Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, December 04, 2013

ဟိုသတင်း ဒီသတင်း

၁. နတ်သမီးတိုင်းပြည် “ပန်ဒိုရာ” ဆီ
ဒါရိုက်တာဂျိမ်းစ်ကင်မရွန်ရိုက်ကူးခဲ့တဲ့ Avatar ရုပ်ရှင် ၂၀၀၉ က စတင်ပြသခဲ့တော့ ပရိတ်သတ်တွေရဲ့ အားပါးတရအမွှမ်းတင်ချီးမွမ်းမှုတွေ မရပ်တန့်နိုင်ကြတော့ဘူး။ ပြာလဲ့လဲ့အသားအရည်ပိုင်ရှင် နာဗီရဲ့ လှပတဲ့အိမ်၊ အံ့ဘနန်းဆန်းပြားလှပလွန်းလှတဲ့ ပန်ဒိုရာတိုင်းပြည်ဆီကို 3D အထူးပြူလုပ်ချက်တွေ၊ မြင်ကွင်းကျယ်ပိတ်ကားတွေနဲ့ ဆောင်ယူသွားနိုင်ခဲ့လို့ပါ။ အခုတော့ Avatar မြေဆီခြေချနိုင်တော့မယ်။ ပန်ဒိုရာနတ်သမီးတိုင်းပြည်မှာ တကယ့်ဘဝစစ်တစ်ခု တည်ဆောက်ဖြတ်သန်းနိုင်မယ့်အခွင့်အရေးကို ဒစ်စနေးက ဧည့်သည်တွေအတွက်ဖန်တီးပေးတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဝေါ့ထ်ဒစ်စနေးအပမ်းဖြေခန်းမ တိရစ္ဆာန်ကမ္ဘာ(Animal Kingdom) မှာ ပန်ဒိုရာတိုင်းပြည်အတိုင်း ပြင်ဆင်တည်ဆောက်မှာပါ။ ၂၀၁၇ မှာ စတင်ဖွင့်လှစ်မယ်လို့ဆိုပါတယ်။ ဝေါ့ထ်ဒစ်စနေးပန်းခြံနဲ့ အပမ်းဖြေခန်းမရဲ့ ဥက္ကဌ တွမ်စတက်ဂ်စ်က တိုကျိုဒစ်စနေးအပမ်းဖြေခန်းမမှာ ပြုလုပ်ခဲ့တဲ့ D23 Expo အခမ်းအနားမှာ ပထမဆုံးအဖြစ် ပုံတွေထုတ်ပြန်ကြေညာလိုက်တယ်။ “သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေကြီးမားကျယ်ပြန့်စွာပြင်ဆင်မှာပါ။ ဒီကမ္ဘာကြီးထဲက Avatar ပရိတ်သတ်တွေ မျောပါလွင့်ပါးနေတဲ့တောင်တွေနဲ့ အလင်းတွေဖြာကျ၊ အသံစိုးစိုးစီစီနဲ့ အသက်ရှင်နေနိုင်တဲ့ ဇီဝသက်ရှိသစ်ပင်တွေကြားထဲ လှည့်လည်သွားလာနိုင်ကြမယ်လို့ စတက်ဂ်စ်က ပြောပါတယ်။ ဧည့်သည်တွေဟာ မားမားစွင့်စွင့်မြင့်မတ်တဲ့နေရာကနေ မကောင်းဆိုးဝါးငှက်ကိုစီးလို့ လေဟုန်ခွင်းတဲ့အရသာလည်းမြည်းစမ်းနိုင်မယ်။ ဒစ်စနေးရဲ့တိရစ္ဆာန်ကမ္ဘာပန်းခြံဟာ အကြီးမားဆုံး အကျယ်ပြန့်ဆုံး၊ တိုးချဲ့ဆောက်လုပ်ထားတဲ့ ထူးခြားလှပလွန်းတဲ့နေရာတစ်ခုပါ။ Avatar အတွက်သင့်တော်မယ့်အိမ် တခြားမှာမရှိနိုင်ပါဘူးတဲ့။ ၁၉၉၈ ခုနှစ်မှာ ဝေါထ့်ဒစ်စနေးအပမ်းဖြေစခန်းကို ဖလော်ရီဒါမှာ ဖွင့်လှစ်ခဲ့ပါတယ်။ Avatar ဟာ ကမ္ဘာ့အမြတ်အများဆုံးရုပ်ရှင်တွေထဲကတစ်ခုအဖြစ်ဝင်ငွေကောင်းခဲ့တယ်။ ကမ္ဘာတဝှမ်း ဒေါ်လာ ၂.၇ ဘီလီယံကျော် ရရှိခဲ့ပြီးပါပြီ။ Avatar ဇာတ်လမ်းနောက်ဆက်တွဲ အပိုင်း ၃ ပိုင်းကို ၂၀၁၄ မှာ စတင်ရိုက်ကူးပါလိမ့်မယ်။ ၂၀၁၆၊ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တွေမှာပြသမှာပါ။ Avatar ပထမပိုင်းပြသခဲ့တုန်းက များပြားလှတဲ့ပရိတ်သတ်တွေ စိတ်ဓာတ်ကျဆင်းခြင်းဖြစ်ခဲ့ကြပါသတဲ့။ ဘာကြောင့်လဲဆိုတော့ ပန်ဒိုရာတိုင်းပြည်ရဲ့ အလှအပကိုတမ်းတပြီး သာယာကြည်နှုးစွာခံစားမိနေကြတဲ့စိတ်အာရုံ မဖျောက်ဖျက်နိုင်တာကြောင့်ပါလို့ ဆိုကြတယ်။

