော့ ခေါင်းထဲမှာလဲ အတွေးပေါင်းစုံနဲ့..။ကျွန်တော် ဘာလုပ်ရမလဲ ။တကယ်လို့  ဂျင်းန်က “ကျွန်မရဲ့နောက်ဆုံးအချိန် ရောက်ပီလား" လို့  မေးခဲ့ရင် ကျွန်တော် ဘယ်လို အင်အားနဲ့ ဖြေရမှာပါလိမ့်။ဒီကိစ္စမှာ သမားတော်ရဲ့ ဆေးက  ယုံကြည်စိတ်ချရပါရဲ့လား။ ကျွန်တ်ာကရော သူမကို လက်လွတ်အဆုံးရှုံးခံနိုင်ဖို့ သေချာရဲ့လား..။
ဒါပေမဲ့ …ကျွန်တော်ကိုယ်တိုင် သူမဘ၀ကို နှုတ်ယူဖို့ သဘောတူခဲ့ပြီဘဲ။ ကတိပေးခဲ့ရပြီဘဲ။

နောက်ဆုံးအချိန် …..ဟုတ်ကဲ့။
တဖြည်းဖြည်း နီးကပ်လာနေပြီဆိုတာ ကျွန်တော် မေ့မရဘူး။ ဒီလို ကြံစည်ရတာဟာ ဂျင်းန် ကိုယ်တိုင်က လိုလိုလားလားတောင်းဆိုနေတာရယ် ..မျှော်လင့်ချက် ကင်းမဲ့တဲ့ဘ၀မျိုးမှာ ဝေဒနာ ဆိုးဆိုးဝါးဝါးကြီးကို ထွေးပွေ့ပြီးမနေလိုတော့တာရယ် ကြောင့်ပါ ..။ သူမက ဆေးရုံစရိတ်စကတွေလဲ မနည်းတော့ဘူး။အကျိုးမဲ့ ကုန်ဆုံးနေပြီတဲ့။မျှော်လင့်ချက်မရှိဘဲနဲ့ ငွေကြေးထပ်မံ မကုန်စေချင်တော့ဘူး။ တဲ့။ ဆေးရုံမှာလဲ တနေ့တနေ့ အကြောင်းမထူးတဲ့ ရေဒီယို ဓါတ်ရောင်ခြည် ကုထုံးတွေ နဲ့ အကြိမ်ကြိမ်ထိတွေ့ ခံစားမနေချင်တော့ဘူး တဲ့။သေရမဲ့အတူတူမိမိအိမ်ကလေးထဲမှာဘဲ တိတ်တိတ်ဆိတ်ဆိတ် အေးအေးဆေးဆေး ညင်ညင်သာသာ အဆုံးသတ်နိုင်ဖို့ခုလို ကြံစည်တိုက်တွန်းရတာပါတဲ့။ ဂျင်းန်က.။ ပြီးတော့မိသားစုဆရာဝန်ကိုယ်တိုင်က  အကြောင်းမဲ့ လူနာပင်ပန်းအောင် ဓါတုဗေဒဆေးဝါးတွေနဲ့အချိန်ဆွဲမထားသင့်ဘူး လို့ မိမိယူဆငြောာင်း ပြောပြတယ်။

ဟုတ်ပါပီ။ ကျွန်တော်ကြားနေရတာတွေက မျိုးစုံပါဘဲ။ မျှော်လင့်ချက်မရှိပါဘဲ ဆေးတန်ခိုးပြလို့ အသက်ရှည်နေရတာဟာ လူနာ ပင်ပန်းတာသာ အဖတ်တင်ပါတယ် တဲ့။
ဂျင်းန်ပြောခဲ့တာတွေပါ။

