ဘဲလ်ဂရိတ်မြို့ကို ကြိုက်ရဲ့လား တဲ့ ၊ ဒီ မေးခွန်းကို ကျွန်မ ဘဲလ်ဂရိတ်မြို့ကိုရောက်ပြီး သိပ်မကြာပါဘူး၊ ခဏခဏ အမေးခံရပါတယ်၊ ပထမတော့ ဘာကိုကြိုက်ပြီး ဘာကိုမကြိုက်မှန်း ကျွန်မ တကယ့်ကိုဝေခွဲမရ စဉ်းစားမရနဲ့၊ ကျွန်မရဲ့အဖြေကလဲ တိတိကျကျှမရှိလှဘူး၊ ကျွန်မရဲ့ အကျင့်ကလဲ + အိုး သိပ်ကြိုက်တာပေါ့ .. အိမ်မက်ထဲက တိုင်းပြည်အလားးပဲ .. သိပ်ထူးခြားခမ်းငြားလှတဲ့ မြို့ပါ + လို့ မြှောက်ပင့်ဖြီးဖြန်းပြီး သမိုင်းနဲ့ ချီ မချီးမွန်းတတ်လေတော့ ကျွန်မရဲ့အဖြေကို ဘဲလ်ဂရိတ်မြို့သားတွေ ကြိုက်၊ မကြိုက်မသိနိုင်ဘူး၊ ကျွန်မ မေမေ က နိုင်ငံတိုင်းရဲ့ သမိုင်းကြောင်းတွေ အထူးသဖြင့်နိုင်ငံရေး အခြေအနေသိပ်စိတ်ဝင်စားသူမို့ ဘဲလ်ဂရိတ်မြိ့မရောက်ခင်ကတည်းက ဆားရ်ဘီးယားနိုင်ငံသမိုင်းကြောင်း မေမေ့ဆီက တဆင့် သိထားခဲ့ပြီးပါပြီ။
ပထမဆုံး ကျွန်မ အမျိုးသားရဲ့မာမား(မေမေ) က မေးတယ်။ ဘဲလ်ဂရိတ် ရောက်ပြီး တစ်ပတ်လောက်ကြာတော့ “ဘဲလ်ဂရိတ်မြို့ကို ကြိုက်ရဲ့လားတဲ့၊ ဘယ်လိုကြိုက်တာလဲ” တဲ့ ကျွန်မရဲ့ ပထမဆုံးအဖြေက ++ တမြို့လုံး ကုန်းမြင့်မြင့်တွေ အနိမ့်အမြင့် ဆင်ခြေလျှောတွေနဲ့ အဲဒါကို ကြိုက်တယ်၊ ရန်ကုန်နဲ့မတူဘူး++ ဖြေမိသွားတယ်။ ဟုတ်တယ် မြို့လယ်ခေါင်ကပဲ အနိမ့်အမြင့် ကုန်းမြေပေါ်မှာ လမ်းတွေဖောက်ထားကြတယ်၊ ဟိုးရှေးရှေးက တောင်ကုန်းအနိမ့်အမြင့်တွေထဲက ဘဲလ်ဂရိတ်မြို့ကို ပုံဖော်ကြည့်လိုက်ပါသေးတယ်။ စက်ဘီးစီးဖို့လမ်း၊ လူသွားလမ်းတွေကို ကားလမ်းမတစ်ဖက်တစ်ချက်စီမှာ ရှိကြတယ်။ စက်ဘီး စီးရတာ သိပ်ပျော်ဖို့ကောင်းပါတယ်၊
Tuesday, October 27, 2009
Sunday, October 18, 2009
ပေါပ့်ဘုရင်မ မက်ဒေါနားရဲ့ ဘဲလ်ဂရိတ်ည
Posted by
PhyoPhyo
at
Sunday, October 18, 2009
Labels:
ဂီတပွဲအတွေ့အကြုံဆောင်းပါး,
ပေါပ့်ဘုရင်မ မက်ဒေါနားရဲ့ ဘဲလ်ဂရိတ်ည

ဘဲလ်ဂရိတ်မြို့က ဂီတပရိတ်သတ်တွေ မျှော်လင့်နေတဲ့ ညတညရောက်လာခဲ့ပါပြီ။ သြဂုတ်လ ၂၄ ရက်နေ့ညမှာ နယူးဘဲလ်ဂရိတ် အူးစ်ချက်(Ušće)စူပါမားကတ်အနီးက အူးစ်ချက်ပန်းခြံကွင်းပြင်မှာ ဖျော်ဖြေခဲ့တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေက အဲဒီအူးစ်ချက်မှာပဲ ဘီယာပွဲတော်ပြုလုပ်ခဲ့ပါသေးတယ်။ ဥရောပ ဘီယာတွေအများစု တွေ့ရပြီး Beck's, Heniken လောက်သာ သိလိုက်ပါတယ်။ ဘီယာပွဲတော်မှာတော့ ဆားရ်ဘီးယန်းလူငယ်ဂီတအဖွဲ့တွေ ဖျော်ဖြေခဲ့ကြတယ်။ (Serbian လို့ အင်္ဂလိပ်လိုစာလုံးပေါင်းမှာ သူတို့က ဆားရ်ဘီးယန်းလို့ရသံပီပီသသထွက်ပြောပါတယ်) ABBA သီချင်းတွေကို မူရင်းအတိုင်း သီဆိုသွားတယ်။ ဘီယာခွက်တွေကိုင်ရင်း Money Money Money လို့ သံပြိုင်သီဆိုနေခဲ့ကြတဲ့ ဆားရ်ဘီးယန်းလူငယ်တွေကို တွေ့ဖူးထားတော့ အခုတစ်ခါ ပေါပ့်ဘုရင်မ မက်ဒေါနားသီချင်းတွေနဲ့ ရင်းနှီးနေကြမလား သိချင်မိတယ်။ လက်မှတ်မှာ ကင်မရာယူခွင့်မရှိ မိုဘိုင်းလ်ဖုန်းယူနိုင်တယ်လို့သတိပေးထားပါတယ်။
ည ကိုးနာရီမှာ မက်ဒေါနားက စပြီးဆိုမယ်လို့သိထားကြပေမဲ့ ခပ်စောစောပဲ အူးစ်ချက်ကွင်းပြင်ဆီထွက်ခဲ့ကြတယ်။ အခုအချိန်က နွေရာသီဆိုတော့ နေ့တာသိပ်ရှည်လွန်းတယ်။ မနက် ၅နာရီမိုးလင်းနေပြီး ညဆို ၈နာရီခွဲလောက်မှ နေ၀င်တော့ အူးစ်ချက်ကွင်းပြင်ရှေ့အရောက် ၈ နာရီကျော်နေပေမဲ့ နေ၀င်ခါစ အချိန်ပါ။ လမ်းတစ်လျှောက် ဆားရ်ဘီးယန်းလူငယ်တွေ အူးစ်ချက်ကွင်းပြင်ဆီ လှုပ်လှုပ်ခပ်ခပ် သွားလာနေကြတယ်။ ဥရောပသားတွေရဲ့ဝတ်စားဆင်ယင်မှုအတိုင်း ဂီတညတစ်ညနဲ့အပြိုင် အံဝင်ခွင်ကျဖြစ်နေကြပြီ။ အနက်ရောင်၊ ဆံပင်ရှည်လျားလျား ဆားရ်ဘီးယန်းလူငယ်တွေ တွေ့ရပေမဲ့ မြန်မာနိုင်ငံက ဂီတပွဲတွေမှာ အားလုံးနီးပါး အနက်ရောင်လူငယ်တွေ ပြည့်သိပ်နေကြတာမျိုးတော့ မဟုတ်ပါဘူး။ မြန်မာလူငယ် ဂီတပရိတ်သတ်တွေလောက် အနက်ရောင်သိပ်မကြိုက်ကြဘူးလို့တောင် အတွေးဝင်မိပါသေးတယ်။
မီးအရောင်စုံထွက်နေတဲ့ မျက်မှန်တွေတပ်ဆင်ထားတဲ့ ခပ်ရွယ်ရွယ်မိန်းကလေးတွေက အဖြူရောင်နဲ့ အရောင်ခပ်လွင်လွင် တောက်တောက်ပပ ၀တ်ဆင်ထားကြတယ်။ ကွင်းပြင်ရှေ့ ရင်ပြင်မှာ လူငယ်တွေအုပ်စုလိုက်ပြည့်သိပ်နေကြပြီ။ ဆားရ်ဘီးယန်မိသားစုတွေပါ ကလေးငယ်လေးတွေလက်ဆွဲလို့ ကွင်းထဲကို ၀င်ဖို့ တန်းစီနေကြပြီ။ ကွင်းထဲကိုအသွားလမ်းမကြီးကို အလယ်က သံဇကာတွေ အပြည့်ကာထားတာတွေ့လိုက်ရတယ်။ ကွင်းထဲကိုအသွား လမ်းမတစ်လျှောက် ရဲသုံးယောက် ၂ယောက်တစ်စုစီ လုံခြုံရေးအပြည့်အသိပ် ချထားတယ်။ ကွင်းထဲမှာသီချင်းသံတွေဆူညံနေပါပြီ။ ဆားရ်ဘီးယန်းလူငယ်တွေလဲ ကခုန်နေကြပြီ။ မက်ဒေါနားမဆိုခင် တခြားဂီတအဖွဲ့တွေဖျော်ဖြေနေကြတယ်။ စင်မြင့်ရဲ့ တစ်ဘက်တစ်ချက်မှာ တလက်လက်တောက်နေတဲ့ M ဆိုတဲ့ စာလုံးတွေက စင်ရဲ့အမြင့်ထက်တောင်ပိုကြီးနေပါသေးတယ်။ ကွင်းရဲ့ညာဖက်နားမှာ မသန်စွမ်းသူတွေ ကြည့်နိုင်မယ့်စင်မြင့်ခပ်သေးသေးတစ်ခုလုပ်ထားပေးပါတယ်။ တရုတ်လူမျိုး ၄၊ ၅ ယောက် လောက်တွေ့လိုက်ရတယ်။ အရေးပေါ်ကယ်ဆယ်ရေးဝတ်စုံတွေနဲ့ ဆေးအဖွဲ့သားတွေကိုလဲ ခပ်များများတွေ့ရတယ်။ ည ကိုးနာရီခွဲပြီးတဲ့အထိ မက်ဒေါနားက ငြိမ်ချက်သားကောင်းနေပါသေးတယ်။ ကွင်းထဲကဆားရ်ဘီးယန်းဂီတပရိတ်သတ်တွေက ကိုယ့်အစုနဲ့ကိုယ် ကခုန်နေကြတယ်။ မက်ဒေါနားကိုစောင့်နေကြတဲ့ပရိသတ်တွေက When you call my name its like a little prayer.. I'm down on my knees.. I wanna take you there ... လို့ အော်ဟစ်သီဆိုကြတယ်။ မက်ဒေါနားရဲ့ သီချင်းတော်တော်များများ သူတို့သိထားကြပါတယ်။ တပုဒ်ပြီးတပုဒ် အော်ဟစ်သီဆိုနေကြပေမဲ့ မက်ဒေါနားက ၁၀ နာရီထိုးခါနီးအထိ ပေါ်မလာသေးပါဘူး။