၂. လန်ဒန်မြို့အပြင်ထွက်ပြီးပြသတော့မယ့် Turner Prize ပြပွဲ
ကမ္ဘာ့ဂုဏ်သတင်းအကြီးဆုံးအနုပညာပြပွဲတွေထဲက တစ်ခုဖြစ်တဲ့ Turner Prize ပြပွဲ ဆုပေးပွဲကို မြောက်ပိုင်းအိုင်ယာလန်မှာ ပြုလုပ်ပြသပါတော့မယ်။ လန်ဒန်မြို့ရဲ့အထင်ကရ တိတ်ဗြိတိန်ပြတိုက်မှာ နှစ်စဉ် ပြုလုပ်နေကျပြပွဲဖြစ်ပြီး ပါဝင်ကြတဲ့ artist တွေရဲ့လက်ရာဟာ ဆန်းသစ်ပြောင်းလဲတဲ့အမြင်အတွေးနဲ့ ဖန်တီးထားတဲ့လက်ရာတွေဖြစ်ကြတယ်။ video art, installition art နဲ့ သမားရိုးကျပုံစံတွေထဲကခွဲထွက် ဖန်တီးထားတဲ့ပန်းပုလက်ရာမျိုးတွေကို အထူးသဖြင့်ရွေးချယ်ဆုပေးလေ့ရှိပါတယ်။ မြောက်ပိုင်းအိုင်ယာလန် ဒုတိယအကြီးဆုံးမြို့တော် ဒါရီ၊ Ebrington က စစ်တန်းလျားဟောင်းတွေမှာ ကျင်းပမှာပါ။ အခုဆိုရင် Turner Prize ပြပွဲပြုလုပ်ခဲ့တာ ၂၉နှစ်ရှိပါပြီ။ ဒီတစ်ကြိမ်ဟာ အင်္ဂလန်အပြင်ဘက်မှာ ပထမဆုံးကျင်းပတာဖြစ်ပါတယ်။ စကာတင် atitst ၄ ဦးရဲ့ဆုအတွက် အပြိုင်အဆိုင်ယှဉ်ပြိုင်ကြရမယ်။ ဆုရရှိသူဟာ ပေါင် ၂၅၀၀၀ ရရှိပါလိမ့်မယ်။ အဲဒီရလာဒ်ကို လာမယ့် ဒီဇင်ဘာ ၂ ရက်နေ့မှာ ကြေညာမှာပါ။ စကာတင်စာရင်းဝင်ခဲ့တဲ့ artist တွေကတော့ တစ်ဦးစီ ပေါင် ၅၀၀၀ ရရှိကြပါလိမ့်မယ်။ လက်ရှိ စကာတင်ဝင်သူတွေကတော့ Lynette Yiadom-Boakye ၊ ပြင်သစ်အင်စတော်လေးရှင်းအနုပညာရှင် Laure Prouvost ၊ ဗြိတိန်က David Shrigley နဲ့ the British-German performance artist Tino Sehgal တို့ဖြစ်ကြတယ်။ Turner Prize ဟာ ၁၉၈၄ ခုနှစ်ကနေစတင်ပြုလုပ်ခဲ့ပြီး အသက် ၅၀ အောက် ခေတ်ပြိုင်အနုပညာရှင်တစ်ဦးကို ဆုရွေးချယ်ပေးအပ်ပါတယ်။ ဗြိတိန်မှာ အလုပ်လုပ်နေသူ၊ ဒါမှမဟုတ် ဗြိတိန်မှာမွေးဖွားသူဖြစ်ပြီး လွန်ခဲ့တဲ့ ၁၂ လ အတွင်း အကောင်းဆုံးပြပွဲဖန်တီးပြသနိုင်ခဲ့တဲ့ artist လည်းဖြစ်ရမှာပါ။ ဆုရရှိသူတွေမှာ Damien Hirst ၊ Antony Gormley တို့ပါဝင်ကြပြီး ပြီးခဲ့တဲ့နှစ်က video artist “Elizabeth Price” ဆုရရှိခဲ့ပါတယ်။ ဒါရီပြပွဲအတွင်း ဧည့်သည် တစ်သောင်းကျော်လာရောက်လည်ပတ်ဖို့ဆွဲဆောင်နိုင်မယ်လို့ ခန့်မှန်းထားကြတယ်။

၃. လမ်းမပေါ်က Graffiti Artist “Taki 183” နဲ့ “Banksy”
ယူကေက ကျော်ကြားတဲ့ Graffiti artist Banksy ထက် နှစ်ပေါင်း ၄၀ကျော်ခန့်စောပြီးပေါ်ထွက်ခဲ့သူ၊ နယူးယောက်သားတွေကြား Graffiti လက်ရာတွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ Taki 183 ရဲ့ဘဝဇာတ်ကြောင်းကို နယူးယောက်တိုင်းမ်သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ ငယ်ရွယ်ပြီး ထူးထူးခြားခြား ဆန်းဆန်းပြားပြားစိတ်ကူးစိတ်သန်းတွေနဲ့ street artist Taki ဟာ နယူးယောက်မြို့တော်ရဲ့ အာရုံစိုက်ခြင်းခံခဲ့ရတယ်။ “တာကီဟာ မန်ဟက်တန်ဆယ်ကျော်သက်လေးဖြစ်ပြီး သူဘယ်နေရာကိုပဲသွားသွား သူ့ရဲ့ အမည်နဲ့ လမ်းနံပါတ် ကို ရေးလေ့ရှိတယ်” လို့ ၁၉၇၁ ခုနှစ် ဇူလိုင်ကလည်းဖော်ပြခဲ့ဖူးပါတယ်။ “သူပြောတာက သူ လုပ်ရမယ့်အရာတစ်စုံတစ်ရာကိုသာ ပြုလုပ်ခဲ့တာပါ”တဲ့။ ၁၈၃ လမ်းမှာနေတဲ့ ဆယ်ကျော်သက်လေးဟာ သူ့ရဲ့နာမည် ဒီမီထရီးယပ်စ်ကို သေးသေးမွှားမွှားလောက်ပဲဖော်ပြအသုံးပြုပြီး Taki စာလုံးကိုပဲ နာမည်အဖြစ်အမြဲ အသုံးပြုလေ့ရှိတယ်။ တာကီဟာ ပထမဦးဆုံးမော်ဒန် Graffiti artist တစ်ဦးအသေအချာတော့မဟုတ်ပါဘူး။ အဲဒီအချိန်က ဖီလာဒဲလ်ဖီးယား အခြေစိုက် Combread ဟာ အတော်အတန်လူသိများနေခဲ့ပါပြီ။ ဒါပေမဲ့ Taki 183 ကို သိကျွမ်းသူများပြားခဲ့တာက သူရဲ့မှုတ်ဆေး marker နဲ့ ကင်းပြတ်တဲ့နေရာဆိုတာမရှိသလောက်မို့ပါ။ Take 183 ဟာ အိမ်တွေ၊ မြေအောက်ကားရထားတွေ၊ နံရံတွေနဲ့ ဓာတ်မီးတိုင်တွေမှာ အမြဲခိုင်တဲ့ဆေးသားကိုအသုံးပြုခဲ့တယ်။ Times ရဲ့ သတင်းထဲမှာ “သူဟာ BARBARA 62, EEL 159, YANK 135 နဲ့ LEO 136 တို့လို တုပသူတွေ ရာပေါင်းများစွာကိုလည်း ပေါ်ထွက်နိုင်စေခဲ့သူပါ” လို့ရေးပါတယ်။ ၁၉၆၀ ခုနှစ်နောက်ပိုင်းနဲ့ ၁၉၇၀ အစောပိုင်းတွေမှာ Taki ရဲ့ ခပ်သော့သော့ခြစ်ရေးထားတဲ့စာလုံး၊ ပုံတွေဟာ နယူးယောက်စီးတီး နေရာအနှံ့အပြားမှာတွေ့ခဲ့ရတယ်။ အဝါရောင်တက္ကစီအငှားကားတွေလိုနေရာတကာမှာတွေ့နိုင်တယ်။ နာမည်အရင်းကို ဘယ်တော့မှဖော်ပြခဲ့ခြင်းမရှိတဲ့ Taki ဟာ သူ့ရဲ့ Graffiti Art ရေးဆွဲခြင်းကို နှစ်အနည်းငယ်ကြာတဲ့အခါ စွန့်လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ Taki ရဲ့ ဒဏ္ဍာရီကတော့ ရှိမြဲရှိနေဆဲပါ။ သူ့ရဲ့ graffiti လက်ရာကို ကမ္ဘာတစ်ဝှမ်းက မော်ဒန်Graffiti ပြပွဲတွေမှာမြင်တွေ့နေရတယ်။ “The History of American Graffiti” စာအုပ်မှာလည်း Taki အကြောင်း ဖော်ပြထားပါသေးတယ်။

၎.  ၂၀၁၄ ရောခ့်အန်ရိုးအကျော်အမော်တွေ ဘယ်သူစာရင်းဝင်မလဲ 
ယူနိုက်တက်စတိတ်၊ အိုဟိုင်းယိုပြည်နယ်၊ Cleveland က Rock and Roll Hall of Fame ပြတိုက်မှာ ၂၀၁၄ ခုနှစ်အတွက်စာရင်းသွင်းဖို့ ရွေးချယ်နိုင်ကြပါပြီ။ Teen Spirit သီချင်းဖန်တီးခဲ့တဲ့ Nirvana နဲ့ Good Times သီချင်းပိုင်ရှင် Kiss တို့ ဟာလည်း Rock and Roll Hall of Fame ရဲ့ အကျော်အမော်တွေဖြစ်လာနိုင်ပါသတဲ့။ Grunge ဂီတကိုအဦးဆုံးဖန်တီးခဲ့ကြတဲ့ Nirvana ၊ ဒစ်စကို စွမ်းအားရှင်ကြီးတွေ ဖြစ်တဲ့ Chic နဲ့ ထူးခြားတဲ့အဝတ်အစား၊ မျက်နှာအဖုံးအကာဆင်မြန်းရမှာ ဝါသနာကြီးလွန်းလှတဲ့ ပေါပ့်မက်တယ်လ်အဖွဲ့ Kiss ဟာ စကာတင် ၁၆ ဦးထဲမှာ ထိပ်ဆုံးနေရာတွေမှာ နေရာရနေကြပါတယ်။ နောက်ထပ်ရွေးချယ်စရာတွေဆိုရင် ၇၀ ခုနှစ်တွေနဲ့ ၈၀ ခုနှစ်တွေမှာ လူကြိုက်များခဲ့ကြတဲ့ အမေရိကန် duo ဂီတသမား Hall and Oates ၊ ရေဒီယိုဟီးရိုးတွေဖြစ်ခဲ့ကြတဲ့ အမေရိကန်ရော့ခ်အဖွဲ့The Replacements ၊ နယူးအော်လိန်းသား funk ဂီတအဖွဲ့ The Meters ၊ အသံချိုချိုလေးပိုင်ဆိုင်ထားတဲ့ ဂီတအမျိုးအစားတော်တော်များများသီဆိုဖန်တီးခဲ့တဲ့ Linda Ronstadt နဲ့ gangsta ရက်ပါခေတ်ဦးက N.W.A အဖွဲ့သားတွေလည်းရှိသေးတယ်။ စာရင်းထဲမှာထပ်ပြီးဖြည့်ရမယ့်အဖွဲ့တွေလည်းရှိနေပါသေးတယ်။ The Paul Butterfield Blues Band ၊ Deep Purple ၊ Peter Garbriel ၊ LL Cool J ၊ Cat Stevens ၊ Link Wray ၊ Yes နဲ့ The Zombies အဖွဲ့တွေပါ။ အဲဒီ Rock and Roll Hall of Fame ပြတိုက်မှာ စာရင်းသွင်းပြသထားနိုင်မယ့် ဂီတသမားတွေဟာ recording artist နဲ့ ဂီတအဖွဲ့တွေဖြစ်နိုင်ပြီး ပထမဆုံးဂီတအယ်လ်ဘမ်ထွက်ရှိပြီး ၂၅နှစ်မြောက်နှစ်ပတ်လည်ကျော်လာတဲ့အထိ Rock and Roll ဂီတပရိတ်သတ်တွေရဲ့အာရုံကို အချိန်တိုင်းလွှမ်းမိုးဖမ်းစားထားနိုင်တဲ့ဂီတသမားတွေဖြစ်နေရမှာပါ။ တစ်နှစ်၊ နှစ်နှစ်စာ တိုတောင်းတဲ့ကာလအောင်မြင်မှုမျိုး၊ ဂီတဖန်တီးမှုနည်းနည်းပါးပါးပဲရှိနေမယ့် ဂီတသမားမျိုးတွေဟာ Rock and Roll Hall of Fame ပြတိုက်မှာ စာရင်းသွင်းပြသထားခွင့်ရှိမှာမဟုတ်ပါဘူး။ မဲစနစ်နဲ့ ရွေးချယ်တာဖြစ်ပြီး ရရှိလာခဲ့တဲ့ မဲတွေကို ရောခ့်ကျွမ်းကျင်သူ ၅၀၀ ဆီပို့ပြီး ရွေးချယ်စေကြတာပါ။ မဲပေးချင်တဲ့ ရောခ့်ဂီတပရိတ်သတ်တွေဟာ ဒီဇင်ဘာ ၁၀ရက်နေ့အထိ နောက်ဆုံးထားပြီး Rock Hall,  Rolling Stone နဲ့ USA Today ဆီ ပေးပို့နိုင်ကြတယ်။ အသေးစိတ်သိရှိလိုသူတွေကတော့ www.rockhall.com/vote , www.rollingstone.com and www.usatoday.com တို့မှာ သွားရောက်လေ့လာနိုင်ပါတယ်။ Rock and Roll Hall of Fame ကျော်ကြားသူတွေထဲက တချို့ကိုဖော်ပြရရင် ၁၉၈၆ မှာ Ray Charles နဲ့ Elvis Presley ၊ ၁၉၈၈ မှာ The Beatles, The Beach Boys, The Drifters, Bob Dylan နဲ့ The Supremes ၊ ၁၉၉၄ မှာ Elton John, John Lennon, Bob Marley, Rod Stewart ၊ ၂၀၁၂ မှာ Gun N’ Roses နဲ့ Red Hot Chili Peppers တဲ့ တခြားဂီတသမားတွေနဲ့ ၂၀၁၃ မှာ Donna Summer နဲ့ တခြားဂီတသမား ၆ ဦးခန့်  ရောခ့်အန်ရိုးအကျော်အမော်တွေဖြစ်ခဲ့ကြတယ်။

၅. မြူငွေ့ဆိုင်းကာနေတဲ့ ကန်ရေပြင်ရောင်ပြန်အလှအပ နဲ့ အမျိုးသားဓာတ်ပုံဆု
မြူခိုးငွေ့တွေဝေ့ကာဆိုင်းနေတဲ့ Cumbrian ရေကန်အလှကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံဟာ အမျိုးသားဓာတ်ပုံဆုမှာ ထိပ်ဆုံးကဆုတစ်ဆု Take a View Landscape Photographer of the Year အဖြစ်ရရှိသွားခဲ့ပါတယ်။ အင်္ဂလန်အနောက်မြောက်ပိုင်း Cumbria ဒေသ Crummock Water ရေကန်ရဲ့ သဘာဝရှုခင်းအလှကို Derbishire ကဓာတ်ပုံဆရာ တိုနီဘန်းနက်ထ် က ရိုက်ကူးခဲ့တာပါ။ မစ္စတာ ဘန်းနက်ထ်က ဓာတ်ပုံဖမ်းယူရိုက်ကူးတဲ့အတွေ့အကြုံကို “ဘယ်တော့မှ နောက်တစ်ကြိမ်ပြန်မရနိုင်တဲ့အချိန်တစ်ခဏလေးပါ။ ဒါပေမဲ့ အမြဲတမ်း အမှတ်ရနေမှာပါ” လို့ ပြောသွားပါတယ်။ အဲဒီဆုရ သဘာဝရှုခင်းဓာတ်ပုံနဲ့ တခြားအမျိုးအစား ၁၅ မျိုးမှာ ဆုရသူတွေရဲ့ ဓာတ်ပုံတွေကိုလည်း လန်ဒန်အမျိုးသားကဇတ်ရုံမှာ ဒီဇင်ဘာ ၇ ရက်နေ့စတင်ပြသမှာပါ။ Young Photographer of the Year ဆုရ ခရစ်စတိုဖာပေ့ခ်ျရဲ့ ရိုက်ချက်က Surrey ဒေသ ဆောင်းဦးသစ်ရွက်တွေရဲ့ သဘာဝအလှဖြစ်ပြီး Your Viiew အမျိုးအစားမှာဆုရတဲ့ ဒေးဗစ်လီယွန်က မုန်တိုင်းထန်နေတဲ့အချိန် Newhaven ဆိပ်ကမ်းမှာ ကမ်းကခွာလာတဲ့ ကူးတို့လှေကို ရိုက်ကူးထားပါတယ်။ မစ္စတာဘန်းနက်ထ်က သူတွေ့ကြုံရတဲ့အခက်အခဲအကြောင်းကို စက္ကန့်တိုင်းမှာ မြင်ကွင်းဟာပြောင်းလဲသွားလွန်းလို့ ပုံတစ်ရာလောက်အမှတ်တရဖန်တီးဖြစ်ခဲ့တယ် လို့ ဆိုတယ်။ ဆိတ်ငြိမ်တဲ့ညတစ်ညရဲ မြူတွေဟာ လူးလိမ့်ခွေခေါက်လို့ ဝရုန်းသုန်းကားဖွာလန်ကြဲကုန်တယ်။ နေရဲ့ အပူကြောင့် အငွေ့ပြန်ပြီးအရပ်မျက်နှာတိုင်းကို ထာဝရလွင့်စင်ပျံ့နှံ့သွားသလိုမျိုးပါ လို့ သူကပြောပါတယ်။ တစ်မိနစ်အတွင်းမှာ ဘယ်တော့မှပြန်ဖြစ်မလာတော့ဘဲ အားလုံးပြီးဆုံးသွားတယ် တဲ့။ Take a View ဓာတ်ပုံဆုကို စတင်တည်ထောင်သူ ချာလီဝိတ်ထ်က “မစ္စတာဘန်းနက်ထ်ရဲ့ ဓာတ်ပုံဟာ ယူကေဓာတ်ပုံဆရာတွေရဲ့ ပါရမီစွမ်းရည်၊ ဒေသတွင်းသဘာဝအလှအပတွေကို အမိအရရိုက်ကူးနိုင်တဲ့သူတို့ရဲ့အရည်အချင်းတွေကို ကိုယ်စားပြုတယ်လို့ ပြောခဲ့တယ်။ တစ်ကိုယ်တည်းမြင်တွေ့လိုက်ရတဲ့မြင်ကွင်းတစ်ခုဟာ လူတွေအများကြီးကို စကားလုံးများစွာနဲ့ပြောပြသွားနိုင်ခဲ့ပါတယ်။

