အမှောင်ခေတ်
ခရစ်တော်မပေါ်မီ သုံးရာစုနှစ်ခန့်က အိန္ဒိယနိုင်ငံ မာဂဓပြည်တွင် “ဒေ၀ါနံ ပိယဒဿီအသောကာ" (လူနတ်အားလုံးချစ်ခင်သောမင်း)ဘွဲ့ခံဘုရင် မင်းကရာဇ်တပါးစိုးစံခဲ့သည်။ ထိုမင်းသည် စစ်ဘုရင်ဖြစ်သည့်အလျှောက် အခါမလပ် စစ်ရိပ်စစ်ငွေ့ကြားတွင် ကခုန်ပျော်ပါး မြူးတူးတတ်သူဖြစ်သည်။
သွေးတို့ဖြင့် သွန်းလောင်းထားသည့် စစ်မြေပြင်သည် သူ၏ မျက်စိထဲဝယ် လှပသော အိပ်စက်နားနေရန် စခန်းသာတခုဟု မှတ်ယူသည်။သွေးဆာသောဘုရင်ဟုလည်းခေါ်ဆိုနိုင်သေးသည်။ တိုက်ပွဲတိုင်း အောင်မြင်သဖြင့် စစ်တွင် ပျော်မွေ့လေ့ရှိခြင်းဖြစ်သည်။ စစ်ပွဲနှင့် ပတ်သက်လျှင်အသနားမဖက် ရက်စက်သူလည်းဖြစ်၏။ အသောက စစ်ချီတက်လာပြီဟေ့ဟုဆိုလျှင် ဖိန့်ဖိန့်တုန် ကြောက်ရွံ့ကြ၏။ မြင်းကို ကဆုန်စိုင်းလာသော အသောကသည် သံကုန်ဟစ်အော်၍၄င်း လက်တဘက်မှလည်း ဓါးကို လေတွင် ဝှေ့ရမ်း၍၄င်း သူရောက်လေရာ လမ်းတလျှောက် ပိုင်းဖြတ်ခုတ်ထစ်သွားသည်မှာ လူသူတိရိစ္ဆာန်သစ်ပင် မဆင်မခြင် မြင်မြင်ကရာရာပင်။အပိုင်းပိုင်းပြတ်သည်။
ထိုမင်းသည် အိမ်နီးချင်းနိုင်ငံများကိုသာမက ဝေးလံခေါင်ဖျားသော တိုင်းနိုင်ငံများကိုလည်းချမ်းသာမပေး အရ အမိ သိမ်းပိုက်တတ်သည်။ ထိုမင်းသည် သူ၏ အဘိသိက်ခံပြီး ရွှေနန်းစံသက် ဂနှစ်မြောက်ပြီးချိန်တွင် မာဂဓ တိုင်းအား အခွန်ပဏ္ဏာမဆက် အံတုလာသော ကလိင်္ဂတိုင်းပြည်ကို သွားရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ထိုစစ်ပွဲသည် သူ၏အမှောင်ခေတ်ကိုအဆုံးသတ် ပိုင်းခြားပြစ်လိုက်သည့် စစ်ပွဲဟုလည်း ခေါ်ဆိုနိုင်သည်။ ကလိင်္ဂတိုင်းပြည်သည် မြေသြဇာကောင်းသဖြင့် လယ်ယာလုပ်ငန်းဖြစ်ထွန်းသည်။ဆန်ရေစပါးပေါများသဖြင့်လည်း ကြွယ်ဝသော တိုင်းပြည်နိုင်ငံဖြစ်သည်။
ခြေလျှင်တပ်သားခြောက်သောင်း၊ မြင်းတပ်သားတစ်သာင်း၊ ဆင်ခုနှစ်ရာရှိသည်။ အသောကသည် လွယ်လင့်တကူ သိမ်းပိုက်နိုင်မည်ခန့်မှန်းထားသော်လည်း ထင်သလောက်မဟုတ်ချေ။ကျောက်တုံးပေါင်းများစွာကို ကြိတ်ခွဲဖို့ ၀န်မလေးသော်လည်း စုပေါင်းထားသော သဲတပွင့်စီ တပွင့်စီကို အမှုံ့ကြိတ်ြဖိုခွဲဖို့ ခဲယဉ်းလှသည်။ ကလိင်္ဂပြည်သူတို့သည် မိမိတို့နိုင်ငံအတွက် ကျားမ မရွေး အရွယ်စုံ တုတ်ဆွဲ ဓါးဆွဲ ခုခံခဲ့ကြသည်။ ထို့ကြောင့် အသောကသည် စစ်နိုင်သော်လည်း အတော်လေး ပင်ပန်းဆင်းရဲခဲ့ရသည်။ စစ်သည်အများကျဆုံးခဲ့ကြရသည်။
ကလိင်္ဂသည် ထိုမျှ များပြားသော စစ်သည်ဗိုလ်ပါ အင်အားရှိသော်လည်း စစ်ဘုရင် အသောက ကိုမူ မခုခံနိုင်။အရှုံးပေးလိုက်ရသည်။ အသောကသည် ကလိင်္ဂတိုင်းမှ လူပေါင်း တသိန်းငါးသောင်းကို သုံ့ပန်းအဖြစ်ခေါ်ဆောင်ခဲ့သည်။ ဒါဏ်ရာအနာတရ ဖြစ်သူ တသိန်းမျှရှိပြီး ထိုမျှမကသော ပြည်သူ တို့မှာ အကြောင်းမဲ့ ဘုမသိဘမသိ သေကြေပျက်စီးခဲ့ရသည်။ အိုးအိမ်စွန့်ခွာကြရသည်။မိဘဆွေမျိုးသားချင်းများကွဲကွာခဲ့ကြရသည်။ အာကာသကောင်းကင်ပြင်မှာတော့ ကြယ်တာရာကြီးတလုံးသည် ထွန်းလင်းတောက်ပစွာ အနောက်ဘက် မိုးကုပ်စက်ဝိုင်းမှသည် တက်လတ်၍ ဂင်္ဂါမြစ်၏ရေအလျှင်တွင် အရိပ်ထင် ကခုန်လျက်။ အောင်နိုင်သူ၏အပြန်ခရီးကို ကောင်းချီးပေး လိုက်ပါပို့ဆောင်နေဟန်ရှိသည်။ အသောက၏အပြန်လမ်းသည်လည်း အောင်ပွဲရ စစ်သည်အပေါင်း ခြံရံလျက် စစ်သွေးစစ်မာန် ထယ်ဝါ ၀င့်ကြွားလျက်။ အောင်စည်အောင်မောင်း ရိုက်ညောင်းမည်ကြွေးရင်း တေးသီကျူးသံ များဝေစီလျက် ထက်မိုးအာကာသို့တိုင် လွှင့်ပျံ နေသည်။
အသောကသည် တဖြည်းဖြည်းနှင့် မိမိကလိင်္ဂသို့ စစ်ချီတက်စဉ်ကလမ်းခရီးတွင် မိမိကိုယ်တိုင် ဓါးတ၀င့်ဝင့် ဖျက်ဆီးပြစ်ခဲ့သော "ဗုဒ္ဓဂယာ”သို့ ရောက်ရှိလာသည်။ ဗုဒ္ဓဂယာတွင် တပ်စခန်းချ၍ ယာယီတဲနန်းဆောက်လုပ် နားနေသည်။
အလို..
ရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ် ။ ( တတိယ သင်္ဂါယနာတင်သူ)
အရှင်သူမြတ် ဘာလုပ်နေသနည်း။ အပျက်အစီး အုတ်ပုံတို့အကြားဝယ် ရှင်ရဟန်းသည် ထက်ဝယ်ဖွဲ့ခွေပြုလျက် ကျောက်ရုပ်ပမာ မလှုပ်မရှက် တရားရှုမှတ်နေဟန်တကား။
(အသောက စိုးစံသော မာဂဓ တိုင်းတွင် ဂိုဏ်းပေါင်းစုံ ရှိ၏။ ဗုဒ္ဓဘာသာမှ ခွဲထွက်သော တန္တရ၀ါဒဂိုဏ်းသည်လည်း လူကြိုက်များ၏။ မိဖုရားကြီးသည် ထိုအယူကို ယူသည်။ဘုရင်အသောကသည်ကား မည်သည့်အယူဟူ၍ အတိအကျမရှိ။ အားလုံးကို ဘာသာရေးလွတ်လပ်ခွင့်ပေးထားသည်။ အရှင်တိဿမထေရ်ကိုမူ အသောကသည် ကြည်ညိုရင်းစွဲ ရှိ၏။ရာဇဂြိုလ်တွင် ကျောင်းသင်ခန်း ဆောက်လုပ်လှူဒါန်းပေးသည်။)