၁၀နာရီထိုးခါနီးတော့ စင်မြင့်ဘေးက LED screen ကြီးနှစ်ခုမှာ ကြော်ငြာတာတွေရပ်သွားပြီး M ဆိုတဲ့စာလုံးကိုပဲပြထားတယ်။ မက်ဒေါနားရဲ့သီဆိုပုံကိုကြည့်ချင်နေတဲ့ ပရိတ်သတ်တွေ ပိုပိုပြီး လှုပ်လှုပ်ရှားရှားဖြစ်လာကြတယ်။ ၁၀ နာရီကျော် ပြီး ၃ မိနစ်လောက်မှာတော့ count down လုပ်တဲ့ ၅ ၄ ၃ ၂ ၁ အသံကြားလိုက်ရပြီး မက်ဒေါနား ပရိတ်သတ်မြင်ကွင်းထဲ ရောက်လာတယ်။ မီးရောင်စုံတွေက ဟိုကဒီကလင်းလက်ကုန်တယ်။ မိုဘိုင်းလ်ဖုန်းတွေလေထဲမြောက်တက်ကုန်ကြတယ်။ CANDY SHOP သီချင်းနဲ့ ဘဲလ်ဂရိတ်ဂီတညကို စတင်လိုက်ပါတယ်။ C.. A.. N.. D.. Y ဆိုတဲ့ စာလုံးတွေ playback screen မှာ ထိုးပြပြီး ကြွက်သားအဖုဖုနဲ့ တက်ကြွသွက်လက်နေဆဲ ပေါ့ပ်ဘုရင်မက ခုန်ပေါက်သီဆိုပါတယ်။ အနက်ရောင် ၀တ်စုံဝတ်ထားပြီး I'll be your one stop လို့ဆိုတယ်။ သီချင်းက ချစ်စရာကောင်းပါတယ်။ ဒီသီချင်းကို ဆားရ်ဘီးယား ဂီတပရိတ်က သိနေကြတယ်။ အားပါးတရ လိုက်ဆိုကြတယ်။ my sugar is raw, sticky and sweet လို့ဆိုတဲ့ rap စကားပြောဆန်ဆန်ဆိုတဲ့နေရာမှာတော့ music video မှာလို နားထောင်ရသိပ်မကောင်းပါဘူး။ အတီးနဲ့ ကွဲထွက်သွားတယ်။
CANDY SHOP ပြီးတော့ All right Serbia, this is what I am talking about ဆိုပြီး ဆားရ်ဘီးယန်းပရိတ်သတ်နဲ့ စကားစမြည်ပြောရင်းနှုတ်ဆက်လိုက်တယ်၊ အဖွဲ့သား ဗြိတိန်လူမျိုး DJ Paul Oakenfold ကို မက်ဒေါနားက မိတ်ဆက်ပေးတယ်။ နောက်တော့ tick tock tick tock tick tock ဆိုတဲ့ မက်ဒေါနားအဆိုနဲ့ အတူ ကမ္ဘာကြီးကိုကယ်ဆယ်ဖို့ ၄မိနစ်ပဲကျန်တော့တယ်ဆိုတဲ့ သီချင်းတေးသွားပေါ်လာပေမဲ့ 4 MINUTES သီချင်းကိုမဆိုပဲ VOGUE သီချင်းကို အဲဒီ tick tock တေးသွားနဲ့သီဆိုသွားပါတယ်။ playback ပုံရိပ်တွေမှာ ကမ္ဘာတ၀ှမ်းက ဆိုးဝါးတဲ့နိုင်ငံခေါင်းဆောင်တွေပုံ ဟစ်တလာ၊ ရောဘတ်မူဂါဘီ၊ ကင်မ်ဂျုံအီ၊ မာမွတ်အာမက်ဒီနီဂျက်(မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီးအပါအ၀င်)ပြထားပြီး ကမ္ဘာကြီးကပ်ဘေးသင့်နေပုံ၊ စစ်ဒဏ်ရာဒဏ်ချက်နဲ့ လဲပြိုနေတဲ့ အဆောက်အဦးတွေ၊ အစားအစာငတ်မွတ်ခေါင်းပါးနေတဲ့ ကလေးငယ်တွေပုံတွေပေါ်လာပြီး၊ ပြန်လည်ကျန်းမာလာတဲ့ကမ္ဘာကြီးကို မာသာထရီဇာ၊ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ နဲ့ယှဉ်ပြသွားတယ်။ ပြီးတော့ ငွေရောင်တလက်လက်တောက်ပနေတဲ့ ကားတစ်စီးနဲ့ အဖွဲ့သားခုနှစ်ယောက်လောက်နဲ့အတူ မက်ဒေါနားကားပေါ်ကဆင်းလာလိုက်တယ်။ နောက်တော့ ငွေရောင်ကားနဲ့ အဖွဲ့သားတွေ ပရိတ်သတ်တွေရှေ့ကထွက်ခွာကြတယ်။
ဦးထုတ်ဖြူဆောင်းထားတဲ့မက်ဒေါနားက ဂစ်တာကိုတီးရင်း MILES AWAY သီချင်းကိုဆိုတယ်။ MILES AWAY သီချင်းအပြီး စင်နောက်ကိုပြေးသွားတဲ့မက်ဒေါနားက တောက်ပလွန်းတဲ့ မီးရောင်တွေအပြောင်းအလဲကြားမှာပဲ ၀တ်စုံလဲပြီးသားဖြစ်နေတယ်။ ဖော်မြူလာဝမ်းကားပြိုင်ပွဲတွေမှာ ကားဘီးတွေလျှပ်တပြက် ပြောင်းလဲတပ်ဆင်ကြသလို မက်ဒေါနားအ၀တ်အစားပြောင်းလဲပုံက မြန်ဆန်လှတယ်။ စကပ်တိုတိုအနီရောင် နဲ့ခြေအိတ်ရှည်အနက် အနီအနက်နဲ့ မက်ဒေါနားက သီချင်းဟောင်းတပုဒ် INTO THE GROOVE ကို ကျောင်းသူတစ်ယောက်စတိုင်လ် ချစ်စဖွယ် သွက်လက်လွန်းလှစွာသီဆိုပါတယ်။ အတီးတွေအားလုံးကို live show ပရိတ်သတ်အတွက် ကခုန်ဖို့ dance music တွေပြောင်းထားတယ်။ သီချင်းတိုင်းကို မြန်မြန်ကြီးပဲ ဆိုပါတယ်။ တစ်ခါတစ်ခါ မက်ဒေါနားရဲ့အသံ electroinc sound ပုံစံပြောင်းလိုက်တယ်။ မက်ဒေါနားရဲ့အကအဖွဲ့သားတွေက သီချင်းကိုသရုပ်ဖော်ကြတယ်။ ခုန်ကြတယ်၊ ကကြတယ်၊ ပရိတ်သတ်တွေပျော်တာထက် စင်ပေါ်ကလူတွေက ပိုတောင်ပျော်ရွှင်နေပုံရတယ်။ ပရိသတ်တွေခုန်နိုင်တာထက် စင်ပေါ်က မက်ဒေါနားက ပိုပြီးတောင်ခုန်နိုင်ပါသေးတယ်။
INTO THE GROOVE အပြီး မိုက်ကယ်ဂျက်ဆင်ကို ဂုဏ်ပြုသရုပ်ဖော်ကြတယ်။ မိုက်ကယ်ဂျင်ဆင်အတိုင်း ၀တ်ဆင်ပြီး မိုက်ကယ်လ်ဂျက်ဆင်အကအတိုင်း ကပြနိုင်ပါတယ်။ အဲဒီ dancer က ဘယ်သူလဲတော့ မသိပါဘူး။ နောက်တစ်ပုဒ် အတွက် မက်ဒေါနားက common common လို့ ဆိုလိုက်တယ်။ ပရိသတ်ရဲ့ အာခေါင်ခြစ်အားပေးသံတွေဆူညံသွားတယ်၊ HOLIDAY လို့ အော်ဟစ်ကြတယ်။ HOLIDAY သီချင်း ကို music can be such a revelation ဆိုတဲ့စာသားနဲ့အတူ ပရိသတ်ပါ စင်ပေါ်က မက်ဒေါနားအဖွဲ့သားတွေနဲ့အတူ ပိုပြီးဟန်ချက်ညီညီ ခုန်ပေါက်သီဆိုကြတယ်။ performer ၂၈ ယောက်၊ dancer ၁၆ ပါဝင်တဲ့ မက်ဒေါနားရဲ့ ဖျော်ဖြေမှုမှာ ဆားရ်ဘီးယန်းဂီတပရိတ်သတ်တွေကျေနပ်ပုံရပါတယ်။ မိန်းကလေးတစ်ယောက်မူးလဲတာကို ဆေးအဖွဲ့က ပြုစုကုသနေတာကိုလဲ တွေ့လိုက်ရတယ်။ ကျန်တဲ့ ဂီတပရိတ်သတ်အားလုံးနီးပါး ခိုက်ရန်ဖြစ်ပွားမှုမရှိပဲ ပျော်ရွှင်သွက်လက်နေကြတယ်။
ပထမပိုင်း အပြီး ခဏနားချိန်မှာ မီးအလင်းတွေတလက်လက်၊ ဘီယာစည်တွေကျောပေါ်မှာပိုးထားတဲ့ အမျိုးသမီး၊ အမျိုးသားအချို့ ဘီယာသောက်ချင်နေသေးတဲ့ သူတွေအတွက် လိုက်ဖြည့်ပေးနေတဲ့ beer service ကလဲစိတ်ဝင်စားစရာပါပဲ။ ဒုတိယပိုင်းမှာ ဂစ်တာတီးပြီး YOU MUST LOVE ME ဆိုတဲ့သီချင်းကို ခပ်အေးအေး၊ ခပ်ဖြည်းဖြည်းပဲ သီဆိုပါတယ်။ Where do we go from here?This isn't where we intended to be ... We had it all, you believed in me ... I believed in you.. စာသားတိုင်း ပီပီသသ သီဆိုပါတယ်။ အဲဒီသီချင်းအဆုံး ဆားရ်ဘီးယန်းဂီတပရိသတ်တွေရဲ့ အားပေးချီးမြှောက်တဲ့လက်ခုပ်သံတွေ တခြားသီချင်းတွေထက် ပိုပြီးဆူညံသွားတယ်။ ပြီးတော့ Are you ready to dance? လို့ ပရိသတ်ကိုမေးရင်း အခြေအနေကို မက်ဒေါနားက စူးစမ်းတယ်။
နောက်တော့ LA ISLA BONITA သီချင်းကို ယူကရိန်းဂျစ်ပဆီဂီတအဖွဲ့နဲ့ အတူဖျော်ဖြေပါတယ်။ ဂျစ်ပဆီ ရိုးရာသီချင်းတွေပေါင်းပြီး သီဆိုတယ်။ အနက်ရောင်လက်ရှည်လက်စည်းဖောင်းဖောင်း အနက်ရောင်ဝတ်စုံမှာ ရောင်စုံတလက်လက်ကြိုးတွေစည်းထားတဲ့ ၀တ်စုံက သီချင်းနဲ့ အလိုက်ဖက်ဆုံးပါပဲ။ ရောင်စုံပုတီးတွေလဲ ခပ်များများဝတ်ဆင်ထားတယ်။ I want to be where the sun warms the sky စတဲ့ ... LA ISLA BONITA သီချင်းစားသားတစ်ကြောင်းဆိုပြီးတိုင်း ဂျစ်ပဆီရိုးရာအကနဲ့အတူ တယောသံ၊ အကော်ဒီယံ၊ ဟော်လိုဂစ်တာအတီးတွေက ၀င်ပါတယ်။ ရိုးရာရောင်စုံအ၀တ်အစားတွေဝတ်ဆင်ထားတဲ့ မက်ဒေါနားရဲ့ အကအဖွဲ့ကလဲဆားရ်ဘီးယန်း၊ရိုးမေးနီးယန်း၊ ဘူလ်ဂေးရီးယန်းတွေရဲ့ ရိုးရာအကမျိုးလို သွက်သွက်လက်လက်ကကြတယ်။
ပရိသတ်သတ်တွေရဲ့လက်ခုပ်သံကလဲ သီချင်းစည်းချက်အတိုင်း ဟန်ချက်ညီနေတယ်။ စင်ပေါ်မှာ အသွက်လက်ဆုံး ခုန်ပေါက်ကခုန်ကြတဲ့အခါ စင်အောက်ကပရိတ်သတ်လိုက်မခုန်နိုင်တော့ပါဘူး။ မိုလ်ဘိုင်းဖုန်းတွေနဲ့ ပုံ၊ ဗီဒီယိုဖိုင် ရနိုင်သမျှယူကြတယ်။ ပရိသတ်ထဲထိ သွားနိုင်တဲ့ stage row အတိုင်း ပရိသတ်နဲ့ နီးနိုင်သမျှနီးအောင် မက်ဒေါနားနဲ့အဖွဲ့က ကခုန်ရင်းရှေ့ကိုတိုးတိုး သွားကြတယ်။ ပရိသတ်တွေရဲ့ အားပေးသံတွေ အူးစ်ချက်ပန်းခြံထဲ ပေါက်ကွဲလွင့်ပျံနေကြတယ်။ LA ISLA BONITA အပြီး Life is a mystery... ဆိုတဲ့ Like a prayer သီချင်းအ၀င်စာသားကို ခပ်ဖြည်းဖြည်းဆိုပြီး သီချစ်တစ်ပုဒ်လုံးကို dance music စတိုင်လ်တီးထားပြီး မြန်မြန်ကြီးဆို၊ မြန်မြန်ပဲ ကကြတယ်။ LIKE A PRAYER သီချင်းမှန်းမသိနိုင်လောက်အောင်ကို မြန်ပါတယ်။
FROZEN သီချင်း၊ 4 MINUTESသီချင်းတွေကိုသီဆိုတယ်၊ အဲဒီနောက်တော့ GIVE IT TO ME သီချင်းကို သီဆိုတော့ စင်ပေါ်စင်အောက် မီးရောင်စုံ အလင်းတန်းတွေ စူးစူးရှရှထွက်ပေါ်လာတယ်၊ အပြာရောင်မီးရောင်တွေကဲနေတဲ့စင်ပေါ်မှာ အနက်ရောင်အ၀တ်အစားနဲ့ မက်ဒေါနားက သေသေချာချာကခုန် သီဆိုပါတယ်။ ပရိသတ်တွေဆီ မီးအလင်းတန်းတွေ စူးစူးရှရှ ဖြာကျလာတယ်။ မီးရောင်စုံတွေ ရှုပ်ယှက်ခတ် ပြေးလွှားနေသလို ပရိသတ်တွေလဲ ရှုပ်ယှက်ခတ်ကခုန်ရင်း ပျော်ရွှင်နေကြတယ်။ ပရိသတ်တစ်ချို့ လူအုပ်ထဲက တိုးထွက်လာကြတယ်။ နွေရာသီဆိုပေမဲ့ ညလယ်မှာအအေးဓါတ်က ပိုလာပါတယ်။ မက်ဒေါနားက ပရိတ်သတ်ဆီ မိုက်ကရိုဖုန်းကို ထိုးပေးရင်း Give it to me .. no one's gonna show me how လို့ ပရိသတ်တွေက သီဆိုကြတယ်။ ပရိတ်သတ်လဲ ခုန်လို့ မောလောက်တဲ့အခါ GIVE IT TO ME .. လို့ မက်ဒေါနားက အဆုံးသတ်ဆိုလိုက်တယ်၊ Game Over ဆိုတဲ့ စာသားပေါ်လာပြီး Thank you Belgrade, good night လို့ မက်ဒေါနားက နှုတ်ဆက်ရင်း ဘဲလ်ဂရိတ်ရဲ့ pop dance ညတစ်ညကို ရပ်တန့်လိုက်ပါတယ်။
ပရိသတ် သုံးသောင်းကျော်လောက်ကြည့်ရှုခဲ့ကြတယ်။ အူးစ်ချက်ပန်းခြံက အပြန်လမ်းတစ်လျှောက်မှာတော့ ပြောင်းဖူးပြုတ်၊ ပြောင်းဖူးမီးကင် ဆိုင်တွေ၊ ကော်ဖီဆိုင်လေးတွေမှာ လူတွေ တိုးဝှေ့ရင်း ၀မ်းဗိုက်ဆာလောင်မှုကိုဖြည့်တင်းကြရင်းနဲ့ အိမ်အပြန်လမ်းမဆီ အရောင်စုံလူငယ်တွေ အလုအယက် ခပ်သုတ်သုတ်ခရီးနှင်ကြပြီ။ ။
![]() |
| Fashion Magazine, December, 2009 |
တကယ်ပါ .. နောက်တစ်ကြိမ် ဖြူဖြူ့ကို မစတော့ပါဘူး ..
Posted by
PhyoPhyo
at
Sunday, October 18, 2009
Labels:
တကယ်ပါ .. နောက်တစ်ကြိမ် ဖြူဖြူ့ကို မစတော့ပါဘူး,
ပင်ကိုရေးဝတ္ထုတို
တကယ်ပါ .. နောက်တစ်ကြိမ် ဖြူဖြူ့ကို မစတော့ပါဘူး
ဒီနေ့ ကျွန်တော့်စိတ်တွေ ၀ုန်းဒိုင်းကြဲလှုပ်ရှားလို့နေလိုက်တာ၊ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်ရဲ့ အသည်းလေးဖြူဖြူ က အသာတကြည်အနားတိုးကပ်လို့ "ကျလိ ကျလိ ကျွိကျွိ"... ကျွန်တော်ဖြင့်ပျော်လိုက်တာ၊
ဘာကြောင့်လဲဆိုတော့ သူနဲ့ ကျွန်တော်က ဘယ်တော့မှ မတည့်ကြဘူး၊ ကျွန်တော်သူ့ အနားတိုးကပ်သွားလိုက်တာနဲ့ သူက နှုတ်သီးတပြင်ပြင် ထိုးဆိတ်ဖဲ့ရွဲ့ဖို့အသင့်အနေအထားနဲ့မို့၊ ဒီနေ့ တော့ သူအင်မတန် ပျော့ပျော့ပြောင်းပြောင်းရှိလှတယ်။ ကျွန်တော့်ရဲ့ ပြောင်းလဲလာတဲ့ အပြုအမူတွေကို ဖြူဖြူခံစားမိပုံရတယ်၊ +အိုး ပျော်လိုက်တာ+
xxxxxxxxxxxxxxx
ဒီနေ့ ကျွန်တော့်စိတ်တွေ ၀ုန်းဒိုင်းကြဲလှုပ်ရှားလို့နေလိုက်တာ၊ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်ရဲ့ အသည်းလေးဖြူဖြူ က အသာတကြည်အနားတိုးကပ်လို့ "ကျလိ ကျလိ ကျွိကျွိ"... ကျွန်တော်ဖြင့်ပျော်လိုက်တာ၊
ဘာကြောင့်လဲဆိုတော့ သူနဲ့ ကျွန်တော်က ဘယ်တော့မှ မတည့်ကြဘူး၊ ကျွန်တော်သူ့ အနားတိုးကပ်သွားလိုက်တာနဲ့ သူက နှုတ်သီးတပြင်ပြင် ထိုးဆိတ်ဖဲ့ရွဲ့ဖို့အသင့်အနေအထားနဲ့မို့၊ ဒီနေ့ တော့ သူအင်မတန် ပျော့ပျော့ပြောင်းပြောင်းရှိလှတယ်။ ကျွန်တော့်ရဲ့ ပြောင်းလဲလာတဲ့ အပြုအမူတွေကို ဖြူဖြူခံစားမိပုံရတယ်၊ +အိုး ပျော်လိုက်တာ+
xxxxxxxxxxxxxxx
Thursday, October 15, 2009
ကျွန်တော်သေတဲ့အခါ
ဂျီးစ် Jeezzz .. မကြည့်ချင်ပါဘူး၊
မကြည့်ချင်ဘူးဆိုပေမယ် မျက်လုံးတွေကို အစွမ်းကုန်ချဲ့ပြီး ပုံတွေအကုန်သေချာကိုကြည့်လိုက်မိသေးတယ်။
အသုဘအခမ်းအနားတစ်ခုက ဖြူဖြူဖွေးဖွေး ဆန့်ဆန့်ရန့်ရန့်ပုံတွေကိုပေါ့။ မကြောက်တတ်လှပေမဲ့ ပုံတွေကိုမျက်လုံးထဲကမထွက်ဘူး။
လူတွေကို ဘာလို့များ ဒီလို ပုံကြီးတွေချပြပြီး စိတ်ညစ်ညူးစေကြလဲ။
ကျွန်တော်သေရင်...
