(၂၀၀၉၊ ဒီဇင်ဘာ ၂၁ရက်ထုတ်၊ အချစ်ဂျာနယ်)
“ရှမာရိ အဆင်သင့်ဖြစ်ပြီလား”
အိုး လန့်လိုက်တာ။ အတွေးလွန်နေတုန်း ပြဇာတ်အဖွဲ့ခေါင်းဆောင် ဆရာမ နော်လယ်ထူးက အနားကပ်မေးလိုက်လို့ ရှမာရိလန့်သွားတယ်။ `ဟုတ်ကဲ့ဆရာမ´လို့ပြောလိုက်ရပေမဲ့ ရှမာရိစိတ်တွေ အဆင်သင့်တော့မဖြစ်သေးပါဘူး။ရှမာရိကို ညီမင်းညိုစိတ်ဆိုးသွားတာ ဒီနေ့ပါဆို တစ်ပတ်တောင်ရှိပြီ ဖုန်းလည်း မဆက်ဘူး။ ရှမာရိထင်နေတာက သူဘယ်လောက်ပဲစိတ်ဆိုးဆိုး ရှမာရီတို့ ခရစ်စမတ်အတွက် ပြဇာတ်တိုက်ရင် လာကြည့်ဦးမယ် ပြောဖူးတော့ ဒီနေ့ ပြဇာတ်စကျင့်တဲ့နေ့ သူရောက်လာမယ်လို့ပဲ ထင်မိတာ။ ရှမာရိအားရှိအောင် ပြဇာတ်ကျင့်မယ့် ဘုရားကျောင်းလေးဆီနေ့တိုင်းပဲ လာကြည့်အားပေးမယ်ပြောထားပြီး သူခုထိရောက်မလာသေးဘူး။ တကယ်ပဲ စိတ်ဆိုးနေရင်တောင် အခုဒီပြဇာတ်လေးကို အကြောင်းပြုပြီး သူရောက်လာခဲ့ဖို့ကောင်းတာ။ ခုတော့…
xxxxxx
ခရစ်စမတ်အကြိုညမှာ ကပြမယ့် ပြဇာတ်အတွက် ရှမာရိတို့လူငယ်အဖွဲ့ ပြဇာတ်ကျင့်နေကြတာပါ။ လူငယ်အဖွဲ့အားလုံး စုံနေပြီ။ အားလုံးသိကြတဲ့အတိုင်း ဒီဇင်ဘာ၂၄ ရက် ခရစ်စမတ်အကြိုညသန်းခေါင်ယံ midnight service time ရဲ့ အစောပိုင်းအစီအစဉ်အဖြစ် ယေရခရစ်ဖွားမြင်တော်မူခန်း ပြဇာတ်ဖျော်ဖြေ တင်ဆက်ကြဖို့ ကျင့်နေကြတယ်။
ပုံပြင်ဇာတ်ကြောင်းပြောပြသူnarrator နော်အက်စ်သာရဲ့ ကြည်လင်တဲ့အသံချိုချိုလေး ဆောင်းဘောက်စ် ကထွက်ပေါ်လာတယ်။
“မာရဟာ ယောသပ်နဲ့ထိမ်းမြားဆောင်းနှင်းပြီး မယှက်တင်မီမှာပကဲ သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေ စွဲနေပါတယ်”
ရှမာရိ လေးကန်တဲ့ခြေလှမ်းတွေနဲ့ စင်ရှေ့ကိုထွက်လာပါတယ်။
“မာရိရဲ့ ခင်ပွန်း ယောသပ်ဟာ စိတ်ထားဖြောင့်မတ်မှန်ကန်သူဖြစ်လို့ မာရိရဲ့အသရေကို မပျက်စေချင်တဲ့အတွက် တိတ်ဆိတ်စွာစွန့်ပယ်မယ်လို့ ကနဦးမှာ စိတ်အကြံဖြစ်မိပါသေးတယ်”
စင်မြင့်ရဲ့တစ်ဖက်မှာ ယောသပ်အဖြစ် သရုပ်ဆောင်တဲ့ ကချင်ကောင်လေး ဒီးသျှာ က ရှမာရိကို ငေးကြည့်နေတယ်။ ရှမာရိစိတ်တွေဘယ်ရောက်နေပါလိမ့်၊ ရှမာရိ စိတ်တွေက ညီမင်းညိုဆီ ရောက်နေတော့ စကားပြောခန်းတွေမှာ အမှားမှားအယွင်းယွင်း၊ အမူအရာတွေ က တလွဲတချော်၊ အခါခါပြန်လေ့ကျင့်နေရတာ သိပ်ဆိုးတာပဲ။ စင်မြင့်ပေါ်မှာ သရုပ်ဆောင်နေရင်းနဲ့ ဘုရားကျောင်းအ၀င်ဝလေးဆီကို လူရိပ်မြင်တိုင်း ညီမင်းညိုများလား လို့ လှည့်လှည့်ကြည့်ရတာအမော။ ရှမာရိက လှည့်ကြည့်တော့ ဒီးသျှာကလည်း ယောသပ်အဖြစ်သရုပ်ဆောင်နေရတာ မေ့ပြီး ရှမာရိကြည့်ရာဆီ လိုက်လိုက်ကြည့်မိသွားတယ်။
“ ရှမာရိ ဟေး . .ပရိသတ်ဘက်ကိုမကြည့်နဲ့ ၊ ယောသပ်ကိုပဲ အာရုံစိုက်ထားရမယ်”လို့ ကဇာတ်ဆရာမ က လှမ်းသတိပေးနေရတယ်။
“ထိုသို့အကြံရှိနေစဉ်မှာပဲ ထူးဆန်းတဲ့အိပ်မက်တစ်ခုကို မက်မြင်ပါတယ်”..ကောင်းကင်တမန် အိန်ဂျယ်လေးတွေ ၀င်မယ်။
ကောင်းကင်တမန်လုပ်ရတဲ့ အုပ်စုထဲက တစ်ယောက်အပါအ၀င်ဖြစ်တဲ့ သူငယ်ချင်း မီကီ က ရှမာရိကို တိုးတိုးလေး လှမ်းမေးတယ်။ `ရှမာရိ နေမကောင်းဘူးလား´တဲ့။ ကောင်းပါတယ်ပေါ့..ရှမာရိဖြေတယ်။ `နင့်မျက်နှာ မရွှင်ဘူး၊ ဘာဖြစ်လဲ´ သူငယ်ချင်းက ဂရုတစိုက်မေးလာတော့ ရှမာရိပိုပြီး ၀မ်းနည်းလာတယ်။ ငိုချင်နေတဲ့ မျက်လုံးတွေနဲ့ မီကီ ကိုကြည့်လိုက်မိတယ်။
“ ဟေး . . ကောင်းကင်တမန် ..မာရိ နဲ့ စကားမပြောရဘူးလေ ”ကဇာတ်နည်းပြဆရာမ လှမ်းအော်တယ်။
နောက်ဆုံးတော့ အချိန်တွေသာကုန်သွားတယ် ညီမင်းညို ရောက်မလာခဲ့ဘူး။ အရိပ်အခြည်စောင့်နေတဲ့ မီကီက ရှမာရိလက်ကို ကျစ်နေအောင်လာဆုပ်ပြီး ပြောတယ်။
“ ငါတို့ ကန်ပေါင်ပေါ်သွားရအောင်”
ရှမာရိ ခပ်ဖြည်းဖြည်းခေါင်းညိတ်ပြလိုက်တယ်။ ဂျပ်ဆင်ဘုရားကျောင်းဂိတ်ကနေထွက် ၊ ပြည်လမ်းမအတိုင်း ညာဘက်ပလက်ဖောင်းကနေ လျှောက်ခဲ့ကြတယ်။ မီးပွိုင့်အကူးမှာ ရှမာရိ စိတ်ပြောင်းသွားတယ်။ `Zephyr ကိုပဲသွားထိုင်ရအောင်´ လို့ မီကီ့ကို ပြောလိုက်တယ်။ နှစ်ယောက်သား ကန်ပေါင်ပေါ်မတက်တော့ဘဲ စိမ်းလန်းစိုပြည် အပန်းဖြေ ဥယျာဉ်ဘက် ထွက်ခဲ့ကြတယ်။ Zypher ရောက်တော့ ကော်ဖီနှစ်ခွက်မှာလိုက်တယ်။ ခပ်လှမ်းလှမ်းကုန်းမြင့်လေးဆီက ညနေခင်းဂီတ၀ိုင်းဆီက ဟော်လိုဂစ်တာသံတွေ ပျံ့လွင့်လာတယ်။ တုန်ခါနေတဲ့အသံလေးနဲ့ ရှမာရိပြောတယ်။
“ ငါ ညီမင်းညိုကို ချစ်မိတာ မှားပြီထင်ပါရဲ့၊ နင့်စကားကို နားမထောင်ဘဲလေ..”
မီကီက ခေါင်းယမ်းတယ်။ ဟုတ်တယ်။ ´ ငါတို့နဲ့ ဘာသာမတူဘူး၊ အဲဒီညီမင်းညိုကို မစဉ်းစားပါနဲ့ဟယ်´လို့ မီကီ အတန်တန်တားခဲ့တဲ့ကြားက ညီမင်းညိုရဲ့အချစ်ကို ရှမာရိ လက်ခံခဲ့တာ။
“ ဒီးသျှာက နင့်ကို နားလည်မှုအပြည့်ရှိတဲ့ဟာ၊ ဒီးသျှာကို ဘာလို့ မကြိုက်တာလဲ။ ဒီလောက်ပြည့်စုံတာ”လို့ မီကီက ခဏခဏပြောဖူးတယ်။ ဟုတ်တယ်။ ဒီးသျှာက မီကီပြောသလိုပဲ။ ရိုးသားတယ်။ စိတ်ရင်းကောင်းတယ်။ ပြည့်ဝတယ်။ မိဘတွေက ကြွယ်ဝ ပြည့်စုံတဲ့သူတွေ၊ သူကိုယ်တိုင်လည်း ဆေးတက္ကသိုလ်တက်နေတာ။ မကြာခင်ဆရာဝန်ဖြစ်တော့မှာ။ ဒါနဲ့များ ရှမာရိ ဘာလို့ မချစ်မိပါလိမ့်။ အချစ်ဆိုတာ ပြည့်စုံခြင်းတွေအပေါ် အခြေမခံဘူးထင်ပါရဲ့။ ညီမင်းညိုက poet nyimin nyo ဆိုပြီး facebook မှာ ကဗျာတွေရေးသလို မဂ္ဂဇင်းတချို့မှာလည်း ကဗျာတွေစာတွေ ရေးတယ်။ ဂစ်တာလည်းတီးသလို သီချင်းတွေလည်း ရေးတယ်။ အနုပညာသမားလေးလို့ဆိုရမှာပေါ့။ ကျောင်းလည်းပြီးအောင် ဆက်မတက်ပါဘူး။ ဒီလိုကောင်လေးကို ရှမာရိ ချစ်မိသွားတာ။ အချစ်စိတ်ဟာမပြည့်စုံ မကြွယ်ဝမှုတွေကြားကနေပဲ ဘွားခနဲ ပေါ်ပေါက်လာတတ်တာ ရှမာရိ ကိုယ်တွေ့ပါ။ ပြောရရင် ညီမင်းညိုက ဂျစ်တီးဂျစ်ကန်လေး၊ နားလည်မှုတွေလည်း သိပ်မပေးတတ်ဘူး။ ဒီကောင်လေးကဗျာရူးစာရူးလေးကိုမှ ချစ်မိနေပါတယ်။ ရှမာရိ ရင်တွေပူလောင်နေတယ်။ ချစ်မိတာ ငြင်းမရနိုင်တဲ့အမှန်တရားတစ်ခု ဆိုပေမဲ့ အဲဒီအမှန်တရားကို မှားပြီနဲ့တူတယ် ဆိုပြီး သံသယတွေဝင်ပြီး ရင်တွေ ပူပူနေတာ။ အပူတွေလျော့လိုလျော့ငြား ကန်ရေပြင်ဘက်ဆီကို အကြည့်တွေပို့လို့ ရှမာရီ ငေးနေမိတယ်။ မီကီက ရှမာရိလက်လေးတစ်ဖက်ကို နွေးနွေးထွေးထွေးလှမ်းကိုင်ရင်းပြောတယ်။
“ဆုတောင်းပေါ့ဟာ၊ ဘုရားသခင်အလိုတော်အတိုင်းပဲပေါ့။ အချစ်ကြောင့်ဖြစ်တဲ့ ပျော်ရွှင်ခြင်းတွေကို ရွှင်ရွှင်မြူးမြူး ခံယူစားသုံးသလို အဲဒီအချစ်ကြောင့်ရလာတဲ့ ခါးသည်းမှုတွေကိုလည်း ရဲရဲရင့်ရင့် ခံစားနိုင်ဖို့ ဘုရားဆီမှာပဲ ခွန်အားတောင်းပေါ့၊ လူတွေမတတ်နိုင်တဲ့အရာ ဘုရားပဲတတ်နိုင်တယ်။ ဘုရားသခင်က နင့်ကို အဖြေတစ်ခုတော့ ထုတ်ပေးမှာပါ၊ နေစမ်းပါဦး ဒါနဲ့ သူ ဘာကိုစိတ်ဆိုးနေတာလဲ”
ရှမာရိ သက်ပြင်းငွေ့ငွေ့ချရင်ပြောတယ်။
“ဘုရားကျောင်း လူငယ်Youth အဖွဲ့ထဲမှာ တစ်ချိန်လုံး ပါဝင်လှုပ်ရှားနေလို့တဲ့ကွာ၊ Choir ကျင့်ရတာနဲ့၊ Cantata ကျင့်ရတာနဲ့၊ သူ့ကိုအချိန်မပေးလို့တဲ့။ ဆန်းဒေးမှာ သူက တခြားသူတွေလို ဟိုဟိုဒီဒီသွားချင်တာကွာ၊ ပိုဆိုးတာက တစ်နေ့က သူလိုက်လာတဲ့အချိန်မှာ ဒီးသျှာနဲ့ ငါ ဘုရားကျောင်းဘေးက ကြံရည်ဆိုင်လေးမှာ ထိုင်နေတာနဲ့တိုးသွားတာ၊ အဲဒီနေ့ကတည်းက စိတ်ဆိုးသွားတာ။ ဒီးသျှာဆိုတာကလည်း မီကီနင်စဉ်းစားကြည့.်… ငယ်ငယ်ကတည်းက Sunday School မှာ အတူကြီးပြင်းလာတာ၊ ငယ်ပေါင်းတွေလေ…ခုချိန်ကျမှ ငါနင်နဲ့နှစ်ယောက်တည်း ဆိုင်မှာမထိုင်နိုင်ဘူးလို့ ဘယ်လိုပြောရမလဲ၊ ပြီးတော့ နှစ်ယောက်တည်း တခြားနေရာလျှောက်သွားနေတာလည်းမဟုတ်ဘူးလေ၊ Youth Fellowship ပြီးချိန် ဒီဘုရားကျောင်း ပရ၀ဏ်တစ်ဝိုက်မှာပဲ ထိုင်တာ…”
အိမ်ရောက်တော့ ရှမာရိ ဆုတောင်းပါတယ်။ ညီမင်းညို စိတ်ဆိုးပြေဖို့။ ပြီးတော့ ပြဇာတ်ကျင့်ချိန် မလာဖြစ်ရင်လည်း ခရစ်စမတ်အကြိုည ပြဇာတ်တကယ်ကပြတဲ့အချိန်ကျရင်တော့ သူရောက်လာစေဖို့ပေါ့။
xxxxxxxx
ပြဇာတ်ကတဲ့နေ့၊ ခရစ်စမတ်အကြို ၂၄ရက်နေ့ည ရောက်ပါပြီ။
“မာရိဟာ ယောသပ်နဲ့ ထိမ်းမြားဆောင်နှင်းပြီး မယှက်တင်မီမှာပဲ သန့်ရှင်းသော ၀ိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေပါတယ်”
Narrator ရဲ့ရွတ်ဖတ်ပြောဆိုသံနဲ့အတူ စင်မြင့်ပေါ်မှာ ရှမာရိက မာရိအဖြစ် သရုပ်ဆောင်နေပါပြီ။ ဖြည်းညင်းတဲ့ခြေလှမ်းတွေနဲ့ လိုက်ကာအနောက်ကနေ စင်ရှေ့ကို ထွက်လာခဲ့တယ်။ မျက်လုံးတွေက စင်အောက်ဘက် ပရိသတ်တွေ ပြည့်သိပ်နေတဲ့ ဘု၇ားကျောင်းခုံတန်းရှည်တွေဆီ ဟိုဟိုဒီဒီ ငေးရီ ရှာဖွေနေတယ်။ ရှေ့ဘက်ကျကျ ခုံတန်းတွေရဲ့ အလယ်တစ်နေရာမှာ ရှပ်အကျီဖလန်နယ်အကွက်ကြီး ထင်းထင်းနဲ့ ရှင်းရှင်းပြက်ပြက်ကြီး ထိုင်နေတဲ့ ညီမင်းညိုကို တွေ့လိုက်ရတယ်။ ရှမာရီလှမ်းအကြည့်မှာပဲ ညီမင်းညိုက မတ်တတ်ထရပ်ပြီး တစ်ချက်လက်ပြတယ်။ ပရိသတ်တွေကို သတိမပြုမိတော့ဘူး။ ချစ်သူရဲ့ အားပေးမှုက ရှမာရိကို အကောင်းဆုံး သရုပ်ဆောင်ကပြဖို့ အရောင်တင်ပေးလိုက်သလိုပါပဲ။ မာရိအဖြစ် သရုပ်ဆောင်မှုက ပီပြင်သွားခဲ့တယ်။
ပြဇာတ်ပြီးတော့ စင်ပေါ်ကနေ အပြေးဆင်းလာတဲ့ ရှမာရီရယ်၊ ပရိသတ်ထဲကနေ အတင်းတိုးထွက်လာတဲ့ ညီမင်းညို ရယ် ၊ ဘုရားကျောင်းအပြင်ဘက် ကော်ရစ်တာထောင့်ချိုးလေးမှာ ဆုံကြတယ်။ နှစ်ဦးသား မရည်ရွယ်ဘဲ လက်ချင်းမြဲမြဲတွဲဆုပ်လို့ ဘုရားကျောင်းရှေ့က မြက်ခင်းပြင်၊ လူခပ်ရှင်းရှင်း နေရာဆီ ထွက်လာခဲ့ကြတယ်။
“ယောသပ်က တော်တော်ပြည့်ဝတဲ့လူပဲနော်၊ ကိုယ်က သူ့ခြေဖျားတောင် မမီတာ၊ ရှက်ဖို့ကောင်းလိုက်တာ” လို့ ညီမင်းညိုကပြောတယ်။
ရှမာရိက ပြုံးပြုံးလေးပဲငြိမ်နေတယ်။
“ မယ်တော်မာရိမှာ သူမသိလိုက်ဘဲ ကိုယ်ဝန်ရှိနေတာ အပြစ်မမြင်ဘူး၊ ကာကွယ်စောင့်ေ၇ှာက်ပေးခဲ့တယ်”
“ ယောသပ်မှာက ကောင်းကင်တမန်လေးတွေ အိပ်မက်ပေးတယ်လေ၊ မောင့်မှာက အိပ်မက်ပေးမယ့်သူမှ မရှိတာပဲ၊ ဟုတ်တယ်မို့လား…”
ချစ်သူဘက်ကနေ ရှမာရိက ရှေ့နေလိုက်ပြီး ချေပနှစ်သိမ့်စကားဆိုလိုက်တယ်။
“ ကိုယ်လွန်သွားတယ်။ ခွင့်လွှတ်ပါကွာ၊ ဒါနဲ့ fb မှာ messageပို့ထားတယ်၊ မတွေ့ဘူးလား ”
“ ဟင့်အင်း မတွေ့မိပါဘူး”
အမှန်တော့ ရှမာရိတွေ့တာပေါ့။ အချိန်တွေအကြာကြီးပစ်ထားတဲ့ ချစ်သူကို တမင်ညှင်းချင်လို့။ ပြီးမှ အနွေးထည်အိတ်ကပ်ထဲကနေ စာရွက်တစ်ရွက်ထုတ်ပြီး ညီမင်းညိုလက်ထဲ ထည့်ပေးလိုက်တယ်။ ဘောင်းဘီအိတ်ထဲက ဖုန်းလေးကိုထုတ်ပြီး lighting နဲ့ ကြည့်လိုက်တယ်။ ပရင့်ထုတ်ထားတဲ့ စာလေးတစ်စောင်။ တိုတိုလေးပါ။ ညီမင်းညို ရေးပို့ခဲ့တဲ့စာ။
မင်းက ဒီဇင်ဘာခရစ်စမတ်ကို ချစ်တဲ့သူ
ကိုယ်က ဧပြီသင်္ကြန်ကို ချစ်တဲ့သူ
မင်းက ဘုရားအလိုတော်ကို ၀န်ခံသူ
ကိုယ်က ကံရဲ့အကျိုးကို သာ ယုံကြည်သူ
ဘာပဲဖြစ်ဖြစ် ဒီခြားနားနေတဲ့ နယ်နိမိတ်စည်းမျဉ်းတွေကို ဖြိုခွင်းလို့ မင်းဆီကိုယ်အရောက်လာမယ်ဆိုတာ ယုံပါ….
ညီမင်းညို
ညီမင်းညို
ညီမင်းညိုက မချင့်မရဲနဲ့ ရှမာရိ အနား တိုးကပ်လိုက်တယ်။ ရှမာရိရဲ့ လက်ဖျားလေးတွေက အေးစက်လို့…။
သွားစမ်း၊ ဒီနှစ် ဒီဇင်ဘာအအေးပေါ့တယ်လို့ ဘယ်သူပြောလဲ။ နောက်ဆုံးတော့လည်း ဒီဇင်ဘာက ဒီဇင်ဘာပီပီ နှလုံးသားထဲစိမ့်နေအောင် အေးခဲ့တာပါပဲ။ အထူးသဖြင့် ခုလို ခရစ်စမတ်ညရောက်လေတိုင်းမှာပေါ့။
ညီမင်းညိုက တန်ုခိုက်နေပုံရတဲ့ ရှမာရီ ကိုယ်လေးကို ဖွဖွလေးထွေးပိုက်လိုက်တယ်။ သိမ်မွေ့တဲ့ အထိအတွေ့လေးနဲ့အတူ ခံစားသိရှိလိုက်ရတယ်။ လက်ကလေးတွေလိုပဲ ရှမာရိရဲ့ နှာသီးဖျားလေးနဲ့ ပါးပြင်လေးတွေက ပိုလို့အေးနေသေးတော့……။ ညီမင်းညိုက ရှမာရိကို တိုးတိုးဖွဖွလေး ပြောလိုက်တယ်။
“ခရစ်စမတ်ကို ဒီမှာပဲ ရပ်ထားချင်တယ်”
စုမီအောင်
(၂၀၀၉ ဒီဇင်ဘာ ၂၁ရက်ထုတ်၊ အချစ်၈ျာနယ်မှာ ပါခဲ့တဲ့ ၀တ္ထုတိုလေးပါ။ အမည်တွေမှာ ညီပါရင်ကြိုက်သလို ညီလွန်းဦး၊ ညီမိုးသစ်၊ ညီလေးနိုင်၊ စသဖြင့် ဇာတ်ကောင်တွေပေးဖူးသလို ဒီဝတ္ထုမှာလည်း ညီမင်းညိုလို့ ပေးခဲ့ချိန်က စာရေးဆရာညီမင်းညို ဆိုတာရှိတာမသိခဲ့ပါဘူး။ ဒါ့အတွက် နားလည်စေချင်ပါတယ်)
No comments:
Post a Comment