အသောက၏ရင်ဝယ် လှိုက်ကနဲ တချက် ပူဆွေးသွားသည်။ အရှင်သူမြတ်ကို ဖူးတွေ့ရသည်မှာ မသက်မသာရှိလှသည်။ အခြေအနေကို အကဲခပ်ရှုစားပါမှ ပို၍ ပို၍ ပူးဆွေးလာသည်။ ကြည့်လိုက်စမ်းပါဦးကွယ်။ ဒါတွေ ဘယ်သူ့ လက်ချက်တဲ့လဲ။
(အသောက ကိုယ်ထဲမှ နတ်တပါးက မေးသယောင်။)
(အသောက ကိုယ်ထဲမှ နတ်တပါးက မေးသယောင်။)
အသောက လုပ်ခဲ့တာ။(သူ့ကိုယ်ထဲမှ အခြားနတ်တပါးကဖြေသည်။)
အလာတုံးက စစ်သွေးစစ်ဟုန် စစ်ရှိန်မြင့်တက် လောင်ကျွမ်းနေစဉ် အသောကသည် စေတီများကိုခလုပ်ကန်သင်းသဖွယ် ထင်မှတ်ကာ ဖြိုဖျက်ခဲ့၏။ ဘုန်းတော်ကြီးကျောင်းတိုက်များကို မီးရှို့ဖျက်ဆီးခဲ့၏။ ယခုသော် ထိုဖရိုဖရဲ ပြိုကွဲနေသော စေတီပုထိုးအုတ်ကျိုးအုတ်ပဲ့တို့အကြား အရှင်သူမြတ် သည် တည်ငြိမ်အေးဆေးစွာ တရားရှုမှတ်နေနိုင်သေးသည်တကား။
အသောကသည် ယာယီတဲနန်းတွင် စံမပျော်ချေ။ မိမိ၏မိုင်ပေါင်းများစွာ ပြန့်ပြူးတည်ရှိနေသော မာဂဓ တပ်မတော်ကြီးကို လှည့်လည်ကြည့်ရှုနေ၏။ မာဂဓတပ်မတော်သည် ထုနှင့် ထယ်နှင့် အားကောင်းမောင်းသန်ရှိနေဆဲ။ တပ်တော်ဦးတွင် မိမိ၏ အမှတ်အသား ဂဠုန်တံဆိပ်ပါ ရဲတံခွန်တို့သည် အောင်လံဝင့်ဝင့်ချီလျက် လေတွင် တလူလူလွှင့်နေဆဲ။ထောင်ပေါင်းများစွာသော ဆင်မြင်းရထား ကုလားအုတ်စသည် နားနေလျက်။
ရှေ့သို့ ဆက်လျှောက်လာသော် ဘုရားရေ..။ မဟာဗောဓိပင်။
လေးသင်္ချေနှင့် ကမ္ဘာတသိန်းပါရမီ ဖြည့်ဆီးပြီးမှ သိဒတ္ထမင်းသား သစ္စာလေးပါးတရားကို အကြွင်းမဲ့ သိရှိ နိဗ္ဗာန်စံပျော်သူ လူနတ်ဗြဟ္မာတို့ကို နိဗ္ဗာန်တံခါးဝသို့  ဆောင်ကျဉ်းခဲ့သူ ဘုရားစင်စစ် ဧကန်ဖြစ်ခဲ့သည်ဟု နာမည်ကျော်ခဲ့သူ။ ၄င်း၏ ပါရမီဖြည့်ဖက် မဟာဗောဓိပင်ကို မိမိ ခုတ်လှဲ ပြစ်မိသည်တကား။ သိဒတ္ထသည် ကပ္ပီလ၀တ်မင်းနေပြည်မှ ဘုရင့်သားတော်တည်း။ မိမိသည်လည်း မာဂဓတိုင်း၏ ဘုရင့် သားပင်တည်း။ သို့သော် သိဒတ္ထသည် သတ္တ၀ါများကိုကယ်တင်သူ။ မိမိသည်ကား သတ္တ၀ါတို့ အသက်ကို သတ်ဖြတ်သူ။ဖက်ရွက်ပမာ ချေမှုံးဖျက်ဆီးသူ။ မိုးနှင့်မြေ ကွာခြားနေသည်။ မိမိဖျက်ဆီးခဲ့သော မဟာဗောဓိပင်သည်အပိုင်းပိုင်းပြတ်လျက်။ အကိုင်းများမှာမူ အသက်ဓါတ်ရှိနိုင်သေး၏။
အရှင်သူမြတ်ဘုရား… တပည့်တော် မှားပါပြီ။ မှားခြင်းကြီးမှားမိပါပြီ။
အသောကရင်တွင် လောင်မြိုက်နေသည်။
ပွဲတိုင်းကျော်ခဲ့တဲ့ တပည့်တော်ဟာ ယခုတော့ တပည့်တော်ရဲ့ အကျင့်ဆိုးအတွက် အရှုံးပေး လက်မြှောက်ပါပြီဘုရား။ တပည့်တော်ရဲ့ အောင်မြင်ခြင်းဟာ အစစ်မဟုတ် ရှုံးနိမ့်ခြင်းသာ ဖြစ်ပါတော့တယ်ဘုရား။ ဘယ်တော့မှ ဆေးကြောသန့်စင်ရန် ဖြစ်နိုင်မယ်မထင်တဲ့ အပြစ်ကြီးတခု တပည့်တော် ကျူးလွန်မိခဲ့ပါပြီ။
အရှင်သူမြတ်သည်လည်း မျက်ရည်လည်မတတ်ခံစားမိရင်း အသောက၏ ရက်စက်ကြမ်းကြုတ်မှုတို့ကို လျော့ပါးသွားအောင် အဘယ်စကားဖြင့်ဖြေသိမ့် ပြောဆိုရမည်နည်း။ ကလေးငယ်တို့၏ ဟစ်အော်ငိုကြွေးသံများ၊ ခေါင်းတခြားကိုယ်တခြား ပုံပန်းမလှမပ အလောင်းကောင်များ အသောက မြင်ယောင် ထင်ယောင် ကြားယောင်လာသည်။ မိမိကျုးလွန်ခဲ့သောပြစ်မှုများ၏ သရုပ်ဖေါ် ပုံရိပ်တို့သည် မိမိမျက်စိရှေ့ဝယ် တခုပြီး တခု ဆင့်ကာ ထပ်ကာ ပေါ်လာနေသည်။ သူ၏ကျောက်စာတွင် အသောကသည် မိမိ၏ ပြစ်မှုများကို ကိုယ်တိုင် ၂ပိုင်းခွဲ၍ ကမ္ဗည်းကျောက်စာတင်ခဲ့သည်။ အသောက ကျောက်စာတိုင်များ ဗုဒ္ဓဂယာတွင် ယခုတိုင် ထင်ရှားရှိသည်။
အမှောင်သို့ နှင့် အလင်းသို့။
အသောကသည် ဗောဓိညောင်ပင်မှနေ၍ နေရဉ္စရာ မြစ်ကမ်းပါး ရောက်လာသည်။နေရဉ္စရာမြစ်၏ရေစီးကြောင်းသည် ကျဉ်းမြောင်းသော်လည်း အရှိန်ဖြင့် စီးဆင်းနေသည်။ ဒီမြစ်ကမ်းပါးကို သိဒတ္ထ ရောက်ခဲ့တာပဲ၊ နေရဉ္စရာမြစ်ဟာ ခုလိုပဲ လှနေမှာပဲ။ သူက နတ်လူ သာဓုခေါ်ဖို့ရောက်လာတယ်။ ငါက ကလိင်္ဂတိုင်းကို ဖျက်ဆီးဖို့ ရောက်လာတယ်။ ကိုင်း ကြည့်စမ်း ..အသောက။ မင်းနဲ့ သိဒတ္တ ရည်ရွယ်ချက်ခြင်း ဘလောက်ကွာသလဲ။ အသောကသည် နောက်ထပ် စစ်ပွဲများကို မဆင်နွဲ ၀ံ့တော့။ ကလိင်္ဂသည် သူ၏ နောက်ဆုံးစစ်ပွဲ သာဖြစ်တော့သည်။
အသောကသည် မိမိရောက်ရှိနေသော သုည၏ အ၀န်းအ၀ိုင်းအတွင်း တလယ်လယ်ဖြစ်နေပြီး မလွတ်မြောက်နိုင်သေးချေ။သို့သော် အသောကသည် စိတ်အားမငယ်တော့။ အမိုက်မှောင်သည် မည်မျှပင် ထူပိန်းနေပါစေ၊ ယင်းနှင့် အချိုးတူု ဆတူ အလင်းရောင်ကို မလွဲမသွေ ရကိုရ ရမည်။ ဤ အမိုက်မှောင်အတွင်းမှ လွတ်လမ်းကို ရှာနိုင်ရမည်ဟု အသောက ခံယူထားလိုက်သည်။
အလင်းခေတ်
