ညသန်းခေါင်ယံကြီးမှ တယ်လီဖုန်းသံက မြည်လာတယ်။
ဆယ့်ရှစ်နှစ်အရွယ် ညီမကလေးက အင်္ဂလန်ကနေ ခေါ်လိုက်တာပါ။ သူမအသံက မချင့်မရဲ မကျေမနပ်။ စိတ်ထိခိုက်နေဟန်ပါပဲ။
ဒီနှစ် နှင်းတွေကျပုံသိပ်ထူးဆန်းသတဲ့။ မကြုံဖူးလောက်အောင် ထူထပ်သိပ်သည်းနေလို့ လေကြောင်းခရီးတွေ ရပ်ဆိုင်းသွားတယ်။ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းထားတယ်ဆိုဘဲ။ ဘယ်နေ့  ခရီးစဉ်ပြန်လည် စတင်မယ်ဆိုတာ မခန့်မှန်းနိုင်ဘူး တဲ့။
မိုးရောနှင်းရော ဟာရီကိန်းမုန်တိုင်းစတာတွေ….။
ဟင် ..ဒါဆို အိမ်ပြန်ချင်တဲ့ ဂရေ့စ် ဒုက္ခပဲ။ ဖယ်မလီ ခရစ်စမတ်နဲ့တော့ လွဲပါပြီ။ အိမ်လည်လာနေကျ စန်တာကြီးနဲ့ ဓါတ်ပုံတွဲရိုက်ဖို့ လွဲရပြီ။
နှစ်စဉ် ၀တ္တရားမပျက် စန်တာကြီးနဲ့ ကျွန်မတို့မောင်နှမတတွေ (ညီမလေး ဂရေ့စ် မောင်လေး ဟယ်ရီ ကျွန်မလီဆာအပါအ၀င်ခလေးတွေ) အကောင်းဆုံး အ၀တ်သစ်အစားသစ်တွေနဲ့ (အထူးသဖြင့် သန့်ရှင်းစင်ကြယ်တဲ့ ဘုရားဖူးဝတ်စုံမျိုး) ၀တ်ဆင်ပြီးတော့ လမ်းလျှောက်ကြ။ ကြည်နူးစရာပါ။ ဒီဇင်္ဘာလဆိုရင် စန်တာမပါဘဲ ဓါတ်ပုံရိုက်လို့ မဖြစ်နိုင်ဘူး။ ရိုးရာ ဖယ်မလီ ပွဲတော်လေးကို အပျက်မခံကြဘူး။
ခရစ်စမတ်မတိုင်ခင်ကျွန်မတို့ ညီမကလေးကိုပြန်ရမှ ဖြစ်မယ်ဆိုပြီး ဒယ်ဒီက စစ်ဆင်ရေးစလုပ်တော့တာဘဲ။
မေမေကလဲ ဖုန်းကို ကိုယ်နဲ့ မကွာကပ်ထားပြီးဆက်တိုက် ခေါ်နေတော့တာပဲလေ။
ရှိရှိသမျှ လေကြောင်းလိုင်းတွေ အကုန်လှမ်း ဆက်သွယ်နေတော့တာ။ သင့်တော်ရာ အကြံပေးပုဂ္ဂိုလ်တွေနဲ့လည်း မပြတ်ဆက်သွယ်တယ်။
ဒယ်ဒီက အဆိုးဆုံးပေါ့။ ၁၂လကြာခွဲနေရတဲ့ သူ့သမီးငယ်လေးနဲ့အတူ စုံစုံညီညီ ဆန်တာကြီးနဲ့ ရော ခရစ်စမတ် ဓါတ်ပုံ ရိုက်ထားချင်မှာပဲ။ ကံကောင်းချင်တော့ ဗျာများရတဲ့ ရက်တွေ ကျော်လွန်သွားခဲ့ပြီ ဆိုရမယ်။ ခရစ်စမတ်အကြိုနေ့မှာ ဂရေ့စ် သြစတြေးလျကို ရောက်လာတယ်။ ကျွန်မတို့ တတွေက နယူးဆောက်သ်ဝေးလယ်တောအိမ်ကနေ ကြိုနေရုံပဲ။
ဂရေ့စ်ရဲ့ လေယဉ်လဲ ဆင်းလာရော အို မိသားစု ယောက်ယက်ကို ခတ်လို့ ။ ၀ိုင်းဝန်းထွေးပွေ့ကြ။ ဖက်ရမ်းနမ်းရှုံ့ကြ။ လူစုံတက်စုံ ပေါင်းဆုံတဲ့ပွဲလေး။း နွေးထွေးစိုပြေ တင့်တယ်လှပါဘိ။
ဆစ်ဒနီလေယာဉ်ကွင်းကနေ လိမ္မော်ရောင် ဆန်တာကလောစ်အခင်းအကျင်းဆီရောက်ဖို့ ကိုတော့ ၂၆၅ကီလိုမီတာ အရောက်သွားရသေးတာပါ။ စိတ်လှုပ်ရှားရင်ခုန်ရပါတယ်တဲ့။
သတ်မှတ်ထားတဲ့အချိန်ကလေးမှာ မိသားစု ပေါင်းဆုံရခြင်းဟာ ရတနာတပါးကောက်ရသလိုပါပဲ။ ၀မ်းသာစရာကြီး။ အလွန်မြူးထူးပျော်ရွှင်စရာပါ။ ရွှန်းလဲ့ တောက်ပတဲ့ အမှတ်တရ ဓါတ်ပုံကလေးတွေ ပြက်ပြက်ထင်ထင် ရရှိလိုက်ပါတယ်။
မာမီ ဒယ်ဒီတို့ ဘေးက ၀န်းရံလို့ အောင်မြင်တဲ့ ပွဲကလေး ၊ အံ့သြလောက်တဲ့ သမိုင်းဝင် သူတော်စဉ်မွေးနေ့ ကလေး၊ ထူးကဲမြင့်မြတ်တဲ့ တန်ဖိုးဖြတ်မရတဲ့နေ့ကလေး ရယ်လို့ ချီးမြင့် ကြေငြာလိုက်ပါပြီ။
ကျွန်မတို့ရဲ့ အသွင်သဏ္ဍာန်တွေ ဘ၀အထွေထွေ ဘယ်လိုဘဲ ကွဲပြားခြားနားနေပါစေ ကျွန်မတို့မော်ကွန်းကမ္ဗည်းတင်ရမယ့် စန်တာရဲ့ အယ်လ်ဘမ်မှာတော့ ညီညီညွတ်ညွတ်ရှိခဲ့ကြပါပြီ။ တော့တီးတော့တ ခယိုခယိုင်လေးတွေ ၀၀ကစ်ကစ်ဖေါင်းဖေါင်းအိအိလေးတွေ ပါးစုံ့ပါးမို့လေးတွေ နဲ့ ခလေးတွေလည်း စုံညီကြတယ်။
တခါတုံးက ဂရေ့စ်တယောက် ဆန်တာကြီးဝုန်းဒိုင်းကြဲ ဒေါဖေါင်းခဲ့တဲ့ နှစ်နဲ့ ကြုံဖူးခဲ့သတဲ့။ ဒါ့ကြောင့် နောင်အခါ ဘယ်သူမှ မပျက်ကွက်ပဲ စုံညီ စုဝေးခဲ့ကြတာပါ တဲ့။
Florist
Source : Santa's Babies : Reader's Digest, December, 2012
.jpg)

No comments:
Post a Comment