“ဒဲရက်ခ် မောင်ရယ်.ကျွန်မသေရင် အိမ်လေးမှာ ကျွန်မနဲ့ မောင် နှစ်ယောက် ထဲ  ရှိချင်ပါတယ်။ သေတော့သေမယ် ဘယ်အချိန်သေမလဲမသိ။ ဒီလိုချည်းဆေးရုံမှာ တယောက်ထဲ မထားခဲ့ပါနဲ့နော်။
ကျွန်မရဲ့ နောက်ဆုံးအချိန်ဟာ မောင့်အနားမှာ ..မောင့်ရင်ခွင်ထဲမှာ ကျွန်မတို့ရဲ့  အိမ်ကလေးထဲမှာ..။ တဲ့။
ဂျင်းန် ရယ်..။
ကျွန်တော် စဥင်္းစားမိတိုင်းရင်နာတယ်။ ကျွန်တော့ရင်တွေ ပူလောင်လာတယ်။ ကျွန်တော် မနေနိုင်တော့ဘူး။ ကျွန်တော် တကိုယ်လုံး ရေစိမ်ချိုးပလိုက်တယ်။ ဂျင်းန်ကွယ်ရာမှာ မျက်ရည်ကျတယ်။ ပြီးမှ ပုံမှန်ပြန်ရောက်အောင်ကျွန်တော်ကြိုးစားရင်း ဂျင်းန်အတွက် မနက်စာကို သူမအိပ်ယာမှာချပေးလိုက်တယ်။ ဂျင်းန် ဖတ်နေကျ ဂါးဒီယဲန် သတင်းစာကိုလဲ သူမအိပ်ယာနဘေး ချပေးလိုက်တယ်။ဂျင်းန်ကလဲ ဘာမှ မသိသလို လက္ဘက်ရည်ကို တကျိုက်ချင်း စုပ်ယူနေတယ်။ ပေါင်မုံ့ မီးကင်ကိုလဲ သိပ်လိုလားဟန်မပြဘဲ တို့တိ တို့တိလုပ်စားနေတယ်။ ပြတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့ နှင်းဆီဲခြုံတွေကို စိတ်မပါသလိုငေးကြည့်နေတယ်။

ကျွန်တော်တို့  နှစ်ယောက်စလုံး အတွေးကမ္ဘာထဲမှာ နစ်မြုပ်နေကြတာပါ။
သူမနဲ့အတူ ရွှေရောင်ပန်းခြုံနွယ်ရှိရာ ခြံစည်းရိုးဆီ ငေးနေမိတယ်။

ကျွန်တော်ကိုယ်တိုင်ကတော့  သူမ မျက်နှာကလေးကို မမြင်ရက်တော့ဘူး….
“ဒဲရက်ခ် မောင်…”

“ဘာလဲ ..ဒါလင် ..ပြောပါကွယ် ..”

“ဒီနေ့ ဘဲနော်"

မိုးကြိုးပြစ်ချလိုက်သလိုကျွန်တောာ့ တကိုယ်လုံး..တုန်လှုပ်သွားတယ်။ သဲကန္တာရ ရောက်နေသလို အာခေါင်တွေ ခြောက်သွေ့ပြီး အားကုန်သွားတယ်။ မျက်ရည်တွေက တားမရတော့ဘူး။ ကျွန်တော့ဘ၀မှာ အကြမ်းတမ်းဆုံး အဆိုးဝါးဆုံး အမုန်းဆုံး အချိန်ပါဘဲ။ ရှောင်လွှဲမရ ကျွန်တော်ဖြေရတော့မယ်။

“ဟုတ်ပါတယ်  အချစ်ရယ် ဒီနေ့ ဘဲ"
ကျွန်တော်တို့ နှစ်ဦးစလုံး ငြိမ်ကျသွားတယ်။

“ငါတို့  ဒါမှန်ကန်တဲ့ လုပ်ရပ် ဟုတ်ကဲ့လား။” ကျွန်တောတို့်ပြန်လည် ပြုပြင်ကြမလား..။နောက်ဆုံးအချိန် တကယ် ဖြစ်သင့်သလား..။

“အော်  ..ဒီနေ့ဘဲပေါ့၊ ဘယ်လောက် အချိန်စောင့်ရအုံးမလဲ..ဟင်.”
“မောင် စိတ်မပြောင်းပါဘူးနော်..။ ကျွန်မလဲ နည်းနည်းမှ စိတ်မပြောင်းနိုင်ဘူး”။ 

