Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, October 01, 2014

သီတင်းကျွတ် လပြည့်ည

ဖြိုးဖြိုးဖတ်ဖို့
ကောင်းကင်ကြီးက ကြည်လင် အေးမြလိုက်တာ။ ဒီကနေ့ ဟာ သီတင်းကျွတ်လပြည့်နေ့ ။ 
အရပ်ထဲက ခလေးတွေ နေ့ မရှောင် ညမရှောင် အုံးအုံးကျွက်ကျွက် ညံစာ လို့  ဗြောက်ဖေါက်သူဖေါက် မီးပန်း ရှို့သူရှို့ ပျော်နေကြတယ်။ သူတို့ ဒီလိုပျော်နေကြတဲ့အကြောင်းရင်း ဘာ့ကြောင့်ဆိုတာ သူတို့ သိကြရဲ့လား။ သူတို့မိခင်တွေက ပြောပြကြရဲ့လား။ ခလေးတယောက်က ဘာကိုကြားလို့လည်းမသိ။ ... မင်္ဂလာ ဆောင် ပွဲလေး ကျင်းပ နေတယ်  သူများကို  အားကျမိတယ် အချစ်ကလေး ..ရယ်   ဘယ်လို လဲ ပြော ... တဲ့ ဆိုနေလိုက်တာ။ များသောအားဖြင့် လူတွေဟာ သီတင်းကျွတ်ရင် မင်္ဂလာဆောင်ပွဲတွေ လာတော့မယ် ဆိုပြီး လက်ဖွဲ့ ငွေအတွက် စိတ်ပူ နေကြသလား မသိနိုင်ပါ။
လပြည့်ညရဲ့  ပ၀င်းတဲ့ လမင်းဟာ ဗုဒ္ဓမြတ်စွာဘုရားကို သူ့ အလှ သူ့ ရောင်ခြည်နဲ့အားရ ပါးရ  ပူဇော်ဖို့ထွက်ပြူလာဟန်ရှိရဲ့။ ပြာမှောင်ရီလဲ့နေတဲ့ ကောင်းကင်ကြီးမှာတော့  ကြယ်ကလေးတွေကို  မတွေ့ရဘူး။ ဘယ်ဆီများရှောင်ပုန်းနေကြပါလိမ့်။ လရောင်ကို မတုပနိုင်လို့  အားမတန် မာန်လျော့ ပုန်းကွယ်နေသလား။

သီတင်းကျွတ်အကြောင်း ခလေးတွေ ပြည့်ပြည့်စုံစုံ သိအောင် ပြောပြချင်လိုက်တာ ဖြိုးဖြိုးကိုတော့ ပြောပြဖူးပါရဲ့ ။ ဒါပေမဲ့  မ၀သေးဖူး ပြောရတာ ခု ခလေးတွေနဲ့အတူ  တစ်ခါထပ်လို့ ပြောချင်တယ်။ သီတင်း ကျွတ်တယ် ဆိုတာ အကြမ်းအားဖြင့် ပြောရရင် ဘုရားရဟန်း သံဃာတော်များဝါဆိုလပြည့် ကနေ  ၀ါခေါင် တော်သလင်း  သီတင်းကျွတ်လပြည့် နေ့ အထိ မိုးတွင်း သုံးလတိုင်တိုင် မိမိကျောင်းမှာပဲ ၀ါဝင်ပြီး နေထိုင်ကြတာကို ၀ါဆိုတယ် လို့ ခေါ်တယ်။ ဝါဆိုရတဲ့ အကြောင်းရင်းကလည်း ရဟန်းသံဃာများ ခရီးသွားတဲ့အခါ မိုးတွင်းကာလ လူတို့ စိုက်ပျိုးအပ်တဲ့ သီးနှံစပါးများကို နင်းမိ ခြေမိတဲ့အတွက် လူတို့ငြိုငြင်သမှုရှိလို့   ဘုရားရှင်သိတော်မူတဲ့အခါ သံဃာအများကို မိုးတွင်း ခရီးမသွာရန် မိမိတို့ ကျောင်းမှာပဲ နေထိုင်ကြရန် ပညတ်တော်မူပြီး မိမိကိုယ်တော်တိုင် ၀ါဆိုတော်မူတယ်။ တာဝတိံသာမှာ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿီတာနတ်သားကို  အကြောင်းပြပြီး အဘိဓမ္မာတရားတော်မြတ်ကို  ဟောကြားရင်း သတ္တမအကြိမ်ဝါဆိုတော်မူတာဖြစ်တယ်။
သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်မှာ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿီတာနတ်သားကို အမှုးပြုကာ စကြ၀ဠာတိုက်တသောင်းက နတ်ဗြဟ္မာ အပေါင်းတို့ အား  အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူတာဖြစ်တယ်။

ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ မိမိကိုယ်ပွား နိမ္မိတဘုရားတဆူ ဖန်ဆင်းထားရှိခဲ့ပြီး အဘိဓမ္မာ တရားတော် မြတ်ကို  တာဝတိံသာ နတ်ပြည်မှာ  ၀ါတွင်း သုံးလ တိုင်တိုင် ဟောကြားတော်စေပါတယ်။ လူသားဖြစ်တဲ့ မိမိကိုယ်တိုင်ကမူ က္ကရိယာပုဒ် မျှတစေဖို့ နဲ့  အဟာရဆွမ်းအလို့ငှာ ကိုယ်တော်တိုင်  ခံယူ ဖြည့်တင်း ဘုန်းပေးတဲ့ အမှုကိစ္စများကို ဆောင်ရွက်စီမံရတယ်။ တချိန်တည်းမှာပဲ ရှင်သာရိပုတ္တရာ အမှူးပြုတဲ့ သာဝကငါးရာကိုလည်း အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားပြသ သွန်သင်ခဲ့တယ်လို့  ဆိုပါတယ်။အဲဒါကြောင့် အဘိဓမ္မာအခါတော်နေ့ လို့  တွင်နေတာဖြစ်ပါတယ်။ သုံးလပြည့်မြောက်ပြီး လပြည့်ညရဲ့ သာယာလှတဲ့ညချမ်းအချိန်မှာတော့ ငွေစောင်းတန်း၊ ရွှေစောင်းတန်း၊ ပတ္တမြားစောင်းတန်း မှာ အလယ် ပတ္တမြားစောင်းကနေ ဘုရားရှင် ဟာ တင့်တယ်စွာ  ဆင်းသက်ပါတယ်။ သင်္ကသနဂိုလ်ပြည်သို့  (လူ့ပြည်သို့) ဆီမီးရောင်စုံ ထွန်းညှိပူဇော်လာတဲ့ နတ်ဗြဟ္မာများက ငွေစောင်းတန်း၊ ရွှေ စောင်းတန်းများက နေ လိုက်ပါ ခြံရံ ဆင်းသက်ကြတယ်တဲ့။ ကောင်းကင်က ထွက်ပြူလာတဲ့ ငွေလ၀န်းနှင်အတူ နတ်ဗြဟ္မာများခြံရံပြီး အဲဒီလို တာဝတိံသာမှ ဆင်းသက်လာတဲ့ ဗုဒ္ဓမြတ်ဘုရားရှင်ကို လူတို့ ကလည်ုး သဒ္ဓါကြည်ညိုစွာ မီးရောင်စုံ ထွန်းညှိ ပူဇော်ကြတယ်။ ဒါကို သီတင်းကျွတ်ပွဲ လို့  သာမန်အားဖြင့် ခေါ်ဆိုကြပါတယ်။

ရဟန်းတော်အချင်းချင်းလည်း တစ်ဦးကို တစ်ဦး အပြစ်ရှိလျှင် ရှိကြောင်း ၀န်ခံခြင်း ခွင့်လွှတ်တောင်းပန်ခြင်းများပြုပြီး ပ၀ါရဏာပွဲ ဆင်နွဲကြပါတယ်။ မိဘဆရာသမား ၀ါကြီးသူများစသည် ပူဇော်လေ့ ရှိကြပါတယ်။ လူ့ ပြည်က လူအပေါင်းတို့ ကလည်း ဘုရား၊ ကျောင်း၊ ဇရပ်၊ အိမ်၊ သိမ် စသည် နေရာအနှံ့ အပြားမှာ မီးရောငိစုံများထွန်းညှိပြီး ဘုရားရှင်ကို ကြိုဆို  ပူဇော်ကြတယ်။ ဒါဟာ မြန်မာ ဗုဒ္ဓဘာသာဝင်တို့ ရဲ့ ဓလေ့ထုးံစံ  ရိုးရာ ယဉ်ကျေးမှု ဖြစ်ပါတယ်။ မီးမြင့်မိုရ်ပွဲ လို့ လည်း ခေါ်ဆိုပါတယ်။ဒီအကြောင်း ပုဂံဘုရား ဆေးရေး ပန်ချီကားတွေမှာ တွေ့ ရှိရတဲ့အတွက် မီးမြင့်မိုရ်ပွဲကို ပုံဂံခေတ်ကတည်းက အလေ့အကျင့် ရှိခဲ့ကြောင်းသိရတယ်။ နေ့ တာနဲ့ ညတာ တူညီမှု ရှိတဲ့အတွက်လည်း တူရာသီလို့  ခေါ်ဆိုကြောင်းသိရှိရတယ်။
“သီတင်းကျွတ်ပြီ တူရာသီ အာသ၀ဏီ ရွှန်း၊ ကြာမျိုးလည်းစို မီးမြင်းမိုရ် ဗဟိုအချာထွန်း” စသည် ရှေးစာဆိုများက ဖွဲ့ဆိုခဲ့ကြပါတယ်။ 

...ဆီမီးရောင်ရှိန် ၊ 
အိုင်မင်းရေကြည်က .. ၊
..ကြာငါးမည် ငုံအာပွင့်တယ်.. ၊
ဖူးစွင့်သည်ချိန်.. ။
..
.အဿဝဏီ တူညီချဉ်းပါလို့ .. ၊
လင်းလာတဲ့ငွေတာရိန်ရယ်.. ၊
...ပြာမှိန်လျက် မြူခြေဆိုင်း .. ။
.
..ဂါရဝေ ၊ သဒ္ဓါခြွေကန်တော့ပွဲရယ်နှင့် .. ၊
...မစဲပေါင် ကုသိုလ်ပျိုးကြတယ် .. ၊
 မျိုးမြန်မာတိုင်း။............ လို့   … ရှေးစာဆိုတို့  စာချိုးတာ ကိုလည်း  တွေ့ ကြရတယ်။

 အဿဝတီ ကြယ်နှင့် လမင်းစန်းယှဉ်တယ်  မွန်းတည့်တယ်လို့ ဆိုတယ်။
 ကြာဖြူပန်း ( Nymphaea Lotus )ဟာ ရာသီပန်းလို့ ဆိုတယ်။ ရာသီမသိ ပန်းနဲ့ ညှိ တဲ့။ ကြာပန်းဖြူတို့ပွင့်ရင် သီတင်းကျွတ်ပြီလို့ ဆိုရမှာပေါ့ ။
ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးတဲ့မိုးလ လည်းဖြစ်ပါတယ်။ တောသူတောင်သားလယ်သမား ယာသမား တို့  ဟာ မိမိတို့  စိုက်ပျိုးထားတဲ့ သီးနှံစပါးများ မုချ ဖြစ်ထွန်း အောင်မြင် တော့မယ်လိုကြည်နူးပျော်ရွှင်ကြတဲ့ လလည်း ဖြစ်တယ်။

ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးများဟာ ထေရ ၀ါဒကို သက်ဝင် ယုံကြည်ကြသည်နှင့်အညီ ဘာသာတရားနှင့် မွေ့လျော်ခြင်း သီလမြဲမြံခြငိး။ တင်းတိမ်ရောင့်ရဲခြင်း။ အကုသိုလ်အလုပ်ကို ရှောင်ကျဉ်ခြင်း ရိုးသားဖြောင့်မတ်ခြင်း။ အမျက်မရှိခြင်း။ သည်းခံ ခွင့်လွှတ်ခြင်း စတာတို့နဲ့အတူ လစဉ် ဘာသာရေးဆိုင်ရာ ပွဲတော်များကြားမှာသာ  ပျော်မွေ့ နေကြတာဖြစ်တယ်။

မြန်မာ ကလေးသူငယ်များဟာ ဗုဒ္ဓ ၏ အဆုံးအမ သြ၀ါဒများဖြင့်သာ လိုက်လျောညီထွေ ကျင့်ကြံ အားထုတ်နေကြသူများဖြစ်ပါတယ်။  လပြည့် လကွယ် ဥပုဒ်နေ့များမှာ မိသားစုလိုက် ဘုရားကျောင်းကန်သွားခြင်း ကုသိုလ်ကောင်းမှု ပြုခြင်းငါးလွှတ်ပွဲများကျင်းပခြင်း စတဲ့ ကုသိုလ်ကောင်းမှုများဖြင့်သာ မိမိတို့  လူမှုဘ၀ကို ကျော်ဖြတ် ရှင်သန် နေထိုင်ကြသူများပါ။ မြန်မာတို့ မှာ လစဉ် ၁၂လရာသီ ပွဲတော်များရှိသည့်အတိုင်း သီတင်းဝါလ ကျွတ်သည့် အခါမှာဘုရားအမှူးပြုသော သံဃာတော်မြတ်တို့ နှင့်တကွ မိဘ ဆရာသမားများ၊ ဂုဏ်ရှိသူ၊ ဂုဏ်နိမ့်သူ မခွဲခြား မာန်ချဖြေလျော့ကာ ကန်တော့ကြတယ်။

မီးရှူးမီးပန်းများ ပစ်လွှတ်ကြတဲ့ အဓိပ္ပါယ်ကတော့ တာဝတိံသာမှာ ရှိတဲ့ စူဠာမဏိ စေတီတော်ကို ပူဇော်ကြတဲ့သဘောကို ဆောင်တာဖြစ်ပါသတဲ့။
ဒီစူဠာမဏိ စေတီတော်ဟာ သိဒတ္တမင်းသား ဆံတော်ပယ်စဉ်က ဗြဟ္မာမင်း ရတနာပန်းတောင်းနဲ့ ခံယူ ပြီး စေတီ တည်ထားခြင်း ဖြစ်ပါတယ်။

ကြာငါးမည် ကြိုင်သင်းလို့၊ 
လျှံဝင်းတဲ့ ပြောင်ထိန်၊ 
ရွေမန်းဆို တောင်တော်ဦးမှာ၊
 ကွန့်မြူး မြင်းမိုရ်မီး၊ 
ညီး တဲ့ခါချိန်။   ။
 ရှိဦးငယ်နှိမ်၊ 
သုံးကြိမ်ပ ရိုပျောင်း။ 
သက္ကစ္စာ ဂါရ၀ါနှင့်၊ 
စဉ်အလာ ပူဇော်ပွဲကို၊
 နွှဲကြပေတောင်း။  ။

(အမည်မသိ)

ခင်မေသစ်

No comments: