Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, May 07, 2013

အကြည့်နက်နက် ချောက်ကမ်းပါးရဲ့အစွန်းတစ်ဖက်

စက်ဘီးမစီးရဘူးလို့တားမြစ်ခံရတဲ့ကြားကမိခင်တစ်ရေးအိပ်နေခိုက် စားပွဲပေါ်က သော့ကို ခြေဖွဝင်ယူကာ အင်ဒရီရာနာ ဆိုသည့် မိန်းကလေးကစက်ဘီးခိုးစီးသည်။ ဆံနွယ်လေးတွေ တလွင့်လွင့်။ အပြုံးတွေက လေဟုန်ခွင်းလို့ စက်ဘီးကိုအားကုန်နင်း ထွက်ခဲ့ပြီ။ လမ်းကြားကအထွက် နောက်က ကားတစ်စီးကို ကျော်တက်ဖို့ ပြုံးရွှင်စွာလက်ပြလိုက်သော်လည်းကားက ကျော်မတက်။ ထက်ကြပ်မကွာ ကပ်ပါလာသည်။ အင်ဒရီရာနာ မျက်စိမျက်နှာပျက်ကာ နင်းပြေးရပြီ။အရှိန်မသတ်ဘဲ တင်းကြမ်းလိုက်လာတဲ့ ကား ကြောင့် စက်ဘီးကတခြား၊ လူက တခြား။ ကားခနဲလွင့်စဉ်ကျသွားတဲ့မိန်းကလေးကိုကားထဲမှပြေးထွက် လာတဲ့လူတွေက အကြမ်း ဖက်ကာ ကားပေါ်ဆွဲတင်ခေါ်သွားကြသည်။

xxxxx

ဗာရိုနီကာ နဲ့ အင်ဒရီရာနာ  လက်တင် အမေရိကန် အမျိုးသမီးနှစ်ဦး၊ ထိုင်းလူငယ်လေးတစ်ဦးတစ်နေရာတည်းမှာ အကြမ်း ဖက် ချုပ်နှောင်ခံနေရပြီ။ ရုရှားလူကုန်ကူးသမား ဗာဒင်းက ဗာရိုနီကာရဲ့သားလေးဓာတ်ပုံကိုဖြဲဆုပ်ရင်း “သူ ဘယ်မှာရှိလဲဆိုတာ ငါ ကောင်းကောင်းသိတယ်”လို့ ခြိမ်းခြောက်သည်။ ဒီလူကလိုချင်တာ မရလျှင် ရမ်းရမ်းကားကားတကယ်လုပ်မယ့်လူ။ အဝေးက သားလေး ဒုက္ခ ရောက်မှာ စိုးစိတ်ကြောင့်ဗာဒင်းပြုသမျှ နာကျင်စွာခံရပြီ။ ဗာရိုနီကာကို သူတစ်ပါးလက်ထဲ ရောင်းမစားခင် စိတ်ရောခန္ဓာပါ ကျိုးပဲ့ ကြေမွအောင် လူမဆန်စွာပြုကျင့်လိုက်သည်။ ကိုယ်ခန္ဓာနာကျင်လှသလို စိတ်ထဲနာကျင်လှသည်။သားလေးအတွက် မိသားစုအတွက် အနာဂတ်အတွက် မျှော်လင့်ချက်အပြည့်နဲ့ အလုပ်လုပ်ဖို့ ထွက်ခဲ့တာပါ။လော့စ်အင်ဂျလိစ်ကိုသွားဖို့ မက္ကဆီကိုကဖြတ်ရင် အကောင်း ဆုံးလို့ ပွဲစားမိန်းမကပြောခဲ့သည်။အခု မက္ကဆီကိုက ဖြတ်ခဲ့တာပဲ။ ဘာတွေဖြစ်ကုန်တာလဲ။ ဘယ်မှာလဲ ဒီမိန်းမပြောတဲ့အကောင်းဆုံးဆို တာ။ မလိုအပ်ဘဲ မိဘတွေနဲ့သားလေး ဘယ်မှာနေတယ်ဆိုတာကို ဒီမိန်းမတွေက ရအောင် မေးယူခဲ့သေးသည်။ခုတော့ သွားပြီ။ နောင်တက နှောင်းမှရခဲ့ပြီ။ ရှိစေတော့။ မိဘနဲ့သားလေး ဘေးကင်းလျှင်တော်ပါပြီ။မိမိကတော့ သည်နွံမှာ အလိုမတူစွာ ကျွံကျလိုက်ရ ပြီ။