တကယ်ပါ ... ကျွန်တော်သေရင်တော့ လူတွေရှေ့မှာ ဘယ်နေရာက ကြည့်ကြည့် ကြည့်လို့မလှတဲ့ ကျွန်တော့် ရဲ့အသက်မရှိတော့တဲ့ ရုပ်အလောင်းကြီးကို မကြည့်စေချင်ပါဘူး။
ခေါင်းတလား အနက်ရောင် ဒါမှမဟုတ် အဖြူရောင် တခါတည်းပိတ်ထားလိုက်မယ်။ အားနာပါးနာဟန်နဲ့ မျက်နှာတွေကိုအစွမ်းကုန်အပြိုင်အိုမင်းထားကြပြီး မိတ်ကပ်ဖြူဖြူဖွေးဖွေးအရာကြီးကို အသေအချာစိုက်ကြည့်။ ဒီကြားထဲ စိတ်မထင်ရင် စိတ်မထင်သလို ကျွန်တော့်အလောင်းကောင်ကြီးကို ရွှတ်ခနဲ နှုတ်ဆက်အနမ်းပေးကြမယ့်သူတွေလဲ ရှိဦးမယ်။ ဒါပေမဲ့ ကျွန်တော်ပြောရဲတယ် အဲဒီလိုနမ်းရှုံ့လိုက်တဲ့အခါ လူတိုင်း အသက်အောင့်ထားကြမှာပဲ။ ဒါကို ကျွန်တော်သိတယ်။ ဘာလုပ်မှာလဲ၊ အဲဒီလို အဓိပ္ပါယ်မရှိတဲ့အလုပ်တွေ ကျွန်တော်သိပ်မုန်းတယ်။
လူတွေကို မဟုတ်မဟပ်အလုပ်တွေနဲ့ အလုပ်မရှုပ်စေချင်ဘူးဗျ။
ကျွန်တော်ဒီလိုလုပ်မယ်စိတ်ကူးထားတယ်။
ကျွန်တော့်အလုပ်က ဥပမာဗျာ IT ပွဲတစ်ခုရှိလာပြီဆိုတာနဲ့ Presentation တွေကို animate တွေလုပ်၊ ပုံတွေကိုဟိုက၀င် ဒီကထွက် လုပ်ပြရတာမျိုးကိုဗျ။
ဒီတော့ ကျွန်တော့်ရဲ့အသုဘ အခမ်းအနားမှာဆိုရင် ကျွန်တော့်ရဲ့ငယ်ငယ်က ပုံတွေကစပြီး၊ ကျွန်တော်ဘာတွေလုပ်ခဲ့လဲ၊ ကျွန်တော်က ဘယ်လိုလူမျိုး၊ ခပ်ကြောင်ကြောင်လူဆိုရင် ဘယ်လောက်ထိကြောင်တယ်ဆိုတာ projector နဲ့ပြမယ်။ အင်မတန်နောက်ပြောင်တတ်တဲ့သူဆိုရင် ဘယ်လိုနောက်တတ်တယ်ကအစ ဘယ်သူတွေအစအနောက်ခံခဲ့ရတယ်အဆုံး မြင်အောင်ပြမယ်ဗျ။ ကျွန်တော်က ပုံဆွဲတာကြိုက်တဲ့သူဆိုတော့ ဘာတွေဆွဲခဲ့တယ်။ ဘာတွေလုပ်ပြီးပြီ၊ ဘာတွေကိုလုပ်ဖို့ရှိတယ်၊ သေတဲ့အချိန်ကကြိုမသိနိုင်တော့ မလုပ်ရသေးတာတွေရှိနိုင်တယ်မဟုတ်လား။ နောက် သူ ဘယ်သူတွေကိုချစ်တယ်၊ သူ့ကိုသူငယ်ချင်းတွေကနာမည်ပြောင်ဘယ်လိုပေးထားတယ်။ ဒါတွေကို ဖြတ်ခနဲဖြတ်ခနဲပြမယ်။ font တွေကိုလဲ လှလှပပလေးတွေသုံးဦးမယ်။
သူ ဘာသီချင်းတွေကြိုက်လဲ ဒါတွေလဲပြထားမယ်။ အသုဘအခမ်းအနားလာတဲ့လူတွေ မပျင်းမရိရအောင်၊ စိတ်မညစ်ညူးစေအောင်၊ ငိုချိန်ကိုမရအောင် ဖမ်းစားထားချင်တယ်။
အဲဒီထဲမှာတော့ ကျွန်တော့်ကြောင့် စိတ်ညစ်ခဲ့ရသူတွေ။ ကျွန်တော့်ကိုစိတ်ညစ်အောင်၊
ငိုရအောင်လုပ်ခဲ့ကြသူတွေ ... ဒီလူတွေကိုတော့ ဖျောက်ထားလိုက်မယ်။ စိတ်ရှုပ်ကုန်ကြမှာစိုးရိမ်လို့ပါ။
ကျွန်တော့်ရဲ့ အသုဘမှာဆိုရင် free style နဲ့လာနိုင်တယ်။ အနက်ရောင်တော့ဝတ်ခဲ့ကြပါ။ အနက်ရောင်ယဉ်ကျေးမှုတွေစီးမြောနေတဲ့ underground show တွေကို ကျွန်တော်ကသိပ်ကြိုက်တယ်ဗျ ...လူငယ်တွေရဲ့ ရိုးသားမှုတွေကို အမည်းရောင်မည်းမည်းသိပ်သိပ်တွေထဲမှာ လင်းလင်းထင်းထင်းမြင်ရလွန်းလို့။
ရောခ့်ဘိုးအေကြီးတွေရဲ့ show တွေမှုာ တစ်ခါတစ်ရံတွေ့ရတတ်တဲ့ ရန်လိုမှုတွေ လူငယ်တွေကြားမှာ မရှိကြတာ ကျွန်တော့်မှာ အဆန်းတကြယ်ကိုဖြစ်လို့ ... ဒါကိုကြိုက်တယ်။
disco သွားရတာကြိုက်တဲ့ သူငယ်ချင်းတွေကိုလဲ disco ခန်းမထဲကို ၀င်လာသလို
ပေါ့ပေါ့ပါးပါးဟန်နဲ့ဝင်လာစေချင်သေးတယ်။ mp3,mp4,iPod ကြိုက်တာယူလာကြဦးဗျာ။ သီချင်းတွေလဲနားထောင်ကြပါဦး၊ ရတယ်။ သိပ်တော့ မငိုကြပါနဲ့၊ အသံထွက်မငိုကြေး၊
ကဲ ... ဖြစ်တယ်မဟုတ်လား။
အသံထွက်အောင်ငိုတဲ့သူကို ဒဏ်ငွေဆောင်စေဦးမယ်။
အဲဒီငွေတွေကိုတော့ မိဘမဲ့ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို လှူပေးပါမယ်။အိမ်မှာဆိုရင်လဲ အသုဘအိမ်မှာ ဖဲရိုက်တတ်တဲ့အလေ့အထကိုဖျောက်ပစ်ချင်တယ်။
ဖဲမရိုက်ရ။
နောက် ကွာစေ့ ... ဘာလို့ကွာစေ့ပဲကျွေးကြတာလဲ စားရတာလဲခက် အမှိုက်ကလဲပွသေးတယ်၊
အပူမီးတောက်နေသူတွေကို တံမျက်စည်းလှဲခိုင်းတဲ့အလုပ်ထပ်ရှုပ်စေသေးတယ်။
ကျွန်တော်က လူတွေကိုမေးမယ် ၀ီစကီကြိုက်သူကို ၀ီစကီတိုက်မယ်၊ ၀ိုင်သောက်မလား ရတယ်။
လဘက်ရည်၊ကော်ဖီ မေးပြီးမှ ကျွေးစေမယ်။ မုန့်လဲ ရရမှာပေါ့။ အသုဘအခမ်းအနားတွေမှာ ပန်းခြင်းတွေကို ကြည့်ရတာကြိုက်တယ်။ ဒီတော့ ခင်ဗျားတို့လာရင် ပန်းခြင်းလှလှလေးတွေယူခဲ့ပေးကြပါ။ ပန်းတွေက ဈေးကြီးပေမဲ့ ဒီလောက်တော့လုပ်ပေးကြပေါ့ဗျာ။ ကျွန်တော့်ကိုတကယ်ချစ်ကြတယ်ဆိုရင်ပေါ့။ ကျွန်တော်ကလဲ ကျွန်တော့်ရဲ့ အသုဘအခမ်းအနားကပြန်ထွက်လာကြသူတွေ လက်ထဲကို တန်ဘိုးရှိတဲ့ ပစ္စည်းတစ်ခု အသေအချာ ထည့်ပေးလိုက်မှာပါ။
အဲဒါကတော့ လူလူချင်း ချစ်ခြင်းမေတ္တာ အပြည့်အ၀ထားနိုင်ကြဖို့ ရိုးသားပြီးသစ္စာရှိကြဖို့ အကောင်အထည်ဖော်ပေးနိုင်မယ့်
ပစ္စည်းတစ်ခုခု ...
အဲဒီပစ္စည်း ဘာဖြစ်နိုင်မလဲ ခင်ဗျားလာခဲ့ရင် သိရမှာပေါ့ ...
၂၀၀၈ သြဂုတ်လ၊ ဇီဝကမဂ္ဂဇင်း - “မငိုကြေး” Mee_Nge
Friday, 05 September 2008
စိတ်ကူးလေးတော်တော်ကောင်းပါတယ်။
maythae`
Thursday, 31 July 2008
မိုက်တယ် ..
cza
Tuesday, 15 July 2008
“ကျွန်တော်သေတဲ့အခါ” စိတ်ကူးတွေကိုတော့ ကြိုက်သွားပြီ။ ဖတ်နေရင်း “ငါသေတဲ့ခါကျရင်လည်း..” လို့ စိတ်တွေကူးမိကုန်ပြီ.... ကဲ!
fancy
Tuesday, 15 July 2008
ကျန်နေရစ်တဲ့လူတွေကို တော်တော်အလုပ်ရူတ်ပြီးအကုန်အကျများစေမဲ့ အသုဘပဲ...သေတာတောင် ဒုက်ခပေးဖို့ကြံစည်နေသေးတယ်...ဆိုးလိုက်တာ..:-) ကြောက်တတ်တတ်သူတွေအတွက်တော့ ဒီရုပ်ကြီးပြန်မမြင်ရလို့ တော်တော်ကံကောင်းမယ်....:-)
lmn
Monday, 24 March 2008
မှတ်တမ်းတင် ဓါတ်ပုံအတွက် တာဝန်ယူပါရစေ။
NgaOak
Friday, 14 March 2008
အင်း. . .သေတဲ့အခါကျရင်. . .ဖိတ်စာပါရိုက်ပြီးပို့လိုက်. . .
perfume
Friday, 14 March 2008
Funeral Project အသစ်နဲ.လာတိုးနေတယ် ၊ လာရအောင်လဲ တော်တော်နဲ. မလာရ လောက်ပါဘူး ၊ ဟီး .....
mtmaung
Friday, 14 March 2008
မဆိုးပါဘူး .. တစ်ခုဘဲ ဗလာမပါ ကံစမ်းမဲ အစီစဉ်လေးပါ ထည့်ပေးရင်ကောင်းမယ် .. ပြီးတော့ underground show ပါ အပြင်မှာလုပ်ထားပေးလိုက်ရင် ပိုလန်းတာပေါ့
zest
Thursday, 13 March 2008
စိတ်ဝင်းစားစရာပဲ မကြူံစဖူး အထူးအဆန်း မ်ု့အခုတောင်သေခိုင်းချင်စိတ်ပေါက်မိတယ် :P
Pooh
Thursday, 13 March 2008
အင်း အဲ့ခါကျရင်ခေါ်လိုက် လာခဲ့မရ် အတော်ပျော်ဖို့ကောင်းမရ့်ပုံပဲ :P
Nge
Thursday, 13 March 2008
လန်းတယ်ကွာ... အဲလို အသုဘမျိုး တီထွင်ကြည့်စမ်းချင်တယ်း)
spooky
Thursday, 13 March 2008
မိုက်တယ်ကွာ
forsaken
Thursday, 13 March 2008
တော်တော်တော့ စိတ်ဝင်စားဖို့ကောင်းမယ့် Funeral ပဲ။
Thursday, January 31, 2008
ခြောက်ရက် ငါးညတာအိမ်ထဲမှာ
Posted by
PhyoPhyo
at
Thursday, January 31, 2008
Labels:
ပင်ကိုရေးဝတ္ထုတို,
ခြောက်ရက် ငါးညတာအိမ်ထဲမှာ
စွန့်စားခန်းတွေအကြောင်း သဘောကျတတ်တဲ့ကျွန်မအတွက် စွန့်စားခန်းတစ်ခု ရင်ဆိုင်ရဖို့ ကြုံလာတယ်။ ဟုတ်တယ်... အဲဒီစွန့်စားခန်းက သူများတွေအတွက် ရယ်မောစရာဖြစ်နိုင်ပေမဲ့ ကျွန်မအတွက်တော့ ကြီးကြီးမားမားကြီးကို ဖြစ်ခဲ့တာပေါ့... တစ်နေရာရာမှာ စွန့်စွန့်စားစား ခရီးရှည်သွားရတာ မဟုတ်ပါပဲနဲ့ အိမ်မှာပဲ ၅ ည အိပ် ၆ရက်စာ ခရီး တစ်ယောက်တည်းနေခဲ့ရတယ်..
မေမေက ပျဉ်းမနားမှာ တစ်ယောက်တည်းနေနေရတဲ့ ဖေဖေ့ဆီကို ခရီးနှင်လို့၊ အမကတော့ Judson Church မှာ သမ္မာကျန်းစာသင်တန်းတက်ဖို့ ...
အသီးသီးသွားကုန်ကြပြီ... သူငယ်ချင်းတစ်ယောက်က အရင်က နှစ်ညအိပ်လာအိပ်ပေးခဲ့ဖူးပေမဲ့ တနင်္လာနေ့မနက် ကျွန်မအိမ်ကနေရုံးဆီ သုတ်ခြေတင်ကြတဲ့အခါ .. အမြဲနောက်ကျတတ်တဲ့ ကျွန်မကြောင့် သူငယ်ချင်းပါ ရုံးမှာ အ၀ါကတ်ထိသွားတော့တယ်..
(၉နာရီကျော်တာနဲ့ လတ်မှတ်ထိုးရတဲ့ကတ်က အ၀ါရောင်ပြောင်းပြီးချတယ်။ ၁၅မိနစ်ကျော်ရင်တော့ အနီရောင်ပေါ့ .. အဲ့လို)
ကျွန်မရဲ့ ၁၀မိနစ်မြန်ထားတဲ့နာရီကလဲ မကယ်နိုင်ပါဘူး။ ဒီတော့ ကျွန်မဆုံးဖြတ်လိုက်တယ်... တစ်ယောက်တည်းပဲနေကြည့်လိုက်မယ်ပေါ့... တွေးရင်းနဲ့တောင် ခပ်လန့်လန့်ပါပဲ...
ပထမည
အဲဒီနေ့က အိမ်ပြန်ခါနီး အချိန်ရောက်လာတဲ့အခါ လူကထိတ်ထိတ်ပျာပျာဖြစ်လာပြီ။
အဲဒီနေ့က အိမ်ပြန်ခါနီး အချိန်ရောက်လာတဲ့အခါ လူကထိတ်ထိတ်ပျာပျာဖြစ်လာပြီ။
ခါတိုင်းလဲ ရုံးပြန်နောက်ကျတတ်ပေမဲ့ အဲဒီနေ့ကတော့ ခါတိုင်းထက်နောက်ကျပြီးမှပြန်မယ်ပေါ့။
အလုပ်တွေ မရှုပ် ရှုပ်အောင်လုပ်နေလိုက်တယ်။
အလုပ်လုပ်ရတာမျက်စိတွေကျိန်းပြီး စိတ်မပါတော့ပေမဲ့ နာရီကိုတကြည့်ကြည့် ... ကျွန်မတို့ dept. က brother တွေတောင် ပြန်ကုန်ကြပြီ။
တစ်ယောက် ... နှစ်ယောက် ... သုံးယောက် ... မန်နေဂျာပဲရှိတော့တယ်။
နာရီကိုကြည့်ပြန်တယ်။ ဟုတ်တယ်... ရှောင်လွှဲလို့မှမရတာ ပြန်ရတော့မယ်။ ညရှစ်နာရီထိုးနေပြီ။
စင်ကာပူက သူငယ်ချင်းတစ်ယောက်က gtalk မှာ လာပြောတယ်။
"မပြန်သေးဘူးလား"တဲ့ ... အစကတည်းက ငိုချင်ချင်ဖြစ်နေတာ... ဟုတ်တယ် .. ဒီလို.. ဒီလို သူငယ်ချင်းကိုပြောပြ .. “နောက်ကျမှပြန်ရင် ပိုကြောက်ဖို့ကောင်းမှာပေါ့”တဲ့ သူငယ်ချင်းက.. “သရဲရှိုလို့လား” တဲ့..
“ဟာ ... မရှိပါဘူး” ဆိုပြီး ရယ်ကျဲကျဲပြောင်ပြလိုက်ရတာပေါ့။ gtalk မှာ ဒီလို ...“:D,:P” ...
စကားကောင်းကောင်းမွန်မွန်လာပြောတဲ့ brother တစ်ယောက်ကိုလည်း ဘုတောလွှတ်လိုက်တယ်။ ကိုယ့်ဘာသာမတတ်နိုင်တဲ့ကိစ္စအတွက် သူများကိုစိတ်ဆိုးမိတဲ့ကျွန်မကြောင့် အဲဒီ brother က ဓါးစာခံဖြစ်သွားရရှာတယ်။
ဒီလိုနဲ့ပဲ နှေးနှေးကွေးကွေးခြေလှမ်းနဲ့ အိမ်နားရောက်လာပြီ။ ထုံးစံအတိုင်းပါပဲ... ဟိုဟိုဒီဒီတိုက်ခန်းတွေက မှောင်မှောင်မဲမဲနဲ့ပဲ။ အိမ်ရှေ့ရောက်တော့ ကျွန်မတိုက်ခန်းဆီမော့ကြည့်မိတယ်။
တစ်... နှစ်... သုံး... လေး... လေးထပ် ပိန်းပိတ်အောင်မှောင်နေတဲ့အခန်းပေါ့... ကျွန်မပြန်လာရင် ၀ရံတာမှာ စောင့်ကြည့်နေတဲ့မေမေ့ကို ခါတိုင်း အရမ်းသတိမထားမိပေမဲ့ ခုချိန်မှာတော့ ... မရှိတဲ့မေမေ့ပုံစံကိုပုံဖော်ရင်း မျက်ရည်က၀ဲကနဲဖြစ်ရပြန်ပြီ။ ကျွန်မအဲ့လို အငိုလွယ်တတ်တာကို မကြိုက်လို့ လေ့ကျင့်နေပါရက်နဲ့။ မငိုစမ်းနဲ့ ။ လုပ်စရာရှိတာလုပ်ပါ။ လုပ်ရမှာက ပထမဆုံး လှေကားကိုတစ်လှမ်းချင်းတက် .. ဟုတ် ... မီးလာရင်တောင် လှေကားမီးဖွင့်ထားဖို့ ပျက်ကွက်တတ်တဲ့ ကပ်စေးနဲအခန်းဖော်တွေကြောင့် ကျွန်မတို့လှေကားက မှောင်ထဲမှာပဲ ခပ်ကုပ်ကုပ်နေခဲ့ရတာလဲကြာပြီပေါ့။
မေမေသာရှိရင် လှေကားမီးအမြဲဖွင့်ထားတတ်တယ်။ မီးပျက်တဲ့နေ့တွေမှာ လှေကားမှာဖယောင်းတိုင်ထွန်းထားတတ်တယ်။ ကျွန်မလာပြီဆိုရင် လှေကားတစ်ဆစ်ချိုးလောက်ထိဆင်းလာပြီး ကျွန်မလက်ထဲက အထုတ်တွေပါလာရင် ဆင်းဆင်းယူတတ်ပြန်တယ်။ ပြောမရလို့ ကျွန်မနောက်တော့မပြောတော့ပါဘူး။
မေမေသာဆိုရင် ... မေမေရှိရင်ဆိုတဲ့ ဒီအတွေးပဲ ၀င်ဝင်နေတော့တာပဲ။ ခုမေမေ မရှိဘူးလေ။
လှေကားထစ်တွေတက် ...တစ်ထစ် နှစ်ထစ် သုံးထစ် စမ်းပြီးတက်ရင်း အမနဲ့အတူတူပြန်တဲ့နေ့က သူပြောခဲ့ဖူးတာ သတိရလိုက်တယ်။ သူကလှေကားထစ်တွေကို လှေကားထစ်တွေရေတွက်ပြီး ရှေ့ကတက်သွားတယ်။ ကျွန်မတော့ အဲ့လိုတစ်ခါမှ မရေတွက်မိပါဘူးလို့ပြန်ပြောမိပေမဲ့ အမလိုပဲရေတွက်ပြီး လှေကားထစ်တွေတက်လာလိုက်တာ တစ်... နှစ်... သုံး....... ကိုး ဟုတ်သားပဲ လို့ စိတ်ထဲကတွေးလိုက်တယ်။ ခုတော့ အမပြောခဲ့ဖူးတာက အသုံးဝင်နေပြန်တယ်။
