Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, February 03, 2016

ကျော်ကြားသူတို့သတင်းများ

ဂျဲနက်ဂျက်ဆန်ပြောတဲ့စကား ယုံလိုက်ပါ
Janet Damita Jo Jackson ဟာ Joe နဲ့ Katherine Jackson တို့ရဲ့ အငယ်ဆုံးသမီးလေးပါ။ ပေါ့ပ်စတား Janet ဟာ အကနည်းပြ Rene Elizondo နဲ့ တိတ်တိတ်လေးလက်မထပ်ခင်တုန်းက အဆိုတော် James DeBarge နဲ့ လက်ထပ်ခဲ့ဖူးတယ်။ သားသမီးမရှိခဲ့ပါဘူး။ Janet တို့ စုံတွဲ ၂၀၀၀ မှာ ကွာရှင်းခဲ့ကြပါတယ်။ အဲဒီနောက် ၂၀၁၂ မှာ စီးပွားရေးသမား Wissam Al Mana နဲ့ လက်ထပ်ခဲ့ပါသေးတယ်။ Janet ဟာ ကျန်းမာရေးကြောင့် ဂီတဖြေဖျော်ပွဲတွေကို ဖျက်သိမ်းလိုက်တဲ့ကြေညာခဲ့ပြီးနောက်ပိုင်း Janet မှာ ကင်ဆာရှိနေတယ်ဆိုတဲ့ သတင်းတွေ လတ်တလော အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့ပါတယ်။ Janet ကတော့ "ကောလဟာလတွေပါ အမှန်မဟုတ်ဘူး။ ကျွန်မမှာ ကင်ဆာမရှိပါဘူး။ ကျွန်မ နေပြန်ကောင်းနေပါပြီ" လို့ Twitter မှာတင်လိုက်တဲ့ video ထဲမှာပြောထားပါတယ်။ From my lips လို့ ခေါင်းစဉ်တင်ထားပြီး သူမရဲ့ The Great Forever ဆိုတဲ့ သီချင်းကိုလည်းတင်ထားလိုက်တယ်။
"ဆုတောင်းပေးကြတာ၊ အချစ်တွေဖော်ပြပေးကြတာ ကျေးဇူးတင်ရပါတယ်" လို့ဆိုပါတယ်။ Janet ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ၂၀၁၆ မှာ ပြုလုပ်မယ့် Unbreakable ကမ္ဘာလှည့်ဖြေဖျော်ပွဲတွေ အများကြီးပဲ ရွှေ့ဆိုင်းလိုက်တယ် လို့ ကြေညာခဲ့ဖူးပါတယ်။ ခွဲစိတ်ကုသမှုခံယူရဖို့ ဆရာဝန်က အကြံပြုထားတယ်လို့လည်း ဆိုတယ်။ လာမယ့်နွေဦးမတိုင်ခင်အထိ Unbreakable Tour ကို ရွှေ့ဆိုင်းထားဖို့ ပရိသတ်တွေကို အသိပေးရတာ ဝမ်းနည်းနာကျင်ရတယ်တဲ့။ သူမရဲ့ ကျန်းမာရေးအခြေအနေကို အသေးစိတ်တိတိကျကျ ရှင်းလင်းပြောပြမထားပါဘူး။ အသံကြိုးတွေမှာ မူမမှန်တဲ့ကြီးပွားမှုရှိလာတာကို စစ်ဆေးစမ်းသပ်မှုတွေပြုလုပ်ခဲ့ရတယ်လို့တော့ တချို့ကောလဟာလသတင်းတွေမှာရေးသားခဲ့ကြတယ်။ Janet ရဲ့ အောက်တိုဘာ ၂ ရက်နေ့က ထွက်ရှိခဲ့တဲ့ ၁၁ခုမြောက်အယ်လ်ဘမ် Unbreakable ဟာ Billboard 200 မှာ နံပတ် ၁ စာရင်းချိတ်ခဲ့ပါတယ်။ Janet ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ်တွေက Janet Jackson (1982), Dream Street (1984), Control (1986), Janet Jackson's Rhythm Nation 1814 (1989), janet. (1993), The Velvet Rope (1997), All for You (2001), Damita Jo (2004), 20 Y.O. (2006), Discipline (2008) နဲ့ Unbreakable (2015) တို့ပါ။ Unbreakable World Tour ဟာ Janet ရဲ့ ၇ ခုမြောက် ဂီတဖြေဖျော်ပွဲဖြစ်ပြီး ကနေဒါ၊ ယူအက်စ်၊ ဂျပန်၊ အင်္ဂလန်၊ အိုင်ယာလန်၊ စကော့တလန်၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ ချက်ရီပတ်ပလစ်၊ လစ်သူရေးနီးယား၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ဆွီဒင်၊ နော်ဝေး၊ ဒိန်းမတ်၊ နယ်သာလန်စ်၊ ဘယ်လ်ဂျီယံနိုင်ငံတွေမှာ ဖြေဖျော်မှာပါ။

အမ်မာဝပ်ထ်စန်ရဲ့ အမျိုးသမီးဝါဒီစာအုပ်ကလပ်

ဟယ်ရီပေါ်တာရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ Hermione Granger အဖြစ်၂၀၀၁ ကနေ ၂၀၁၁ ခုနှစ်အထိ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Emma Watson ဟာ သူမကိုယ်ပိုင် Book Club တစ်ခု ထူထောင်လိုက်ပါတယ်။ တခြား စာအုပ်ကလပ်တွေလိုမဟုတ်ဘဲ အမျိုးသမီးဝါဒီအသားပေးစာအုပ်ကလပ်ပုံစံမျိုးပါ။ Emma ဟာ UN Women Goodwill Ambassador အဖြစ် ခန့်အပ်တာဝန်ပေးခံထားရသူဖြစ်ပြီး အမျိုးသားတွေကို gender equality လေးစားဖို့အားပေးဆောင်ရွက်နေတဲ့ campaign က ဦးဆောင်သူလည်းဖြစ်ပါတယ်။ ဒီစာအုပ်ကလပ်ကတော့ UN အလုပ်နဲ့ မသက်ဆိုင်ဘဲ သူမကိုယ်ပိုင်ထူထောင်လိုက်တာပါ။ "UN Women အလုပ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် equality အကြောင်းစာအုပ်တွေနဲ့ အက်ဆေးတွေ အများကြီးပဲ စပြီးဖတ်ခဲ့ရတယ်။ အဲဒီမှာ  အလွန်အမင်းအံ့အားသင့်စရာတွေ တွေ့လာရတယ်။ ရီမောစရာ၊ စိတ်နိုးကြားတက်ကြွစရာ၊ ဝမ်းနည်းစရာ၊ အတွေးအခေါ်မြှင့်တင်နှိုးဆွပေးတာ နဲ့ လုပ်ပိုင်ခွင့်တွေအကြောင်း အချက်အလက်တွေတော်တော်များများ ရှာဖွေတွေ့ရှိခဲ့ရပါတယ်။ ကျွန်မဦးခေါင်းဟာ အဲဒီအကြောင်းအရာတွေနဲ့ ပေါက်ကွဲထွက်သွားတော့မလား ခံစားလာမိတယ်။ ကျွန်မ ဆုံးဖြတ်ရတော့တယ်။ အမျိုးသမီးဝါဒီစာအုပ်ကလပ် စလိုက်တော့မယ်လို့ပေါ့။ အဲဒီမှာ ကျွန်မဘာတွေလေ့လာသင်ယူထားလဲ ဝေမျှချင်တယ်။ ပြီးတော့ ရှင်တို့ရဲ့အတွေးအမြင်တွေကိုလည်း ပြန်ကြားချင်သေးတယ်" လို့ Emma က ရေးထားပါတယ်။ အဲဒီ အစီအစဉ်မှာ လတိုင်းစာအုပ်တစ်အုပ်ရွေးချယ်ပြီး ဖတ်စေမယ်။ ပြီးတော့ လတစ်လရဲ့ နောက်ဆုံးရက်သတ္တပတ်အတွင်းမှာ စာအုပ်အကြောင်းအပြန်အလှန်ဆွေးနွေးကြပါလိမ့်မယ်။ Emma က တချို့မေးခွန်းတွေ၊ အကိုးအကား အဲဒါတွေကို စတင်ချပြပါလိမ့်မယ်။ အားလုံးပွင့်ပွင့်လင်းလင်း open discussion ပုံစံဖြစ်လာစေချင်ပါတယ်လို့ ဆိုတယ်။ ဖြစ်နိုင်ရင်တော့ စာရေးသူတွေ နဲ့ တခြား ထင်ရှားတဲ့နယ်ပယ်က အသံတွေလည်း ရွေးချယ်လိုက်တဲ့ စာအုပ်ပါ အကြောင်းအရာမှာ ဝင်ရောက်ဆွေးနွေးစေလိုတယ်လို့ Emma က ပြောပြပါတယ်။ Emma Watson ရဲ့ စာအုပ်ကလပ်မှာ ဘယ်သူမဆိုဝင်ရောက်နိုင်တယ်။ ဖိတ်ခေါ်ထားပါတယ်။  စာအုပ်ကလပ်အမည်ကို Our Shared Shelf လို့ အမည်ပေးထားပြီး Goodreads မှာ group တစ်ခုရှိနေမှာဖြစ်ပြီး အစည်းအဝေးတွေပြုလုပ်ပါလိမ့်မယ်။ အဖွဲ့ဝင်တစ်ဦးဖြစ်ချင်တယ် ဆိုရင်တော့ www.goodreads.com မှာ Our Shared Shelf ဆိုတဲ့ group ကိုရှာဖွေရမှာပါ။ အဲဒီမှာ register လုပ်ထားရုံပါပဲ။ အခုဆိုရင် အဖွဲ့ဝင်ပေါင်း ၃၇၀၀၀ကျော်ရှိနေခဲ့ပါပြီ။ အဖွဲ့ဝင်တွေထဲမှာ Abby Wambach, Sophia Bush နဲ့ Kate Voegele တို့လို့ ကျော်ကြားသူအမည်တွေလည်း တွေ့နိုင်ကြတယ်။ Emma ပထမဆုံး ရွေးချယ်ခဲ့တဲ့ စာအုပ်က New York မဂ္ဂဇင်းနဲ့ Ms. မဂ္ဂဇင်းတည်ထောင်သူ အမေရိကန်စာနယ်ဇင်းဆရာမ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ အမျိုးသမီးဝါဒီ Gloria Marie Steinem ရဲ့ ၂၀၁၅ ကရေးသားခဲ့တဲ့ စာအုပ်  My Life on the Road ပါ။ 

ဂျပ်စတင်ဘီဘာအတွက်ပေးတဲ့ ဦးထုပ်လက်ဆောင်
ဟောလိဝုဒ်ရုပ်ရှင်စတား Johnny Depp ဟာ Justin Bieber အတွက် သူ့ရဲ့ ဦးထုပ်တွေထဲက ဦးထုပ်တစ်လုံးပေးခဲ့ပါတယ်။ "Sorry" hit သီချင်းအဆိုတော်လေး ဟာ Pirates of the Caribbean သရုပ်ဆောင်က မမျှော်လင့်ဘဲ ဟိုတယ်ကို အလည်ရောက်ရှိလာပြီးပေးလိုက်တော့ အလန့်လန့်အဖျပ်ဖျပ်အံ့သြဝမ်းသာသွားခဲ့ရသတဲ့။ Johnny Depp ရဲ့ အသက် ၁၆ နှစ်အရွယ် သမီးလေး Lily-Rose နဲ့ မိုင်ယာမီကမ်းခြေမှာတွေ့ဆုံရင်း ရောက်လာခဲ့တာပါ။ Justin ကပြောပါတယ်။ "ဂျွန်နီဒက်ပ်ရဲ့အေးမြလှတဲ့ ပုံဝတ္ထုတစ်ပုဒ်အကြောင်း ခင်ဗျားနားထောင်ချင်လား။ ဟိုတယ်မှာ အခန်းတံခါးခေါက်သံ တဒေါက်ဒေါက်ကြားလိုက်ရတော့ တံခါးလည်းဖွင့်လိုက်ရော "ဟေး ကိုယ်မင်းကို  ဒါလေးပေးချင်လို့" ဆိုပြီး ဗူးတစ်ခုကို သူဖွင့်ပါတယ်။ ဖွင့်လိုက်ပြီးတော့ သူ့ရဲ့ cool hat တွေထဲက တစ်ခုကို ပေးလာတယ်။ သူက ဟိုတယ် လော်ဘီခန်းမမှာ သတင်းစာရှင်းလင်းပွဲတစ်ခုခုလုပ်နေတာဖြစ်မယ်။ ကျွန်တော် ဒီမှာ ရှိနေတာကိုလည်း တစ်ဦးဦးက အသိပေးလိုက်တယ် ထင်တယ်" တဲ့။ နောက်တော့ မိုင်ယာမီက Justin Biber ရဲ့ ဂီတပွဲကို သမီးလေးနဲ့ ရောက်လာခဲ့ပါတယ်။ တကယ်တော်တဲ့ လူကြီးပါဗျာ လို့ Justin က ထပ်ပြောသေးတယ်။ အသက် ၂၁ နှစ်အရွယ်စတားက ဒီလိုမျှော်လင့်မထားဘဲရလာတဲ့ ထူးခြားလှတဲ့လက်ဆောင်ကို တစ်သက်လုံး သိပ်ထားလိုက်မယ် လို့ဆိုတယ်။ တချိန်တည်းမှာပဲ Jusitn က သူ ဆေးလိပ်ဖြတ်ဖို့ သန္နိဌာန်ချလိုက်ပြီ။ သူက ခပ်ဆိုးဆိုးစံပြဇာတ်ကောင်တစ်ဦး ဖြစ်မနေချင်ပါဘူး လို့ ပြောလာပါတယ်။ "ဆေးလိပ်သောက်တဲ့သူတစ်ဦး ဖြစ်မနေချင်တော့ပါဘူး။ လူတွေက ကျွန်တော့်ကို ခပ်ဆိုးဆိုးစရိုက်လွှမ်းမိုးထားတဲ့သူတစ်ဦးလို့ မပြောစေချင်ဘူး။ ဒါပေမဲ့ ဒါဟာ ကျွန်တော်ရဲ့ ခရီးလမ်းပဲ။ ကျွန်တော်ပဲ လုပ်ဆောင်ပါရစေ။ ကျွန်တော် နားလည်သဘောပေါက်ပါတယ်" တဲ့။

ဂျွန်နီဒက်ပ် ချစ်ရတဲ့ အပျော်စီးရွက်လှေ
JK Rowling ဟာ Jonny Depp ရဲ့ အပျော်စီးရွက်လှေကို ဝယ်ယူလိုက်ပါတယ်။ Harry Potter စာအုပ်တွဲတွေ ရေးသားခဲ့တဲ့ JK ပေါင် ၂၂ သန်းနဲ့ ဝယ်ယူခဲ့တဲ့ အဲဒီ ခေတ်မီဇိမ်ခံ အပျော်စီးရွက်လှေဟာ ၁၅၆ ပေ ကျယ်ဝန်းတယ်။ အသက် ၅၀ ရှိပြီဖြစ်တဲ့ JK ဟာ ကေဘင်ခန်း ၅ ခန်းပါပြီး သင်္ဘောကုန်းပတ် ခပ်ကြီးကြီး ၃ ခုပါတဲ့ ဇိမ်ခံရွက်လှေကို မိသားစုအပမ်းဖြေခရီးအတွက် စင်းလုံးငှားပြီးထွက်ခဲ့ရာက အလွန်အမင်းစွဲမက်သွားခဲ့တာပါ။ သင်္ဘောပေါ်မှာ ဧည့်သည် ၁၀ ယောက်စာ ဧည့်ဝတ်ပြုနိုင်ပြီး သင်္ဘောဝန်ထမ်း ၉ ဦးအမှုထမ်းကြတယ် လို့ Sun သတင်းစာမှာဖော်ပြပါတယ်။ အခုတော့ JK က အားလပ်ရက်တွေကို သင်္ဘောပေါ်မှာ ခင်ပွန်း Neil Murray ၊ အသက် ၁၂ နှစ်အရွယ် David နဲ့ ၁၀နှစ်အရွယ် Mackenzie၊ ပြီးခဲ့တဲ့အိမ်ထောင်နဲ့ ရရှိခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် သမီး Jessica တို့နဲ့ အတူကုန်ဆုံးစေဖို့ စီစဉ်နေပါပြီ။ အဲဒီ အပျော်စီးရွက်လှေကို ဇနီး Amber Heard က ရောင်းချပစ်လိုက်လို့ တချိန်လုံး တွန်းအားပေးနေခဲ့ပါတယ်။ အဲဒီရွက်လှေကို ဇနီးဟောင်း Vanessa Paradis , Lily-Rose  ၁၆ နှစ်နဲ့ Jack ၁၃ နှစ်တို့ရဲ့ မိခင် အတွက် မူလက ရည်ရွယ်ပြီး ဝယ်ပေးခဲ့တာပါ။ Johnny ဟာ အဲဒီ ရွက်လှေကို သိပ်ပြီး နှစ်သက်လှတယ်။ ဒါပေမဲ့ Vanessa အတွက် ရည်ရွယ်ပြီးဝယ်ခဲ့တော့ Amber က အဲဒါကိုသဝန်တိုနေတုန်းပဲ လို့ Jonny နဲ့ ရင်းနှီးတဲ့သူတွေကပြောပြခဲ့ကြတယ်။ 

အဲလ်ဗစ်ပရက်စလေရဲ့ ဂစ်တာ 
Elvis Presley ရဲ့ ဂစ်တာကို ပေါင် ၁၈၅၀၀၀ နဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။ ဂန္တဝင် rock 'n' roll စတား ဟာ အသက်ရှင်လျှက်ရှိနေဦးမယ်ဆို ဇန်နဝါရီ ၈ ရက် ၂၀၁၆ မှာ အသက် ၅၀ ပြည့်ပါပြီ။ Elvis ဟာ သူ့ရဲ့ 1969 Custom Gibson Ebony Dove ဂစ်တာကို Mike Harris ဆီ ၁၉၇၅ ဂီတဖြေဖျော်ပွဲတစ်ခုမှာပေးအပ်ခဲ့တာပါ။ ၁၉၇၅ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့က မြောက်ကယ်ရိုးလိုင်းနားမှာ ပြုလုပ်နေခဲ့တဲ့ပွဲမှာ Elvis က ပေးခဲ့တယ်။ အဲဒီနေ့က အမှတ်တရအဖြစ်အပျက်ကို Mike က Daily Mirror သတင်းစာကို ပြန်ပြောင်းပြောပြပါတယ်။ "အဲလ်ဗစ်၊ သူ စင်ထောင့်စွန်းနားအထိရောက်လာတယ်။ ဂစ်တာကို လည်မှာ သိုင်းလွယ်ထားတုန်းပဲ။ သူကပြောပါတယ်။ ဒါ မင်းရဲ့ပစ္စည်းပဲ။ ဒါကို ယူထားလိုက်တော့။ တစ်နေ့ ဒါ တန်ဖိုးကြီးလာလိမ့်မယ်လို့ မျှော်လင့်ရတာပဲ" လို့ ပြောခဲ့ပါတယ် တဲ့။ ၁၉၇၁ နဲ့ ၁၉၇၅ ခုနှစ်အတွင်း ၄ နှစ်တာ ကာလစင်ပေါ်မှာ Elvis တီးခတ်ခဲ့တဲ့ ဂစ်တာတစ်လက်ပါ။ တန်နက်ဆီပြည်နယ်၊ Memphis က Graceland စံအိမ်မှာပြုလုပ်ခဲ့တဲ့ လေလံပွဲမှာ အဲဒီရှားပါးတဲ့ ဂစ်တာကို လေလံတင်ရောင်းချလိုက်ပါတယ်။ ရောင်းချသူက မူလမျှော်လင့်ထားခဲ့တာက ပေါင် ၂၀၆၀၀၀ နဲ့ဆိုပေမယ့် ပေါင် ၁၈၅၀၀၀ နဲ့ပဲ ဈေးပိတ်ခဲ့ရပါတယ်။ အဲဒီလေလံပွဲမှာ Elvis ရဲ့ မူရင်းတိတ်ပ် နဲ့ တခြား ရတနာပစ္စည်းလေးအချို့လည်းပါဝင်ကြတယ်။ Suspicious Minds စူပါစတား ဟာ အသက် ၄၂ အရွယ် ၁၉၉၇၊ သြဂုတ် ၁၆ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။

နှစ်အသစ်နဲ့ ဆုတံဆိပ်ပေးအပ်ပွဲအခမ်းအနားတွေ
၂၀၁၆ နှစ်အသစ်တစ်ခုစတင်လိုက်တာနဲ့ ဆုတံဆိပ်ပေးပွဲရာသီစတင်လာပြန်ပါပြီ။ Red carpet တွေနဲ့ အဆင့်မြင့်ဖက်ရှင်ပြပွဲတွေ စိတ်လှုပ်ရှားစရာဆုတံဆိပ်ချီးမြှင့်ပွဲတွေအားလုံးဟာ နရီစည်းချက်ကျကျ ပြင်ဆင်ဆောင်ရွက်နေကြပါပြီ။ ဘယ်လိုဆုပေးပွဲများရှိနေကြမလဲကြည့်ရအောင်ပါ။ ဇန်နဝါရီလ ၁၀ရက်နေ့က ၇၃ ကြိမ်မြောက် Golden Globe Awards ဆုပေးပွဲရှိနေခဲ့ပါတယ်။ Hollywood Foreign Press Association (HFPA) က တီဗီနဲ့ ရုပ်ရှင်တွေထဲက အကောင်းဆုံးတွေရွေးချယ်ကြ တယ်။ အခမ်းအနားကို Beverly Hills က Beverly Hilton ဟိုတယ်မှာပြုလုပ်ပါတယ်။ NBC ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။ အခမ်းအနားအစီအစဉ်မှူးက ဟာသသရုပ်ဆောင်၊ ရွှေကမ္ဘာလုံးဆု သုံးကြိမ်ရခဲ့ဖူးတဲ့ Ricky Gervais ပြုလုပ်ပါလိမ့်မယ်။ စကာတင်ရွေးချယ်ခံထားရတဲ့ ရုပ်ရှင်တွေထဲမှာ Carol, Mad Max: Fury Road, The Revenant, Room နဲ့ Spotlight တွေပါဝင်ကြတယ်။ ၂၂ ကြိမ်မြောက် Annual Screen Actors Guild Awards ဆုပေးပွဲကို ဇန်နဝါရီ ၃၀ ရက်နေ့မှာ ပြုလုပ်ပါလိမ့်မယ်။ အခမ်းအနားကို TBS နဲ့ TNTတို့ကနေ့ ည ၈နာရီမှာပြသမှာပါ။ ဖေဖေါ်ဝါရီ ၁၅ မှာတော့ ၅၈ ကြိမ်မြောက် Annual Grammy Awards ရှိပါတယ်။ ရက်ပ်ဂီတသမား သရုပ်ဆောင် LL Cool J က နဲ့အတူ ရက်ပ်ဂီတသမား Kendrick Lamar တို့က ဒီနှစ်အတွက် ဂီတလောကရဲ့ အခမ်းနားဆုံးညမှာ အစီအစဉ်မှူးတွေအဖြစ် တာဝန်ယူလိမ့်မယ်။ အခမ်းအနားကို လောစ့်အိန်ဂျယ်လိစ် က Staples Center မှာ ပြုလုပ်မှာပါ။ CBS ကနေ့ တိုက်ရိုက်လွှင့်ပါလိမ့်မယ်။ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့မှာ ၈၈ ကြိမ်မြောက် Academy Awards ဆုပေးပွဲကျင်းပပါလိမ့်မယ်။ လောစ့်အိန်ဂျယ်လိစ်က Dolby Theatre မှာပြုလုပ်မှာပါ။ Academy of Motion Picture Arts and Sciences က ပြီးခဲ့တဲ့နှစ်ကရုပ်ရှင်တွေထဲက ရွေးချယ်မှာပါ။ ၇၇ ကြိမ်မြောက် အခမ်းအနားမှာ အစီအစဉ်မှူးပြုလုပ်ခဲ့တဲ့ Chris Rock ကို ဒီနှစ်အတွက်အစီအစဉ်မှူးအဖြစ် မြင်တွေ့ရပါဦးမယ်။ စကာတင်စရင်းတွေကိုတော့ ဇန်နဝါရီ ၁၄ ရက်နေ့က ကြေညာခဲ့ကြတယ်။ အခမ်းအနားကို ABC က ညနေ ၇ နာရီမှာ တိုက်ရိုက်ပြသပါလိမ့်မယ်။

ဖြိုးဖြိုး
(Yati Magazine, February, 2016)

No comments: