Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, February 11, 2016

သေနတ်ထိန်းချုပ်ရေးနဲ့ အမေရိက

သမ္မတအိုဘားမားရဲ့ စီမံခန့်ခွဲရေးစီမံချက်တွေဟာ အမေရိကမှာ လုပ်ဆောင်နေတဲ့ သေနတ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်ကို တင်းကျပ်ပါလိမ့်မယ်လို့ ကြေညာလိုက်တယ်။ အဲဒီကြေညာချက်ဟာ ယူအက်စ်မှာ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေထက် သေနတ်အကြမ်းဖက်မှုတွေပိုပြီးများနေဆိုတဲ့ ဝေဖန်နေကြတဲ့ကိစ္စကို အကူအညီရစေမယ့်သဘောလို့ အိုဘားမားကပြောပါတယ်။ အမေရိကမှာ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေထက် သေနတ်အသုံးပြုသတ်ဖြတ်မှုတွေ ပိုပြီးများနေပါတယ်။ အဲဒီကွဲပြားချက်တွေအတွက် အကြောင်းပြချက်တစ်ခုက သေနတ်ဥပဒေတွေပါ။ ယူအက်စ်မှာ ကမ္ဘာ့တခြားနိုင်ငံထက် အလျှော့ပေါ့ဆုံး သေနတ်ဥပဒေတချို့ရှိနေပါတယ်။ အဲဒီဥပဒေတွေဟာ တိုင်းပြည်ထဲမှာ ဘာကြောင့် လူတွေများများသေနတ်ရယူနိုင်ကြသလဲ။ သေနတ်တွေပိုင်ဆိုင်ထားနိုင်သလဲဆိုတာ ရှင်းပြနေသလိုပါပဲ။ ၂၀၀၇ ဆန်းစစ်လေ့လာချက်အရ ယူအက်စ်ဟာ ကမ္ဘာမှာ အရပ်သားသေနတ်ပိုင်ဆိုင်မှုအရေအတွက်အများဆုံးနိုင်ငံအဖြစ်ဦးဆောင်နေပါတယ်။ ယူအက်စ်က လူ ၁၀၀ မှာ ၈၈.၈ ဦးက သေနတ်ပိုင်ဆိုင်တယ်။ ဒုတိယလိုက်တာက ရီမန်ပါ။ လူ ၁၀၀ မှာ ၅၄.၈ ဦးပိုင်ဆိုင်နေကြတယ်။ 


ဒါပေမဲ့ ယူအက်စ်သေနတ်ဥပဒေတွေဟာ တခြားဖွံ့ဖြိုးပြီးနိုင်ငံထက် တကယ်ပဲ ကွဲပြားနေတာလား မေးခွန်းထုတ်စရာပါပဲ။
မီဒီယာတွေကမှတ်တမ်းတွေ၊ သေနတ်အကြမ်းဖက်မှုအကြောင်း လေ့လာချက်တွေ၊ အမျိုးသားအဆင့်Database တွေ၊ အမေရိကန်သေနတ်ဥပဒေဆိုင်ရာ သေနတ်အကြမ်းဖက်ကာကွယ်ရေးအဖွဲ့ ဥပဒေစင်တာက စိစစ်တွေ့ရှိချက်နဲ့ Law Library of Congress ရဲ့ ကမ္ဘာတစ်ဝှမ်းက သေနတ်ဥပဒေတွေနဲ့ပတ်သက်တဲ့ဆန်းစစ်သုံးသပ်ချက်တွေကို အခြေခံပြီး အဲဒီမေးခွန်းရဲ့ အဖြေကို ကြည့်ရရင် ဖွံ့ဖြိုးပြီးနိုင်ငံတွေအများအပြားမှာ သေနတ်ဥပဒေတွေကို ချိုးဖောက်နေကြတယ်လို့ ဆိုရမှာပါ။ အဲဒီထဲက တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ယူအက်စ်ရဲ့ သေနတ်ထိန်းချုပ်ရေးဆောင်ရွက်မှုတွေက တင်းကျပ်မှုမရှိဆုံးပါပဲ။။ Harvard Injury Control Research Center က စုဆောင်းထားတဲ့အချက်အလက်တွေအခြေခံပြီးတော့လည်းသိရှိနိုင်သေးတယ်။ ယူအက်စ်ရဲ့သေနတ်ထိန်းချုပ်ရေးဆောင်ရွက်မှုတွေအားလျော့နေတာက သေနတ်အကြမ်းဖက်မှုတွေမှာ ယူအက်စ်ကဦးတည်နေတယ်ဆိုတဲ့ အရေးကြီးတဲ့အချက်တစ်ခုပါ။ ယူအက်စ်၊ ယူကေ၊ ကနေဒါ၊ ဆွစ်ဇာလန် နဲ့ ယဉ်ကျေးမှုနောက်ခံ ဆင်တူ/ ကွဲပြားကြတဲ့ ကြွယ်ဝချမ်းသာတဲ့နိုင်ငံတချို့ရဲ့ သေနတ်ထိန်းချုပ်ရေးဥပဒေလမ်းညွှန်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

သေနတ်ထိန်းချုပ်ရေးနဲ့ အမေရိက
သေနတ်ထိန်းချုပ်ရေး ဘယ်လိုဆောင်ရွက်လဲ - အမေရိကမှာ သေနတ်ဝယ်ယူဖို့ အတားအဆီးတွေအများကြီးပဲ ရှိပါတယ်။ ဒါပေမဲ့ လက်ရှိဥပဒေတွေမှာ ယေဘူယျအားဖြင့် လွတ်ပေါက် - Loophole တွေအများကြီးပဲရှိနေကြတယ်။  တော်တော်လေးတင်းကျပ်တဲ့ မြို့တော်နဲ့ ပြည်နယ်တွေကဥပဒေတွေမှာတောင်မှ လူအများစုဟာ အခက်အခဲသိပ်မများဘဲ သေနတ်တစ်လက်ဝယ်ယူနိုင်ကြတယ်။ တချို့လူတွေဟာ သေနတ်တွေဝယ်ယူရာမှာ နည်းပညာပိုင်းတားမြစ်ထားတာတွေရှိကြတယ်။ အသက်မပြည့်သူ(အသက် ၁၈ နှစ်အောက်အတွက် rifle နဲ့ shortgun တွေ၊ အသက် ၂၁ အောက်ဆို တခြားသေနတ်တွေ) ၊ ပြစ်မှုတစ်ခုအတွက် တစ်နှစ်ထက်ကျော်ထောင်ဒဏ်အပြစ်ပေးခံရဖို့ စွဲချက်တင်ခံထားရသူ ဒါမှမဟုတ် ပြစ်ဒဏ်ချခံရသူတစ်စုံတစ်ယောက်၊ တရားစီရင်မှုကနေတိမ်းရှောင်နေသူ တရားခံပြေးတွေ၊ ပြင်းပြင်းထန်ထန်စိတ်နာမကျန်းဖြစ်နေသူ၊ ထိန်းချုပ်ထားတဲ့ပစ္စည်းတွေကို တရားမဝင်အသုံးပြုနေသူတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ စွဲချက်တင်ခံထားရသူတွေနဲ့ စာရွက်စာတမ်းမရှိတဲ့ နိုင်ငံခြားမှရွှေ့ပြောင်းနေထိုင်သူတွေဟာ ဖက်ဒရယ်ဥပဒေအရ သေနတ်ဝယ်ယူဖို့ တားမြစ်ခြင်းခံထားရပါတယ်။
တချို့သေနတ်အမျိုးအစားတွေကိုလည်း ကန့်သတ်ထားပါတယ်။ ဖက်ဒရယ်ဥပဒေအောက်မှာ ၁၉၈၆ ခုနှစ်မတိုင်ခင်ထုတ်လုပ်ထားတဲ့ fully auto လက်နက်တွေသာ နည်းပညာပိုင်းအရတရားဝင်နေတယ်။  အဲဒါကြောင့် အသစ်ထုတ်ထားတဲ့ auto လက်နက်အမျိုးအစားတွေကို အရပ်သားတွေကိုင်သုံးခွင့်မရှိပါဘူး။ auto လက်နက်တွေဟာ တခြားသေနတ်တွေထက် ကန့်သက်ချက်တွေပိုများပြီး မှတ်ပုံတင်ဖို့လိုအပ်ချက်တွေလည်း ပိုများတယ်။ တချိန်တည်းမှာပဲ semiautomatic  နဲ့ non-automatic သေနတ်တွေဟာ ယေဘူယျအားဖြင့်တရားဝင်နေတယ်။ ပြီးတော့ တချို့ပြည်နယ်တွေမှာ ပမာဏများတဲ့ ခဲယမ်းမီးကျောက်လက်နက်တိုက်တွေကိုလည်း တားမြစ်ထားပါတယ်။ ဝယ်ယူသူတွေအပေါ် တားမြစ်ချက်တွေဟာ ထုံးစံအတိုင်း နောက်ကြောင်းစစ်ဆေးချက်အပေါ်မှာ ချင့်ချိန်ဆုံးဖြတ်ကြတယ်။ ဖက်ဒရယ်စနစ်အောက်မှာ လိုင်စင်ရကုန်သည်တွေဟာ တစ်ဦးတစ်ယောက်ကို သေနတ်တစ်လက်မရောင်းခင် အဲဒီလို စစ်ဆေးမှုမျိုးခံယူရဖို့လိုအပ်ပါတယ်။ ထုံးစံအရတော့ ပြစ်မှုမှတ်တမ်း၊ စိတ်ကျန်းမာရေးရာဇဝင်နဲ့ တခြားအချက်အလက်တွေကို FBI က ရယူစစ်ဆေးတယ်။ တစ်ဦးဦးက နောက်ကြောင်းစစ်ဆေးမှုမှာ မအောင်မြင်ခဲ့ရင် အဲဒီ သူ ဒါမှမဟုတ် သူမဟာ တရားဝင်သေနတ်ဝယ်ယူနိုင်မှာမဟုတ်ပါဘူး။

နောက်ကြောင်းစစ်ဆေးမှုတွေကို ကျော်ဖြတ်နိုင်ဖို့ အကျော်ကြားဆုံးနည်းလမ်းက ပုဂ္ဂလိကအရောင်းတွေဆီကပါ။ တစ်ဦးဦးက သေနတ်တစ်လက်ကို သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင် - ပုဂ္ဂလိကရောင်းချသူဆီက ဝယ်ယူခဲ့မယ်ဆိုရင် သေနတ်နောက်ကြောင်းစစ်ဆေးချက်မလိုအပ်ပါဘူး။ အဲဒါဟာ သေနတ်ပြပွဲမှာဖြစ်တတ်တဲ့လွတ်ပေါက်လို မကြာခဏ အထင်အမြင်မှားစေတတ်တယ်။ သဘောတရားအရ လူတွေက သေနတ်ပြပွဲကို အလွယ်တကူသွားပြီး နောက်ကြောင်းစစ်ဆေးချက်မလုပ်ရဘဲ သေနတ်တစ်လက်ဝယ်ယူနိုင်တယ်။ ဒါပေမဲ့ လိုင်စင်ရကုန်သည်တွေဟာ သေနတ်ပြပွဲတွေမှာ နောက်ကြောင်းစစ်ဆေးမှုကို တာဝန်ယူပြုလုပ်ရမှာပါ။ တကယ့်လွတ်ပေါက်ဟာ သေနတ်ပြပွဲတစ်ခုမှာ ပုဂ္ဂလိကရောင်းချသူတစ်ဦးနဲ့ တွေ့နိုင်တာ ဒါမှမဟုတ် အင်တာနက်ကတွေ့ကြတာတွေ ပိုပြီးများလာကြတာပါ။ ပြီးတော့ နောက်ကြောင်းစစ်ဆေးချက်မပါဘဲ သေနတ်တစ်လက်ဝယ်ယူနိုင်ပါတယ်။ တခြားစကားလုံးနဲ့ ပြောရရင် သေနတ်ပြပွဲတွေက လွတ်ပေါက်တစ်ခုကို ဖန်တီးနေတာမဟုတ်ဘူး။ ပုဂ္ဂလိကအရောင်းတွေက ပြုလုပ်နေတယ်လို့ပဲ ဆိုရမှာပါ။

ဒါပေမဲ့ တူညီတဲ့ အကြီးမားဆုံးပြဿနာက နောက်ကြောင်းစစ်ဆေးချက်လိုက်တဲ့စနစ်မှာ ဘဏ္ဍာငွေနည်းပါးတာ၊ ဝန်ထမ်းမလုံလောက်တာနဲ့ ပစ္စည်းပစ္စယမလုံလောက်တာတွေပါ။ ဖက်ဒရယ်ဥပဒေအောက်မှာ စောင့်ဆိုင်းကာလမရှိပေမယ့် စစ်ဆေးချက်အတွက် ရုံးဖွင့်ရက် ၃ ရက်စာ ထပ်တိုးယူနိုင်တယ်။ အစိုးရအတွက် အဲဒီ ၃ ရက်ဟာ အမြင့်ဆုံးပါပဲ။ တစ်ခါတစ်ရံ အဲဒီ ၃ ရက်အတွင်းမှာပဲ FBI စစ်ဆေးမှုမပြီးသေးဘဲ ရက်ပြည့်သွားတော့တယ်။ ဝယ်တဲ့သူကလည်း စစ်ဆေးချက်မပြည့်စုံသေးခင် အဲဒီအနေအထားနဲ့ပဲ သေနတ်တစ်လက်ဝယ်ယူလိုက်နိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လက တောင်ကယ်ရိုလိုင်းနား Charleston  လူမည်းဘုရားကျောင်းက လူ ၉ ဦးသေဆုံးခဲ့တဲ့ သေနတ်ပစ်ခတ်မှုတစ်ခုမှာ သေနတ်ပစ်သူဟာ FBI စစ်ဆေးမှုမပြည့်စုံသေးဘဲ ခွင့်ပြုချက်ရသွားခဲ့တဲ့ဖြစ်စဉ်မျိုးပါ။ အဲဒီကိစ္စမျိုးမှာဆိုရင် သေနတ်သမားဟာ အရင်တုန်းက တရားမဝင်ကိုင်ဆောင်ခဲ့ဘူးတဲ့ အဖြစ်အပျက်မျိုးရှိခဲ့ပြီး နောက်ကြောင်းစစ်ဆေးချက်မှာ မအောင်မြင်သင့်ပေမယ့် handgun ဝယ်ယူခွင့်ရသွားခဲ့ပါတယ်။ FBI စစ်ဆေးရေးမှူးဟာ သေနတ်သမားရဲ့ မှတ်တမ်းကို အချိန်မီမရရှိခဲ့ပါဘူး။ ဖက်ဒရယ်နောက်ကြောင်းစစ်ဆေးမှုစနစ်ဟာ စိတ်ကျန်းမာရေးရာဇဝင်နဲ့ ပြစ်မှုမှတ်တမ်းတွေအပါအဝင် ပြည်နယ်တွေရဲ့ မှတ်တမ်းအချက်အလက်တွေပေါ်မှာလည်း အဓိကအားဖြင့်မူတည်နေပါတယ်။ ပြည်နယ်တွေမှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်လောက်အသုံးပြုမယ်ဆိုတဲ့ သူတို့သတ်မှတ်ချက်နဲ့ သူတို့ဘဏ္ဍာငွေကြေးပဲရှိကြတာရယ် ဒါမှမဟုတ် နောက်ကြောင်းစစ်ဆေးချက်မှုတွေရဲ့အယူအဆကို နိုင်ငံရေးသဘောတရားအရ ဆန့်ကျင်တာတွေလည်းရှိနေနိုင်တယ်။ ပြည်နယ်တွေက လေးစားလိုက်နာမှုမရှိတာတွေဟာ သေနတ်ရှိနေသူဆီက သေနတ်မဝယ်သင့်သူတစ်ဦးဦးကို တားဆီးမယ့်စနစ်မအောင်မြင်စေတဲ့ နောက်ထပ်နည်းလမ်းတစ်မျိုးဖန်တီးနိုင်ပါတယ်။ ပြည်နယ်ဥပဒေတွေဟာ အလွန်ကျယ်ပြန့်ပါတယ်။ တချို့ပြည်နယ်တွေမှာ သေနတ်အမျိုးအစားတိတိကျကျ ကန့်သတ်/ တားမြစ်ထားကြတယ်။ ပြည်နယ်အနည်းငယ်မှာ တိကျတဲ့ လိုင်စင်တွေ၊ မှတ်ပုံစင် ဒါမှမဟုတ် ဝယ်ယူဖို့ လေ့ကျင့်မှုလိုအပ်ကြတယ်။ ပြည်နယ်အများအပြားကတော့ လူမြင်ကွင်းမှာသယ်ဆောင်သွားလာတာကို တားမြစ်ကန့်သတ်ပါတယ်။ ဖုံးကွယ်သယ်ဆောင်တာအတွက်လည်း ခွင့်ပြုချက်ပါမစ်တွေလိုအပ်ကြတယ်။ တချို့က ပုဂ္ဂလိကအရောင်းအတွက် နောက်ကြောင်းစစ်ဆေးချက်တွေနဲ့ ပါမစ်တွေလိုအပ်ပါတယ်။ ပြည်နယ်ခပ်များများက သေနတ် ကိုင်ဆောင်ဖို့၊ ပိုင်ဆိုင်ဖို့၊ ပြီးတော့ သေနတ် ဘာအမျိုးအစားပဲဖြစ်ဖြစ်ကိုင်ဆောင်နိုင်ဖို့ လွယ်ကူသထက်လွယ်ကူအောင်ကြိုးစားကြတယ်။ သေနတ်ကန့်သတ်ချက်အများကြီးဟာ နိုင်ငံတော်တရားရုံးချုပ်ရဲ့ Second Amendment အပေါ် လက်ရှိရှင်းလင်းချက်တွေနဲ့ အကန့်အသတ်ထားရှိတယ်။ ဥပမာ တစ်ဦးချင်းစီရဲ့ သေနတ်ကိုင်ဆောင်ခွင့်နဲ့ရည်ညွှန်းထားတဲ့ ၂၀၀၈ ဝါရှင်တန်ဒီစီရဲ့ handgun တားမြစ်ချက်ကို တရားရုံးက ပယ်ချခဲ့တယ်။ ကျယ်ကျယ်လောင်လောင်ပြောဆိုနေကြသလို၊ လေ့လာချက်တွေမှာတွေ့ရှိထားကြတဲ့ ပိုပြီးတင်းကျပ်တဲ့သေနတ်ထိန်းချုပ်ရေးဥပဒေတွေရှိထားတဲ့ပြည်နယ်တွေမှာ သေနတ်ကြောင့်သေဆုံးရတာတွေပိုပြီးနည်းပါးကြတယ်။ ပြည်နယ်တွေမှာတင်မဟုတ်ပါဘူး။ မြို့တော်တွေရော တိုင်းပြည်တွေမှာပါ အဲဒီလေ့လာချက်မျိုးရရှိခဲ့ကြတယ်။ လူမှုစီးပွားအမျိုးမျိုးအထွေထွေနဲ့ တခြားပြစ်မှုအမျိုးအစားတွေကို ထိန်းချုပ်ပြီးတဲ့နောက် သေနတ်တွေနည်းပါးသွားလေလေ သေနတ်အကြမ်းဖက်မှုတွေနည်းပါးသွားလေလေပါ။ ယေဘူယျအားဖြင့် စာရင်းထဲမှာ အမေရိကရဲ့ သေနတ်ဥပဒေတွေဟာ တခြားနိုင်ငံတွေထက် ပိုပြီးလျော့ပါးနေကြတယ်။ ကိုယ့်ရဲ့မြို့နယ် ဒါမှမဟုတ် ပြည်နယ်က ကန့်သတ်ချက်တွေများလှတယ်ဆိုရင်တောင် ပြည်နယ်အချင်းချင်းခရီးသွားလာဖို့က သိပ်ကိုလွယ်ကူပါတယ်။ အဲဒီလို ခရီးသွားဖို့အင်မတန်လွယ်ကူနေတော့ ငြိစွန်းနေတဲ့ တချို့ပြည်နယ်တွေရဲ့ဥပဒေတွေကိုရှောင်ရှားပြီး တခြားပြည်နယ်ကိုကူးပြီး သေနတ်တစ်လက်ဝယ်ယူနိုင်ကြတာပါပဲ။ ချီကာဂို နဲ့ အီလီနွိုက်တို့လို ကန့်သတ်ချက်များတဲ့နေရာတွေက စိစစ်တွေ့ရှိချက်တွေမှာ အဲဒီလိုအတိအကျပဲ မြို့တော်ခပ်များများနဲ့ ပြည်နယ်တွေမှာ ဘာတွေဖြစ်ပျက်နေလဲ တွေ့ရှိနိုင်တယ်။ သေနတ်တွေဟာထုံးစံအတိုင်း လျော့ရဲနေတဲ့သေနတ်ဥပဒေတွေနဲ့အတူ တရားစီရင်ပိုင်ခွင့်တွေရှိနေတဲ့ အိမ်နီးချင်း၊ အနီးအနားကနေ တလိမ့်လိမ့်ဝင်နေကြတယ်။ အကျိုးဆက်ကတော့ အမေရိကမှာ ကိုယ်က သေနတ်တစ်လက်ဝယ်ယူချင်ရင် အဲဒီမှာလုပ်ဆောင်နိုင်တဲ့နည်းလမ်းအသေအချုာကို ရှိနေပါတယ်။ ကိုယ့်ရဲ့ ဒေသဥပဒေတွေကို ဂရုမထားဘဲနဲ့ပေါ့။     ။
Source: How gun control works in America, compared with 4 other rich countries | www.vox.com
ဖြိုးဖြိုး

(ဆက်ရန်) -
 
သေနတ်ထိန်းချုပ်ရေးနဲ့ ကနေဒါ

သေနတ်ဥပဒေတွေ ဘာကြောင့်အသက်မဝင်နိုင်ဖြစ်နေရလဲ
http://www.myworld-phyophyo.com/2016/02/blog-post_7.html
သေနတ်ထိန်းချုပ်ရေးနဲ့ ကနေဒါ
http://www.myworld-phyophyo.com/2016/02/blog-post_15.html
သေနတ်ထိန်းချုပ်ရေးနဲ့ ယူကေ
http://www.myworld-phyophyo.com/2016/02/blog-post_66.html
သေနတ်ထိန်းချုပ်ရေးနဲ့ ဆွစ်ဇာလန်
http://www.myworld-phyophyo.com/2016/06/blog-post_13.html
သေနတ်ထိန်းချုပ်ရေးနဲ့ ဂျပန်
http://www.myworld-phyophyo.com/2016/06/blog-post_11.html

No comments: