(Chillies, 15'Dec) |
အစ်မ ရူပါ ဆီကဖုန်းလာသည်။ ဒီညနေ ရုံးဆင်းရင် သူ့အခန်းကို သွားပေးပါဦးတဲ့။ လရောင် မသွားချင်ပါဘူး။ သမိုင်းလမ်းဆုံ၊ ဗဟိုလမ်းက မုဒိတာအိမ်ရာမှာ အစ်မရူပါဝယ်ထားသည့်အခန်းရှိသည်။ အစ်မရူပါက ပဲခူးဘဏ်မှာ အလုပ်လုပ်နေသည်။ စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်တချို့မှာ လာလေ့ရှိသည်။ ဒီတစ်ပတ် စနေနေ့ မအားဘူးတဲ့။ သူမလာနိုင်တော့လို့ မီတာခ စာရွက်များ ရောက်နေမလား အခန်းကို သွားစစ်ပေးပါဦးတဲ့။ ဒါနဲ့ပဲ မေလရောင်လင်း သမိုင်းလမ်းဆုံမှာဆင်းကာ ဗဟိုလမ်းထဲ လမ်းလျှောက်ဝင်လာခဲ့သည်။ မုဒိတာအိမ်ရာ မြေညီထပ်တိုင်းမှာ ဆိုင်ခန်းတွေဖွင့်လှစ်ထားလို့ စည်ကားလွန်းနေသည်။ ဓာတ်လှေကားထဲဝင်၊ နံပါတ် 2 (သုံးလွှာ)နှိပ်။ အခန်းထဲရောက် တော့ ကြာဆံတစ်ထုတ် ကြက်ဥထည့်ပြုတ်ကာ စားလိုက်သည်၊ ပဲနို့အေးတစ်ဘူး ဖောက်သောက်သည်။ ပြီးတော့ Facebook ထိုင်သုံးဖြစ် သည်။
မေလရောင်လင်းမျက်စိထဲမှာ Facebook ဟာ ပွဲသဘင်ကြီးအလား အချိန်တိုင်းခမ်းနားထည်ဝါလွန်းနေသည်။ page စင်မြင့်တွေ အပြိုင်ဆောက်ကြ၊ ကိုယ့်ဝါသနာနဲ့ကိုယ် ကခုန်မြူးထူးလိုက်ကြ။ ဓာတ်ပုံဆရာ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ အလှမယ်၊ ခရီးသွား၊ အဆိုတော် လူတိုင်းက ဘာမဆို ဖြစ်ချင်တိုင်းဖြစ်ခွင့်ရနေကြသည်။ ပျော်စရာကြီးပဲ။ မေလရောင်လင်း ပျော်ပါသည်။ အလုပ်ထဲမှာ စိတ်ဖိစီးမှုများလေလေ Facebook ကို အားကိုးတကြီး သုံးမိရလေလေ။ တစ်ယောက်က တစ်ယောက်ကို Like ရတာပျော်စရာ၊ comment ရတာ ပျော်စရာ၊ photo comment တွေနဲ့ ကျီစယ်စနောက်ရတာ၊ ခံစားချက်တွေပုံဖော်ရတာ ပျော်စရာ၊ အယူအဆမတူ သဘောချင်း မတိုက်ဆိုင်လို့ ပေါက်ကရတွေ ပြောပြီး ရန်ဖြစ်ရတာ ပျော်စရာ။ မေလရောင်လင်းအတွက်တော့ Facebook ပေါ်မှာ အရာရာပျော်စရာ။ ပျော်စရာကောင်းလှတဲ့ ဒီ ကပွဲသဘင်ကြီးပေါ် တကူးတက တက်လာပြီး ပျော်အောင်မနေကြဘဲ အတည်ပေါက်ကြီးတွေ တွေးခေါ်မျှော်မြင်ကာ သွားကျိုးခါးကိုင်းဆံဖြူနေသူတွေလည်း ရှိပါရဲ့။ ခုတလော ရေပန်းစားနေသည့်အဆိုတော်မလေးကိုလည်း မေလရောင်လင်း ကြိုက်ပါသည်။ သူ့မျက်နှာပေး သူ့ဟန်ပန် သီဆိုပုံ စတိုင်လ်ကိုကြည့်ပြီး သဘောတွေကျကာ ခိုးခိုးခစ်ခစ်ရယ်မိရင်းက စိတ်တွေလွတ်လပ်ပေါ့ပါး ရွှင်မြူးသွားခဲ့ ရသည်။ စိတ်တွေရှုပ်ထွေးလိမ်ကျစ်နေသည့်နေ့တစ်နေ့က သူမလေးကို မြင်လိုက်ရသည်။ မှိုင်းညို့ရှုပ်ပွနေသည့်စိတ်များ တစ်မုဟုတ်ချင်း လွင့်စဉ်ကွယ်ပျောက်သွားရလို့ မေလရောင်လင်းကတော့ သူမလေးကို ကျေးဇူးတောင်တင်နေမိသေးသည်။ စိတ်ပျော်ရွှင်ရတာ မကောင်းဘူး လား။ ဒါကိုများ ပြောရက်ပလေ အရှက်ကိုမရှိတဲ့အဆိုတော်တဲ့။ မှိုချိုးမျှစ်ချိုး မိန်းကလေးချင်းမစာမနာ နင့်နင့်သီးသီး bad comment တွေပေး ကာ သူတို့ကိုယ်သူတို့ က္ကုနြေ္ဒရှင်လုပ်နေကြသူ တွေရှိနေတာ မေလရောင်လင်းစိတ်ပျက်သည်။ မေလရောင်လင်းကတော့ ဒီလိုမထင်ပေါင်။ အစ်မရူပါရဲ့အကြိုက် စိုင်းထီးဆိုင် သီချင်းစာသားတချို့ကိုသာ ပြေးသတိရသည်။ တကယ်သာ အမှောင်မှာတွေ့ကြရင် ဘယ်သူအရှက်ကြီး လဲ၊ ဘယ်သူအရှက် နည်းလဲ၊ ဘယ်ပုံဘယ် နည်းသိနိုင်ပါ့ မလဲ၊ မိန်းမမှန်သမျှ အတူတူပဲ ဆိုလား။ သီချင်းခေါင်းစဉ်တော့ လရောင်မသိပါဘူး။ ခက်သည်။ လူတွေက မုဒိတာနည်း လှချည့်။ မုဒိတာစိတ်နဲ့ကြည့်ရင် Facebook ကပွဲသဘင်ကြီးဟာ ပျော်စရာပါ။
` တကယ်ဆို အဲဒီညက မအိပ်ဘဲမနေခဲ့သင့်ဘူး…။
friend တစ်ယောက်ရဲ့stageစင်မြင့်ပေါ်မှာ လှလှပပ လူးလွန့်ကခုန်နေတဲ့ အသစ်ကျပ်ချွတ်ကဗျာ တစ်ပုဒ်။ ရေးသူက Victory Poet တဲ့။ ဒီနာမည်ကို မေလရောင်လင်း ကောင်းကောင်းရင်းနှီးနေပါပြီ။ သူ့ကဗျာတွေကို လိုက်ဖက်တဲ့ ပုံရိပ်တွေနဲ့အတူ တွေ့ရတတ်သည်။ သူ့ကဗျာတွေက မဂ္ဂဇင်းစာအုပ်တွေမှာ ဖတ်နေရကျ ကဗျာတွေထက် အဆပေါင်းများစွာ အားသာချက် ရှိသည်လို့ လရောင်ထင်သည်။ နောက်ထပ်friend တစ်ယောက်ကလည်း သူ့ကဗျာတစ်ပုဒ်ကို share ထားပြန်သည်။ အဲဒီညတွေကို ကျွန်တော်စိတ် ကုန်တယ်မေမေ…တဲ့။ အဲဒီ Victory Poet နဲ့ လရောင်friend ဖြစ်ပြီးသားဆိုပေမဲ့ တစ်ခါမှ talking မပစ်ခဲ့ဖူးပါဘူး။
Public စင်မြင့်ပေါ် ပြေးခုန်တက်လာတဲ့ ငတ်ငတ်မွတ်မွတ်status တစ်ခုကိုမြင်သည်။
Victory Poet : ကဗျာသမားတွေ၊ ကဗျာမိန်းမပျိုတွေနဲ့ အတူတူသောက်ပြီး ကဗျာတွေ တစ်ဝကြီးထိုင်ရွတ်ပစ်လိုက်ချင်တယ်ဗျာ….Anyone can join with me?
မေလရောင်လင်းသဘောကျသွားသည်။ မြန်မြန်သွက်သွက် like ကာ၊ comment ရေးလိုက်သည်။
Mayလရောင်လင်း : sure ! I will…..
Victory Poet : now I am waiting for you Mayလရောင်လင်း….
တစ်ယောက်က ဘယ်ကို လာရမလဲ လို့ ၀င်မေးသည်။ ဘူတာရုံလမ်း..လို့ဖြေထားသည်။ အဲဒီမှာပဲ မေလရောင်လင်းရဲ့ chatting boxမှာ …Hey Lady…လို့ သုံးကြိမ် ဆက်တိုက်ဝင်လာသည်။ hi sis/ hello friend လို့သာအများဆုံးတွေ့ရတဲ့ နှုတ်ဆက်စကားလုံးတွေကြားမှာ တစ်မူထူးနေတဲ့ လေဒီ(Lady) ဆိုတဲ့ အသုံးကြောင့် မေလရောင်လင်း ထူးထူးကဲကဲသဘောကျသွားသည်။ ကြည့်လိုက်တော့ Victory Poet..တဲ့။ Oh my God…မေလရောင်လင်း စိတ်လှုပ်ရှားစွာတွေးသည်၊ အခုပဲ ရှင့်ကဗျာတွေ စိမ်ဖတ်နေတာ။ Victory Poet ကမေးသည်။ Can you come to me now တဲ့။ တခြားမိန်းကလေးတွေသာဆို က္ကုနြေ္ဒရှင်စိတ်နှင့်မြှင့်တွေးကာ ရာရာစစ အကဲလာစမ်းသည်ထင်ကာ စိတ်ဆိုးသွားနိုင်သည်။ လရောင်ကတော့ ဒီလို မတွေးပါဘူး။ ပေါ့ပေါ့ပါးပါး နဲ့ ပြန်မေးလိုက်သေးသည်။ when? ၊ now…။ oh my God ည ၉နာရီပဲ ရှိနေပြီ ဒီငနဲလေးတော့ခက်ပြီ။ where? ၊ ငနဲလေးက ပြန်မဖြေဘဲ ထပ်မေးလာသည်။ where do you live? ၊ Mudita housing လို့ မေလရောင်လင်း ဖြေလိုက်သည်။ Really? Oh..amazing! wonderful! အစုံအလင်ထွက်ကျလာသည်။ ဘုရားသခင် သူလည်း မုဒိတာအိမ်ရာမှာ နေသည်တဲ့။ အခန်းနံပါတ် မေးမိကြသည်။ Victory Poet : A 228 ၊ Mayလရောင်လင်း : A 328 …အပြန်အလှန် အာမေဍိတ်သံတွေ ကပေါက်ချိကပေါက်ချာလွင့်စဉ်သွားကြသည်။ Victory Poet : with whom now? ၊ Mayလရောင်လင်း : alone ၊ Victory Poet : me too…
ခုမှစကားပြောမိတဲ့လူနှစ်ယောက် မမျှော်လင့်ဘဲ နေရာတစ်နေရာတည်း အပေါ်ထပ်အောက်ထပ်မျှသာ ခြားနားနေသည့်အဖြစ်က အံ့သြဖွယ်ကောင်းလှသလို စိတ်လှုပ်ရှားစရာလည်း ကောင်းသည်။ Victory Poet က လရောင်ကို စောစောက ဘယ်သူလာjoin မလဲ မေးထားတဲ့ သူ့status အောက်က လရောင်ရဲ့sure I willဆိုတာကို အမိအရဖမ်းချည်သည်။ “let us read the poems together”…“of cause! but I cannot come to you…”ဟုတ်တယ်လေ ငနဲလေးတစ်ယောက်တည်းနေတဲ့အခန်းကို ဘယ်လိုသတ္တိနဲ့သွားရပါ့။ No way..Never… ဖုန်းစကရင်လေးပေါ်မှာ စာလုံးရိုက်ရတာ ကြာလှချည့် ထင်လာပြီ။ အားမလိုအားမရဖြစ်လာပြီ။ ဖုန်းနံပါတ်အပြန်အလှန် ပစ်ပေါက်ကြဲပက် စိုက်ပျိုးလိုက်ကြသည်။
“ ဒီမှာနေတာ ဟုတ်လို့လား” “ရှင်ကော ဟုတ်လို့လား” “ညာစရာလား” “အင်းလေ ကျမကော လိမ်စရာလား” “သေချာချင် လို့ပါ ဒါဆိုအပြင်ထွက်ခဲ့မလား” “အပြင်..where to” “အနောက်လှေကားထိပ်ဘက်ဆီကိုလေ၊ ကျွန်တော်က အပေါ်ထပ်တက်ခဲ့မယ်” ၊ လရောင် ရင်ဖိုသွားသည်။ “အပြင်မှာအေးတယ် အနွေးထည်ဝတ်ခဲ့” “yes sir”။ ဂျာကင်အပါးလေးထပ်ဝတ်လိုက်ရင်း မေလရောင်ပြုံးမိသည်။ နှုတ်ခမ်းဆိုးဆေး အဆီပါးပါးလေးဆိုးပြီး အပြင်ကို ဘာလို့ထွက်လာမိပါလိမ့်ပေါ့။ ကိုယ့်ကိုယ်ကိုယ်နားမလည်။
ဂစ်တာတစ်လက်နှင့် လူရိပ်တစ်ခ၊ု အိပ်မက်တစ်ခုလို ဘွားခနဲ ရှေ့မှာပေါ်လာသည်။ Victory Poet ပါ…၊ မေလရောင်လင်းပါ….။ လက်ဆွဲနှုတ်ဆက်ကြသည်။ အတော်ကြာကြာ။ လှေကားထိပ်မှာ ယှဉ်ထိုင်လိုက်ကြသည်။ “ဘီယာနံ့ရတယ်” “အခုမှဆိုးလာတဲ့ နှုတ်ခမ်းဆိုးဆေးအနံ့ရတယ်”။ မေလရောင်လင်းဖြုံသွားသည်။ မလွယ်ပါလား အာရုံစူးစိုက်မှုကောင်းလှချည့်။ ပခုံးတွန့်ကာ သူပြောသည်။ “I am not wild. Don’t be scare … ဒါနဲ့ ဘယ်လိုခေါ်ရမလဲ” “Call me as you like” “မေ..မေလ..လရောင်..လင်းလင်း…ဟာ မသိဘူးကွာ” ခပ်ရှည်ရှည်ဆံပင်တွေထဲ လက်ထိုးထည့်ဖွပစ်ကာ သူရယ်သည်။ “Lady လို့ပဲခေါ်မယ်”။ မေလရောင်လင်းလက်ကို ပိုင်စိုးပိုင်နင်း ဆွဲယူကာ သူ့ဖုန်းကို ထိုးထည့်ပေးသည်။ “အဲဒီမှာ ကျွန်တော့်ကဗျာရွတ်” ဘေးမှာချထားသည့်ဂစ်တာကို ရင်မှာပွေ့ကာ သူစတင်တီး ခတ်လိုက်သည်။ ဂီတတစ်ပုဒ်ကို စတင်ခြင်းလား၊ ကဗျာတစ်ပုဒ်ကို စတင်ခြင်းလား။ အိပ်မက်တစ်ခုကို စတင်ခြင်းလား၊ မသဲကွဲ။ သိမ်မွေ့သည့် ဂီတ၊ ရင်ခုန်ဖွယ် ကဗျာတို့ ပေါင်းစပ်ကာ မိုးမြေအနှံ့ ခြေဆန့် ခရီးနှင်သည်။ အဆုံးအစမရှိ၊ စဉ်ဆက်မပြတ် ရွေ့လျားနေခြင်းဖြစ်စဉ်ထဲမှာ ကဗျာနှင့်ဂီတ တစ်သားတည်း ပူးဝင်စီးမျောသွားသည်။ နှလုံးသားချင်းတို့သည် နယ်နိမိတ်မရှိချင်တော့။
“Hey Lady” “Hi Gent!” စစနောက်နောက်ပြန်ခေါ်သံကြောင့် သူရယ်သည်။ “အိပ်ချင်နေပြီလား ဘာလို့ငြိမ်နေတာလဲ” “ရှင့်ကဗျာက ကျမကို ငိုအောင် ကျီစားနေတယ်” “ဒါများ ငိုပစ်ပေါ့၊ ကျွန်တော်တော့ တစ်ခုခုလုပ်ချင်ရင် လုပ်ပစ်လိုက်တာပဲ၊ အော်ခြင်း၊ ရယ်ခြင်း၊ ငိုခြင်း…ဘာကိုမှ အကန့်အသတ်ထဲမှာ သေမိန့်ချမထားဘူး၊ ရှင်သန်ခွင့်ပြုရမယ်၊ သူတို့ကို ဖွင့်ဖောက်ကြဲပက်ပြီး စိုက်ပျိုးပစ်ရတယ်” “ဘယ်အချိန် ရိတ်သိမ်းမလဲ” “မအော်ချင်၊ မရယ်ချင်၊ မငိုချင်တော့တဲ့အချိန်ပေါ့၊ သူတို့ကိုယ်တိုင်က ဆက်လက် မရှင်သန်လိုတော့ပြီလို့ ၀န်ခံလာချိန်ပေါ့” “ကျမ ရူးချင်လာပြီရှင်” “ရူးလိုက်ပေါ့၊ ထိန်းချုပ်မထားနဲ့”။ “ခစ်ခစ် ကျမရယ်ချင်လာပြီ..” “ရယ်ပစ်လိုက်လေ ဒါများ လွယ်လွယ်လေး၊ ကျွန်တော်ဆို ဘာဖြစ်ဖြစ် ရယ်ပစ်လိုက်တာပဲ”။
“ဒါနဲ့ ရှင့်ကဗျာတွေက တကယ့်ကို အမိုက်စားတွေ၊ ဘာလို့ မဂ္ဂဇင်းတွေမပို့တာလဲ” “စိတ်မရှည်ဘူး၊ ကြာတယ်၊ အွန်လိုင်းမှာက ချက်ချင်းရေးတင်၊ ချက်ချင်း တုံ့ပြန်မှုရတယ်” “ဘယ်လိုပဲဖြစ်ဖြစ် ပရင့်မီဒီယာတွေမှာ ရှင်ရေးသင့်တယ်လို့ကျမတော့ထင်တာပဲ” “ရေးမှာပါ ကျွန်တော် ဘာကိုမှ အသေဆုပ်မထားဘူး။ ပရင့်ကို ချကျွေးချင်တဲ့အချိန် ပစ်ချကျွေးလိုက်မှာပဲ၊ တမင်ကြီးထိန်းချုပ်မျက်ကွယ်ပြုတာမျိုး မဟုတ်ဘူး၊ ခုထိတော့ စိတ်မလာသေးဘူးဆိုပါတော့” “ထားပါတော့ ရှင် တစ်လှည့်ကဗျာရွတ်ပါဦးလား” “အကုန်လန့်နိုးလာလိမ့်မယ်” “လုပ်ပါ တိုးတိုးလေးဖြစ်ဖြစ်ပေါ့ ကျမ ကြားဖူးတယ်ရှိအောင် နောက် ဒီလိုဆုံဖို့ဆိုတာ မလွယ်ဘူး” “ဟေး လေဒီ ခင်ဗျားစကားက ဘာစကားကြီးလဲ၊ ကျွန်တော်တို့ နောက်ထပ်မတွေ့ရတော့ဘူးလား” “someday somewhere sometime ပေါ့” “Hey Lady! you kidding me?” “မနောက်ပါဘူး၊ ကျမက ဒီမှာအမြဲနေတာမှမဟုတ်တာ”
“ ပြန်ကြစို့” ပြောပြောဆိုဆို သူမတ်တတ်ထရပ်သည်။ မေလရောင်လင်းရဲ့ခေါင်းကို တစ်ချက်ပုတ်ကာ လေသံဖြင့်ဆိုသည်။ “Good night ကျွန်တော်ဒီကနေပဲ သွားမယ်၊ လိုက်ပို့ရဦးမလား need my help?”
“ No, I can do. Good night” “ မနက်ရောက်နေပြီဗျ” ဂစ်တာကိုဆွဲကာ လှေကားကနေ သူ ပြေးဆင်းသွားသည်။
မေလရောင်လင်း အခန်းထဲရောက် အနွေးထည်ချွတ် အိပ်ရာထဲပစ်လှဲဝင်လိုက်ချိန်မှာ ဖုန်းသံကြားသည်။ victory.. ၊ တံခါးတွေ သေချာပိတ်ပါ၊ သော့သေချာခတ်ပါတဲ့။ ပြီးတော့ မနက် ၆နာရီ လက်ဖက်ရည်အတူသောက်မည်တဲ့။ “အခုပဲ သုံးနာရီရှိနေပြီ ဘယ်လိုလုပ် နိုးမလဲ” “ကျွန်တော်နှိုးမယ် ဖုန်းခေါ်လိုက်မယ်” “ဟာ ဒါတော့alarm ပေးထားလည်း ရပါတယ်၊ အိပ်ရေးမ၀ရင် လူက နေလို့မကောင်းဘဲဖြစ် မှာစိုးလို့” “ဒါဆို ၇နာရီ” မေလရောင်လင်းအသံတိတ်နေသည်။ “၈နာရီ တော်ပီကွာ၊ ၈နာရီထွက်ခဲ့ ဒီရှေ့က 24hour service ဆိုင်ကစောင့်နေမယ်” “ yes sir” “ you are clever”။
` xxxxx
Victory Poet…သူဟာ ကဗျာတစ်ပုဒ်လား၊ ဂီတတစ်ပုဒ်လား။ facebook account မှာတော့ poet လို့တပ်ထားသည်။ ဒါဆို သေချာတာက ကဗျာဆရာပေါ့။ အချိန်ခဏငယ်လေး ကပျာကယာ လာညာသွားတဲ့ ကဗျာဆရာ။ လရောင်အတွက်တော့ သူက အိပ်မက်ကလေးတစ်ခု ဖြစ်နိုင်သည်။ နံနက်အိပ်ရာထလိုက်တာနဲ့ ဖရိုဖရဲလွင့်စဉ်ပြေးခွာသွားတဲ့ အိပ်မက်တစ်ခုပဲ ဖြစ်မှာပေါ့။ လောလောဆယ် 24hour service ဆိုင်ထဲမှာ မိန်းကလေးတစ်ယောက်ထိုင်နေသည်။ မနက် ၈နာရီကစလို့ နေ့ ၁၁နာရီ ထိ၊ ၁၁နာရီက ထပ်စလို့ မွန်းလွဲ ၂နာရီထိ၊ မွန်းလွဲ ၂နာရီကနေ နောက်တစ်ခေါက်ပြန်စ၊ နောက်ဆုံး ည ၈နာရီထိ။ ၂၄နာရီဖွင့်သည့် လက်ဖက်ရည်ဆိုင်ဖြစ်နေတာ ဆိုးလှသည်။ မေလရောင်လင်း ငိုယိုအော်ဟစ်ပစ်လိုက်ချင်သည်။ ဟေး ဆိုင်ရှင်တို့ …ဟော့ဒီမှာ ဆိုင်မပိတ်ဘူးလား၊ ကျေးဇူးပြုပြီး ခုတစ်ည ဆိုင်ကို ပိတ်သိမ်းပေးနိုင်မလား။ ကျွန်မ ဒီနေရာကနေ ရွေ့လျားထပြန်ချင် လွန်းလို့…..။
Victory Poet ငနဲလေးကတော့ သူ့အမည်နာမအတိုင်း သူ့အောင်မြင်ခြင်းကိုသူ ရယ်ရယ်ပြုံးပြုံးနဲ့ပဲ လွှင့်တင်နိုင်ခဲ့ပြီ။ သူ့ကဗျာ သူ့ဂီတ သူ့အသံ သူ့ရဲ့အရာခပ်သိမ်းတို့သည် လရောင်ကို ငိုအောင်ကျီစားနေခဲ့ပြီ။ သို့သော် “ဘာပဲဖြစ်ဖြစ် ရယ်ပစ်လိုက်တယ်”ဆိုသည့်သူ့ စကားအတိုင်း မေလရောင်လင်း ရယ်နေလိုက်ပါမည်။ သည်အချိန်အတွင်း A 228အခန်းတံခါးကိုတော့ ယောင်မှားလို့မှ သွားမခေါက်မိစေရ။ ဖုန်းနံပါတ်တစ်ခုကိုတော့ ယောင်မှားလို့မှ ကောက်နှိပ် မခေါ်မိစေရ။ Hey Lady လို့ ခေါ်လာမည့် သြရှရှခေါ်သံတစ်စကိုတော့ နွမ်းတလျလျ စောင့်စားနေပါမည်။
စုမီအောင်
(၂၃၊ ၁၁၊ ၁၃)
No comments:
Post a Comment