Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, October 29, 2012

နှစ်ကျိပ်ရှစ်ဆူ

သီတင်းကျွတ်လပြည့်နေ့ရောက်တော့မည်။ မြန်မာနိုင်ငံတ၀ှမ်းတွင် ဆီမီးပူဇော်ပွဲများခမ်းနားသိုက်မြိုက်စွာ ဆင်နွဲကျင်းပကြတော့မည်။ မော်လမြိုင်ကျွန်းမြို့မှာ မြတ်ဘုရား တာဝတိံမှ ဆင်းသက်ကြွမြန်းလာပုံကို ခေတ်မှီနည်းစံနစ်များဖြင့် အဆန်းတကျယ် ပြုလုပ်မည်ဟု ကြားရသည်။ ကျွန်မတို့ မြို့က ပဋ္ဌာန်းဓမ္မာရုံကလည်း မြတ်စွာဘုရား နတ်ပြည်မှ လူ့ပြည်ဆင်းသက်လာပုံ  တာဝတိံသာပွဲကို တမူထူးခြားစွာ ဆန်းဆန်းပြားပြား ပြုလုပ်လှည့်လည်မည်ဟု ဆိုသည်။  နေပြည်တော် ပျဉ်းမနားရှိ ဓမ္မာရုံအသီးသီးကလည်း  ပိဋကတ်သုံးပုံလှည့်လည်ပူဇော်ပွဲနှင့်အတူ နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်ဘုရားရှင်တို့အားဒေသစာရီကြွချီစေပြီး လှည့်လည်အပူဇော်ခံနိုင်ရန် အားကြိုးမာန်တက် ပြင်ဆင်မှုများ ပြုလုပ်နေကြသည်မှာ  ကြည်နူးပျော်ရွှင်ဖွယ်ကောင်းသလို အားရစရာလည်းကောင်းသည်။ ဒီနှစ် တော်တော်လေး စည်ကားသိုက်မြိုက်မည်ဟု ဆိုသည်။

ဘာ့ကြောင့် နှစ်ကျိပ်ရှစ်ဆူဖြစ်ရသလဲ။ ဘုရားသည် တစ်ဆူတည်းမဟုတ်လား။ ဗုဒ္မမှတပါး  အခြားမရှိ ။ဟုတ်ပါသည်။ မရှိပါ။  သို့သော် ဤဘဒ္ဒကမ္ဘာဝယ် ကောက္ကသန်၊ ဂေါဏဂုံ၊ ကဿပ၊ ဂေါတမ ၊အရိမေတ္တေယျဟူ၍ ဗုဒ္မဘုရား၅ဆူ ပွင့်ပါမည်။  လေးဆူပွင့်ပြီးတဆူသာကျန်ပါတော့သည်။ ပိုမိုချဲ့ထွင်လိုက်လျှင် လေးသင်္ချေနှင့် ကမ္ဘာတသိန်းတွင် ဗုဒ္မဘုရားရှင်ပေါင်း  နှစ်ကျိပ်ရှစ်ဆူပွင့်တော်မူခဲ့ဖူးပါပြီ။  လွန်ခဲ့သည့်  နှစ်ဆယ်သင်္ချေနှင့်ကမ္ဘာတစ်သိန်းတွင် ဗုဒ္မဘုရားရှင်ပေါင်းငါးသိန်းတစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ(၅၁၂၀၂၈ဆူ) ပွင့်တော်မူခဲ့ကြဖူးပြီဖြစ်သည်။

သမ္ဗုဒ္ဓေဂါထာတော်ကို ဗုဒ္မဘာသာဝင်တိုင်းလိုလို အလွတ်ရကြပါလိမ့်မည်။ (ထို့နည်းတူ သမ္ဗုဒ္ဓေသီချင်းကိုလည်း ကြားဖူးကြပါလိမ့်မည်။)

သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ၊ ဒွါဒသဉ္စ၊ သဟဿာကေ၊ 
ပဉ္စသတ၊ သဟဿာနိ၊
နမာမိ သီရသာမဟံ၊ (ဒါက ဂါထာ)

ပဏာမဘုရားရှိခိုးဂါထာဖြစ်ပါတယ်။အဓိပ္ပါယ်က သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်ဘုရားတို့အား သီရသာ ဦးခေါင်းဖြင့် အဟံ ကျွန်ုပ်သည် နမာမိ  ရှိခိုးပါ၏ တဲ့။ ဂေါတမဘုရားအလောင်းသုမေဓါရသေဘ၀နဲ့ဆုပန်ခဲ့စဉ်က စပြီး 
လေးသင်္ချေ နဲ့ ကမ္ဘာတသိန်းပါရမီ ဖြည့်ဆည်းခဲ့ရတာပါ။ လွယ်တော့မလွယ်ပါဘူ။

အပ္ပါကာ ၀ါလုကာ ဂင်္ဂါ ၊
အနန္ဒာ နိဗ္ဗူတာ ဇိနာ၊
တေသံ ဓမ္မဉ္စ၊ သံဃဉ္စ၊
အာဒရေန၊ နမာမဟံ၊
နမက္ကာရာ နုဘာဝေန၊ 
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ 
အနေက အန္တာရာယာပိ၊ 
ဝိနဿန္တု၊အသေသတော။

ပြီးမှဆက်လက် ကန်တော့တာက ဒွါဒသဉ္စ သဟဿကေ တသောင်းနှစ်ထောင်ကုန်သော ဘုရားရှင်တို့အားရှိခိုးပါ၏ တဲ့။ နောက်ဆုံးမှာ  ပဉ္စသတ သဟဿာနိ ၅သိန်းသော ဘုရားရှင်တို့အားရှိခိုးပါ၏ တဲ့။ စုစုပေါင်း ၅သိန်းတသောင်းနှစ်ထောင် နှစ်ဆယ့်ရှစ်ဆူ ပါ။ ကမ္ဘာအသင်္ချေ ခွဲပြီး အသင်္ချေဘယ်လောက်မှာ ဘုရားဘယ်နှစ်ဆူ ပွင့်တယ်ဆိုတာ ရှင်းလင်းထားခြင်းဖြစ်ပါတယ်။ ဘုရားရှင်တွေ များလွန်းလို့ ဂင်္ဂါဝါလု သဲဆူအမျှ လို့ တင်စားထားတာပါ။ ထိုဘုရားရှင်တို့ကို ကြည်ညိုစွာ ဖူးမျှော်ကန်တော့ရပါသော အကျိုးကြောင့် အန္တရာယ်ခပ်သိမ်းကင်းငြိမ်းချမ်းသာကြရပါလို၏ တဲ့။ ဂါထာက ဆိုပါတယ်။ လေးသင်္ချေနဲ့ ကမ္ဘာတသိန်းအတွင်းပွင့်တဲ့ ဘုရားပေါင်းက နှစ်ကျိပ်ရှစ်ဆူပါ တဲ့။

(ဒီလောက်ဘုရားတွေ အပွင့်များပါလျက် ကျွန်မတို့တတွေ သိပ်အရှောင်ကောင်းခဲ့ကြလို့ ကျွတ်တန်းမ၀င်ခဲ့ပါဘူး။)

ရှိခိုးပုံ ရှိခိုးနည်း။ ၅မျိုးလဲ ရှိပါသေးတယ်။ 
၁။ ဦးခေါင်းငုံ့ရှိခိုးခြင်း
၂။လက်အုပ်ချီ၍ရှိခိုးခြင်း။
၃။လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးခြင်း
၎။ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်း။
၅။ဝမ်းလျားမှောက်၍ရှိခိုးခြင်း စသည် ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ထိခြင်းငါးပါးဖြင့် ကန်တော့တာများပါတယ်။

ကျွန်မတို့ အညာက မုံရွာအနီး သမ္ဗုဒ္ဓေ စေတီတော်ကြီးကို ရောက်ဖူးသူတွေ ရှိမှာပါ။ အဲဒီစေတီထဲမှာ ငါးသိန်းတစ်သောင်းနှစ်ထောင်နှစ်ကျိပ်ရှစ်ဆူ ကိန်းဝပ်စံပယ်လျက်ရှိနေပါတယ်။ ကမ္ဘာ့အံ့ဖွယ်စေတီကြီးပါဘဲ။ ဒီစေတီကြီးကို တည်ဆောက်နေစဉ် ဒုတိယကမ္ဘာစစ်ဖြစ်နေဆဲပါ။ စစ်ပြေးဒုက္ခသည်များဟာ တည်ဆောက်ဆဲ သမ္ဗုဒ္ဓေကပ်ကျော်စေတီကြီးမှာ ခိုလှုံနေထိုင်ကြရင် ဘုရားတည်တဲ့နေရာမှာ တတပ်တအားပါဝင်ခဲ့ကြတယ်။ တခြားနေရာတွေမှာ စစ်အတွင်း စိုးရိမ်ပူပန်မှုတွေ လူမှုဒုက္ခတွေ ဖြာဖြာဝေနေပေမဲ့ သမ္ဗုဒ္ဓေ ဘုရားမှာ ခိုလှုံနေသူတွေအဖို့တော့ ဘေးဘယာကင်းဝေးပြီး  အေးဆေးတည်ငြိမ်နေတယ်တဲ့။ စေတီလေးတွေကို ကိုယ်တိုင်ပါဝင်သွန်းထုခဲ့သူတဦးက ကျွန်မကို ပြောပြဖူးပါတယ်။

“အနန္ဒာနိဗ္ဗူဇိနေ..ဂင်္ဂါဝါလု  ..သဲဆူ မကပေ..ကမ္ဘာတွေ  အသင်္ချေ  နိဗ္ဗာန်ဝင် စံပျော်တဲ့ ..ဘုရားမြတ် ပရမေ ..ရှင်တော် တွေ ..မျှော်ကာ ရည်စူး…ဖူးတဲ့ သမ္ဗုဒ္ဓေ..လူတိုင်းရွတ်ကြပါလေ  အိမ်တိုင်း ရွတ်ကြဂါထာ သမ္ဗုဒ္ဓေ   မြတ်ဘုရားဂုဏ် နဲ့ မြတ်တရားဂုဏ်တွေ ..သံဃာ ဂုဏ်တွေ ရည်မျှော်ဖူး ကြည်နူး  ဖူး ကြ  သမ္ဗုဒ္ဓေ..”

ခင်မေသစ်

(နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ အရှင် ကုမာရာဝံသ ဟောကြားသော တရားတော်ကို ကိုးကားပါသည်။)

No comments: