လေညင်းသော့သော့ နော့ကစားတဲ့အခါ ချစ်ခြင်းမေတ္တာဟာ ကိုယ့်ဆီတိုးဝင်လာတာ ခံစားမိပါရဲ့လား။ ကိုယ်က ရယူခံစားတတ်မယ်ဆိုရင်တော့ ချစ်မေတ္တာက လေညင်းလေးမှာ၊ ပန်းလေးတွေဆီမှာ၊ ကျေးငှက်ပျားကောင်လေးတွေဆီမှာ၊ ဒဏ္ဍာရီတွေထဲမှာ၊ ဖုန်းခေါ်သံလေးမှာ၊ အချစ်သီချင်းချိုချိုလေးမှာ၊ ခါးသက်ဆိမ့်မွှေး ကော်ဖီပူပူလေးတစ်ခွက်မှာ၊ လျှာဖျားပေါ်က ချိုမြနုမွ ချောကလက်လေးထဲမှာ၊ ကိုယ့်ရဲ့ အိမ်လေးထဲမှာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ … နေရာတိုင်းမှာ ဖမ်းဆုပ်ရယူနိုင်မှာပါ။ လှုပ်လှုပ်ရှားရှား ဒီဇင်ဘာအားလပ်ရက်လေးတွေ ကုန်ဆုံးသွားပြန်တော့ ချစ်မေတ္တာသင်းပျံ့ထုံမွှန်းတဲ့ St. Valentine’s Day(ချစ်သူများနေ့)ဟာ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့မှာ ရောက်လာခဲ့ပြန်ပါပြီ။
ပန်းခြံလေးတစ်ခု ကိုယ်မြင်မိတယ်။
ပန်းဖူးပန်းငုံပန်းတွေစုံလင်ပြည့်သိပ် သစ်ကိုင်းတွေ
မြစ်တစ်စင်း၊ စိမ်းတဲ့မြက်တစ်ခင်း။
အဲဒီမှာ ချိုမြနွေးထွေးမှု အမြဲတမ်းအတွက် လုံလောက်နေတော့တာ၊
ဖြူတဲ့ ပန်း၊
ပြာတဲ့ ပန်း၊
ဝါတဲ့ ပန်း ပြီးတော့ နီစွေးတဲ့ ပန်းတွေရှိနေလို့သာ
စမ်းချောင်းလေးတွေ ကောင်းမွန်အေးချမ်းစွာစီးဆင်းနေလိုက်တာများ၊
အဲဒီမှာ အသက်မရှိတဲ့အရာ မရှိပါဘူး။
အဲဒီမှာ သေးငယ်ပေါ့ပါးငါးလေးတွေ ကူးခတ်နေလိုက်တာများ၊
သူတို့ရဲ့ အနီသွေးရေယက်လေးတွေ၊
ဘော်ငွေရောင်တလက်လက်အကြေးခွံလေးတွေ
လှပ်ခနဲ လှပ်ခနဲ လှုပ်ကာ ဟကာနဲ့ပေါ့။ ။
တေးသီနေတာ ကိုယ်ကြားမိတယ်။
သစ်တစ်ပင်ရဲ့ အကိုင်းအခက်တိုင်းမှာ ငှက်လေးတွေ ဆော့မြူးပျော်ရွှင်နေကြရှာ၊
စည်းချက်ကျန လှပနေလိုက်တာ၊
နတ်သမီးလေးတွေ သံပြိုင်တေးသီကြွေးနေသလိုပါ။
တချို့က ဝတ်ရည်ဝတ်မှုန်လေးတွေ သယ်ယူရင်း အလောတကြီး အလုပ်ရှုပ်လို့
ယုန်ငယ်လေးတွေမှာ ဒီနေရာကို အပြေးအလွှားရောက်လာ ပြေးကာပုန်းကာ ဆော့ကစားကာ၊
ခပ်ဝေးဝေးအထိ ကိုယ် အကုန်လုံးမြင်နိုင်သားပဲ။
အမြဲပြူးကြောင်စိုးထိတ်ဟန်ပန်မူရာအပြည့်နဲ့ သမင်၊ ဒရယ်၊ ချေငယ်၊ ဆိုင်၊ ဆတ်တွေပါမကျန်
ရှဥ့်ငယ်လေးတွေလိုနုနုရွရွ အကောင်ငယ်လေးတွေရောပဲ
ခပ်ဝေးဝေးအထိ အကုန်လုံးမြင်နိုင်တာပေါ့။ ။
ကြိုးညီနေတဲ့ တူရိယာတွေဆီက ပွင့်အံထွက်ကျလာတဲ့ ဂီတသံတွေ၊
ကြားရတာ ကိုယ့်မှာ အဆုံးစွန်ချိုမြကြည်နူးလိုက်တာ။
ဒါတွေအားလုံး ဖန်ဆင်းပေးသနားတာ ဘုရားသခင်ပါ။
ကိုယ်မှန်းဆကြည့်ရရင် ဒီဂီတသံတွေလောက်
တခြားတခြားသောအရာတွေ ဘယ်တော့မှပိုကောင်းမှာမဟုတ်ဘူး။
အဲဒီမှာ လေကလေးသွေးတယ်။
မဆိုစလောက် သာသာညင်းညင်းရယ်၊
သစ်ရွက်စိမ်းလေးတွေမှာ တိုးဖွညင်သာအသံလေးနဲ့ ရိုက်ခတ်တယ်။
လေထဲမှာ မြောက်တက်လာတဲ့ ကျေးငှက်ငယ်လေးတွေရဲ့ မြည်တွန်သံလေးတွေနဲ့အတူတူ
ညီညွတ်ညံသာရှိနေခဲ့တာပေါ့။ ။
အဲဒီမှာ လေဟာ မျှမျှတတအေးအေးသက်သာ၊
ပူတယ် အေးတယ်ဆိုတာ ဘယ်တုန်းကမှမရှိခဲ့သလို၊
အဲဒီမှာ လေဟာ သင်းပျံ့ကြိုင်လှိုင်စွာ၊ စိမ်းမြမြက်သားပေါများစွာ၊
အဲဒီမှာ ဘယ်သူမှ မဖျားမနာ၊ မအိုပါဘူး။
ပျော်ရွှင်မှုတွေပဲ ပြောပြနိုင်တာထက် ထောင်ပေါင်းများစွာပိုပိုလာတာ၊
ညဆိုတာ မရှိပါ။
လူတိုင်းရဲ့အမြင်အာရုံမှာ အမြဲတမ်းကြည်လင်သာယာ နေ့မဟာပါ။ ။
၁၄ ရာစုက အင်္ဂလိပ်ကဗျာဆရာကြီး ချော့ဆာ(Chaucer) ရေးခဲ့တဲ့ ပထမဆုံး ချစ်သူများနေ့ကဗျာဖြစ်တဲ့ The Parliament of Fowles ကဗျာထဲက စာသားလေးတွေရွတ်ဆိုရင်း အိမ်လေးထဲမှာအတူနေထိုင်ကြတဲ့ ကိုယ်ချစ်ခင်တဲ့မိသားစုလေးကို ဂရုစိုက်ကြောင်းပြသနိုင်ဖို့ စဉ်းစားကြည့်ရအောင်နော်။
ပန်းနုရောင်နဲ့ အနီရဲရဲ အသွေးကျကျအရောင်လေးတွေဟာ ချစ်သူများနေ့နဲ့ သက်ဆိုင်တဲ့အရောင်လေးတွေပါတဲ့။ ချစ်မေတ္တာပြည့်ဝငြိမ်းချမ်းတဲ့အိမ်လေးဖြစ်ဖို့ အလှဆင်မယ်ဆိုရင် တန်ဘိုးကြီးကြီး အိမ်သုံးပရိဘောဂတွေ ဝယ်ယူပြင်ဆင်စရာမလိုပဲနဲ့ ရာသီအလိုက်အလှဆင်သလို လက်ဖြစ်ပစ္စည်းလေးတွေ ဖန်တီးတီထွင်ပြီး အလှဆင်နိုင်ပါတယ်။ ဒီလို ချစ်စရာ ပစ္စည်းလေးတွေပေါ့။
ချစ်သူများနေ့မှာ ပန်းနုရောင်၊ နီစွေးစွေး အခင်းအကျင်းလေးတွေထဲမှာ ဒီစာတမ်းလေးပါ ချိတ်ဆွဲထားလိုက်မယ်ဆိုရင်တော့….
“ချစ်ခြင်းမေတ္တာဆိုတာ ပြည့်စုံတဲ့သူတစ်ဦးကိုပဲ ရွေးချယ် ချစ်ခင်နှစ်သက်ဖို့ မဟုတ်ပါဘူး။
မပြည့်စုံတဲ့သူကို ပြည်စုံတဲ့သူတစ်ဦးလို ကြည့်မြင်ပေးနိုင်တာကလည်း ချစ်ခြင်းမေတ္တာပါပဲ” တဲ့။
ဒီလိုဆိုရင် ကိုယ့်တို့ရဲ့ ချစ်မေတ္တာစံအိမ်လေး အမြဲတမ်းအတွက်အလှပဆုံးဖြစ်သွားမှာ သေချာသွားပြီပေါ့။ ။
မဉ္ဇူရီ
Living Fashion Magazine, February, 2013
Living Fashion Magazine, February, 2013
(ပထမဆုံး ချစ်သူများနေ့ကဗျာဖြစ်တဲ့ The Parliament of Fowles ကို တိုက်ရိုက်မဟုတ်ဘဲ ဆီလျော်အောင်သာ ဘာသာပြန်ဆိုထားတာပါ။ ကျွန်မက ကဗျာမရေးတတ်တဲ့သူမို့ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် နားလည်ပေးပါ။)