လန်ဒန်ရှိ သမားတော်ကြီးကိုယ်တိုင် သူမဇီဝိန်ကို အေးဆေးငြိမ်သက်စွာ ချွေယူမဲ့ ဆေးရည် အတိအကျ ပေါင်းစပ် ဖြည့်ဆီးပေးထားခဲ့ပြီလေ..။
အဲဒါကို မကြာခင်အချိန်ကလေးမှာ ဂျင်းန်ကို ကျွန်တော်တိုက်ရမယ်.။
ငါလုပ်တာ မှန်ရဲ့လား။ အခါခါမေးခွန်းထုတ်ရင်းနဲ့ဘဲ အချိန်က တဖြည်းဖြည်း နီးကပ်လာပြီ။ ဂျင်းန်ရဲ့ ဘ၀ဟာ ကျွန်တော့အဆုံးအဖြတ်အပေါ်မှာ မူတည်နေသလား။ကျွန်တော် စိတ်တွေ တုန်လှုပ်နေတယ်။ လူကပါ ကဏွာ မျငိမ္ဘူး။ အလွှဲလွှဲအချော်ချော်တွေများဖြစ်နေမလား။ မရေရာ မသေချာတဲ့ သံသယ အတွေးအမျှင်တွေ ကျွန်တော့ တကိုယ်လုံး ရစ်ပတ် မွန်းကြပ်နေပြီ။တစုံတခု လွှဲချော်သွားတာနဲ့ကျွန်တော့ တသက် သွားပြီ။နောင်တတရားတွေနဲ့ စခန်းသွားနေရမှာ။တခါ ကျွန်တော့စိတ်ဝိဥာဉ်တွေစုစည်းနိုးထလာပြီးဒါဟာ အချိန်ကိုက်ဆိုတာ နှစ်ဦးလုံး အသိဥာဏ်ဝင်လာတယ်။
ကျွန်တော်ကိုယ် ကျွန်တော် ချီတုံ ချတုံဖြစ်နေဆဲး… ဂျင်းန်က ပြောတယ်။

“၁နာရီ တိတိနော် ။ ၁နာရီ ထိုးတာနဲ့ တခါတည်း ထွက်သွားချင်တယ်။ ကျွန်မကို ဆေးနည်းနည်းပိုချင်လဲပိုပါစေ တော်ကြာ ဆန့်ငင် ဆန့်ငင် ဖြစ်နေမှ ဒုက္ခ..။ မောင် သေချာပါတယ်နော်..။”

“ သေချာပါတယ် အချစ်ရယ်.”

."ဒါဖြင့် ..မောင် ခြံထဲဆင်းတော့..။ ကျွန်မရဲ့နောက်ဆုံးအချိန်မှာ မောင်နဲ့ နှစ်ယောက်ထဲ စကားတွေ တ၀ကြီး ပြောချင်ပါရဲ့. မောင့်ရင်ခွင်ထဲမှာ နေချင်သေးပါရဲ့။ ဒါပေမဲ့ ဒီလို ပုံစံကြီးနဲ့ မောင် ကျွန်မကို မမြင်စေချင်ပါဘူး။ ဒါ့ကြောင့် မောင် ခြံထဲ ပဲ ဆင်းနေတော့"တဲ့။ သူမက။
ကျွန်တော် ဘာမှ မတတ်သာတော့ဘူး။ဂျင်းန်ကို ရင်ခွင်မှာ ထွေးပွေ့ထားခွင့် မရတော့ဘူး။
ဂျင်းန်ဟာ အိနြေ္ဒမပျက် မနက်စာကို ကိုက်ဝါးနေတယ်။ သူ့ ကိုယ်ဟာ တချက် တချက် ဝေဒနာကြောင့် ကော့ကော့ ထိုးလာတယ်။ ကျွန်တော်ပြေးသွားမယ်လုပ်ရော သူမက လက်ခါပြတယ် ။ ကျွန်တော် မျက်နှာလွှဲနေရတော့တယ်။

အမှန်တော့  ဒါဟာ ဂျင်းန်က  သူမရဲ့ကြေကွဲဖွယ်ရာနောက်ဆုံး သတ်မှတ်ထားတဲ့  အချိန်ကို  မသိလိုက်မသိဘာသာ ဖြတ်သန်းကုန်ဆုံးချင်တာလို့  ကျွန်တော် နားလည်ရပါတယ်။

ကျွန်တော့်မှာတော့ မိုးကောင်းကင်ကြီးတခုလုံးခေါင်းပေါ် ပြိုဆင်းအိကျလာသလို လေးလံလှတဲ့ ၀န်ထုပ်ဝန်ပိုးကြီးတခု ပခုံးမှာ ထမ်းထားရသလို .ကျွန်တော်ခန္ဓာကြီးက လေးလံ ထိုင်းမှိုင်းလို့။
သူမသတ္တိကိုတော့ ချီးကျူးလို့ မဆုံးတော့ဘူး။ ရွေးချယ်ပြီးသားလမ်းကို လျှောက်လှမ်းဖို့  နောက်မတွန့်ဘူး။နောက်ကြောင်းပြန်မလှည့်ဘူး။ ကျွန်တော့်မှာသာ..။
အင်းလေ သူမခမြာ ဝေဒနာကို သည်ပိုးထားရတော့..။
သူမပြောသလို ကျွန်တော် ခြံထဲ မဆင်းပါဘူး။ ဂျင်းန်ကို ဘယ်လို လုပ် ပြစ်ထားခဲ့နိုင်မလဲ..။

“ဂျင်းန်ရေ..သောက်ရေတခွက် ယူမလားကွယ်.”
လို့ ကျွန်တော်မေးတော့ သူမက သိမ်သိမ်မွေ့မွေ့လက်ခံတယ်။

သူမဟာ ကျွန်တော်ပေးတဲ့ ရေနဲ့  သန့်စင်ပြီး ခေါင်းဖြီးပြန်တယ်။
နှုတ်ခမ်းကိုလဲ နီနီဆိုးလိုက်တယ်။ ကျွန်တော် သန့်ရှင်းလှပတဲ့..ပြစ်ရက်စရာမရှိတဲ့ ဂျင်းန်ကို ဘယ်လိုပြစ်ထား  ခွဲခွာရမလဲ။ ဂျင်းန်ကို ကျွန်တော် နှမြာတသ ယူကြုံးမရ ဖြစ်နေပြန်ပြီ။ ကျွန်တော်တို့  နောက်ပြန်လှည့်လို့ ရမလား။

ဂျင်းန်ကို အိပ်ယာထဲ ညင်ညင်သာသာလေး လှဲပေးလိုက်တယ်။ ဘယ်လိုဘဲ ကျွန်တော်ညင်ညင်သာသာ ကိုင်တွယ်ပေမဲ့လဲ ဝေဒနာက ထိုးနှက် တိုက်ခိုက်တာ ခံနေရကြောင်း သူမမျက်နှာမှာ မကွယ်မ၀ှက်  ပေါ်နေတယ်။ ဒီလိုမျိုး နာကျင်မှု ဝေဒနာတွေကို သူမ ကို အဆုံးသတ်ပေးချင်ပါပြီ။ ဒါပေမဲ့လည်း
ဒီအချိန်မှာဘဲ ကျွန်တော်က မင်္ဂလာဦး လက်ထပ်ပွဲ နေ့ကလေးကို အမှတ်ရနေတယ်။ ကျွန်တော် ယောက်ျားတန်မဲ့ မျက်ရည်တွေ စီးကျလာတယ်။

 “မငိုပါနဲ့ ဒဲရစ်ခ် မောင်ရယ် ..”ဂျင်းန်က ကျွန်တော့်ကို ပြန်လည် နှစ်သိမ့်နေတယ်။ ကျွန်မ မရှိတော့တဲ့နောက်မှာ မောင့်ဘ၀ကို မောင်ေ၇စုန်တော့ မျောမပြစ်ရဘူးနော်..။ အိမ်ရှင်မကောင်းတစ်ယောက် ရှာပြီးဘ၀သစ်ထူထောင်ပါမယ်လို့ ကျွန်မကိုခု ကတိပေးရမယ်။ နော် မောင်.။
ဂျင်းက ကျွန်တော့ကို တိုးလျိုးးတောင်းပန်နေသေးရဲ့။ နောက်တော့ ကျွန်တော်တို့ရဲ့ကလေးတွေ..။ အက်ဂါနဲ့ ကလိဗ် ပြီးတော့ သူမမွေးစားခဲ့တဲ့  သားငယ်လေး စတီဗင် ။
ပင်လယ်ကမ်းခြေမှာ မိသားစု ပျော်ခဲ့ကြတာတွေ ၊ သူမဘ၀ကို သားကလေးတွေဆီမှာ ခင်ပွန်းသည်ဆီမှာ ပုံအော မြုပ်နှံ ထားတာတွေ ..

“ဂျင်းန်ရေ..ကိုယ် မင့်အပေါ် ကျူးလွန်ခဲ့မိတာများရှိရင် .. ခွင့်လွှတ်ပါ.။”

“ဟင့်အင်း မောင်ရယ် မရှိပါဘူး။ ကျွန်မတို့ အတူနေလာတဲ့ ၂၂နှစ်ကာလအတွင်း မောင် ကျွန်မအပေါ် ဘာမှ ကျူးလွန်ခဲ့တာ မရှိပါဘူး။ ဘာမှ မဖြစ်ခဲ့ပါဘဲနဲ့ကွယ် ဒီလို မပြောပါနဲ့။ ကျွန်မလေ ဒီအိမ်ကလေးထဲမှာ ရောက်နေတာကို တကယ် စိတ်ချမ်းသာတယ်။ ရဲစွမ်းသတ္တတွေလဲ ရှိလာတယ်။  ကျွန်မ မရှိရင်  မန်ချက်စတာက ကျွန်မမိဘတွေဆီ မောင်သွားပြီး ကျွန်မဘယ်လို သက်သက် သာသာ ချုပ်ငြိမ်းသွားတယ် ဆိုတာ ခလေးတွေရော သူတို့ရော စိတ်ချမ်းသာအောင် ပြောပေးပါနော်။
ကျွန်မ မရှိတဲ့နောက် လန်ဒန်ပန်းဥယာဉ်ထဲမှာ ငြိမ်းချမ်းရေး နှင်းဆီပင် တပင် စိုက်ပေးပါအုံး။"

“ကျွန်မ ချစ်တဲ့သူအနားကနေ ဘုရားသခင့်ဆီ ဘာခံစားချက်မှ မရှိဘဲ ငြိမ်းငြိမ်းချမ်းချမ်းထွက်သွားခွင့်ရတာ မောင့်ကို တကယ်ကျေးဇူး တင်တယ် ..။”

“အော်  နာရီကို ကြည့်ပါအုံးမောင်ရေ..ဘယ်နှစ်နာရီပါလိမ့် ။”

ဘုရားသခင် တနာရီ ထိုးတော့မှာပါလား။
ကျွန်တော့် ရင်ဝကိုဒိန်းကနဲဆောင့်ထိုးလိုက်သလိုဘဲ..။ကျွန်တော် အခန်းထဲကထွက်လို့  ဟမ်းမလော့ခ် ဆေးရည်တွေ ကော်ဗီနဲ့ သမအောင်မွှေလိုက်တယ်။

ကျွန်တော်က အိပ်ယာနဘေးစားပွဲ မှာ ကော်ဗီခွက်လင်ပန်းကို ချလိုက်တော့

“ဒါတွေလား မောင်"
ကျွန်တော်ဖြေဖို့ မလိုတော့ပါဘူး။ ဂျင်းန် သိပြီးပါ။ ကျွန်တော် မမြင်ရက်ပါလား။ သူမကို ရင်ခွင်မှာ ထွေးပွေ့ ပြီး အကြိမ်ကြိမ်ရှိုက်နမ်းလိုက်တယ်။

“ဂွတ်ဘိုင် အချစ်ရယ်"
“ဂွတ်ဘိုင် မောင်ရယ်..”

ကျွန်တော်တို့ ပြိုင်တူဘဲ နှုတ်ဆက်လိုက်ကြတယ်။ ဂျင်းန်ဟာ တည်တည်ငြိမ်ငြိမ်ဘဲ အဆိပ်ခွက်ကို လှမ်းယူလိုက်တယ်။ ပြီး အငမ်းမရ မော့ပြစ်လိုက်တယ်။
တွေဝေခြင်းမရှိဘူး။ တုန်လှုပ်ခြင်းမရှိဘူး။ ကျွန်တော့်ကိုလဲ သူမကြည့်တော့ဘူး။ မျက်လုံးတွေ မှိတ်ပြစ်လိုက်ပြီ။ ၂မိနစ်အတွင်းမှာဘဲ သူမရဲ့ အသက်ရှူသံ နှေးကွေး လာတယ်။
သူမအိပ်ပျော် သွားခဲ့ပြီ တကယ့်ကိုဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော် သွားခဲ့တာပါ။

ကျွန်တော် ခြံထဲကိုလဲ ဆင်းမသွားပါဘူး။ ဂျင်းန်အနားမှာဘဲ..
တစုံတရာဖြစ်မလားကျွန်တော် ရင် တထိတ်ထိတ်စောင့်ကြည့်နေပေမဲ့လဲ  ဂျင်းန် ဘာမှ မဖြစ်ပါ။
၁၉၇၅ခုနှစ် မတ်လ ၂၉ရက် ၁နာရီ ၅၀မိနစ်သူမ အဝေးသို့  အပြီးအပိုင် ထွက်ခွာသွားခဲ့ပါပြီ။

Florist
(၂၀၀၆ စက်တင်ဘာလထုတ် ဇီဝက ဆေးပညာမဂ္ဂဇင်းပါ ဆောင်းပါးကို ပြန်လည်  ကောက်နှုတ်ဖေါ်ပြပါသည်။)

2 comments:

Anonymous said...

ဘာသာရေးရှုထောင့်က ကြည့်ရင် ဒါဟာ ပါဏာတိပါတ ကံ ထိုက်ပါတယ်။
ဒီလို ညင်သာစွာဇီဝိန်ခြွေတဲ့ mercy killing မျိုးကို ကိုယ့်မိဘကိုသာ လုပ်ပေးမိရင်/ လုပ်ပေးဖို့ တိုက်တွန်းမိရင်/ အားပေးမိရင် သားသမီးဖြစ်သူမှာ ပဉ္စာနန္တရိယကံ (အမိသတ်ကံ အဖသတ်ကံ) ထိုက်နိုင်တာမို့ အင်မတန် အပြစ်ကြီးပါတယ်။

ဘာသာပြန်သူများ သတိထားနိုင်အောင်လို့ပါ။

PhyoPhyo said...

ဟုတ်ပါတယ်။ ဗုဒ္ဓဘာသာနိုင်ငံမှာတောင် မဟုတ်ပါဘူး။ အနောက်နိုင်ငံတွေမှာတောင် အကန့်အသတ်တွေအများကြီးနဲ့ပါ။ လုပ်ချင်တိုင်းလုပ်လို့ရတဲ့ ကိစ္စမျိုးမဟုတ်ပါဘူး။
Swiss က Dignitas အဖွဲ့ကစခဲ့တယ်။ ရှိခဲ့တယ်(ရှိနေတယ်။ နောက်လည်းရှိနေဦးမှာပဲ)ဆိုတာကိုပဲ ဆောင်းပါးရှင်က မျှဝေတာပါ။ တိုက်တွန်း၊ အားပေးတဲ့ ကိုယ်ပိုင်အာဘော်မပါပါဘူး။
ကျေးဇူးတင်ပါတယ်။