တစ် ... နှစ်... သုံး...... ကိုး .. လှေကားအကွေ့တွေမှာမှောင်နေတာများ.. ဘာကိုမှမမြင်ရပါဘူး၊ တစ်ယောက်ယောက်သာငုတ်တုတ်ထိုင်ပြီး ရုတ်တရက်လုယက်လိုက်ရင်လို့ တွေးလိုက်ရင်း ခေါင်းကနှစ်ဆလောက်ကြီးထွက်သွားတယ်။ ဖြစ်ဖူးကြမှာပါ၊ တစ်ခုခုကြောက်ရင် ခေါင်းနပမ်းကြီးတယ်ဆိုတာ .. တကယ့်ကို အဲ့လိုဖြစ်တာ၊ မေမေက ညီအမနှစ်ယောက်အတွက် မီးလေးပါတဲ့ ဘောလ်ပင်တစ်ချောင်းစီပေးထားတယ်။ ကျွန်မက အမြဲမေ့ကျန်ခဲ့တတ်လို့ အိတ်ထဲမှာ မေမေက မမေ့မလျော့ထည့်ပေးထားတတ်တယ်။
ခုမေမေလဲ မရှိရော ကျွန်မ ဂရုတစိုက်မယူပါဘူး၊ ဘယ်ရောက်နေမှန်းတောင်မသိဘူး။
ကျွန်မကအဲလို ခပ်ပေပေ။ ဒီလိုနဲ့ ကျွန်မအခန်းတခါးရှေ့ရောက်လာတယ်။ မေမေသာဆိုရင် တစ်ခါတစ်လေ ကျွန်မပြန်လာတာနဲ့လွဲသွားလို့ ၀ရံတာကမတွေ့လိုက်ပဲ ကျွန်မအခန်းတံခါးရှေ့ထိရောက်သွား... တံခါးခေါက်လိုက်ရင် ခပ်ပြုံပြုံးနဲ့ “ဒီနေ့နောက်ကျတယ်နော်” “ဒီနေ့တော့ စောသားပဲ” လို့ အဲဒီလိုပြောနေကျပါ၊
ခုတော့ သုံးခုတောင်ခပ်ထားတဲ့ သော့တွေကို ကျွန်မကိုယ်တိုင်ပဲ ဖွင့်ဖို့ကြိုးစားရတော့တယ်။
အိုး... ခက်လိုက်တာ... သော့တွေကလဲ ချက်ချင်းဖွင့်မရ ... မှောင်ထဲမှာပဲ သော့တွေတစ်ခုပြီးတစ်ခု ထပ်ပြောင်း၊ နောက်တစ်ချောင်း မရ ... ဂျလောက် ဟော ပွင့်သွားပြီ။ နောက်တစ်ခု... နောက်တစ်ခု .. သော့တွေဖွင့်မရတာလဲ မပြောနဲ့တော့ သော့တွေဖွင့်နေရင်းက နောက်ကျောဘက်ကိုလဲ မျက်ခြေမပြတ်လှည့်ကြည့်ရသေးတယ်။ မျက်နှာချင်းဆိုင်အခန်းက လူမရှိဘူး။ အဲဒီအခန်းကသံပန်းတံခါးလဲမရှိတော့ .. တံခါးကိုအခန်းပိုင်ရှင်က အပြင်ကခတ်ထားရဲ့လား မသေချာ၊ ကျွန်မပြန်လာမှ တံခါးဖွင်းပြီးအတွင်းထဲကနေ ၀ုန်းကနဲပြေးထွက်လာမှဖြင့်၊ အဲလိုသာဆိုရင် အဲဒီအချိန်မှာကြောက်လန့်ဖို့ထက် လုယက်မယ့်သူကို ကျွန်မဒေါသထွက်ထွက်နဲ့အော်မိမယ်ထင်တယ်။ လက်တွေတောင်ကိုက်လာပြီ။ သော့သုံးခုလုံးပွင့်သွားပါပြီ။
သော့ပွင့်သွားတာနဲ့ ချက်ချင်းအတွင်းကိုအကဲခတ် ... ခြေရာလက်ရာပျက်၊ မပျက်။
ပြီးရင် သံပန်းတံခါးကို ချက်ချင်းသော့ပြန်မခတ်ရဲသေးဘူး။ တံခါး lock ကိုအသာနှိပ်...
တခြားအခန်းဆီက စွေစောင်းစောင်းကျနေတဲ့ အလင်းရောင်မှိန်မှိန်လေးနဲ့ မျက်လုံးကိုအစွမ်းကုန်ဖြဲကြည့်ပြီး... ဟိုဟိုဒီဒီကြည့် ... သားကောင်ချောင်းတဲ့မုဆိုးလို ...
မဟုတ်ဘူး.. မုဆိုးကိုပြန်ချောင်းနေတဲ့သားကောင်... ခုချိန်မှာ ဖြစ်ချင်းဖြစ်သားကောင်ပဲ ဖြစ်တော့မှာပေါ့၊ အတွင်းတံခါးမကြီးကိုဖွင့်ပြီးအိမ်ထဲဝင် လက်ထဲမှာတော့ သော့ကြီးကြီးတွေကို လက်နက်သဖွယ်သဘောထားကိုင်စွဲလို့ ဘုရားစင်မှာ ဖယောင်းတိုင်အမြန်ထွန်း၊ အတွင်းကို အကဲခတ်၊ နေရာအလွတ်ရနေတဲ့ ဘက်ထရီမီးချောင်းကိုစမ်း.. ဖွင့် ... မီးလင်းသွားတော့ ခုနကထက် အနဲငယ်ရဲတင်းသွားတယ်၊ ဒါပေမဲ့ အနောက်ထဲကိုစစ်ဆေးရဦးမယ်။ သော့ကသေးတော့ လူတစ်ဦးနဲ့သာတွေ့ရင် အနီးကပ်တိုက်ခိုက်ရမှာ၊ ဒါနဲ့ တံမြက်စည်းတစ်ချောင်းကိုယူကာ အသင့်အနေအထားနဲ့ အသာယမ်းပြီး မီးဖိုခန်းထဲကိုဝင်တယ်။
toilet တံခါးကိုဖွင့် ... ဘာမှမရှိ၊ ရေချိုးခန်း .. ဘာမှမရှိ၊
သံပန်းတံခါးပိတ်ပြီးမှ မတော်လို့များ လူတစ်ယောက်ယောက်ပုန်းအောင်းနေခဲ့ရင် ကျွန်မထွက်ပြေးဖို့ခက်သွားမှာပေါ့၊ မရီပါနဲ့၊ ကျွန်မကိုကျွန်မကာကွယ်ဖို့ ကျွန်မပဲတတ်နိုင်တာကိုး။ အတွင်းမှာစစ်ဆေးပြီး အားလုံးရှင်းလင်းတယ်ဆိုမှ သံပန်းတံခါးကိုသော့ခတ်တယ်။ သော့ခတ်တဲ့အချိန်မှာလဲ အင်မတန်ကြောက်ဖို့ကောင်းတယ်၊ ကျွန်မကြည့်ဖူးတဲ့ရုပ်ရှင်တွေထဲလို .. လူဆိုးကလာနေပြီသော့ကခတ်လို့မရသေး.. လာနေပြီ..လာနေပြီ.. မြန်မြန်..လူဆိုးကအနားရောက်တော့မယ်ဆိုမှ သော့ကခတ်လို့ရသွား...
ဒီလိုများဖြစ်ခဲ့ရင်ဆိုပြီး ကြောက်ပြန်တယ်။ သော့တော့ခတ်ပြီးသွားပါပြီ။
ပြီးတော့ ခြေလက်ဆေး၊ ရေချိုးဖို့ပြင်၊ အဲဒီအချိန်မှာတော့ ကြောက်စိတ်နဲနဲပြေသွားတယ်။
ရေချိုးပြီးတော့ အမကြော်ပေးသွားတဲ့.. ဘာလချောင်ကျော်၊ ကြက်သားအမွကြော်တွေရှိပေမဲ့ ထမင်းမစားချင်ပါ၊ ခုနက ဆိုင်ကဆွဲဝယ်လာခဲ့တဲ့ တွေ့ကရာ သရေစာတွေ.. အာလူးကြော်၊ ငါးမုန့်ကြော်တွေကိုကြောင်စီစီကြည့်ရင်း ..
မိုင်လိုတစ်ခွက်ဖျော် ... ငါးမုန့်ကြော်ထိုင်စား... ခါတိုင်း ဆာရင်ထမင်းနဲနဲစားထားပြီး ... ကျွန်မပြန်လာမှထမင်းတူတူစားလေ့ရှိတဲ့ မေမေ့ကိုသတိရပြီး မျက်ရည်တွေကျလာပြန်တယ်။
ဟူး... ငါးရက်တောင် ... ကျွန်မအိပ်ရဲပါ့မလား... မီးကတော့မလာပါဘူး။
ရုံးသွားရင် မိန်း(မီး)ပိတ်သွားဖို့ မေမေမှာတတ်လို့ အပြင်သွားတိုင်း မိန်းပိတ်ခဲ့တယ်။
မိန်းဖွင့်ဖွင့် မဖွင့်ဖွင့် မီးကိုက မလာတာ၊ ကျွန်မရောက်ရောက်ချင်းမိန်းဖွင့်ပြီးပြီပဲ။
မုန့်စားပြီးတာနဲ့ သွားတိုက်၊ ဒီအမှောင်ထုကြီးကိုမမြင်ချင်တော့လို့ စောစောအိပ်တော့မယ်။ သူငယ်ချင်းတစ်ယောက်ကမှာတယ်.. “ဘုရားစာရွတ်အိပ်”တဲ့ .. ဟုတ်.. ဟုတ်.. ဟုတ်။
လက်မှာ စိတ်ပုတီးပတ်ပြီး အိပ်ရာထဲဝင် ဘုရားစာရွတ်။ တရေးနိုးလို့မဖြစ်ဘူး၊ တရေးနိုးတဲ့အချိန်မှောင်မဲနေတာကျွန်မအကြောက်ဆုံးပဲ၊ တစ်ရေးမနိုးမှဖြစ်မယ်။ ကျွန်မအအေးမိပြီးနှာချေတတ်လွန်းလို့ ဆရာဝန်မက cetiriz ဆေးတွေပေးထားတယ်။ အဲဒီဆေးကအိပ်ငိုက်တယ်၊ နှစ်လုံးလောက်သောက်လိုက်တယ်။ ဒါဆို အသေအချာအိပ်တော့မှာပဲ၊ အိပ်ပျော်သွားတယ်။ ည၁၂နာရီကျော်တော့ မီးလာပါတော့တယ်။ မထချင်ပေမဲ့ အမြန်ထ ရေတင်၊ ရေဖြည့်၊ ရေမပြည့်ခင်မှာပဲ မီးကပြန်ပျက်သွားပြန်ပြီ။ အားငယ်ခြင်းတစ်ဝက် မျှော်လင့်ခြင်းတစ်ဝက်နဲ့ မီးပြန်အလာကိုခဏလောက်စောင့်နေလိုက်တယ်။ မီးမလာတော့ပါဘူး။ ပြန်အိပ်လိုက်တော့တယ်။
နောက်တစ်နေ့ နေ့လည်လောက် မေမေ ဖုန်းဆက်တယ်၊ “သူငယ်ချင်းလာအိပ်ရဲ့လား”.. “ဓာတ်မီး(ဘောပင်လေး)ပါရဲ့လား”၊ “မိန်းပိတ်နော်.. အပြင်ထွက်ရင်” ဟုတ်.. ဟုတ်.. ဟုတ်..
နောက် အမကဖုန်းဆက်ပြန်တယ်။ “သူငယ်ချင်းလာအိပ်ရဲ့လား” ဟုတ်... “ခေါ်မေးကြည့်မယ်၊ ရှိလား” တဲ့ “သူ အလုပ်ရှုပ်နေတယ်၊ လာအိပ်တယ်၊ ဘာမှစိတ်မပူပါနဲ့” ခပ်အေးအေးပြောလိုက်တဲ့ ကျွန်မအသံကြောင့် အမကစိတ်ချသွားဟန်နဲ့ ဖုန်းချသွားတယ်။
ဒုတိယည
ဒီညလဲ ပထမနေ့လိုပဲ ကြောက်နေတုန်းပဲ။
မီးလာတဲ့နေ့ဆိုတော့ ဘေးခန်းတွေကလင်းနေတယ်။ သိပ်မဆိုးလှပါဘူး။
လှေကားကတော့ ထုံးစံအတိုင်းမှောင်မြဲမှောင်လျှက်ပါပဲ။ ကျွန်မအခန်းထဲကိုအရောက် မိန်း(မီး)ဖွင့်၊ မီးချောင်းတွေလဲလင်းလာရော မီးကဖြတ်ကနဲပျက်သွားတယ်။ မီးရောင်ကိုမြင်ပြီးမှ ချက်ချင်းမီးကပျက်သွားတော့ ကြောက်လန့်စိတ်တွေက ၀ုန်းကနဲပြေးဆောင့်တော့တယ်။ မကြောက်နဲ့၊ ဘုရားစဉ်မှာ ဖယောင်းတိုင်ပြေးထွန်း ဘက်ထရီ မီးချောင်းထွန်း၊ မနေ့ကလို စွန့်စားခန်းတွေ တစ်ခုချင်း... တစ်ခုချင်း .. ရှင်းလင်း။
တတိယည
တော်တော်လေး ရဲရင့်လာပြီလို့ ဆိုနိုင်ပါတယ်။ ထင်ထားသလောက် သိပ်မကြောက်တတ်တဲ့ ကိုယ့်ဘာသာနည်းနည်းတော့ သဘောကျသွားတယ်။ ဒီလိုနဲ့အိပ်ပျော်သွားတော့ တစ်ရေးနိုး ခပ်ဟဟဖွင့်ထားတဲ ဘုရားစင်ဘေးမှန်တံခါးဆီမှာ .. လရဲ့အလင်းရောင်နဲ့... မဲမဲအရိပ်ကြီးတစ်ခုကတစ်လှုပ်လှုပ် ပုံပန်းမကျ..
မှန်တံခါးဆီကပဲ အခန်းထဲဝင်ဖို့ကြိုးစားနေသလို၊ မကြောက်နဲ့ သေချာကြည့်ပါဦး၊
ကျွန်မ သတိရလိုက်ပါတယ်... မအိပ်ခင်က လျှော်လှန်းထားတဲ့ အင်္ကျီက လေတိုးနေတာမို့ တလွင့်လွင့်၊ လူတစ်ယောက်မဟုတ်မှန်းသိရက်နဲ့၊ ကြည့်ရင်း ကြည့်ရင်း ပိုပိုကြောက်လာပြန်တယ်... လှုပ်နေတဲ့ပုံစံကိုက ကိုယ့်ရို့ကားရား.. ကျွန်မထသွားလိုက်ပြီး ရုတ်ထားလိုက်တော့တယ်။ မှန်တံခါးတွေရှိသမျှ အကုန်ပိတ်ပြီး ကြောက်ကြောက်နဲ့ စောင်ခြုံပြီးအိပ်တော့...
အချမ်းပေါ့လာတဲ့ အချိန် ချွေးတွေကိုပြန်နေတာပဲ၊
မျက်ရည်တွေကျလာပြန်ရော၊ အော်.. ရဲရင့်လာပြီလို့ထင်နေကာမှ၊
မနက် အိပ်ရာထ ဘုရားသောက်တော်ရေလဲ၊ ပန်းလဲ၊
မေမေ မရှိပေမဲ့ မပျက်မကွက်လုပ်ဖြစ်တာတစ်ခုက ရုံးသွားခါနီး ဘုရားစင်က သပြေရွက် ၃ရွက်ဖြုတ်ပြီး အိတ်ထဲထည့်ယူသွားတာပါ။ မေမေက ရုံးသွားခါနီးတိုင်း အန္တရယ်ကင်းအောင် သပြေရွက် ၃ရွက်ထည့်ပေးနေကျဆိုတော့...
စတုတ္ထည
ဒီညကတော့ ကံကောင်းတယ်ဆိုရပါမယ်။ မီးလာနေတယ် သူငယ်ချင်းဆီကယူလာတဲ့ ကြွက်စားဖိုမှူးကာတွန်းကားကို ကြည့်နေလိုက်တယ်။ ရဲရင့်လာပြီဆိုပေမဲ့ နဲနဲလေးတော့ ကြောက်နေသေးတာပါပဲ။
ပဉ္စမည
ဟူး... ရုံးပိတ်ရက်ဆိုတော့ လုပ်စရာရှိတာတွေလုပ်ရမယ်။
တစ်အိမ်လုံး ရှုပ်နေတာတွေ အကုန်ရှင်း၊ အမကပြောဖူးတယ် ကျွန်မအိမ်ရှင်းရင် သိပ်မြန်တယ်ဆိုပဲ .. မြှောက်ပြီးခိုင်းတာနေမှာ... အဲဒီစကားကိုနားထဲကြားမိလေလေ ကျွန်မက ပိုမြန်မြန်ပြီးအောင် အရှိန်မြှင့်ပြီး အိမ်ရှင်းလေလေပါပဲ။
နောက်လျှော်စရာရှိတာတွေ ခြေသုတ်ဖုံတွေ အကုန်ဝုန်းဒိုင်းကြဲလျှော် ထမင်းချက်၊ ဟင်းချက် ဟင်းက မနေ့က၀ယ်လာတဲ့ ငရုတ်သီးတောင့်ပွကြီးတွေကို စိတ်ကြိုက် ကြက်သွန်နီအနှစ်များများနဲ့ ဆီအိအိချက်၊ အားလုံးရှင်းလင်းပြီးချိန်ရောက်တော့ ၁နာရီကျော်ပြီ ရေချိုး ထမင်းစား၊ ကိုယ့်ဘာသာချက်ထားတာစားရင်း သဘောတွေကျလို့ ပြုံးဖြီးဖြီးနဲ့၊ နေ့ခင်းဆိုတော့ ဘာမှမကြောက်၊ အလင်းရောင်တွေကဘေးပတ်ပတ်လည်မှာ လင်းထိန်နေတာဆိုတော့...
ထမင်းစားပြီး မဖတ်ရသေးတဲ့ ဖတ်စရာစာအုပ်၊ ဂျာနယ်တွေ အကုန်စုပြုံယူလာ၊ ဖတ်ရင်း အိပ်ငိုက်။ ညနေရောက်တော့ တနင်္ဂနွေညကိုတော့ ဖြတ်ကျော်ရဦးမယ်ဆိုတာတွေးပြီး ရင်လေးသွားတယ်။ မနက်ဖြန်အတွက်တော့ ဟင်းချက်သွားမယ်ပေါ့။ မေမေရှိတုန်းက ဟင်းကူချက်ပေးပေမဲ့
ဈေးဝယ်တာကတော့ မေမေကပဲ သူကြိုက်တာလေးတွေ ၀ယ်ဝယ်လာတတ်တော့ ကားဂိတ်နားမှာရှိတဲ့ အသီးအရွက်တွေရောင်းတဲ့ဆိုင်ကို မျက်စိထဲဝင်အောင်ကို မကြည့်ဖြစ်ခဲ့ဘူး။
ခုတော့ ဘာတွေများစားချင်တာရှိမလဲ စူးစမ်းမိတယ်။ မှိုတွေ တွေ့တော့ ...
မှိုတွေဝယ်ပြီး မှိုရတဲ့မျက်နှာမျိုးနဲ့ အိမ်ပြန်လာလိုက်တယ်။ မီးလာနေတော့ မှိုတွေဆီသတ်... နောက်နေ့ရုံးထမင်းချိုင့်ထည့်ဖို့ပြင်ထားလိုက်တယ်။
ကျွန်မရဲ့စွန့်စားခန်းကဒီလောက်ပါပဲ။
ခုချိန်ပြန်ရေးပြရင် ... ဘာမှမဟုတ်တော့ပါဘူး။
ဒါပေမဲ့ ကျွန်မနားလည်လက်ခံလိုက်တာက လူတစ်ယောက်ဆီမှာ မမြင်နိုင်တဲ့စွမ်းအားတွေရှိတယ်။
ကျွန်မတို့ ဘာကိုမှကြောက်နေဖို့မလိုဘူး။ လူဆိုတာ တကယ်လိုအပ်လာတဲ့အချိန်မှာ အားလုံးဟာ အနည်းဆုံးတော့ ကျွန်မတို့ပတ်ဝန်းကျင်ကွက်ကွက်လေးမှာ သူရဲကောင်းတွေဖြစ်သွားနိုင်တယ်။
ပြီးတော့ နယ်ပယ်တွေ ချဲ့ထွင်ရမယ်။
အားလုံးဟာ ကိစ္စတွေကိုဖြေရှင်းနိုင်ပါမယ်။
ကျွန်မတို့ ရဲရင့်ကြဖို့လိုမယ်မဟုတ်လား။
image from Teen Magazine
Saturday, September 22, 2007
If your life gets boring, read this book!!!
သုခမြို့တော် (The City of Joy)
by Dominique Lapierre
Made into a movie starring Patrick Swayze, this is the inspiring story of an American doctor who experienced a spiritual rebirth in an impoverished section of Calcutta.
If your life gets boring, read this book! If there was a single biggest lesson to be learned out of "The City of Joy", it was the lesson learned by Max Loeb after his first weeks in Anand Nagar: Life and the Wealth of Culture will not flourish through Father Christmas but if people are forced to struggle for survival.
Lapierre takes us into the heart and soul of Calcutta, by taking us into the hearts and souls of the people that keep it alive. He introduces us to well known saints like Mother Theresa as well as unknown ones like a Polish priest named Stephan Kovalski. He writes about their daily struggle to make it through the day, but never losing hope for a better future, and always keeping alive their belief in God and Love.
by Dominique Lapierre
Made into a movie starring Patrick Swayze, this is the inspiring story of an American doctor who experienced a spiritual rebirth in an impoverished section of Calcutta.
If your life gets boring, read this book! If there was a single biggest lesson to be learned out of "The City of Joy", it was the lesson learned by Max Loeb after his first weeks in Anand Nagar: Life and the Wealth of Culture will not flourish through Father Christmas but if people are forced to struggle for survival.
Lapierre takes us into the heart and soul of Calcutta, by taking us into the hearts and souls of the people that keep it alive. He introduces us to well known saints like Mother Theresa as well as unknown ones like a Polish priest named Stephan Kovalski. He writes about their daily struggle to make it through the day, but never losing hope for a better future, and always keeping alive their belief in God and Love.
Thursday, September 20, 2007
Tuesday, September 18, 2007
ကျွန်မရဲ့ အကြောင်း
၂၀၀၂ ခုနှစ်မှာ ဆေးပညာဆိုင်ရာ ဆောင်းပါးများနဲ့ သတင်းများ၊ ပန်းချီအနုပညာဆိုင်ရာ ဆောင်းပါးများနဲ့ သတင်းများ၊ ဘောလုံးဆောင်းပါးများ ဘာသာပြန်ဆိုရေးသားခြင်းနဲ့ စာပေနယ်ထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။
ပင်ကိုရေးဝတ္ထုတွေကိုတော့ ၂၀၀၅ ခုနှစ်မှာ စတင်ရေးသားခဲ့တယ်။ "ခြောက်ရက် ငါးညတာ အိမ်ထဲမှာ" ဝတ္ထုက ကျွန်မရဲ့ ပင်ကိုရေးပထမဆုံးဝတ္ထုဖြစ်ပြီး Teen မဂ္ဂဇင်းမှာ ပါခဲ့ပါတယ်။
၂၀၁၁- အွန်လိုင်းရွှေဝတ္ထုတိုရွေးချယ်ရေးအဖွဲ့ (SBOGS) မှ ပြုလုပ်သော ဒုတိယအကြိမ် အွန်လိုင်း ၀တ္ထုတိုဆု မှာ “စကားလုံးတွေထဲက နင်ဟာ … ငါ့ရဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာ” ၀တ္ထုတို နဲ့ တတိယဆုရခဲ့ပါတယ်။ ဘာသာပြန်စာပေတွေ၊ ပင်ကိုရေးဝတ္ထုတွေကို ကျွန်မရဲ့ www.myworld-phyophyo.com / www.phyophyohlaing.blogspot.com နဲ့ မြန်မာမဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ ရေးသားနေပါတယ်။
စာရေးခြင်းကို နှစ်နှစ်ကာကာ ချစ်သွားခဲ့ပြီမို့ စာမျက်နှာပေါ်မှာဖြစ်ဖြစ်၊ ဘလောဂ့်ပေါ်မှာပဲဖြစ်ဖြစ် အချိန်တိုင်း သုတ ရသ စာတွေ ကြိုးစားရေးသွားမှာပါ။
“ကမ္ဘာကြီးတစ်ခုလုံး ရေးစရာတွေချည်းပဲ .... ကြိုးစားပြီး ရေးရပါဦးမယ်” ပေါ့။
ဝေဖန်အကြံပြုချင်တာတွေ ရှိရင်၊ လိုအပ်ချက်တွေရှိရင် ဘာပဲဖြစ်ဖြစ် စကားလုံးတွေ ရေးချသွားနိုင်ပါတယ်။ စာဖတ်သူတွေရဲ့ စကားလုံးလေးတွေက စာရေးသူတွေအတွက် အင်အားပါ။
ချစ်ခင်လေးစားစွာဖြင့်
ဖြိုးဖြိုး
mail: maerupa77777@gmail.com/ phyophyohlaing@gmail.com
"ဘလောဂ့်စလုပ်ဖြစ်ခါစက ရေးဖြစ်ခဲ့တဲ့ ကျွန်မ ရဲ့ ကမ္ဘာမို့ ဖျက်မပြစ်ရက်ဘူး"
"ကျွန်မရဲ့ ကမ္ဘာ"
ကျွန်မရဲ့ ကမ္ဘာ က မကျယ်လှပါဘူး၊ ခပ်ကျဉ်းကျဉ်းပါ၊
ကျွန်မ ငယ်ငယ်က ပျဉ်းမနားက အိမ်ကျယ်ကြီးမှာ နေခဲ့ရတဲ့ အချိန်တွေက
အဲဒီအချိန်တုန်းက ပျင်းစရာလိုပဲ ။
အကိုနဲ့ စစ်သားရုပ်တွေနဲ့ ဆော့ခဲ့ရတဲ့အချိန်တွေကို ခုတော့သတိရမိပါတယ်
ကျွန်မ က မိသားစုမှာအငယ်ဆုံး ၊ ဆိုးတော့မဆိုးလှဘူးထင်ပါတယ်။
ငယ်ငယ်ကဓါတ်ပုံရိုက်ရင် ၊ ထားရင်ထားသလို နေတတ်လို့
အရုပ်လိုပဲလို့ပြောကြတယ် ။
ကျွန်မအကြိုက်တွေလား
အရင်တုန်းက ကြိုက်ခဲ့တာတွေ ...ခု မကြိုက်တော့ဘူး ။
အရင်က နွားနို့သိပ်ကြိုက်တယ်... ခု လုံးဝသောက်လို့မရတော့ဘူး ။
တခြား ဆန့်ကျင်ဘက်ပြောင်းသွားတာတွေ အများကြီးပါပဲ ။
ကျွန်မ အစ်ကိုနဲ့ အစ်မ တွေကတော့ ကျွန်မကို ဟာသဥာဏ်ရှိတယ်လို့ပြောကြတယ် ။
တစ်ခါတစ်ခါ... ကျွန်မက ဘာရယ်မဟုတ် ခပ်တည်တည်နဲ့ ပြောလိုက်တာ ကို.. သူတို့မှာရီလို့မပြီးကြဘူး ။
ကာတွန်းဆွဲရတာ ကြိုက်တယ် .. ဒါပေမဲ့ ကျွန်မရဲ့ ကိုယ်ပိုင် ကာတွန်းရုပ် ခုထိ မဖန်တီးနိုင်ဘူး ။
အရင်ထွက်ခဲ့ဖူးသေးတဲ့ .. ကျန်းမာရေး ဂျာနယ် (Future Health) မှာ ဗက်တီးရီးယား ဆိုတဲ့ အမည်နဲ့
ကာတွန်း ဆွဲခဲ့ဖူးတယ်... အဲဒါကို ကြိုက်ပေမဲ့ ..ခုထိ ကာတွန်းမဆွဲဖြစ်သေးဘူး ။
ရီစရာတစ်ခုခုတွေ့ရင်တော့ ကာတွန်းဆွဲရရင်ကောင်းမယ်ဆိုပြီး.. စာရွက်နဲ့မှတ်ထားလိုက်တယ် ။
အင်း...ကျွန်မကမေ့တတ်တယ်...
ကျွန်မအလုပ်က web designer ပါ .. web development company တစ်ခုမှာ
ခု ကျွန်မ ရဲ့ တို့တို့တိတိ အလုပ်တွေက
Emperor Men Magazine မှာ Digit အမည်နဲ့ ... Foreign Music Band တစ်ခု လစဉ်ရေးဖြစ်တယ်...
Ziwaka Health Magazine မှာ နိုင်ငံတကာဆေးပညာသတင်းတွေရေးဖြစ်တယ်... ဖြိုးဖြိုး ဆိုတဲ့ အမည်နဲ့...
နောက် ... Perfect Magazine မှာ ... Spring အမည်နဲ့ .. ဘောလုံးစတားတစ်ယောက်အကြောင်း ... လစဉ်ရေးဖြစ်တယ်။
ဘောလုံးပွဲကြည့်ရတာလား.. အင်း ..သိပ်ကြိုက်ပါတယ် ။
ကျွန်မစိတ်သိပ်ညစ်လာတဲ့အခါ ဘောလုံးပွဲတစ်ပွဲ ကြည့်လိုက်ရင် ကိုယ်စိတ်ညစ်တာလေးတွက သေးသေးလေးဖြစ်သွားတယ်။
ပြီးတော့ ပျောက်သွားရော ..
ပြီးတော့သီချင်းနားထောင်ရတာ ကြိုက်တယ်။
အကြိုက်တွေက အသက်နဲ့လိုက်ပြီးပြောင်းသွားတယ်ထင်တယ်။
ငယ်ငယ်က Nu Metal သီချင်းတွေ ကြိုက်တယ် ၊ခပ်ပြင်းပြင်းတွေ
ခု R&B သီချင်းတွေလဲ ကြိုက်ပြန်ရော ၊
အရင်က နားထောင်လို့မရတဲ့ Rap ၊ Hip Hop တွေလဲ ကြိုက်လာတယ်။
Eminem ရဲ့ Mocking Bird သီချင်းဆိုလဲ သိပ်ကြိုက်တယ် ။
ကြိုက်တဲ့သီချင်းတွေကအများကြီးပဲ၊
အသံအိုးကောင်းကောင်း မဒီတွေ ပညာသားပါပါ ဆွဲဆွဲငင်ငင် ဆိုတတ်တဲ့ သီချင်းခက်ခက်တွေ ကိုတော့ အရင်ကလဲ မကြိုက်ဘူး၊ အခုလဲ မကြိုက်ဘူး။
စာအုပ်ဖတ်ရတာကြိုက်တယ်၊ ဘာသာပြန်စာအုပ်တစ်အုပ်နဲ့၊ ကော်ဖီတစ်ခွက်နဲ့
ခုတောင် ကော်ဖီသောက်ချင်လာပြီ။
စာအုပ်မှာ သုခမြို့တော် ကြိုက်တယ်၊ ကိုဗော့စကီး (Stephan Kovalski) လို လူတစ်ဦး မြန်မာနိုင်ငံမှာ လိုအပ်နေပြီလို့ထင်တယ်၊
အလှပြင် ပစ္စည်းလေးတွေလဲ ကြိုက်တာပါပဲ ။
မိုးရွာတာကို ကြိုက်ပေမဲ့ အေးတဲ့ရာသီဥတု က ကျွန်မကို ပြဿနာ ရှာတော့ မကြိုက်ချင်တော့ဘူး ။ ။
Subscribe to:
Posts (Atom)

































