(လှိုင်းသစ်၊ ဒီဇင်ဘာ၊ ၂၀၁၃) |
တစ်ဆိတ်ကလေး ခွင့်ပြုပေးပါ။ ကျွန်မ အက်ဆေးလေးတစ်ပုဒ်ရေးလိုက်ချင်လို့။ ခုတလော ပေါ့ပျက်ပျက်တွေအကြောင်း ရေးချင်လွန်းလို့။ ပေါ့ပျက်ပျက်တွေအများအပြားထဲမှာ ရှင့်ရဲ့အမည်နာမက ထိပ်ဆုံးကဖြစ်နေတာ ပေါ့ပျက်ပျက်များနိုင်သွားသလားပဲ။။ တစ်ခုတော့ရှိရဲ့။ ဒီအက်ဆေးလေးရေးရင်းနဲ့ ခါတော်မီ ရန်ပုံငွေလေးလည်း အနည်းအကျဉ်း ရှာပေးချင်လို့ပါ။ ရမလား။ ခဏလေးပါ ကျွန်မကို စောင့်ပါဦး။ ရှင် မသွားပါနဲ့ဦး။ ပေါ့ပျက်ပျက်တွေ အကြောင်း ပြီးတော့ ရှင့်အကြောင်း ကျေးဇူးပြုပြီး စောင့်နားထောင်သွားပါဦး။ ရှင် မသေပါနဲ့ဦး။ တကယ်လို့များ၊ ပြောကောင်းဆိုကောင်း အခုနေခါများ ရှင် မတော်မတမှုတစ်ခုနဲ့ ပေါ့ပျက်ပျက်သေဆုံးသွားခဲ့ရင် ရှင့် ဈာပနအခမ်းအနားမှာ ရှင့်ရဲ့အထ္ထုပ္ပတ္တိအကျယ်လေးကို ကျွန်မပေါ့ ပျက်ပျက်လေး ဖတ်ပေးချင်သေးလို့ပါ။ မျက်ရည်လေး အနည်းအကျဉ်းလောက် ပေါ့ပျက်ပျက်ကျပေးရင်းနဲ့ပေါ့။ အဲဒါလေး အရင်နားထောင်သွားပါဦး။
ရှင်သိလား။`ကျွန်မတို့အတွက် လူသားအားလုံးအတွက်၊ မှော်ဝင်ပြပွဲတစ်ပွဲ ကျင်းပခွင့်၊ မှော်ဝင် စွမ်းဆောင်မှုတစ်ခု ချပြခွင့်၊ မှော်ဝင် အက်ဆေးတစ်ပုဒ် ရေးသား ဖတ်ရှုခွင့်…အဲသည်လို မှော်ဝင်နေ့တစ်နေ့တော့ ကျွန်မတို့မှာ အသေအချာကြီးကို လိုနေခဲ့တာပေါ့။ တကယ်တမ်းမှာ လိုနေတာနဲ့ လွဲချော်သွားခဲ့တာ ဘာကြောင့်ပါလိမ့်။ မှော်ဝင်နေ့တစ်နေ့အစား ကျွန်မတို့ရလိုက်တာက ပေါ့ပျက်ပျက် နေ့တစ်နေ့ရယ်ပါ။ ဟုတ်လည်းဟုတ်တာပဲ။ လူတွေက ဘ၀တစ်လျှောက်လုံး ပေါ့ပျက်ပျက်နဲ့။ ရှင်ရော၊ ကျွန်မရော၊ သူရော၊ သူမ ရော၊ သူတို့ရော အားလုံးပါပဲ…။ သိပ်မကောင်းခဲ့တောင်မှ၊ ဒါမှမဟုတ် မကောင်းတာကြီးနဲ့ ထိပ်တိုက်တိုးနေခဲ့တာတောင်မှ မမြင်ချင် ယောင်ဆောင် မျက်စိတွေမှိတ်ထားရင်း ကောင်းများကောင်းဦးမလား…ဒါမှမဟုတ် ဘယ်တော့ကောင်းလာမလဲ…ဆိုတဲ့ မျှော်လင့်ချက် လေးနဲ့ အသက်ဆက်ဖို့ ကြိုးစားနေရတာပဲ မဟုတ်လား။ ဘယ်လောက်ပဲ /ဘာကိုပဲ/ ဘယ်လိုပဲ အစွမ်းကုန်လုပ်ဆောင် ခဲ့စေဦးတော့ အဆုံးသတ်မှာတော့ ကျွန်မတို့ဟာ ပေါ့ပျက်ပျက် ဖြစ်မိပါတယ်လို့ ပေါ့ပျက်ပျက် ၀န်ခံလိုက်ကြရင်းနဲ့ ဒီကမ္ဘာကြီးထဲကနေ ပေါ့ပေါ့ကလေး ထွက်ခွာပေးရမှာပဲ မဟုတ်လား။ ဝေးဝေးက တိမ်မျှင်တစ်စလို…။ တိမ်တစ်စအဖြစ် တစ်နေ့နေ့ ဘုရားသခင်နဲ့ တွေ့ခွင့်ရလိုက်ရင် အရာရာ အဆင်ပြေချောမွတ်သွားလေမလား …ကျွန်မ အဲဒါကို ပေါ့ပျက်ပျက် တွေးနေမိသေးတော့။
ကမ္ဘာသူ ကမ္ဘာသားအားလုံး နံရိုးတစ်ချောင်းတည်းနဲ့ အသက်ရှင်နေကြမယ်ဆိုရင် ဘာတွေ ဖြစ်လာမလဲ…တဲ့၊ အဲဒါ ဘယ်သူ ပြောလိုက်တာပါလိမ့်။ အသံက bass tone ခပ်များများနဲ့ရယ်။ အဲဒါ ရှင် မဟုတ်တာတော့ သေချာတယ်။ ရှင့်အသံက ပေါ့ပျက်ပျက်နဲ့ ရှင့်ရယ်သံက ပေါ့ပျက်ပျက်နဲ့ ရှင်က ပေါ့ပျက်ပျက်လူ။ နံရိုးတွေအကြောင်းလည်း ရှင် နားမလည်တတ်သေးပါဘူး။ ဘယ်တော့မှလည်း နားလည်လာမှာမဟုတ်ဘူး။ အကြိုက်/အနှစ်/အသက် ဘာတစ်ခုမှ မကိုက်ညီတဲ့ လူမိန်းမတစ်ယောက်ကို ရှင့်အပါး အိပ်-စား-ကာမအတူတကွနဲ့ အလုပ်အကျွေးပြုစေချင်ရုံလောက်သာ ပေါ့ပျက်ပျက်လေး ဖမ်းယူခဲ့တဲ့လူ။ ကမ္ဘာဦးကျမ်းထဲက လူယောက်ျားနဲ့ လူမိန်းမ အကြောင်း ရှင်ဘယ်လိုလုပ်သိနိုင်မှာလဲ။ ရှင်က ကျမ်းစာမဖတ်တတ်တဲ့လူ။ ဒါမှမဟုတ် ကျမ်းစာဖတ်ရကောင်းမှန်းမသိတဲ့လူ။ ဒါမှမဟုတ် ဘုရားသခင်ဆိုတာ ဘာမှန်းမသိတဲ့(တစ်ခါတစ်ခါ ဘုရားသခင်နဲ့ ဘုရားသခင်ရဲ့သားတော်တွေကို စော်ကားမော်ကား ဟစ်အော်ကျိန်ဆဲတတ်တဲ့) ပေါ့ပျက်ပျက်လူ။
နေစမ်းပါဦး၊ တစ်ဆိတ်လောက် …ကျွန်မ ပေါ့ပျက်ပျက် တွေးထင်ကြည့်လိုက်စမ်းမယ်။ ရှင်ဟာ ရောင့်ရဲလွယ်သလို ပျောက် ပျက်ဖို့လွယ်တဲ့ ဟာမိုနစ်ကာ တစ်လက်ပဲ။ လေကလေးတစ်ချက် ပေါ့ပျက်ပျက်မှုတ်ထုတ်လိုက်တာနဲ့ တေးသွားတွေ ပေါ့ပျက်ပျက် ထွက်ကျလာတတ်တာလေ။ ရှင် ဟာ ရှင့်အိပ်မက်ကို `သောက်ကောင်းရုံအချိုးအစားလေးနဲ့ ပေါ့ပျက်ပျက်လေး ရောမွှေဖျော်စပ်ထားတဲ့ ကော့တေးလို´ မရှမတ မချိုမမြိန် ပေါ့ပျက်ပျက် သီ-ကုံး-တ-မက် နေတော့မှာလား။ ဘာမဆို / ဘယ်တော့မဆို / ဘယ်လိုမဆို မျှော်မှန်းပိုင်ခွင့် ရှိနေတယ်ဆိုတာ သိသိကြီးနဲ့ပဲလေ။ ကျေးဇူးပြုပြီး ကျွန်မကို ပေါ့ပျက်ပျက်မျက်လုံးတွေနဲ့ ခိုးခိုးကြည့်ပြီး ရယ်သွမ်း မသွေးလိုက်ပါနဲ့။ ကျွန်မ ပြောတာကို တစ်ဆိတ်ကလေး နားစိုက်ထောင်ပေးခဲ့ပါဦး။ ရှင်ဟာ ရှင်ကြံဖန်ထုဆစ်လိုက်တဲ့ ရှင့်အနုပညာ တွေနဲ့ ကမ္ဘာကြီးကို ကယ်တင်နိုင်မယ်လို့ ရှင့်ကိုယ်ရှင် အထင်ရောက်နေတာလောက် ပေါ့ပျက်ပျက်နိုင်တဲ့ ကိစ္စမျိုး ရှင့်မှာ ရှိနိုင်မယ်မထင်ဘူးလို့ ကျွန်မ အခု ထင်ကြေးပေးလိုက်မှာကို နားစွင့်သွားစမ်းပါဦး။
ကျွန်မ သိနေပါတယ်။ ဒီမြေကမ္ဘာမှာ အထွေအထူးကိစ္စတွေ၊ အဆန်းတကြယ် ပြောင်းလဲမှုတွေ ဘယ်တော့မှ ဖူးပွင့်လာမှာ လည်း မဟုတ်တော့ပါဘူး။ နံနက်အိပ်ရာက နိုးထလိုက်တာနဲ့ ပေါ့ပျက်ပျက်တွေနဲ့ အစပျိုးလိုက်တဲ့ ကျွန်မတို့ရဲ့တစ်နေ့တာဟာ ပေါ့ပျက်ပျက်တွေနဲ့ လုံးထွေးသတ်ပုတ်ပြီး တောင်စွယ်နေကွယ်တဲ့အခါ ပေါ့ပျက်ပျက်တွေ ထမ်းပိုးလို့ အိမ်ကို နွမ်းလျလျော့ခွေ ပြန်လာနေကြရတာပဲလေ။ အဲဒီထဲမှာ ရှင်က အဆိုးဝါးဆုံးပဲပေါ့။ ကျွန်မတို့ဟာ မိုးသားကောင်းကင်အောက်မှာ တစ်ယောက်က တစ်ယောက်ကို အဆင်ပြေအောင် ကြည့်ကြက် ပြောနေကြရတယ်။ စိတ်နှလုံးမပါဘဲ ပေါ့ပျက်ပျက်အသံတွေနဲ့။ ဟုတ်တယ်မို့လား၊ မိုးလင်းလိုက်တာနဲ့ ပေါ့ပျက်ပျက်နဲ့ “မင်္ဂလာပါ”“ကောင်းသောနံနက်ခင်းပါ” နဲ့ ပေါ့ပျက်ပျက်နှုတ်ဆက်ဂီတကို ဗုန်းပေါလအောကြီး သီဆိုနေကြရတာပဲ။ တစ်ယောက်အရေးကို တစ်ယောက်က အလေးမထားပါဘဲနဲ့တောင် မြင်လိုက်တာနဲ့ “နေကောင်းလား” ဆိုတဲ့ ပေါ့ပျက်ပျက်ရှေးဟောင်းစကားလုံးနဲ့ ပေါ့ပျက်ပျက်နှုတ်ဆက်နေကြတုန်းပါပဲ။ ဘယ်ခရီးရှေ့ရှုတယ် စိတ်မ၀င်စားပါဘဲနဲ့တောင် “ဘယ်သွားမလို့လဲ” လုပ်နေကြတာပဲ။ တစ်ဖက်သားရဲ့ခရီးက ကိုယ့်ခရီးထက် ကြီးမား ကျယ်ပြန့်လေလေ ကျွန်မတို့ရဲ့လေသံက သိသာ ထင်ရှားလှစွာ ပေါ့ပျက်ပျက်နိုင်သွားတတ်လေလေ။ အဲဒီအထဲမှာ ရှင်က အဆိုးဆုံးပဲပေါ့။