             “ဘယ်နေ့လဲဆိုတာ မသိနိုင်ပေမဲ့ ငါတို့ကို ပေးခဲ့တဲ့ဒုက္ခတွေ တစ်နေ့ပြန်ခံရလိမ့်မယ်၊ သေချာတယ်”
            နာကျင်ခါးသည်းစွာခံစားနေရချိန်မှာအင်ဒရီရာနာက နှစ်ပိုင်းပြဲနေတဲ့သားလေးဓာတ်ပုံကို ကောက်ယူကာ လက်ထဲကို လာထည့် ပေးတော့နောက်တစ်ခါ ဖြဲဆုပ်ခံရမှာစိုးစိတ်နဲ့ သားရဲ့ဓာတ်ပုံအပိုင်းအပြတ်လေးကို မထူမတ်နိုင်အောင်မှောက်လဲကျနေဆဲ ရင်ဘတ် အောက်ထဲ ထိုးထည့်ဖွက်ထားမိသည်။ အင်ဒရီရာနာက ငိုသည်။ မိမိရှေ့မှာသွေးပျက်ဖွယ် ညှင်းဆဲခံခဲ့ရတဲ့ ဗာရိုနီကာအတွက် ငိုသည်။ ဘာတွေကြုံရဦးမလဲ မသိနိုင်တဲ့မိမိအတွက်လည်း ငိုသည်။ နာကျင်မှုကိုယ်စီနဲ့ နှစ်ဦးသား အားကိုးဖက်ပွေ့မိကြသည်။ အင်ဒရီရာနာလည်မှာဆွဲထားတဲ့ မယ်တော်မာရီပုံတော်ဆွဲကြိုးလေးကိုညွှန်ကာ “သူ့ကိုယုံလား၊ မင်း ဘုရားကျောင်းမှာဝတ်ပြုလား”လို့ဗာရိုနီကာ မေး တော့ အင်ဒရီရာနာက ခေါင်းညိတ်ပြရင်းပြောသည်။
“ယုံတယ်။ အစ်ကို ကျွန်မကိုရှာတွေ့ဖို့သူက လမ်းပြပေးမယ်ဆိုတာယုံတယ်”

            တကယ်လည်းရှာတွေ့ခဲ့သည်။ ဒါပေမဲ့ အစ်ကိုဂျော့ဂ်ျခမျာ ဘာမှ မကယ်တင်နိုင်။ မော်ဒယ်မိန်းကလေးတွေကိုယ်ဟန်ပြသလို၊ အတင်းအကျပ်နေခိုင်းပြီး ဓာတ်ပုံအရိုက်ခံနေရရှာသည့် ညီမလေးကိုတောင်တောင်ကုန်းအကွယ်တစ်နေရာကနေ နာကျင်ခံခက်စွာကြည့် နေရရုံသာ။

xxxxxx

မိန်းကလေးတစ်စု ကုန်ကားထဲမှာသစ်သီးလုံးတွေလို လူးလိမ့်ပါသွားလိုက်၊ ချောင်းရေထဲကဖြတ်လိုက်၊ ခြေကျင်လျှောက်လိုက်။ဘ၀က ဆိုးပါဘိ။ ရောင်းစားခံရဖို့ ပင်ပန်းဆင်းရဲစွာ ခရီးကြမ်းတွေဖြတ်ရသည်။  ကုန်းမြင့်တစ်နေရာမှာ လက်ဝါးကပ်တစ်တိုင် စိုက်ထူထားသည်ကိုတွေ့တော့ မန်နျူလိုက ကုန်းနေအောင် ၀တ်ပြုဆုတောင်းလိုက်သေးသည်။ “အပြစ်တွေကိုလွှတ်တော်မူပါ”ဆိုလား၊ မန်နျူလို ကို ကြည့်ကာ ဗာရိုနီကာ နာကျင်စွာ မဲ့ပြုံးပြုံးသည်။မန်နျူလိုဦးဆောင်သည့် လူကုန်ကူးကားကြီးက လမ်းခုလတ်မှာ အပိုဝင် ငွေရှာပြန်ပြီ။ သည်တစ်ခါကံဆိုးသူက အင်ဒရီရာနာ။

“သူအရမ်းကြောက်နေတယ်၊သူ့အစားကျွန်မကိုခေါ် ”ဗာရိုနီကာက ပြောပြောဆိုဆို အင်ဒရီရာနာ ရှေ့ကနေ ကာဆီးပေမဲ့ အားမတန်တော့မာန်လျှော့ရသည်။ အင်ဒရီရာနာကို လက်ဆွဲခေါ် လူစိမ်းတစ်ယောက် လက်ထဲ ထိုးထည့်ပြီး“သူက တကယ့်အပျိုစစ်စစ်လေး”လို့ မက်လုံးပေးကာ မန်နျူလိုက ဈေးကောင်းရအောင်ခေါ်လိုက်သေးသည်။ ဒေါ်လာ ၈၀။ဝါးရုံတောထဲမှာ အချိန်မှတ်ကာ မိနစ်ပိုင်းမျှ ကြားဖြတ်ရောင်းစားခံရတဲ့မိန်းကလေးတွေ နည်းနည်းနောနောမဟုတ်ပါလား။ သွေးပျက် ထိတ်လန့်ဖွယ် အရုပ်ဆိုး အကျည်း တန်လှသည့် ဘေးဘီဝဲယာမြင်ကွင်းတွေကိုမရဲတရဲကြည့်ရင်း လူစိမ်းခေါ်ရာနောက်သို့  အင်ဒရီယာနာရှုံ့ရှုံ့ငိုငို လိုက်ပါသွားရပြီ။

xxxxxx

လူကုန်ကူးအမှုကို စုံစမ်းစစ်ဆေးရမည့်ရေး က အင်ဒရီရာနာအပါအ၀င် မိန်းကလေးတွေကို အင်တာနက်မှာ လေလံတင် ရောင်းချမည်ဆိုသည့်သတင်းကိုရခဲ့သည်။။ လေလံပွဲမှာဝင်နွှဲနိုင်ဖို့ လျှို့ဝှက်နံပါတ်တွေလည်း ရခဲ့ပြီ။ အင်ဒရီရာနာကိုအစ်ကိုဖြစ်သူ ဂျော့ဂ်ျလက်ထဲ ပြန်ထည့်ပေးနိုင်ဖို့ မရအရ ၀ယ်ယူပေးဖို့ ရေးက ဆုံးဖြတ်လိုက်သည်။

အင်ဒရီရာနာရဲ့ဓာတ်ပုံတွေကိုမန်နျူလိုက အင်တာနက်မှာ တင်ပစ်လိုက်သည်။ အင်ဒရီရာနာခမျာ ရေချိုးခန်းထဲမှာရေချိုးရင်းသည်းအူ ပြုတ်ထွက်မတတ် ငိုကြွေးလို့မဆုံး။ အပြစ်အညစ်အထေးတွေ ရေနဲ့အတူ မျောပါသွားပြီးမိမိခန္ဓာ တစ်ဖန်ပြန်လည် စင်ကြယ် လာလိမ့်နိုးနိုး မျှော်လင့်နေမိသေးသည်။

“အိမ်ပြန်ချင်တယ်”
“အမေ့ကို သတိရတယ်”
 “ခုဆို အမေက ကျွန်မကို ချစ်တော့မှာမဟုတ်ဘူး”

တွတ်တွတ်မြည် ရေရွတ်ရှိုက်ငိုနေရှာတဲ့အင်ဒရီရာနာကိုဗာရိုနီကာ နှစ်သိမ့်ရသည်။
“မဟုတ်ဘူး မဟုတ်ဘူး။ အမေတွေက သားသမီးတွေကိုအမြဲချစ်ပါတယ်။ အထူးသဖြင့် ဒုက္ခ ရောက်တဲ့ သားသမီးတွေကို ပိုချစ်တာ”။
မယုံမရဲမျက်ဝန်းလေးများနှင့်အင်ဒရီရာနာ က  ဗာရိုနီကာကို ကြည့်နေသည်။

xxxxxx

ဆိုက်ဘာကဖေးထဲရောက်သည်နှင့်ရေးက အင်တာနက်ကွန်ရက်ထဲ ရေးကြီးသုတ်ပျာခေါင်းတိုးဝင်သည်။ Member တစ်ဦး အဖြစ် Iogin လုပ်။ လျှို့ဝှက်အမည် greenhouse ရိုက်ထည့်။ တွေ့ပါပြီ မကြာခင် ရောင်းချခံရတော့မည့်အမျိုးသမီးလေးတွေ အများကြီး။ အင်ဒရီရာနာကို သူ မမြင်ဖူး။

 “ဒီမှာ ကျွန်တော့်ညီမ”
လို့ ဂျော့ဂ်ျကပြသည်။ နာမည်ကအသစ် ဖြစ်နေခဲ့ပြီ။ မာရီယာတဲ့။

            “ငါတို့နယူးဂျာဆီကို အမီသွားရမယ်”
            အင်ဒရီရာနာကနာကျင်မှုတွေဗရပွနဲ့ စိတ်တွေထွေပြားနေပေမဲ့ ဗာရိုနီကာက လွတ်မြောက်ဖို့ အခွင့်အလမ်းကိုမမှိတ်မသုန် ချောင်းမြောင်းနေခဲ့သည်။ ရပြီ။ ဟိုလူနှစ်ယောက် ကားထဲကဆင်းပြီး အပေါ့အပါးသွားနေချိန်မှာအင်ဒရီရာနာကို အတင်းဆွဲခေါ်ကာ နှစ် ဦးသား ထွက်ပြေးကြသည်။ ကံကောင်းထောက်မစွာ မျက်ခြည်ဖြတ်နိုင်ခဲ့ကြကာနောက်ဆုံးမြို့လယ်ကောင်ရောက်ခဲ့ပြီ။ မိန်းကလေး နှစ်ယောက် ပွေ့ဖက် ခုန်ပေါက်မိသည်။ အချိန်ဆွဲလို့မဖြစ်။တွန့်ဆုတ်ဆုတ်လုပ်နေသည့် အင်ဒရီရာနာကိုပြေးတော့လို့ တိုက်တွန်းပြီး အမေရိကန် အလံလွှင့်တင်ကိုင်ဆောင်လျက် စီတန်းလှည့်လည်နေသည့် လူအုပ်ကြီး ကြားကနေ ဖြတ်ပြေးကာ တယ်လီဖုန်းရုံဆီဗာရိုနီကာပြေးသည်။
“ပိုလန် နိုင်ငံကိုချိတ်ပေးပါ”

မိဘတွေဆီ အရေးပေါ်အကြောင်းကြားရသည်။

“သူတို့လာလိမ့်မယ်သူတို့ကိုမယုံနဲ့၊ သမီးကိုလည်း ဖမ်းထားတာ…”

စိုးထိတ်တဲ့မျက်ဝန်းအစုံနဲ့အင်ဒရီရာနာ အနားသို့ရောက်လာကာ တစ်နေရာဆီသို့ မျက်ဝန်းကတစ်ဆင့် ညွှန်ပြနေသည်။ ဖုန်းထဲသဲသဲကွဲကွဲမပြောလိုက်နိုင်ခင်မှာပဲ ဗာရိုနီကာ့ကိုယ်လေးက အကြမ်းဖက်သမားရဲ့လက်မောင်းလက်ဆံကြားစွေ့ခနဲမြောက်ပါသွားသည်။ အင်ဒရီရာနာလည်း အလားတူ။ အကြမ်းဖက်သမားတွေရဲ့ ကားထဲ ပြန်ပါသွားရပြီ။တစ်နေရာမှာ ကားရပ်ကာ ထွက်ပြေးခြင်းရဲ့ရလဒ် အဖြစ် ဦးဆောင်သူ ဗာရိုနီကာကို သူ့ရှေ့မှာရပ်စေကာဆုံးမတော့မည်။ သူ့ခါးက ခါးပတ်ကို မန်နျူလိုက ဆွဲဖြုတ်လိုက်သည်။

            ဗာရိုနီကာကလုံးဝမမှု။ ရိုက်ပေါ့၊ တစ်ဘ၀လုံးမွကြေပြီခဲ့ပြီ၊ အသားနာတာလောက်တော့မမှုတော့။ ကျောပေးရပ်လျက်အင်္ကျီခေါင်းစွပ်လေးကို ဖြည်းညင်းစွာဆွဲခြုံလိုက်သည်။ မထိတထိလေး ပြုံးပြလျက် သူ့ကိုစူးရဲစွာစိုက်ကြည့်လာသည့်ဗာရိုနီကာ။

            “ရှင်လုပ်ခဲ့သမျှအတွက်ပြန်ပေးဆပ်ရလိမ့်မယ်၊ သေချာကြည့် ဒီမှာ၊ ကျွန်မပြမယ်”

            ဒီစကားတွေကိုအသေအချာဆိုအပြီး ရုတ်တရက် ပြေးထွက်သွားကာ ဗာရိုနီကာ ချောက်ကမ်းပါးထိပ်ကနေ ခုန်ချသွားသည်။မန်နျူလို သွေးပျက်စွာကျန်ရစ်ခဲ့ပြီ။ ကားထဲမှာကျန်ရစ်သည့် အင်ဒရီရာနာခမျာ ငိုလို့မဆုံးတော့။

မိန်းကလေးနှစ်ယောက်အနက်တစ်ယောက်သာပို့ပေးနိုင်သည့်အတွက် မန်နျူလို မျက်နှာကောင်းမရတော့။ ဆိုးတာက ဗာရိုနီကာချောက်ထဲခုန်မချခင် ပြောသွားသည့် စကားလုံးများက သူ့အာရုံကို အချိန်ပြည့်ဝင်ကာ အနှောင့်အယှက်ပြုခြင်းပင်။လူကုန်ကူးရောင်းစားခဲ့သမျှ တစ်လျှောက်လုံး သည်လို အဖြစ်ဆိုးမျိုးမကြုံဖူး။ မန်နျူလိုစိတ်ဓာတ်ကျနေပြီ။

လူကုန်ကူးအကြီးအကဲမိန်းမရဲ့အိမ်မှာအင်ဒရီရာနာ စိတ်လှုပ် ရှားစွာ ဆုတောင်းနေသည်။
“အစ်မဗာရိုနီကာ ကောင်းကင်ဘုံမှာပျော်ရွှင်ပါစေ၊ ပြီးတော့ ဘုရားသခင်နဲ့စကားပြောခွင့်ရရင် အခု ကျွန်မတို့ကိုရောင်းချတော့မယ့်လေလံပွဲမှာ သနားကြင်နာတတ်တဲ့ လူကောင်းတစ်ယောက်နဲ့တွေ့ရဖို့လည်း ပြောပေးပါနော်။ ကျွန်မ အရမ်းကြောက်တယ်၊ ကျေးဇူးပြုပြီး ကူညီပါနော်”

            လေလံပွဲစပြီ။ အင်တာနက်ကွန်ပျူတာရှေ့မှာ ဂျော့၈်ျက အဆင်သင့်။ ရေးပြောတဲ့အတိုင်း သူ့လက်ချောင်းတွေကကီးဘုတ် ခလုတ်တွေပေါ် တဂျောင်းဂျောင်းပြေးနေသည်။ မြန်မြန်သွက်သွက်။ username-worldtraveller။ လေလံက ဒေါ်လာ ၅၀၀ ကစ ခေါ်ပေမဲ့ ပထမအချီမှာပဲ ၈၀၀၀ ပေးတာတွေ့တော့ရေးက ၁၀၀၀၀ပေးလိုက်လို့ပြောသည်။ little buddha ဆိုသူနှင့် ပြိုင်ဖိုက်ကာ နောက်ဆုံး  ၃၂၀၀၀ ဖြင့် ရေး အနိုင်စွဲသွားပြီ။

            အင်ဒရီရာနာရဲ့အစ်ကိုဂျော့ဂ်ျက ရေးကို ပြေးဖက်လျက် တုန်ခိုက်စွာ ဆိုလိုက်သည်။
“ကျေးဇူးပါပဲဗျာ”

xxxxx

ချိန်းဆိုထားတဲ့အတိုင်း အကြီးအကဲမိန်းမ လော်ရာရဲ့အိမ်ကိုရေး တစ်ယောက်တည်း သွားရသည်။ လေလံပွဲမှာ အနိုင်ရတဲ့အတိုင်း အင်ဒရီရာနာကို ငွေထုပ်နဲ့အလဲအလှယ်ပြုကာ ခေါ်သွားလိုက်ရုံ။ လည်လွန်းတဲ့မိန်းမက ငွေထုပ်လက်ထဲရောက်နေတာတောင် မ ကျေနပ်နိုင်သေး။ “ရှင်က ရဲထင်တယ်”လို့ သံသယစကားဆိုပြီ။ “မဟုတ်ပါဘူး”ဆိုတော့ မဟုတ်ရင် သက်သေပြတဲ့။ သူပြခိုင်းတဲ့သက်သေက ရင်ကျိုးစရာ။ အင်ဒရီရာနာကို ဒီနေရာမှာပဲ အကြမ်းဖက်လိင်ဆက်ဆံမှုပြုကျင့်ပြရမယ်တဲ့။အပေးအယူကိစ္စမှာ ဒီကိစ်္စမပါ ပေမဲ့ မိန်းမလည် လော်ရာက သူတို့အတွက် စိတ်ချမှုရယူတဲ့သဘောလို့ဆိုသည်။ “သက်သေပြဆို ပြရမပေါ့။ ဒီလောက်ငွေတွေ ပေးထားမှတော့ ခင်ဗျားတို့က သီးသန့်အခန်းလေးပေးမှပေါ့”လို့ ရေးက တောင်းဆိုသည်။ ရေးအနားမှာ ကပ်ထိုင်နေရတဲ့ အင်ဒရီရာ နာ ခမျာ မျက်လုံးပြူးနေရှာပြီ။အတော်ရက်စက်တဲ့မိန်းမ။ အလဲအလှယ်အတိုင်း ငွေရရင်ပြီးပြီမဟုတ်လား။ ခုတော့ . . .။

မတတ်နိုင်။ လာခေါ်သည့်လူစိမ်းကြီးနှင့်အတူ အိမ်ပေါ်ထပ်အခန်းကို လိုက်ခဲ့ရပြီ။ လော်ရာက စိမ်းစိမ်းဝါးဝါးကြည့်ကာပြောလိုက်သေးသည်။ ငါ့ရဲ့အိပ်ရာအခင်းပေါ်မှာ သွေးစသွေးနတွေ့မှယုံမယ် ဆိုလား။ သွားပြီ။ဒါက မဖြစ်နိုင်တာပဲ။ မိမိက အပျိုစင်လေး မဟုတ်တော့။ လမ်းခုလတ် ၀ါးရုံတောကြားမှာ အပျိုစင်ဘ၀ကိုအားမတန်မာန်လျှော့ဆုံးရှုံးခဲ့ရပြီးပြီမဟုတ်လား။ အင်ဒရီရာနာ ဘာလုပ်ရမည် မသိ။ သည် လူစိမ်းကြီးကဘယ်လိုလူစားလဲလည်းမသိ။ ရှင်ကြီး ကျားထက်ဆိုးဦး မှာလား။ လူစိမ်းကြီးက အခန်းထဲ လှည့်ပတ်ရှောင်တိမ်းနေတဲ့မိမိကို အနားကပ်ကာ တိုးတိုးလေးဆိုသည်။

            “မကြောက်နဲ့၊ငါက မင်းအစ်ကို ဂျော့ဂ်ျရဲ့မိတ်ဆွေ” အစ်ကို့နာမည်ကြားတော့ အင်ဒရီရာနာအံ့အားသင့်သွားသည်။တည်ကြည် ခန့်ညားတဲ့လူစိမ်းကြီးပုံစံက သံသယပွားစရာအကြောင်းမမြင်။ ဒါပေမဲ့ ဟိုမိန်းမယုံအောင်သက်သေပြဖို့က ပြဿနာ။ ဘယ်လိုလုပ်ရမယ် ဆိုတာ သေချာမသိသေး။ ရုတ်တရက် အကြံရသွားသည်။ လူစိမ်းကြီးကိုခဏလေးစောင့်လို့ပြောကာ အတွင်းဘက် ရေချိုးခန်းထဲ အင်ဒရီရာနာ ၀င်သွားသည်။ ပြန်ထွက်လာတော့တစ်စုံတစ်ရာ နာကျင်ခံစားနေဟန်၊ လက်ဖ၀ါးနုနုမှာ သွေးနီနီစွန်းထင်းလို့။ ဒဏ်ရာရ အောင်လုပ်ခဲ့ရပြီ။ သွေးစ သွေးနတချို့ အိပ်ရာခင်းဖြူဖြူ ပေါ်သုတ်အလိမ်းမှာ၊ တံခါးခေါက်သံနဲ့အတူလော်ရာရဲ့စေခိုင်းချက် ကြောင့် အခြေအနေ လာအကဲခတ်ဖို့ မန်နျူလို ရောက်လာသည်။ အိပ်ရာခင်းပေါ်ကအထင်းသား စွန်းပေနေတဲ့ သွေးနီနီစကိုမြင်တော့ မျက် မှောင်ကြုတ်သည်။ သူအသိဆုံး၊ ဒီမိန်းကလေးကအပျိုစင်လေးမှ မဟုတ်တော့တာ၊ သွေးထွက်သံယိုဖြစ်စရာအကြောင်းမရှိ။ လမ်းခုလတ် မှာ သူကိုယ်တိုင်မိနစ်ပိုင်းကြားဖြတ် ရောင်းစားခဲ့သေးသည်မဟုတ်လား။ အိပ်ရာခင်းပေါ်က နီနီအစအနက ဘယ်က ဘယ်လို။လော်ရာ့ ကို အမှန်အတိုင်း ပြောပြလိုက်ရမလား၊ ဘယ်လိုပြောရပါ့။ ဝေခွဲမရစိတ်နဲ့ ပြန်လှည့်အထွက်မှာအင်ဒရီရာနာက မောဟိုက်သံလေးနဲ့ သူ့ကို အော်ခေါ်လိုက်သည်။

            “မန်နျူလို. . .”
            လက်တစ်ဝါးစာဟနေတဲ့ တံခါးရဲ့တစ်ဖက်တစ်ချက်မှာ မျက်ဝန်းနှစ်စုံ အပြန်အလှန်စိုက်ကြည့်မိကြပြီ။ တောင်းပန်းတိုးလျှိုးတဲ့ကရုဏာ မျက်ဝန်းတစ်စုံနဲ့ ထွေထွေပြားပြားချောက်ချားနေတဲ့ မျက်လုံးတစ်စုံ။

            “ရှင့်ကိုဗာရိုနီကာစောင့်ကြည့်နေတယ်၊ သတိရစမ်းပါဦးလား။ အခု နောက်မကျသေးပါဘူးနော်”
            သည်စကားတွေကိုအင်ဒရီရာနာက ရိုးရိုးမပြော။ မန်နျူလိုရဲ့လက်ခုံကို ဒဏ်ရာရအောင်လုပ်ထားပြီး သွေးစွန်းနေတဲ့လက်ဖ၀ါး လေးနဲ့ တို့ထိဆုပ်ကိုင်ရင်း ပြောသည်။ အကြီးအကျယ်တုန်လှုပ်ကာ မန်နျူလို လှည့်ထွက်သွားသည်။အောက်ထပ်ရောက်တော့ လော်ရာက ဘယ်လိုလဲတဲ့။ မန်နျူလို ချွေးပြန်လျက် လော်ရာ့မျက်နှာကိုမကြည့်ဘဲ ဖြေလိုက်သည်။

“မပူနဲ့တော့၊ မင်းသံသယဖြစ်တဲ့ကိစ္စ သူတို့သက်သေပြသွားပြီ”

xxxxxx

မန်နျူလိုက နောင်တစိတ်နဲ့အတူအင်ဒရီရာနာ၊ ရေးတို့ကို  ကောင်းမွန်စွာ ကားနဲ့ပြန်ပို့ပေးဖို့ထွက်အလာမှာနောက်ကလိုက်လာ ချောင်းမြောင်းစောင့်ဆိုင်းနေတဲ့ ဂျော့ဂ်ျက အသင့်ဆွဲယူလာတဲ့သံတုတ်နဲ့မန်နျူလိုကိုအားကုန်ရိုက်ချလိုက်သည်။ လော်ရာက သေနတ် ထုတ်ချိန်လိုက်ပေမဲ့ အခါနှောင်းသွားပါပြီ။ရေးကို စောင့်ကြည့်နေတဲ့ သူ့မိတ်ဆွေရဲတွေက သေနတ်ကိုယ်စီနဲ့ အားလုံးကို အမိအရ ဖမ်းဆီးနိုင်ခဲ့သည်။မြေတိုက်ခန်းထဲက ထုတ်လာတဲ့မိန်းကလေးတွေကိုမြင်တော့ အင်ဒရီရာနာ ရင်ထဲ ထိခိုက်မဆုံး။မိမိလည်းဘာထူးလဲ။ မိုးသားတွေကင်းစင်သွားပြီဆိုပေမဲ့ ဘယ်တော့မှ ချေဖျက်မရတော့တဲ့အမှောင်တစ်စကနှလုံးသား ထောင့်တစ်နေရာမှာ ထာဝရ စွဲကျန် နေတော့မှာ။ ရေး က အင်ဒရီရာ နာကို လေလံဆွဲခဲ့တဲ့တန်ဖိုး၊အ၀ါရောင်ငွေစက်္ကူထုပ်ကို ဂျော့၈်ျအား ပေးလိုက်သည်။ ဂျော့၈်ျက ရေးရဲ့ စိတ်တိုင်းကျလက်ခံလိုက်ပေမဲ့ရေးအလစ်မှာ သူ့ကားထဲပြန်ထည့်ထားပေးခဲ့သည်။ ချစ်တဲ့ညီမလေးကို ပြန်ရခဲ့ပြီပဲ။ တခြားဘာမှသူ့အတွက် မလိုအပ်တော့ပါ။ ရေးပြောခဲ့တဲ့အတိုင်းပေါ့။ ညီမလေးအတွက် သူက တကယ် အားကိုးရမည့်အစ်ကိုကြီးပါပဲ။ညီမလေးကို အမေ့ဆီ အမြန်ပြန်ခေါ်သွားပေးဖို့ တာဝန်ရှိသေးသည်။ မက်္ကဆီကို ကိုပြန်ရောက်ခဲ့တော့အမေက ဘုရားရှိခိုးကျောင်းထဲမှာ။ ညီမလေးကို မြင်တော့ အမေက ၀မ်းသာဝမ်းနည်း အော်ဟစ်ကြိုဆိုသည်။ညီမလေးက သူ့ကိုလှည့်ကာ တကြည့်ကြည့်လုပ်နေပေမဲ့ သူ ဘုရား ကျောင်းထဲ ၀င်ဖို့ မဖြစ်သေး။လုပ်စရာ တစ်ခုကျန်သေးသည်။

            ရုရှားအကြမ်းဖက်သမားဗာဒင်းက သူ့မိသားစုကို နှုတ်ဆက်ကာ လမ်းကြားထဲကထွက်အလာ ဂျော့ဂ်ျက နောက်ဘက်ကနေ အသင့်ကိုင်လာတဲ့မောင်းပြန်ဓားနဲ့ တစ်ဆုံးထိုးစိုက်ချလိုက်သည်။ ဘယ် လောက်အားပြင်းလဲမသိ၊ တစ်ချက်တည်းနဲ့ဒီလူ ကားခနဲ လမ်းပေါ် လဲကျသွားသည်။ ဒါပဲပေါ့။ မိစ္ဆာကောင်တွေ သူတို့လုပ်ခဲ့တဲ့အပြစ်အတွက်ဒီလိုပဲ ပေးဆပ်ရမည်။ ကျေနပ်အားရစွာ ဂျော့ဂ်ျ လှည့်ထွက်လာခဲ့သည်။

            နားထဲမှာတဖတ်ဖတ်ပြေးလာတဲ့ ခြေသံဖွဖွလေးတစ်သံ။ အဲသည်နောက် ခေါ်သံလေးတစ်သံ။
            “ဖေဖေရေ. . .”
            ဂျော့ဂ်ျလည်ပြန်လှည့်ကြည့်မိတော့လမ်းပေါ်မှာ လဲကျနေတဲ့ ရုရှားဖေဖေကို လှမ်းခေါ်နေရှာတဲ့ ကျောပိုးအိတ်လွယ်ထားတဲ့ကလေးငယ်လေး။

“ဘုရားသခင်”။
ဂျော့ဂ်ျရဲ့အကြည့်ထဲမှာအံ့အားသင့် တုန်လှုပ်ချောက်ချားခြင်းများစွာ။

xxxxxx

            နိုင်ငံတကာမှာအမျိုးသမီးတွေ အကြမ်းဖက်လိင်ဆက်ဆံခံ ရမှုနဲ့ပတ်သက်ပြီး ဥပဒေပြဌာန်းချက်တွေ တိကျစွာရှိပါလိမ့်မည်။ဒါပေမဲ့ အကြမ်းဖက်ဆက်ဆံမှုတွေ ပပျောက်မသွားခဲ့သေးကြောင်း သတင်းဌာနတွေကတစ်ဆင့် မြင်တွေ့ကြားသိနေရသည်။ပိုလန်သူ လေး ဗာရိုနီကာလို မိသားစုအတွက် နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်သွားလုပ်ဖို့ကြိုးစားမိရာကမသမာသူတွေနဲ့တွေ့ပြီး ဘ၀ဆုံးသူ ရှိနိုင်သလို၊ အင်ဒရီရာနာလို အိမ့်အပြင်ဘက်စက်ဘီးစီးထွက်ရင်းဘုမသိဘမသိ အကြမ်းဖက်ခံရသူ မိန်းမငယ်လေးတွေလည်း ကမ္ဘာမှာ များစွာ ရှိနိုင်သည်။ မိမိတို့သဘောဆန္ဒအလျောက်ဇိမ်မယ်အလုပ်ကို အသက်မွေးဝမ်းကျောင်းအလုပ်သဖွယ် သဘောထားပြီး လုပ်ဆောင်နေကြတဲ့ အမျိုးသမီးတွေကိုတော့အထွေအထူးပြောစရာမရှိပါ။ ကျွန်မခံစားရတာက မိမိတို့သဘောဆန္ဒ လုံးဝမပါရှိဘဲ လူကုန်ကူးခံရ၊အကျဉ်းသားနဲ့မခြား ပိတ်လှောင်ခံရ၊ အတင်းအဓမ္မပြုကျင့်ခံရသည့် အကြမ်းဖက်လုပ်ရပ်တွေပဲဖြစ်သည်။

            ဘာပဲဖြစ်ဖြစ်အကြမ်းဖက်လုပ်ရပ်မှန်သမျှအတွက် အခြားတစ်ဖက်မှာ တန်ပြန်ခံစားပေးဆပ်ရမည့် ချောက်ကမ်းပါးနက်ကြီးရှိသည်။ ချောက်ကမ်းပါးထဲ တစ်ဆုံးခုန်မချခင် “ရှင်လုပ်ခဲ့သမျှ အတွက် ပြန်ပေးဆပ်ရလိမ့်မယ်၊ဒီမှာကြည့် ကျွန်မပြမယ်” လို့ ပြောပြီး မထီတရီအပြုံးလေးနဲ့ စိန်ခေါ်သွားတဲ့ ပိုလန်သူလေးရဲ့အဓိပ္ပာယ်အပြည့်နဲ့ အကြည့်တစ်ချက်ကို ကျွန်မ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်တော့ပါ။
            
အပြစ်တစ်ခုလုပ်မိမယ်ကြံတိုင်းဗာရိုနီကာရဲ့ အကြည့်တစ်ချက်ကိုသတိရလျက် ထိုအပြစ်ကို မကျူးလွန်မိစေဖို့ ကျွန်မကိုယ်ကျွန်မ ထိန်းချုပ်ဆင်ခြင်ရတော့မည်။ ဒီအကြည့်လေးရဲ့တစ်ဖက်မှာ ချောက်ကမ်းပါးနက်နက်ကြီးရှိနေတာကို ကျွန်မ သိထားသလို လူတိုင်းအားလည်း သိစေချင်လှပါသည်။

ဂျူနီယို
င်္Family Magazine, May, 2013
Movie         - Trade(German Movie)
Cast           - Ray Sheridan (Kevim Kline)
                    Jorge (Cesar Ramos) 
                    Veronica (AlicjaBachleda)
                    Adriana (Paulina) 
                    Manuelo (Marco Pérez)
Director      - MarcoKreuzpaintner
Writer         - Peter Landesman
                   (based his article 'TheGirl Next Door)

No comments: