Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, December 06, 2013

ဟိုသတင်း ဒီသတင်း

၁. တူရကီမှ ဥရောပ နဲ့ အာရှဆက်သွယ် ဥမင်ရထားလိုင်းသစ်
တူရကီဟာ ဥရောပ နဲ့ အာရှ ကို ဆက်သွယ်သွားလာနိုင်မယ့် မြေအောက်ဥမင်ရထားလိုင်းသစ်ကို ဖွင့်လှစ်ခဲ့ပါတယ်။ ဥရောပ နဲ့ အာရှ ဆက်သွယ်သွားလာဖို့ စိတ်ကူးက ဘုရင်အော်တမန်ဆူလ်တန် ပထမဆုံးစတင်မိတ်ဆက်တာပါ။ နှစ်ပေါင်း ၁၅၀ ခန့်ကြာခဲ့ပါပြီ။ ဥမင်လိုဏ်ခေါင်းဟာ ၁၃.၆ ကီလိုမီတာရှည်လျားပြီး Bosporus ရေလက်ကြားအောက်မှာ ၁.၄ကီလိုမီတာပြေးလမ်းရှိပါတယ်။ Bosporus ရေလက်ကြားဟာ ပင်လယ်နက် နဲ့ မာမာရာ ပင်လယ်ကို ဆက်သွယ်ထားတယ်။ ၅၅ မီတာကျော်ပိုပြီးနက်နက်တူး တည်ဆောက်ထားတာကြောင့် ဒီလိုအမျိုးအစား ရေအောက်ဥမင်ရထားလိုင်းတွေထဲ တကမ္ဘာလုံးမှာအနက်ဆုံးလို့ဆိုတယ်။ အစိုးရဌာနဝန်ကြီးချုပ် ရီဆက်ပ်တေယစ်အာဒိုဂန်က ဒီရထားလိုင်းဟာ တစ်ရက်ကို ခရီးသည် ၁.၅သန်းခန့် သယ်ဆောင်နိုင်မယ်လို့ မျှော်လင့်ထားကြောင်းပြောပါတယ်။ အီစတန်ဘူလ်ရဲ့ ခပ်ချာချာ ယဉ်ကြောပိတ်ဆိုမှုကိုလည်း လွယ်ကူအဆင်ပြေစေမှာပါ။ မြို့ရဲ့ နှစ်ဘက်ကနေ လတ်တလောဆက်သွယ်ထားတဲ့ တံတားနှစ်စင်းကိုပဲ ဖြတ်သန်းသွားလာကြရတာပါ။ အီစတန်ဘူလ်ဟာ ကမ္ဘာ့အကြီးဆုံးမြို့တော်တွေထဲက တစ်ခုဖြစ်ပြီး လူဦးရေ ၁၆ သန်း ရှိပါတယ်။ တာကစ်ရှ်သမ္မတနိုင်ငံတည်ထောင်တာ နှစ် ၉၀မြောက် နှစ်ပတ်လည်နေ့ဖြစ်တဲ့ အောက်တိုဘာ ၂၉ ရက် ဥမင်ရထားလိုင်းသစ်ဖွင့်ပွဲပြုလုပ်ခြဲ့ပီး အာဒိုဂန် တက်ရောက်ခဲ့တယ်။ တခြား ရုံးအရာရှိတွေမှာ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးပါတက်ရောက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံက တည်ဆောက်ရေးလုပ်ငန်းတွေမှာ ဘဏ္ဍာရေးဆိုင်ရာငွေးကြေးထောက်ပံ့မှုအများအပြားပါဝင်ထားခဲ့တာပါ။ ဒီစီမံကိန်းကို ၂၀၀၅ မှ စတင်ခဲ့ပြီး၊ လေးနှစ်ကြာတဲ့အချိန်ပြီးစီးသွားခဲ့တယ်။ ဖွင့်လှစ်ဖို့ အနည်းငယ်နှောင့်နှေးခဲ့ရတာက ရှေးဟောင်းသုတေသနဆိုင်ရာအရေးကြီးတဲ့ တွေ့ရှိချက်ရှိလာလို့ပါ။ မြို့တော်ရဲ့အောက်မှာ တူးဖော်ရင်းနဲ့ ၄ ရာစုက အလယ်ခေတ် ရောမအင်ပါယာ (Byzantineအင်ပါယာ)ခေတ်က သင်္ဘောဆိပ်ကမ်းသမိုင်းဝင်အထောက်အထားတွေတွေ့ခဲ့ရတယ်လို့ဆိုတယ်။ ဥမင်လိုဏ်ခေါင်းဟာ မြေငလျင်လှုပ်ရှားလွယ်တဲ့ဒေသမှာဖြစ်နေတာကြောင့် ထိခိုက်ပျက်စီးလွယ်နေမလား စိုးရိမ်ပူပန်မှုတွေရှိခဲ့ကြတယ်။ ၉.၀ ပမာဏရှိ ငလျင်ကြီးလှုပ်ရှားခဲ့ရင်တောင် ကြံ့ကြံ့ခံရပ်တည်နိုင်မယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ရီလ်ဒီရင်မ်က ရှင်းလင်းပြောပြပါတယ်။ ဒီစီမံကိန်းဟာ အာဒိုဂန်အစိုးရ အဆိုပြုခဲ့တဲ့ အခြေံခံအဆောက်အဦတည်ဆောက်ရေးစီမံကိန်းတွေထဲက တစ်ခုပါ။
Source : www.aljazeera.com

၂. ကမ္ဘာ့ကြောက်စရာအကောင်းဆုံးလေဆိပ် code စာလုံးပေါင်းများ
 
တံမြက်စည်းရိုးတံကိုင်လို့ စီးရတာမဟုတ်ဘဲနဲ့ တချို့လေဆိပ်တွေဟာ လူတွေကို ချောက်ချားစရာဖြစ်အောင် လုပ်နေကြပါတယ်တဲ့။ ကမ္ဘာ့ထိပ်တန်းကြောက်လန့်စရာအကောင်းဆုံးထင်နေရတဲ့ လေဆိပ်တွေကို လန်ဒန်စီးတီးလေဆိပ်က စစ်တမ်းကောက်ယူ/ ထုတ်ပြန်လိုက်ပါတယ်။ လန်ဒန်ရဲ့ လေဆိပ်တွေမှာ ဟီသရိုးလေဆိပ်ဆိုရင် LHR, ဂက်ထ်ဝစ်ခ် - LGW နဲ့ လန်ဒန်စီတီး - LCY တို့ဆိုရင် ဘာကြောက်လန့်စရာအိပ်မက်ဆိုးမှ မရနိုင်သလိုပဲ။ တချို့လေဆိပ် code စာလုံးပေါင်းတွေက ဘယ်လိုကြောက်စရာကောင်းနေလည်း ကြည့်ရရင်
1) DIE – Arrachart, Madagascar
2) BOO – Bodø, Norway
3) AXE – Xanxerê, Brazil
4) HEL – Helsinki Vantaa, Finland
5) KIL – Kilwa, Congo
6) SIN – Singapore Changi International, Singapore
7) DED – Dehradun, India
8) GUT – Gütersloh, Germany
9) AGH – Ängelholm-Helsingborg, Sweden
10) BAT – Chafei Amsei, Brazil 
Die, Boo, Axe, Hel, Kil, Sin ဆိုတဲ့စကားလုံးတွေပါ။ လန်ဒန်စီတီးလေဆိပ် စီမံခန့်ခွဲရေးဌာနအကြီးအကဲ ဒီကလန်ကော်လီယာ က “အဲဒါ အံ့အားသင့်စရာပါ။ လေဆိပ်တွေတော်တော်များများ ဒီလိုစာလုံးပေါင်းတွေရှိနေကြတယ်။ ဒီ top ten ကြောက်စရာလေဆိပ်တွေလိုပဲ Roland Garros on Réunion Island ဆိုရင် RUN နဲ့ သြစတြေးလျ Cralton Hill လေဆိပ် က CRY တို့ဟာလည်းထိတ်လန့်စရာလိုဖြစ်နေမှာပါ” လို့ ပြောပါတယ်။
Source : www.travelandtourworld.com

၃. မာလီနိုင်ငံအတွက် အရေးပေါ်ရံပုံငွေပေးအပ်ဖို့ ယူနက်စကိုအတည်ပြု
တိမ်မြုပ်နေတဲ့အမွေအနှစ်ကာကွယ်ပေးရေးအတွက် Bureau of the Intergovernmental Committee က ယူနက်စကိုရဲ့ ပါရီမြို့ ရုံးချုပ်မှာအစည်းအဝေးပြုလုပ်ခဲ့ပြီး အရေးပေါ်အကူအညီကမ်းလှမ်းချက်အဖြစ် ဒေါ်လာ ၃၀၇,၃၀၇ ပေးအပ်ဖို့အတည်ပြုခဲ့ပါတယ်။ အာဖရိကအနောက်ပိုင်း ကုန်းတွင်းဒေသ မာလီနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေပြင်ဆင်ကာကွယ်နိုင်ဖို့ပါ။ အဲဒီစီမံကိန်းကို မာလီနိုင်ငံရဲ့ ဒေသတိုင်းက တိမ်မြုပ်နေတဲ့အမွေအနှစ်(အသိပညာ၊ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့လက်တွေ့လေ့လာအသုံးချမှု၊ ရိုးရာဓလေ့၊ ပွဲတော်များနဲ့ ရိုးရာလက်မှုအတတ်ပညာ) စသည်တို့ပါဝင်တယ်။ စီမံကိန်းဟာ ၂ နှစ်စီမံကိန်းပါ။ ပထမပိုင်းမှာ Gao, Kidal နဲ့ Timbuktu မြောက်ပိုင်းဒေသသုံးခုမှာ စစ်တမ်းကောက်ယူ ကာကွယ်မှုတွေပြုလုပ်ပါလိမ့်မယ်။ အဲဒီဒေသတွေမှာ လက်ရှိလက်နက်ကိုင်ပဋိပက္ခ၊ တိုက်ခိုက်သိမ်းပိုက်မှုတွေတိုက်ရိုက် ခံစားရတဲ့ဒေသတွေဖြစ်နေပါတယ်။ ဒုတိယအဆင့်မှာ ကျန်တဲ့ဒေသတွေဖြစ်တဲ့ တောင်ပိုင်းဒေသတွေ(Kayes, Koulikoro, Segou နဲ့ Sikasso)တို့ပါဝင်တယ်။ စီမံကိန်းမှာ ရွေးချယ်ထားတဲ့ လူ ၁၉၀ ကို အမွေအနှစ်စီမံအုပ်ချုပ်ရေးနည်းလမ်းတွေ၊ စာရင်းပြုစုပုံ စတဲ့ လေ့ကျင့်သင်တန်းပေးတဲ့ workshop တွေတက်ရောက်နိုင်မယ့်အစီအစဉ်တွေပါဝင်တယ်။ နောက်ဆုံးမှာ အများပြည်သူနားလည်သဘောပေါက်မှုအတွက် ကြိုးစားကြမယ့်အစီအစဉ်မှာ မှတ်တမ်းရုပ်ရှင်ကားတစ်ကားရိုက်ကူးဖို့ပါရှိတယ်။ Tamashek, Maure နဲ့ Sonrhai ဘာသာစကားတွေနဲ့ ရိုက်ကူးမှာပါ။ ဒေသတွင်းအတွက် ရေဒီယိုအစီအစဉ်တွေလည်းလွှင့်ထုတ်ဖို့ရှိနေပါတယ်။ အဖွဲ့အစည်းက ဒီစီမံကိန်းပြီးစီးအောင်မြင်ဖို့အတွက် ယူနက်စကို နဲ့ United Nations Multidimensional Integrated Stabilisation Mission အဖွဲ့တွေနဲ့ နီးနီးစပ်စပ်လက်တွဲလုပ်ကိုင်ဖို့ မာလီနိုင်ငံကိုတိုက်တွန်းထားပါတယ်။ Lao Cai ပြည်နယ်က လူနည်းစုတိုင်းရင်းသား Black Ha Nhi ပတ်ဝန်းကျင်ဒေသ၊ Vet Nam ဒေသခံတိုင်းရင်းသားအသိပညာပေးရေး၊ ကာကွယ်စောင့်ရှောက်ရေးအတွက် ဒေါ်လာ ၂၅၀၀၀ အတည်ပြုထားပါတယ်။
Source : UNESCO

၎. စတိဗ်ဂျောဘ်စ်ရဲ့ ကလေးဘဝကနေထိုင်ခဲ့တဲ့အိမ်ဟာ သမိုင်းဝင်အိမ်တစ်အိမ်အဖြစ်သို့
ဒီအိမ်ပုံစံလေးကြည့်ရင် သိပ်ပြီးထူးထူးခြားခြားမရှိလှသလိုပါပဲ။ ကြွားကြွားဝါဝါမရှိတဲ့ ၁၉၅၀ ခုနှစ်တွေက စိုက်ပျိုးမွေးမြူရေးခြံစတိုင်လ် အိမ်ပုံစံမျိုးလေးဟာ Bay Area အနီးအနား ဆင်ခြေဖုံးရပ်ကွက်လေးမှာ ရှိနေပါတယ်။ အခုဆိုရင် သမိုင်းဝင်တည်နေရာအဖြစ် ကာကွယ်ထားလိုက်ပါပြီ။ ကယ်လီဖိုးနီးယားပြည်နယ် Los Altos ၊ Crist Drive အမှတ် ၂၀၆၆ မှာ တည်ရှိပါတယ်။ တစ်ထပ်အိမ်လေးဖြစ်ပြီး Apple ကုမ္ပဏီတည်ထောင်ခဲ့သူ စတိဗ်ဂျောဘ်(စ်) ၁၉၇၀ နှစ်လယ်ပိုင်းလောက်မှာနေထိုင်ခဲ့တဲ့ မိသားစုအိမ်လေးပါ။ Los Altos သမိုင်းဆိုင်ရာကော်မရှင်က “သမိုင်းဆိုင်ရာအရင်းအမြစ်” လို့ တညီတညွတ်တည်းသတ်မှတ်လိုက်ကြတာပါ။ အဲဒီအဆောက်အဦအတွက် လာမယ့်ပြင်ဆင်ဆောင်ရွက်မှုမှန်သမျှ မြို့တော်က စိစစ်ခွင့်ပြုမှုတောင်းခံရမှာပါ။ “ဒီအဆောက်အဦးဟာ သက်တမ်း ဒါမှမဟုတ် တည်ဆောက်ထားပုံဗိသုကာပညာပေါ်မှာ အခြေခံပြီး သမိုင်းဆိုင်ရာအဆောက်အဦအဖြစ် သတ်မှတ်ခဲ့တာမဟုတ်ဘဲ၊ သမိုင်းမှာအရေးပါတဲ့သူတစ်ဦးချင်းရဲ့အဖြစ်အပျက်နဲ့ ပတ်သက်ပြီး သတ်မှတ်တာပါ” လို့ မြို့တော်ဆက်ဆံရေးဝန်ထမ်း ဇက်ခါရီဒါးလ်က ကော်မရှင်ရဲ့မှတ်တမ်းမှာရေးသားထားပါတယ်။ ဂျော့ဘ်(စ်)ဟာ သူ့ရဲ့မွေးစားမိဘတွေနဲ့ 7 grade ကျောင်းသား၊ အထက်တန်းအထိနေထိုင်ခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာ ကပ်လျက်ရှိတဲ့ကားဂိုထောင်လေးထဲ ဂျော့ဘ်(စ်)နဲ့ စတိဗ်ဝေါ့ဇ်နီယာ့ခ်တို့ ပထမဆုံး Apple 1 ကွန်ပျူတာတွေတပ်ဆင်ခဲ့ကြတယ်။ Mountain View က Paul Terrell ရဲ့ Byte Shop မှာ ကွန်ပျူတာတစ်စုံကို ဒေါ်လာ ၅၀၀ စီနဲ့ ရောင်းချခဲ့ကြတယ်။ ကိုးနှစ်ကြာပြီးတဲ့နောက် ၁၉၇၇ မှာ Apple Computer ကုမ္ပဏီဟာ တရားဝင်တည်ထောင်ခဲ့ပါတယ်။ ကနဦး Apple ကွန်ပျူတာတွေကို လေလံပွဲတစ်ခုမှာ ဒေါ်လာ ၂၃၁၀၀၀ နဲ့ ရောင်းချနိုင်ခဲ့ပါသေးတယ်။ ဂျော့ဘ်(စ်)ရဲ့ သမိုင်းဝင်အိမ်ဟာ အိပ်ခန်း သုံးခန်း၊ ရေချိုးခန်း နှစ်ခန်းပါရှိပြီး ၁၉၅၂ မှာ တည်ဆောက်ခဲ့တာပါ။ တန်ကြေးက ဒေါ်လာ ၁.၆သန်းရှိတယ်လို့ အိမ်ခြံမြေရောင်းဝယ်ရေး website မှာဖော်ပြထားပါတယ်။ လက်ရှိပိုင်ဆိုင်သူက ဂျော့ဘ်(စ်) ရဲ့ မွေးစားနှမ ပက်ထရစ်ရှာဂျော့ဘ်(စ်) ပိုင်ဆိုင်ပါတယ်။
Source : CNN Travel

ဖြိုးဖြိုး
(Living Fashion Magazine, December, 2013)

1 comment:

Aunty Tint said...

Thanks a lot Phyo Phyo!

Love,
T Tint