ကျွန်မတို့ဟာ မိုးသားပြင်ကျယ်ထဲ လွင့်ပါးရွေ့လျားနေတဲ့ တိမ်တွေလိုပဲ ပုံသဏန်တွေကလည်း ဘယ်တော့မှ အတိအကျ ရှိမနေကြဘူး။ ခုပဲ သေးမျှင်သွယ်တန်းလိုက်၊ ခုပဲ ထူပျစ်အုံခဲလိုက်၊ ခုပဲ ..။ ဘယ်တော့မှလည်း ဦးတည်ရာ တစ်သမတ်တည်းမရှိကြဘူး။ ခုပဲ တောင်ဘက်အရပ်ဆီ၊ ခုပဲ မြောက်ဘက်အရပ်ဆီ၊ ခုပဲ အနောက်ဘက်အရပ်ဆီ။ ဘယ်တော့မှလည်း အသွေးအရောင် တစ်ဆင် တည်း ရှိမနေကြဘူး။ တချို့ အပြာစွေစွေ၊ တချို့ အဖြူစင်းစင်း၊ တချို့က ညိုမောင်းလိပ်ခွေ မာန်ငြိုးသိုမွှေနေကြသေးတော့။ တိမ်တွေ က ဘယ်တော့မှလည်း တစ်နေရာတည်းမှာ ကြာရှည်ခိုင်မြဲ မနေတတ်ကြဘူး။ ခုပဲ ဒီနားတွေ့၊ ခုပဲ အစအနပျောက်၊ ခုပဲ မျက်စိရှေ့ပြန် ရောက်။ အဲဒီလို အဲဒီလို….ပေါ့ပျက်ပျက် ဖွဲ့သိုလိုက်၊ ပေါ့ပျက်ပျက် ပျက်ရွေ့လိုက်။
` ကနဦးဘ၀အစမှာတော့ တစ်ယောက်က တစ်ယောက်ကို အရသာပေါ်နိုးနိုးနဲ့ ကျွန်မတို့ တို့ထိ မြည်းစမ်းမိကြတာပဲပေါ့။ အဆုံး သတ်မတော့လည်း အရာရာ ပေါ့ပျက်ပျက်နဲ့ ကျွန်မတို့ လက်ထဲကနေ ချွင်ခနဲ ချွမ်ခနဲ လွင့်စဉ် ထွက်ကျသွားတော့တာပဲ။ ကျွန်မ ပေါ့ပျက်ပျက်လေး တွေးကြည့်လိုက်ဦးမယ်။ အိတ်ကပ် အပေါက်ထဲ အကြွေတစ်စေ့ ယူဆောင် ထည့်လိုက်မိသလိုမျိုးနဲ့ တူနေမလားပဲ။ ဟုတ်တယ်..ဟုတ်တယ်..သိပ်တူတာပဲ။ အဲဒီလူ ကျွန်မဘ၀ထဲကနေ လွင့်စဉ် ထွက်ကျသွားပုံက ချွင်ခနဲပဲ။ ဟုတ်တယ် သိပ်ဟုတ်တာပဲ ရှင့်။ သူဟာ အကြွေစေ့တစ်စေ့ပဲ။ ဘာကိုမှ လဲလှယ်ဝယ်ယူ သုံးစွဲလို့ မရတဲ့ တန်ဖိုးကုန်ဆုံးသွားတဲ့ အကြွေတစ်စေ့။ သက်တမ်းမကုန် သေးဘဲ တန်ဖိုးကုန်သွားတဲ့ အကြွေစေ့။ သက်တမ်းမစေ့ခင် တန်ဖိုးကုန်ဆုံးသွားတဲ့ အကြွေစေ့။ ပေါ့ပျက်ပျက်ခြေလှမ်းတွေနဲ့ ကျွန်မ လမ်းလျှောက်နေခိုက် အိတ်ကပ်အပေါက်ထဲကနေ ချွင်ခနဲ ထွက်ကျ လိမ့်ဆင်းသွားတဲ့ အကြွေတစ်စေ့။ ခုဆို ဒီအကြွေတစ်စေ့ဟာ ပေါ့ပျက်ပျက်နဲ့ပဲ လမ်းဘေးမြောင်းထဲ သူ့ဘာသာ လိမ့်ဆင်း ပြုတ်ကျသွားခဲ့ပြီပဲ။ သေချာလိုက်တာရှင်…အဲဒါ သူပဲ။ အဲဒီလူပဲ။ တကယ့်ကို ပေါ့ပျက်ပျက်လွင့်စဉ်ထွက်ကျသွားခဲ့တယ်။
“တန်ဖိုးမဲ့ အကြွေစေ့ပေါင်းများစွာ ငါ့ရဲ့လမ်းမတစ်လျှောက်မှာ…..ထိုအခါ…ငါ့ရဲ့ခြေလှမ်းတွေက ပိုပိုပြီး ပေါ့ပျက်ပျက်နိုင်လာ….”
အဲဒီတေးသွားတစ်စကို ကျွန်မလျှာဖျားလေးနဲ့ ပေါ့ပျက်ပျက်လေး ရွတ်ဆိုလိုက်တယ်။ ချက်ချင်းလက်ငင်းပဲ ..အကြွေစေ့ဖြစ် သွားတဲ့ လူတစ်ယောက်အကြောင်း ကျွန်မ တေးသွားတစ်ပုဒ်ကို လက်တန်းစပ်ဆိုလိုက်တယ်။
အဲဒီလိုနဲ့ပဲ ဘ၀ မှာ အချစ်ဟာ အရေးအပါဆုံးပဲလို့ ယုံမှတ်ထားခဲ့တဲ့ ကျွန်မရဲ့ယုံကြည်မှုဟာ အကြွေစေ့ တစ်လိမ့်စာ လိမ့် ဆင်းသွားတဲ့ အချိန်ခဏလေးအတွင်းမှာ ပေါ့ပျက်ပျက်နဲ့ ကုန်ဆုံးသွားတော့တယ်။ တစ်ယောက်က တစ်ယောက်ကို သိခဲ့ကြတယ် လို့ ထင်မှတ်မိတာတွေလည်း ပေါ့ပျက်ပျက်နဲ့ပဲ ပြိုပျက်သွားရတော့တာပဲ။ အချစ်ဆိုတာ လူကြားကောင်းမယ့် စကားလုံးတွေရယ်၊ လူမြင် ကောင်းမယ့် အဆင်တန်ဆာတွေရယ်၊ ပတ်ရစ်ဖွဲ့နှောင်ထားတဲ့ ပေါ့ပျက်ပျက်ယဉ်ကျေးမှုတစ်ရပ်ပါ။ ဒါကိုပဲ “ဘာ”လို့ မသိခဲ့စဉ် အစပိုင်းကာလတွေမှာတော့ ရေးကြီးခွင့်ကျယ် ချဲ့ထွင်ခမ်းနားမှုတွေနဲ့ လူအထင်ကြီးအောင် လူသိရှင်ကြား ကြေညာမောင်းခတ် စုလျားရစ်ပတ် ခဲ့ကြသေးတာပေါ့။ နောက်တော့လည်း အချိန်တစ်ခုတန်လာတဲ့အခါ ပေါ့ပျက်ပျက်တေးသွားတွေ ရွတ်ဆိုရင်း အရာရာဟာ တန်ဖိုးကုန်သွားတဲ့ စောစောက အကြွေစေ့လို ပေါ့ပျက်ပျက်နဲ့ လွင့်စဉ်ပြန့်ကျဲ ကုန်တော့တာပါပဲ။
ဒါကိုပဲ လူတချို့၊ လူအချို့က အရက်တစ်ခွက် ပင့်မြှောက်သောက်လိုက်သလို ၀မ်းမြောက်ဝမ်းသာ ချီးယားစ်လုပ်ကြပြန်ရော။ ပေါ့ပျက်ပျက်ရယ်သံတွေ ပြတိုက်ခန်းမထဲ ပဲ့တင်ညံလို့…။
“မိတ်ဆွေ..ငါတို့ မင်းတို့ရဲ့ပေါ့ပျက်ပျက်ဘ၀အတွက်….come on လာပါ…အတူတကွ ဟော့ဒီမှာ ရယ်ဒီ ချီးယားစ်….. ။ အိမ့်အပြင်ဘက်က ပေါ့ပျက်ပျက် နေ့တစ်နေ့အတွက် come on လာပါ…အတူတကွ ဟော့ဒီမှာ ရယ်ဒီ ချီးယားစ်…..။ နိစ္စဓူဝ ရုန်းကန်မှု ရဲ့ ပေါ့ပျက်ပျက်နာရီတွေအတွက် come on လာပါ…အတူတကွ ဟော့ဒီမှာ ရယ်ဒီ ချီးယားစ်…..။ ဘုရားသခင်ရေးဆွဲတဲ့ ဇာတ်ညွန်းအလယ်က ပေါ့ပျက်ပျက်မှားယွင်းမှုတွေအတွက် come on လာပါ…အတူတကွ ဟော့ဒီမှာ ရယ်ဒီ ချီးယားစ်…..။ ချီးယားစ် ချီးယားစ်….ချီးယားစ်…”
ပေါ့ပျက်ပျက်အမှားအယွင်းတွေအတွက် ဘယ်သူ လာကာ ဒဏ်ခတ်ဦးမလဲ။ ဂရုမစိုက်။ စာတန်နတ်ဆိုးလား… ဘုရားသခင်လား…။ ဘာပဲဖြစ်ဖြစ် ကိုင်း…ပေါ့ပျက်ပျက် အမှားအယွင်းတွေအတွက် ရည်ရွယ်မှန်းဆရင်း ပေါ့ပျက်ပျက် ၀မ်းမြောက် လိုက်ကြစို့ရဲ့။
အချိန်မီပြင်ဆင်ခွင့် စိတ်ယန္တရားကို ဆန်းသစ်တီထွင်သူ မပေါ်ပေါက်သရွေ့တော့ ကျွန်မတို့ဟာ အဲဒီလို အဲဒီလို ပေါ့ပျက်ပျက်ဘ၀၊ ပေါ့ပျက်ပျက်နေ့၊ ပေါ့ပျက်ပျက်နာရီ၊ ပေါ့ပျက်ပျက်အမှားအယွင်းတွေကြားမှာ ပေါ့ပျက်ပျက်ရှင်သန်နေကြရဦးမှာ အသေအချာ။ လူတိုင်း သောက်သုံးဖို့မျှော်လင့် စောင့်စားနေတဲ့ ဆေးတစ်ခွက်ကို ဘယ်သူက ပေါ့ပျက်ပျက်နဲ့ ဖော်စပ်ပေးနေရက် တာပါလိမ့်။ အဲဒါ ရှင်လား၊ သူလား၊ ကျွန်မလား၊ သူမ လား၊ သူတို့လား၊ မြန်မာသူ မြန်မာသားတွေလား၊ ကမ္ဘာသူ ကမ္ဘာသား အားလုံးလား။ ကမ္ဘာမြေ ဖျားနာငိုကြွေးနေချိန်မှာ black list ထဲ သွတ်သွင်းထားခဲ့တဲ့ကြားက အဲဒီအမည်နာမတစ်ခုကတော့ ပေါ့ပျက်ပျက်မက်ဆေ့ခ်ျတွေ ကျွန်မဆီ အဆက်မပြတ် ရိုက်နှိပ် ပို့လွှတ်နေတုန်းပဲ။ လေပြင်းမုန်တိုင်းနဲ့အတူ....။
“ေ xာက် x မ…ေ xာက် x မ …. x x x မ ” တစ်စုံတစ်ယောက်ကို ပြန်ပြောပြဖို့ အခက်တွေ့ရလောက်အောင် ပေါ့ပျက်ပျက်နိုင်လွန်းတဲ့ အပေါစားစကားလုံးတွေ ပို့လွှတ်ခဲ့တဲ့ လူတစ်ယောက်ကတော့ ….သူတီထွင်လိုက်တဲ့အပေါစား စကားလုံး တွေကို သူ့အာဂလောင်ထဲ ပေါ့ပျက်ပျက်ငုံခဲရင်း သူ့ဦးခေါင်းကိုငရဲဘုံဆီ ထိုးစိုက်ချပြီး ပေါ့ပျက်ပျက်ကြီးပဲ ခုန်ဆင်းသွားခဲ့ပြီးပြီ။
ပေါ့ပျက်ပျက်စကားလုံးတွေ အာဂုံဆောင်ထားတဲ့ အောက်တန်းစားလူတစ်ယောက်အတွက်
ပေါ့ပျက်ပျက် ၀မ်းမြောက်လိုက်ကြဦးစို့ရဲ့ . . . .ချီးယားစ်….
xxxxxxx
ကျွန်မ စိုက်ပျိုးခဲ့တဲ့ သစ်ပင်ကလေးတစ်ပင်ဟာ ကျွန်မကို မျှော်စောင့်ရင်း ကျွန်မဥယျာဉ်ခြံမြေထဲမှာပဲ ပေါ့ပျက်ပျက်ညှိုးနွမ်း သွားရတော့မှာလား။ ရင်းနှီးချစ်ခင်မှုပေါ့ပျက်ခဲ့တဲ့ အိမ်တံခါးဝဟာ ကျွန်မရဲ့အိမ်အပြန်ကို ပေါ့ပျက်ပျက်ကြိုဆိုနေဆဲပဲဆိုတာ ကျွန်မ ပေါ့ပျက်ပျက်လက်ခံပေးလိုက်ဖို့ ကမ္ဘာမြေဆီကတစ်ဆင့်/ တိမ်တွေဆီကတစ်ဆင့် ကျွန်မ ပေါ့ပျက်ပျက် သင်ယူတတ်ခဲ့ပြီ။ အိမ်တစ်လုံး ထဲမှာ အတူတကွနေထိုင်ကြရင်း တစ်ယောက်အသံကို တစ်ယောက် ချိုမြိန်နွေးထွေးဖို့ ပေါ့ပျက်ခဲ့မိလိုက်ကြပြီ။ တစ်ယောက် က အထဲ၊ တစ်ယောက်က အပြင်။ တစ်ယောက်က အ၀င်၊ တစ်ယောက်က အထွက်၊ တစ်ယောက်ကအငြိမ်၊ တစ်ယောက်က အလှုပ်၊ တစ်ယောက် က အကြည်၊ တစ်ယောက်ကအနောက်။ တစ်ယောက်က အအေး၊ တစ်ယောက်က အပူ။ တစ်ယောက်က အဖြူ၊ တစ်ယောက်က အနက်၊ အရာရာ ပေါ့ပျက်ပျက်နိုင်လို့ ပေါ့ပျက်ပျက်တွေက ကျွန်မတို့အတွင်းသားထဲမှာ ပေါ့ပျက်ပျက်ကြီးကို အားကောင်းနေနှင့်ခဲ့ကြပြီ။ ပေါ့ပျက်ပျက် တေးသွားတွေကတော့ မနက်၊ နေ့၊ ည ဖွဲ့ဆိုကျူးရင့်လို့ ပေါ့ပျက်ပျက်လူလားမြောက်နေခဲ့ပြီ။ ပေါ့ပျက်ပျက်တေးအယ်လ် ဘမ်တွေထဲကနေ ပေါ့ပျက်ပျက်ထွက်ပေါ်လာမယ့် သီချင်းတွေကို ပေါ့ပျက်ပျက် ဆိုညည်းကခုန်လိုက်ကြစို့။ နောက်ထပ်တစ်ခါ ချီးယားစ်…။ နောက်တစ်ခေါက် နောက်တစ်ခါ ချီးယားစ်။
ပေါ့ပျက်ပျက် မြေကမ္ဘာပေါ်က ပေါ့ပျက်ပျက်တိုင်းပြည်တစ်ပြည်မှာ ကျွန်မတို့ရဲ့ဆန္ဒတွေကို ထုတ်ဖော်ပြသရတာကလည်း အရသာမရှိ ပေါ့ပျက်ပျက်ကြီးကို ဖြစ်နေရပါပြီ။ အဲဒါကို ရှင်တို့ ရိပ်စားမိပါရဲ့လား။ ကျွန်မတို့ နေထိုင်ကြီးပြင်းပုံက တစ်နေ့တခြား ပေါ့ပျက် ပျက်နိုင်လာခဲ့လေပြီလား ကျွန်မ ထိတ်လန့်နေမိပါပြီ…။ ပေါ့ပျက်ပျက် အင်တာနက်ကွန်နက်ရှင်အောက်မှာ တစ်ယောက်က တစ်ယောက် ကို ပေါ့ပျက်ပျက်ချိတ်ဆက်-မိတ်ဖွဲ့-ပေါင်းထည့်ရင်း ကျွန်မတို့ရဲ့ အချိန်နာရီတွေ တိုက်စားပွန်းပဲ့ ပေါ့ပျက်နေခဲ့တာလည်း ကာလ တာရှည်ရှိခဲ့ပြီ။ နေ့ရှိသရွေ့ ပေါ့ပျက်ပျက်တေးဂီတတွေ နားကြပ်နဲ့နားထောင်ရင်း ပေါ့ပျက်ပျက်ဝက်ဘ်ဆိုက်တွေထဲ ခေါင်းတိုး ၀င်တတ်ခဲ့ပြီ။ ပေါ့ပျက်ပျက် ဖေ့စ်ဘွတ်ခ်နံရံတွေ ကုပ်ကပ်တက်ရင်း ပေါ့ပျက်ပျက် လိုက်ခ်တတ်ခဲ့ကြပြီ။ ပေါ့ပျက်ပျက်စတေးတပ်စ်၊ ပေါ့ပျက်ပျက်ပို့စ်၊ ပေါ့ပျက်ပျက်ရုပ်ပုံ၊ ပေါ့ပျက်ပျက်အရေးအသား၊ ပေါ့ပျက်ပျက်သတင်းများ၊ ပေါ့ပျက်ပျက်ကော်မန့်၊ ပေါ့ပျက်ပျက် ဆဲရေးတိုင်းထွာမှု၊ ပေါ့ပျက်ပျက်ဝတ်စားဆင်ယင်မှု၊ ပေါ့ပျက်ပျက် ပေါ့ထရိတ်၊ ပေါ့ပျက်ပျက်နျူ့ ၊….ပေါ့ပျက်ပျက်…. ပေါ့ပျက်ပျက်… ပေါ့ပျက်ပျက်။
မြန်မာပြည်က အဆိုသမား ဘိုဘိုဟန်ကြီးရဲ့ သီချင်းတစ်ပုဒ်ကို ကျွန်မ ဒီလို ပေါ့ပျက်ပျက် ဖျက်ဆိုလိုက်ချင်ပါပြီ။ “ခေတ်အမီဆုံး.. ပေါ့ပျက်ပျက်” “ခေတ်အမီဆုံး ပေါ့ပျက်ပျက်” “ပေါ့ပျက်ပျက်” “ပေါ့ပျက်ပျက်” “ခေတ်အမီဆုံး ပေါ့ပျက်ပျက်”။ ပြားချပ် ချပ် နေရာမှာ ပေါ့ပျက်ပျက် လို့ အစားထိုးပြီး ရှင်တို့ လိုက်ဆိုကြည့်လိုက်ပါ။ သိပ် သေချာတာပေါ့။ အခုခေတ် ကျွန်မတို့ခေတ်မှာ ရေပန်းအစားဆုံးနဲ့ ခေတ်အမီဆုံးက ပေါ့ပျက်ပျက် ဆိုတဲ့ စကားလုံးဖြစ်နေပါပြီ။ စကားမစပ်..ကြားဖြတ်ပြောပါရစေဦး။ ရှင်ဟာ ကျွန်မအိတ်ကပ်ထဲကနေ ချွင်ခနဲလွင့်စဉ်ထွက်ကျသွားတဲ့ သက်တမ်းမစေ့ခင် တန်ဖိုးကုန်သွားတဲ့အကြွေစေ့တစ်စေ့ ဆိုတာ မမေ့လိုက်ပါ နဲ့ဦးနော်။ ပြီးတော့ ဘယ်လောက်ပဲ ဒေါသထွက်ထွက် ဒီစကားအတွက် ဘယ်သူ့ကိုမှလည်း ရှင် ပေါ့ပျက်ပျက် လက်ညှိုးသွား မထိုးလိုက်ပါနဲ့ဦး။ ဒီအမှုကိစ္စအလုံးစုံရဲ့ တရားခံက ရှင်ကိုယ်တိုင်ပါပဲ။ ရှင်လည်းပဲ ပေါ့ပျက်ပျက်နေ့စွဲတွေထဲမှာ အပေါစားဂျင်း ဘောင်းဘီဝတ်လို့၊ ရှင့်ရဲ့ပေါ့ပျက်ပျက်ရယ်မောသံ၊ ပေါ့ပျက်ပျက်ဟန်ပန်တစ်ခွဲသားကြီးတွေနဲ့ပဲ စခန်းသွားနေဦးမှာပေါ့။ ရှင့်ဘ၀တစ်လျှောက် အရေးကြုံရင် ကြုံသလို အပေါစားကျိန်ဆိုမှုတွေလည်း ပေါ့ပျက်ပျက် ကျူးလွန်နေဦးမှာပဲဆိုတာလည်း ကျွန်မ သိနေသေးတာပေါ့။ “ဘုရားစူးရပါစေ့” “သား သေစေ့” “မိန်းမ နဲ့ ကွဲစေ့”။ အဲဒီလို အပေါစား ကျိန်ဆိုမှုတွေကို လျှာဖျားကနေ ပေါ့ပျက် ပျက်ကျိန်ဆိုရင်း အပေါစားဘီယာတွေ တစ်လုံးပြီးတစ်လုံးသောက်၊ အပေါစားမိန်းမတွေကို ပေါ့ပျက်ပျက်အကြည့် ပေါ့ပျက်ပျက် စကားတွေနဲ့ စ နောက်၊ ပေါ့ပျက်ပျက် သောက်စားခြင်းအမှုကိစ္စပြီးဆုံးတဲ့အခါ ပေါ့ပျက်ပျက် ခြေလှမ်းတွေနဲ့ ညနက်နက်မှာအိမ်ကိုပြန်၊ အိပ်ရာမ၀င်ခင် ၀တ်တရားမပျက် လိင်မှုကိစ္စတစ်ခု ပေါ့ပျက်ပျက်ပြု၊ ပေါ့ပျက်ပျက်အိပ်မက်တွေ မက်ရင်းအိပ်၊ မိုးလင်းတော့လည်း ရှင့်ကိုယ်ရှင် ငြိမ်းချမ်းရေးချိုးဖြူငှက်တစ်ကောင်လို peace morning လို့ လူတကာကို ပေါ့ပျက်ပျက်နှုတ်ဆက်၊ ပေါ့ပျက်ပျက်ရယ်သံနဲ့ အိမ်ကထွက်။ နေ့အသစ်မှာ ပေါ့ပျက်ပျက်အသစ်တွေနဲ့ ထပ်မံပေါ့ပျက်။ ပေါ့ပျက်ပျက်ပိုင်ဆိုင်ခဲ့တဲ့ဖုန်းတစ်လုံး၊ အိုင်ပက်တစ်ပြားနဲ့ လူတကာကို ပေါ့ပျက်ပျက် ကစားရင်း …..ပေါ့ပျက်ပျက်မြို့လယ်ကောင်မှာ လိမ်လည်လှည့်ဖျားဖို့ အထပ်ထပ်အခါခါ ပေါ့ပျက်စွာ ကပ်ငြိခို တွယ် နေခဲ့ပြန်ပါပေါ့။
xxxxx
အဲဒါကြောင့် အဲဒါတွေကြောင့် ပေါ့ပျက်ပျက်စဉ်းစားမနေနဲ့တော့ ချစ်သူရေ။ ကျွန်မတို့နေထိုင်ရာ မြေကမ္ဘာမှာ ပေါ့ပျက်ပျက် တွေက နေရာတကာ အတင်းကာရော လိုက်လံပေါ့ပျက်နေကြလို့ … အခုပဲ လိုက်ခဲ့ပါတော့….။ ကျွန်မ မောင့်ကို လမင်းကြီးဆီ ခေါ်သွားမှကို ဖြစ်တော့မှာနော်။
စုမီအောင်
No comments:
Post a Comment