Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, September 12, 2013

ကျားမင်းသမီး

အင်းတော်ကြီး အင်း photo credit  (www.indawshan.com) : http://www.indawshan.com/2012/02/indawgyi-lake.html
ကျွန်မ အလယ်တန်းကျောင်းသူဘ၀တုံးက မဂ္ဂဇင်းတအုပ်ထဲမှာ “ကျားမင်းသမီး” ခေါင်းစဉ်နဲ့ ၀တ္ထုတပုဒ်ဖတ်ရတယ်။
ဝတ္ထုကြောင်းကလေးက စိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။ အင်္ဂလိပ်ခေတ်က ထမံသီရွာမှာနေတဲ့  ရှမ်းလူမျိုးအချို့ဟာ လူအဖြစ်ကနေ ကျားဘ၀ကို ပြောင်းလဲနိုင်တဲ့ စွမ်းအင် ရှိကြောင်း အခြေခံပြီး အချစ်ဇတ်လမ်းကလေးတခု ဖန်တီးတင်ဆက်ထားတာပါ။ ရေးသူကို  မမှတ်မိတော့ဘူး။ မဂ္ဂဇင်းစာအုပ်ကိုလည်း မမှတ်မိတော့ဘူး။ အဲဒီဇတ်လမ်းကလေး  မှတ်မိသလောက် ဖြိုးဖြိုးကို ပြောပြချင်လို့။
(နာမည်တွေတော့ အကုန်မေ့ကုန်ပါပြီ။ ဇာတ်ကြောင်းကလေးနည်းနည်းပါးပါး ပဲ မှတ်မိတော့တာပါ။)

တနေ့တော့ သမိုင်းသုတေသီတယောက် သမိုင်းပြုစုဖို့ ဆိုပြီး ထမံသီ(ခု ဟုမ္မလင်းနားမှာ ရှိနေတုံးပဲ)ဆိုတဲ့ ရှမ်းရွာကလေးတရွာကို အခြေချ နေထိုင်ရင်း ရောက်ရှိလာတယ်။အဲဒီရွာက ခေတ်ပညာတတ်မိန်းခလေးတယောက်ရဲ့အိမ်မှာပဲ ငှားရမ်းနေထိုင်ရင်း သူ့အကူအညီကိုပါ ယူရတာပေါ့။ လိုအပ်တဲ့ အထောက်အထား အချက်အလက်တွေ ရှာဖွေစုဆောင်း ပေးရတာမျိုးပေါ့ကွယ်။အင်္ဂလိပ် မြန်မာ ကျမ်းကိုးစာအုပ်တွေအမျိုးမျိုပေါ့။ခုနှစ် သက္ကရာဇ် အတိအကျနဲ့ မှတ်တမ်းမှတ်ရာတွေ အဆင့်ဆင့်ကိုပေါ့။ဒီမိန်းခလေးက အဆန်းကွဲ့။ရုပ်ရည်ချောမောပြေပြစ်တယ်။ လှပ သိမ်မွေ့တယ်၊သွက်လက်ချက်ချာတယ်။အပြစ်ပြောစရာ ဘာမှမရှိဘူး။ ဒါပေမဲ့ နေ၀င်ရီ တရောအချိန်မျိုးမှာတော့ သူက အိမ်ကနေ ပျောက်ပျောက် သွားတတ်ပြီး ညသန်းခေါင်လောက်မှ ပြန်ပေါ်လာတတ်တာကို သုတေသီဆရာက သတိထားမိသွားသတဲ့။(ဒါကို သူက အစောပိုင်းမှာ စပ်စပ်စုစု မလုပ်ခဲ့ပါဘူး သူ့နာမည် မခင်ဖြူလို့ ဆိုကြပါစို့ကွယ် ။)
ပြီးတော့ သူ့အိမ်အောက်မှာ မြေတိုက်ခန်းကြီးရှိသတဲ့။ မြေတိုက်ခန်းထဲမှာက အနက်ရောင် ကျားရုပ်တု တကောင်နဲ့ အဖြူရောင် ကျားရုပ်တု တကောင် ရှိသတဲ့။ (ဒါပေမဲ့ စောစောပိုင်းက ဒါကို ဘယ်သူမှာ မသိကြဘူး။) ဧည့်ခန်းမှာလည်း အလှတင်ထားတဲ့ ကျားဖြူတကောင်နဲ့ ကျားနက်တစ်ကောင်ရှိသတဲ့။ဒါကိုတော့ လူတိုင်း မြင်ဖူးကြတာပေါ့ကွယ်။
တခြားအိမ်သားတွေလည်းဒီဇာတ်လမ်းမှာ ပါဝင်တာ သတိမထားမိဘူး။ အိမ်ဖေါ်အဒေါ်ကြီးတယောက်နဲ့ နေတာပဲရှိတယ်။
တနေ့တော့ (လာပြန်ဲပီ တနေ့တော့)ရန်ကုန်တက္ကသိုလ်က စာတမ်းပြုစုဖို့ အချက်အလက် ရှာဖွေဖို့ ဆိုပြီး နောက်ဆုံးနှစ် မဟာဝိဇ္ဇာ ကျောင်းသားတယောက်(ကိုစောနိုင်လို့ ဆိုကြပါစို့) ရောက်လာပြန်တယ်။ သူ့ စာတမ်းခေါင်းစဉ်က “ရှေးဟောင်းထမံသီ ယဉ်ကျေးမှု နှင့်ထမံသီလူမျိုးအကြောင်း ”ဆိုပါတော့လေ။
ထုံးစံအတိုင်း မျိုးတူရာ စုမိကြတော့ မခင်ဖြူတို့အိမ် ရောက်လာတယ်။ မခင်ဖြူဟာ ကိုစောနိုင်ကို  မြင်မြင်ချင်းပဲ ချစ်မိပါရောတဲ့။ ဒါပေမဲ့ ကိုစောနိုင်က  တည်ကြည်တယ်။ ပုံမှန်ဆက်ဆံတယ်။ ကိုစောနိုင်က တည်ကြည်လေ မခင်ဖြူက အားမရလေ။ာကာတော့ သူက စိတ်မရှည်ချင်ဘူး။ ကျားဖြူရုပ်ကလေးတရုပ်  ကိုစောနိုင်ရဲ့ အင်္ကျီ အိပ်ကပ်မှာ နေ့တိုင်းထည့်ပေးနေတာကိုး။ အဓိပ္ပါယ်က ချစ်တယ်ပေါ့။ ချစ်ရင် အဖြူရောင် ကျားရုပ်ကို လက်ဆောင်ပေးပြီး မုန်းရင် ကျားအနက်ကို မရောက် ရောက်အောင် ပို့တတ်သတဲ့။ ကျားရုပ်ပေးတဲ့သူဟာ ထမံသီလူမျိုးတို့ရဲ့ လူအဖြစ်ကနေ ကျားအဖြစ် ပြောင်းလဲနိုင်တဲ့ အတတ်ပညာကို တတ်မြောက်ကြသူများဖြစ်တယ်။ သူတို့ မုန်းပြီ ဆိုရင်လဲ ကျားနက်တကောင်ရောက်အောင်ပို့  သတိပေးပြီး ညအခါ ကိုက်သတ်ပြစ်လိုက်တာပဲတဲ့။  ကျားဘ၀ ပြောင်းလဲရာမှာလည်း ဂါထာရှိတယ်ကွဲ့။ ကိုစောနိုင်က ဘာမှ မတုံ့ပြန်ဘူး။ ထူးခြားဆန်းကျယ်မှုရှိတဲ့ မိန်းခလေးတယောက်မို့ စောင့်ကြည့် လေ့လာနေတာပါ။

ညနေစောင်းလို့ မှောင်လာတာနဲ့ တောထဲဝင်ပြီး ဂါထာရွတ် သမန်းမြက်ကို ပါစပ်းမှာကိုက် နောက်ဂျွမ်းသုံးကြိမ်ပြစ်လိုက်ရင် ကျားဖြစ်သွားတာပဲ။ပြီးတာ့ လရောင်အောက်မှာ ပျောက်သွားတယ်။တောထဲဝင်သွားတာပေါ့။သူတို့ ညအခါလည်း အစာရှာထွက်လေ့ရှိကြတယ်။ သမင် ဒရယ် ချေငယ် စိုင် ဆတ်တွေကို သတ်ဖြတ် စားသောက်တတ်လေ့ရှိတယ်တဲ့။ ဒါကို ကိုစောနိုင်က နောက်ရောင်ခံ လိုက်ကြည့်တော့ မြင်သွားတာပေါ့။ ဒီတော့ သူက ဘယ်ကြိုက်နိုင်မလဲ။ သူက မကြိုက်လေ ပိုကြမ်းလေပေါ့။ညသန်းခေါင်ယံအချိန်ဆို ကျား က သောင်းကျန်းတော့တာပဲ။ ကျားဟိန်းသံတွေ ကြားရတယ်။ ကျားက ပြတင်းပေါက်ကနေ ခုန်ကျော်ဝင်လာတယ်။ မြေတိုက်ခန်းထဲလိုက်စူးစမ်းသူတွေကို ခုန်အုပ်တယ်။ကိုက်သတ်ဖို့ ကြိုးစားတယ်။ သုတေသနဆရာကို ရန်မူနေတာလေ။ ဘယ်လိုပဲ ခွန်အားရှိတဲ့ ကျားဖြစ်ပေမဲ့ သေနတ်ကိုတော့ မတုပနိုင်ဖူးပေါ့။

အမှန်တော့ ခုလို သူတို့အကြောင်းကို လေ့လာနေတာ မကြိုက်ဘူး။ မုန်းနေတာ။ သူတို့အကြောင်းကို လူမသိစေချင်ဘူးလေ။ ဒါနဲ့ သုတေသီဆရာ့ အင်္ကျီအိပ်ကပ်မှာ 
(ဘလေဇာအင်္ကျီလို့ ဆိုတယ်။ ကုတ်အင်္ကျီ)
ကျားနက် တကောင် ထည့်ပေးလိုက်တယ်။ ဘယ်လိုမှ ဖယ်ရှားပြစ်လို့ မရဖူး တဲ့။ ပြန် ပြန်ရောက်နေရောတဲ့။ ဘယ်လိုရောက်နေမှန်းလည်း သူတို့ မသိကြဖူးတဲ့။ ကိုစောနိုင်က သေနတ်ရှိတယ်။အင်္ဂလိပ်အုပ်ချုပ်မှုအောက်မှာထင်တယ်။ ဇာတ်လမ်းက။ ဒီတုံးက လူတွေ  သေနတ်ကိုင်ခွင့်ရှိပုံရတယ်။
ကိုစောနိုင်က ကျားကို သေနတ်နဲ့ပြစ်ခတ်ရာမှာ ကျားသေသွားတယ်။ ကျားသေပြီးနောက်မှာ မျက်စိရှေ့မှာပဲ ကျားဟာ တဖြည်းဖြည်း လူအဖြစ် ပြောင်းလဲသွားပါတယ်။ ခြေထောက်ကလေးတွေကနေ စပြီး ပြောင်းလဲတာပါ။ လူမှ  လူမကလေးပါ။ မခင်ဖြူပါပဲ။ကိုစောနိုင်ဟာ အံ့သြပြီး ကြည့်နေရတော့တာပေါ့။ပြေးပွေ့လို့မဖြစ်နော်။

တချို့ စာတွေထဲမှာ တွေ့ရတာက ထမံသီ လူမျိုးဆိုတာ  BC184 လောက်က အဲဒီအရပ်ဒေသကို ထီးနန်းစိုက်ထူ မင်းလုပ်တော်မူခဲ့တဲ့  ရှမ်းလူမျို့း ဥတ္တရစောဖြူမင်း အဆက်အနွယ်တွေလို့ ဆိုပါတယ်။ ဥတ္တရ စောဖြူမင်းရဲ့ သားတော်ကြီးဟာ ထမံသီအတတ်ပညာကို ကျွမ်းကျင်စွာ တတ်မြောက်တာမို့ ရိုးရိုးကျားသာ မဟုတ်ပဲ ဖြူဆွတ်နေတဲ့ ကျားဖြူမျိုးကို ပြောင်းလွဲနိုင်တဲ့ အတတ်ပညာရှိတယ်လို့ ဆိုပါတယ်။ ဒါနဲ့ တဆက်တည်း ပြောရရင် ယခု ကချင်ပြည်နယ်က အင်းတော်ကြီးအင်းဟာရှေးယခင်က ဥတ္တရ စောဖြူမင်းရဲ့ ပိုင်နက်နယ်မြေတွေပါ။ ဧရာပတ္တရေနတ်နဂါးမျိုးတို့ ပြောင်းရွှေ့ ဖန်ဆင်း အခြေချလိုက်တာကြောင့် ဥတ္တရစောဖြူမင်းရဲ့ နယ်မြေတွေ ပျောက်ကွယ်သွားခဲ့တယ်လို့ ဆိုကြရဲ့။ နဂါးတွေက ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းလာတဲ့သဘောပါ။ ဒါက ကျမ်းကိုးမရှိပါဘူးနော်။ ကြားဖူးနားဝရှိတာပြောပြရခြင်းပါ။ မယုံရင် ပုံပြင်လို့ပဲ မှတ်ယူရမှာ ဖြစ်ပါတယ်။
photo from wiki
ခင်မေသစ်

1 comment:

Han Kyi said...

ထမံသီအကြောင်းတွေ ငယ်ငယ်ကတော့ ဖတ်ဖူးတယ်...ယောနယ် ဆောနယ်ဘက်က ချာတိတ်လေးတစ်ယောက်နဲ့ စကားပြောဖြစ်တော့ အခုအထိ ပညာသည်တွေ ရှိသေးတယ်လို့ ပြောကြတာပဲ...တစ်ခါလောက်တော့ သွားကြည့်ဦးမှလို့ စိတ်ကူးထားမိပါရဲ့...အိမ်ထောင်ကျပြီးမှ သွားတာဆိုတော့ ကိုစောနောင်လို့ ကျားဖြူ ကျားနက်တော့ မတွေ့တန်ကောင်းဘူးလို့ မျှော်လင့်ရတာပါပဲ...