ထို့နောက် အသောကသည် သူ့ နန်းတော်အတွင်း ကြီးစိုးနေသော အမြင်မတော်လှသည့် တန္တရ ဂိုဏ်းသမားများကို နှင်ထုတ်ခြင်း။ အရှင်မောဂ္ဂလိတိဿ မထေရ်၏ ဦးစီးလမ်းပြမှုဖြင့် တတိယ သင်္ဂါယနာတင်ရန် အထောက်အပံ့ပေးခြင်း။ သားတော် မဟိန္ဒနှင့် သမီးတော် သင်္ဂမိတ္တာတို့ကို သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်၍ လင်္ကာဒီပကျွန်း(သီဟိုရ်ကျွန်း)သို့ သာသနာပြု စေလွှတ်ခြင်း စေတီပေါင်း ၈၄၀၀၀ ၊ ရေကန်ပေါင်း ၈၄၀၀၀ ကျောင်းတိုက်ပေါင်း ၈၄၀၀၀ ရေတွင်းပေါင်း ၈၄၀၀၀ တည်ခြင်း။ ကိုးတိုင်းကိုးဌာနတွင် ရဟန်းတော်များစေလွှတ်၍ သာသနာပြုစေခြင်း။ ဗုဒ္ဓသာသနာ ထွန်းလင်း ပြန့်ပွားစေခြင်း။ ဗုဒ္ဓဂယာတွင် အပျက်အစီးများပြင်ဆင်မွန်းမံခြင်း မိမိပိုင် ဘဏ္ဍာငွေမှ ၉၆ကုဋေမျှသော ဥစ္စာငွေကြေးကို သာသနာအကျိုးအတွက် ရည်မှန်းလှူဒါန်းခြင်း။ မိမိခန္ဒာကိုယ်နှင့် သားတော် သမီးတော်တို့အား ဘုရားဝေယျာဝိစ္စ အလုပ်အကြွေးအဖြစ် လှူဒါန်းခြင်း နေ့စဉ် သံဃာတော်အတွက် မိမိပိုင်ငွေ ၅သိန်းအကုန်အကျခံကာ ဆွမ်းကွမ်းလှူဒါန်းခြင်း စသည် ကမ္ဗည်းရေးထိုးခဲ့သည်ဟုဆိုပါသည်။
နောက်ဆုံး အသောကမင်းကြီးမှာ ဥစ္စာဓနဟူသည် မြူမှုံမျှပင် မကျန်အောင် နတ်ရွာမလားမှီအားလုံးလှူဒါန်းပြစ်ခဲ့သည်။ သျှိသျှားသီးတစ်ခြမ်းမျှသာ ကျန်သည်ဟုလည်း အချို့ကဆိုပါသည်။ အသောကမင်းကြီးဟာ ဗုဒ္ဓဘာသာအဖြစ် အတိအလင်း ကူးပြောင်းလာခဲ့သည်ကြောင့် အလင်းခေတ်ထဲ ၀င်ရောက်လာခြင်းလို့ ဆိုရမှာ ဖြစ်ပါတော့သည်။ ။
(အကုသိုလ်ကို ကုသိုလ်က အနိုင်ယူ ဖုံးလွှမ်းသွားစေခဲ့တာပါ)
တရားအလာ…ယုံကြည်ကာသာ.. ပုတ္တရသ ရွှင်လန်းပြီးတော့ .. သင်္ကန်းကိုလဲ ချီပါ ….
သာသနာ့ အမွေခံ .. ဧကန် မှန်ခဲ့တာ .. အလှူ့တကာ အလှူ့တကာ သီရိဓမ္မာ .. အာသောက ရာဇာ…
(ဗုဒ္ဓဂယာမှ အပျက်အစီးများမှာ အသောကကိုယ်တိုင် ဖျက်ဆီးသည်ဟု သမိုင်းတွင် တိတိကျကျမဆိုသော်လည်း ဗုဒ္ဒဘာသာနှင့် ပတ်သက်သမျှ ဘုရားစေတီ ကျောင်းကန်များ ထိုခေတ်က အဖျက်အဆီးခံရသည်မှာ အမှန်ဖြစ်ပါသည်။ အသောမင်းကြီး နောက် အုပ်ချုပ်ခဲ့သော မင်းတို့သည် ဂျိန်းဘာသာဝင်များဖြစ်၍ ဗုဒ္ဓဘာသာသည် မူရင်းဒေသတွင် ကွယ်ပျောက်ကာ အရှေ့တိုင်းသို့ ရွေ့ ခဲ့သည်ဟု မှတ်ယူရမည် ဖြစ်ပါသည်။ )
ကိုးကား..
ပါရဂူ ၏ "မင်းနှင့်ပြည်သူ"
မောင်အံ့ ၏ "ဗုဒ္ဓ သာသာနာ ၂၅၀၀ခရီး"
No comments:
Post a Comment