၆. ဘာကြောင့် “၁၂ နှစ်တာ ကျေးကျွန်ဘဝမှာ” ရုပ်ရှင်ကြည့်သင့်တာလဲ တဲ့
ကျေးကျွန်ပြုခြင်းဟာ အမေရိကသမိုင်းမှာ စက်ဆုပ်ရွံရွာဖွယ်အကောင်းဆုံးအခန်းကဏ္ဍပါပဲ။ အဲဒီအဖြစ်အပျက်တွေကို လူတိုင်းသိခဲ့ကြပါတယ်။ ဒါပေမဲ့ လူနည်းနည်းလောက်ကပဲ ဘယ်လောက်အထိကျေးကျွန်ပြုခဲ့ကြသလဲဆိုတာ သိကြတယ်။ လူနည်းနည်းလေးကပဲ အဲဒီအကြောင်းကို စိတ်ဝင်တစားရှိခဲ့ကြပါတယ်။ ၁၈၆၃ ဇန်နဝါရီ ၁ ရက်နေ့က သမ္မတလင်ကွန်းအတည်ပြုပေးခဲ့တဲ့ ကျေးကျွန်တွေကိုလွတ်မြောက်ပေးခဲ့တဲ့ကြေညာချက် (Emancipation Proclamation) ထုတ်ပြန်ခဲ့တာ နှစ် ၁၅၀ ရှိခဲ့ပြီးနောက်၊ ဒီ ကျွန်စနစ်အကြောင်းအရာမျိုးဟာ လူကြိုက်များတဲ့ပုံမှန်ဖျော်ဖြေရေးအကြောင်းအရာတွေထဲမှာ မထင်မရှားပုံစံမျိုးနဲ့ပဲရှိနေဆဲပါ။ ဒါရိုက်တာ စတီဗ်မက်ကွီးန် ကတော့ သိသာထင်ရှားလာအောင် ပုံဖော်လိုက်ပါပြီ။ 12 Years a Slave ဟာ ၁၈၄၁ ခုနှစ်မှာ အလုပ်အတွက်သွေးဆောင်ခံရပြီး ပြန်းပေးဆွဲခံလိုက်ရတဲ့ အာဖရိကန်-အမေရိကန်လူငယ်လေးရဲ့ တကယ့်ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းကို ရုပ်ရှင်ရိုက်ကူးထားတယ်။ အဲဒီလူငယ်လေး ဆော်လမွန်နော်သပ် ကို အလုပ်ရှင်တွေက မူးယစ်စေတဲ့ဆေးဝါးတိုက်ကျွေးပြီး ဝါရှင်တန်ဒီစီကို ကျွန်အဖြစ်ရောင်းချလိုက်တာပါ။ ဝါရှင်တန်ဒီစီကနေ နယူအော်လိန်း၊ လူဝီစီယားနားမှာ အပင်စိုက်ပျိုးရေးလုပ်ငန်းပိုင်ရှင်တစ်ဦးရဲ့ ကျွန်အဖြစ်အလုပ်လုပ်ခဲ့ရတယ်။ ၁၂ နှစ်ကြာစာချုပ်ပြီးဆုံးသွားတဲ့၁၈၅၃ ခုနှစ်မှာ လွတ်မြောက်လာခဲ့တယ်။ လွတ်မြောက်လာတော့ ဝါရှင်တန်ဒီစီက ကျေးကျွန်ကုန်သည်ပွဲစားတွေကို တရားစွဲဖို့ကြိုးစားခဲ့ပြီး သူ ရှုံးနိမ့်ခဲ့တာတွေ အပေးအယူညှိနှိုင်းမှုမရှိ၊ အဆုံးစွန်ကြမ်းကြုတ်ရက်စက်ခဲ့တာတွေ ရုပ်ရှင်မှာပြထားတယ်။ ၁၂ နှစ်စာ ဘေးချိတ်ထားခဲ့တဲ့ လူမျိုးရေးခွဲခြားမှု၊ အကြင်နာတရားကင်းမဲ့မှု နဲ့ ရိုင်းပျမှုတွေကို အထင်းသားမြင်အောင်ရိုက်ကူးထားတာကြောင့် ကိုယ့်ရဲ့ တိုင်းပြည်အကြောင်းပိုပြီးနားလည်နိုင်ဖို့ အမေရိကန်တွေကိုယ်တိုင် ကြည့်ဖို့လိုအပ်တဲ့ရုပ်ရှင်ဖြစ်တယ်လို့ လူးဝစ်ဘေးလ် က လောစ့်အင်ဂျယ်လိစ်တိုင်းမ်သတင်းစာ “ယဉ်ကျေးမှုနဲ့ ရုပ်ရှင်”ကဏ္ဍမှာရေးသားခဲ့ပါတယ်။ 12 Years a Slave ရုပ်ရှင် ထုတ်လုပ်သူတွေ ၇ ဦးထဲမှာ ဘရက်ပစ်လည်းအပါအဝင်ဖြစ်ပြီး ဆော်လမွန်နော်သပ်အဖြစ် ချီဝီတဲလ်အဲဂျီယိုဖော က သရုပ်ဆောင်ထားပါတယ်။

ဖြိုးဖြိုး
(Yati Magazine, December, 2013)

2 comments:

Aunty Tint said...

wow.... really fantastic news .. thanks Phyo Phyo !

Love ,
T Tint

PhyoPhyo said...

Aunty Tint
thank you so much.