Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, November 23, 2012

ဒေါသခိုးလျှံထန်နေတဲ့ ပစိဖိတ်ဒေသ


The Angry Pacific : BY MICHAEL J. MAZARR 
(ဘာကြောင့်များ ယူနိုက်တက်စတိတ်ဟာ အာရှကို တိုက်ခိုက်ဖို့ အဆင့်သင့်မဖြစ်သေးတာလဲ။)

Michael J. Mazarr ဟာ ယူအက်စ်အမျိုးသားစစ်ကောလိပ်က ပရော်ဖက်ဆာတစ်ဦးပါ။ ဒီဆောင်းပါးပါအာဘော်ဟာ Michael J.Mazarr ရဲ့ ကိုယ်ပိုင်အမြင်ဖြစ်ပြီး ကာကွယ်ရေးဌာန ဒါမှမဟုတ် ယူအက်စ် အစိုးရ ရဲ့ မူဝါဒ၊ ရပ်တည်ချက်တို့နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး)
*********

ဆိုးလ်မှာပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း အင်္ဂလိပ်စကားပြောသတင်းအစီအစဉ် Korea Today က ထုတ်လွှင့်ခဲ့တဲ့ဇာတ်လမ်း “I Love Dokdo” က ထူးထူးခြားခြားစိတ်ဝင်စားစရာပါပဲ။ တောင်ကိုးရီးယား တိုင်းဂူးတက္ကသိုလ်(Taegu University)မှာပြုလုပ်တဲ့ ပြိုင်ပွဲအစီအစဉ်လေးပါ။ အဲဒီအစီအစဉ်ရဲ့ စိတ်ကူးက ကျွန်းငယ်လေးတွေရဲ့အက်ကြောင်းကို စိတ်ဝင်စားမှုအရှိဆုံး ဘယ်သူပေါ်ထွက်လာမလဲ စမ်းသပ်ကြည့်ဖို့ပါ။ ဂျပန်ပိုင်နက်ပင်လယ်ထဲမှာရှိနေတဲ့ ကိုးရီးယားပိုင် သီးခြားကျွန်းငယ်လေးတွေဖြစ်တဲ့ Dokdo(Tokto)နဲ့ပတ်သက်ပြီး ဂျပန်နဲ့ အငြင်းပွားမှုတွေ ရှိနေခဲ့ပါတယ်။ ရိုက်ကူးရေးခန်းမထဲက ခေတ်မှီအပြင်အဆင်နဲ့ထိုင်ခုံတွေမှာထိုင်နေကြတဲ့ ကိုးရီးယားလူငယ်လေးတွေကို ကြည့်ရတာထူးခြားတယ်။ ပြုံးနေကြတယ်။ ရယ်မောတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ပဲ မျိုးချစ်စိတ်တက်ကြွစေတဲ့ ဒီအစီအစဉ်ကို ချီးကျူးဂုဏ်ပြုနေကြတယ်။ နိုင်ငံမျိုးစုံပါဝင်တဲ့အဖွဲ့က မက်ဆီကန် ယဉ်ကျေးမှုဖလှယ်ကျောင်းသား အမ်မီလီယို အဲဒီပြိုင်ပွဲမှာ အနိုင်ရခဲ့တာ ပိုလို့တောင်ထူးခြားနေပြန်တယ်။ သူက Korea Today မှာပြောပါတယ်။ “သူတို့ရဲ့ ဖျော်ဖြေမှုဟာ ဒေါခ့်ဒို အတွက်ကျွန်တော်တို့ရဲ့ ချစ်မြတ်နိုးမှုကို ဖော်ပြတာပါ” တဲ့။ သမိုင်းတလျှောက် ဒေါခ့်ဒိုကို ကာကွယ်စောင့်လျှောက်ခဲ့သူတွေကိုပြချင်တာ။ ကျွန်းလေးတွေဘယ်လောက်လှသလဲဆိုတာကို ဖော်ထုတ်ပြသတာပါလို့ ဆိုတယ်။

ဒီပြိုင်ပွဲဟာ ပြီးခဲ့တဲ့သြဂုတ်လက သမ္မတလီမြောင်ဘတ် ကျွန်းလေးတွေဆီအလည်အပတ် သွားခဲ့ပြီးတဲ့နောက်မှာပေါ်ထွက်လာတဲ့ မျိုးချစ်စိတ်ပြင်းပြမှုလှိုင်းလုံးတွေထဲက ဥပမာတစ်ခုပါ။ နေ့စဉ်သတင်းစာတွေမှာဆိုရင် ဒီကျွန်းလေးအကြောင်း သတင်းတွေပြည့်နှက်နေခဲ့တာပါ။ ဒေါခ့်ဒိုပြတိုက်ကိုလည်း ဆိုးလ်မှာ ဖွင့်လှစ်ထားလိုက်တယ်။ သြဂုတ်လအလည်အပတ်ခရီးစဉ်အတွင်းမှာ လီ က ကျွန်းလေးတွေကို “ကျွန်တော်တို့ရဲ့ အသက်ဘဝတွေကို ကာကွယ်စောင့်ကြပ်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေကြွယ်ဝတဲ့နေရာ” လို့ အမည်ပေးလိုက်ပါတယ်။ လန်ဒန်အိုလံပစ်ပွဲတွေမှာ တောင်ကိုးရီးယားဘောလုံးအသင်း ဂျပန်နိုင်ငံကို အောင်မြင်လိုက်တဲ့အခါ ကိုးရီးယားဘောလုံးသမားတစ်ဦးက ကွင်းလယ်ကို ပြေးထွက်သွားခဲ့တယ်။ ဆိုင်းဘုတ်လေးကို ကိုင်လို့ ဖတ်ပါတယ်။ “ဒေါခ့်ဒိုက ကျွန်တော်တို့နယ်မြေပါ” တဲ့။
ဂျပန်နဲ့ နယ်မြေပိုင်ဆိုင်မှုအငြင်းအခုံကိစ္စမှာ ကိုရီးယားရှေ့ရှုတဲ့သဘောထားက အာရှမဟာဗျူဟာရဲ့အရိပ် ပါပဲ။ နယ်မြေဒေသတွေမှာ ကိုယ်သာ အဓိကကြတဲ့ဇာတ်ကောင်ဖြစ်ရေးကိုပဲ အသေးစိတ် စီစဉ်ပြင်ဆင်ကြတာပါ။ ကမ္ဘာရွာဖြစ်မှု နဲ့ အပြန်အလှန်ဆက်စပ်မှီခိုမှုတွေကြောင့် လူတွေဟာ သူတို့ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှု နဲ့ ရိုးရာအစဉ်အလာတွေကို တသသဖြစ်လာကြတယ်။ ပိုပြီးခိုင်ခိုင်မာမာဆုပ်ကိုင်ထားဖို့ လုပ်ဆောင်ကြတယ်။ ရလာဒ်က ပွက်ပွက်ဆူနေတဲ့လူမျိုးရေး၊ ပလွှားမှု၊ ဂုဏ်သိက္ခာ၊ နိုင်ငံချစ်စိတ် နဲ့ ကျော်စောလိုမှုတွေပြည့်နေတဲ့ သဘောကွဲလွဲမှုတွေပါ။

သမားရိုးကျအမြင်နဲ့ပြောကြတယ်။ အာရှနဲ့ပတ်သတ်ပြီး အမေရိကန်ရဲ့မဟာဗျူဟာကို အဓိကစမ်းသပ်နေတာက “တရုတ်နိုင်ငံရဲ့ တိုးတက်မှု” ပါတဲ့။ ယူအက်စ်ရဲ့ ရိုးရာအစဉ်အလာနည်းဟန်ပန် အုပ်ချုပ်ရေးနဲ့ သံတမန်အနုပညာဟာ ရိုးရှင်းပြီး အာရှနဲ့ လိုက်ဖက်မှုမရှိပါဘူး။ အာရှနဲ့ ပတ်သက်ပြီး ဝါရှင်တန်ဟာ ၂၁ရာစု ဆိုဗီယက်ကို ချမှတ်တဲ့စတိုင်လ်အတိုင်းပဲ အေးစက်တယ်။ တွက်ချက်တယ်။ လက်တွေ့ကျတယ် အဲဒီမဟာဗျူဟာမျိုးဒီဇိုင်းထုတ်ခဲ့ပါတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှုတွေ၊ ဂုဏ်သိက္ခာတွေပေါ်မှာ ထိပ်တိုက်တွေ့နေတဲ့တိုင်းပြည်တွေနဲ့ ကိုင်တွယ်တဲ့အခါ အမေရိကရဲ့သုံးနေကျစစ်ဆင်ရေးနည်းလမ်းဟာ ရည်မှန်းသလို အကျိုးဆက်မျိုး ရရှိနိုင်မှာမဟုတ်ပါဘူး။

အပြင်ဘက်ကလူအများစုက သက်ကြီးရွယ်ကြီးစုံတွဲတစ်တွဲလောက်သာ အခြေချနေထိုင်တဲ့ ကျောက်ဆောင်ထိုးထိုးထောင်ထောင်ကျွန်းတွေအပေါ် တောင်ကိုရီးယားရဲ့အမျိုးသားရေးပြင်းထန်နေမှုတွေကို စိတ်ရှုပ်ထွေးကြောင်း ဖော်ပြကြတယ်။ လေ့လာဆန်းစစ်သူ ဂျက်ဆန်လင်းမ်  က အဓိကအချက်ကို ပျောက်ဆုံးနေပါတယ်ဆိုတယ်။ ဒေါခ့်ဒို ရဲ့ ရည်ရွယ်ချက်က “ယုတ္တိယုတ္တာကြတဲ့ အကျိုးအကြောင်းစစ်စစ်” တော့ မရှိပါဘူး လို့ သူက ရှင်းပြခဲ့တယ်။ အဲဒါ အမျိုးသားအကျိုးစီးပွား၊ အရင်းအမြစ်နဲ့ပတ်သတ်ပြီး အဓိကဦးတည်လုပ်နေကြတာမဟုတ်ပါဘူး။ အငြင်းပွားမှုဟာ စိတ်ခံစားမှုအကြောင်းပါ။ ဂျပန်ဧကရာဇ်အင်ပါယာရဲ့ ရက်စက်တဲ့လုပ်ရပ်တွေကြောင့် စိတ်ဒဏ်ရာနက်နက်နဲနဲခံစားရတာတွေပါ။ ဆိုးလ်မှာ သမိုင်းနှင့်ချီကာ တနင့်တပိုးထမ်းထားခဲ့ရတဲ့ စိတ်ခံစားမှုတွေ၊ အမျိုးသားရေးမာန်မာနတိုးပွားမှုတွေ နဲ့ လက်ရှိခေါင်းဆောင်ရဲ့ နိုင်ငံရေးတွက်ချက်မှုတွေဟာ အငြင်းအခုံကာလဖြစ်ဖို့ အားပေးလှုံ့ဆော်ခဲ့တာပါတဲ့။

အာရှဒေသအတွင်း နိုင်ငံတွေတစ်ဒါဇင်လောက်မှာ ဒီလိုတူညီတဲ့အဖြစ်အပျက်တွေ တွေ့နိုင်ပါတယ်။ ဂျပန်ဘက်မှာဆိုရင် ကျွန်းတွေကို တာကဲရှိမာ(Takeshima) ဝါးကျွန်းလို့ နာမည်ပေးထားကြတယ်။ ပြည်သူတွေက ကျွန်းလေးတွေအကြောင်း သိပ်ပြီးတော့စိတ်ဝင်တစားမရှိလှပါဘူး။ ဒါပေမဲ့ ဒီအငြင်းပွားမှုက လက်ယာနိုင်ငံရေးသမားတွေအကြိုက် “အစာ” ဖြစ်နေတာပေါ့။ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ပြောရမယ်ဆိုရင် ဂျပန်နိုင်ငံရဲ့ လှုပ်လှုပ်ရှားရှားအဖြစ်ဆုံးအတိုက်အခံပါတီက ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်း၊ (၂ဝဝ၆-၂ဝဝ၇)၀န်ကြီးချုပ်ဟောင်းလည်းဖြစ်ခဲ့သူ ရှင်ဇိုအာဘေးဟာ လက်ရှိခေါင်းဆောင်တွေထက် မျိုးချစ်စိတ်ပိုပြီးပြင်းထန်သူပါ။ “ဂျပန်နိုင်ငံရဲ့ လှပတဲ့ပင်လယ် နဲ့ ရေပိုင်နက်တွေဟာ ခြိမ်းခြောက်မှုခံနေရပါပြီ” လို့ အာဘေးကပြောတယ်။ လူငယ်တွေဟာ စီပွားရေးကျဆင်းမှုကြားမှာ သူတို့ရဲ့မျှော်လင့်ချက်ကိုရှာဖွေရင်း အခက်အခဲဖြစ်ကြရတယ်။ “ကျွန်တော် ကတိပေးပါတယ်။ ဂျပန်နိုင်ငံရဲ့ မြေ၊ ပင်လယ်၊ ဂျပန်နိုင်ငံသားတွေရဲ့ အသက်ဘ၀တွေကို ကာကွယ်သွားမယ်တဲ့။ တခြား ဘာကိုမှ အမှုမထားနိုင်ပါဘူး” လို့ ဆိုတယ်။

အဲဒီပုံစံအမျိုးတူ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်/ကိုယ့်မြေကိုယ်ရေပိုင်ဆိုင်မှုကိုပဲ ရှာဖွေနေမှုဟာ တရုတ်နိုင်ငံမှာလည်း ဇက်ကြိုးဖြေလျော့လိုက်သလို အားကုန်ပြင်းထန်နေတော့တာပါ။ ဘေကျင်းဟာ တောင်တရုတ်ပင်လယ်မှာ အရင်းအမြစ်၊ ကုန်းမြေပိုင်ဆိုင်မှုသြဇာလွှမ်းဖို့ နဲ့ ရေတပ်အခြေစိုက်နိုင်ဖို့ ဒါတွေကို ထုံးစံအတိုင်း တိုင်းတာတွက်ချက်နေတာပါပဲ။  တရုတ်နိုင်ငံဟာ “အနောက်သြဇာလွှမ်းမှု”ရှိခဲ့တဲ့ရာစုတွေကိုလွှင့်ပစ်ဖို့ စမ်းသပ်ကြိုးပမ်းနေတယ်လို့ တရုတ်ပြည်တွင်းဝေဖန်ရေးသမားတွေကတောင် ကျယ်ကျယ်လောင်လောင်ပြောနေကြပါတယ်။ မဲဆွယ်ကာလတိုတွေမှာ အစိုးရပိုင်းက ပါဝင်ကကြိုးဆင်တာကြောင့် နိုင်ငံခြားသားမုန်းတီး၊ တရုတ်မျိုးချစ်စိတ်ပြင်းထန် အဲဒီလိုစိတ်ခံစားမှုလှိုင်းလုံးတွေက အခု ပြင်းထန်လာနေပါတယ်။ ဒါပေမဲ့ မျိုးချစ်စိတ်ဆိုတာထက်သေချာတာက ကြမ်းတမ်းတဲ့တုံ့ပြန်လိုစိတ်တွေသာ ပိုပြီးအားပြင်းလာတာပါ။ တရုတ်နိုင်ငံမှာ ပါတီနိုင်ငံရေးတွေ ပိုပြီးပွင့်လင်း၊ ပိုလွတ်လွတ်လပ်လပ်စီးဆင်း၊ ပိုပြီးကြိုတင်ခန့်မှန်းမရနိုင်တဲ့အနေအထားတွေဖြစ်လာသလို၊ ဘေကျင်းရဲ့စွမ်းရည်ကို မွေးမြူနေတာဟာ အနောက်လွှမ်းမိုးမှုကို တန်ပြန်ချင်တာပါပဲ။ သတင်းတိုတွေအချိန်တိုင်းတင်နေကြတဲ့ ဘလောဂ့်တွေ တရုတ်လူမျိုးသန်းပေါင်းများစွာပါဝင်ရေးသားနေကြတဲ့အထဲမှာ အမျိုးသားရေးစိတ်ဓာတ်ကို ပြတ်ပြတ်သားသားရေးလာကြတာ ထောင်ပေါင်းများစွာရှိတယ်။ အစိုးရထိန်းချုပ်တဲ့ရေဒါအောက်မှာ အများကြီးပဲရှိနေကြတယ်။ ဆန့်ကျင့်သူအရေအတွက်ပမာဏနည်းနည်း(ရာကျော်အရေအတွက်လောက်က) မျိုးချစ်စိတ် အသာပေးဖော်ကျုးရေးသားမှုတွေကို တန်ပြန်တိုက်ခိုက်ရေးသားလာကြတယ်။ အဲဒီလိုနိုင်ငံရေး လှုပ်ရှားပြောင်းလဲမှုဖြစ်စဉ်လည်း တရုတ်နိုင်ငံမှာ တိုးပွားလာနေပါတယ်။
မျိုးချစ်စိတ်၊ ဇာတိမာန် ပွားစီးမှုဟာ နေရာတစ်နေရာနေနောက်ထပ်နယ်ပယ်တွေမှာလည်း တွေ့နိုင်ပါတယ်။ အိန္ဒိယမှာလည်း မျိုးချစ်စိတ်ပြင်းထန်တဲ့ပါတီဟာ နှစ်ပေါင်းများစွာ အခိုင်အမာနေရာယူထားခဲ့တာပါပဲ။ နိုင်ငံခြားသားမုန်းတီးမှုအခြေခံတဲ့အကြမ်းဖက်မှုတွေ ရံဖန်ရံခါမြင်တွေ့ခဲ့ကြရတယ်။ ဗီယက်နမ်မှာ ပြင်ပစိန်ခေါ်တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး အမျိုးသားဝါဒကို မျိုးဆက်ပေါင်းများစွာ ပြုစုပျိုးထောင်လာကြတယ်။ အဲဒါကိုပဲ နယ်မြေပိုင်ဆိုင်မှုအငြင်းပွားမှုအဖြစ် အသွင်သစ်နဲ့ ပြင်ဆင်လာကြတယ်။ ဥပမာဆိုရရင် ဗီယက်နမ်လူငယ်လေးတွေဟာ အမျိုးသားရေးသီချင်းတွေကို အွန်လိုင်းမှာတင်လာကြပြီး သူတို့ရဲ့ ကျွန်းမြေအပေါ်သစ္စာရှိမှုတွေကို ပြနေကြတယ်။

မျိုးချစ်စိတ်ဝါဒီ နဲ့ ကိုယ့်မြေကိုယ်ရေပိုင်ဆိုင်မှုရှာဖွေနေကြတာဟာ အမြဲတက်ကြွဆန်းသစ်နေဖို့ကတော့ အနိုင်နိုင်ရယ်။ ဒါပေမဲ့ သတင်းနည်းပညာခေတ်ထဲမှာ လူ့အဖွဲ့အစည်းတစ်ခုကိုကြိုးကိုင်ခြယ်လှယ်ဖို့က ပိုပြီးအားကောင်းတဲ့လမ်းကြောင်းတွေ ရှိနေပါတယ်။ ဆိုးလ်က အဆင့်မြင့်လေ့လာသူတစ်ဦးက ပြောတယ်။ ယူအက်စ်ရဲ့ မူဝါဒက “စိတ်ဝင်စားမှုရှိတာကိုပဲ တွက်ချက်ရည်ရွယ်တာပါ” တဲ့။ ဒါပေမဲ့ ပွင့်လင်းလာတဲ့ခေတ်မှာ၊ Twitter နဲ့ တခြား ဘလောဂ့်တွေပလူပျံနေတဲ့ အဝန်းအဝိုင်းထဲမှာ စိတ်ခံစားမှုကိစ္စတွေကပဲ လူတွေကို ပိုပြီးရိုက်ခတ်လာတာပါ။ တခြား ပညာသင်ဆုရကျောင်းသားတစ်ဦးကလည်း “နယ်မြေပိုင်ဆိုင်မှုအငြင်းပွားမှုတွေဟာာ မဟာဗျူဟာကျကျကိစ္စတွေ မဟုတ်ပါဘူး။ သမိုင်းကြောင်းတွေ၊ မျိုးချစ်စိတ်တွေပေါ်မှာပဲ လူတွေက တစ်ဝဲလည်လည်ဖြစ်နေကြလို့ပါ” လို့ ပြောတယ်။

လက်တွေ့ကျကျအကျိုးစီးပွားတွက်တာလည်း အမျိုးသားရေးဗျူဟာထဲမှာ ရှိနေပါတယ်။ တောင်တရုတ်ပင်လယ်မှာ ဆိုရင် တရုတ်နိုင်ငံက မျိုးချစ်စိတ်ကိစ္စတွေထက် အရင်းအမြစ်တွေကို တပ်မက်တာပါ။ ဘေကျင်းရဲ့ တရားဝင်မူဝါဒကတော့ နယ်မြေပိုင်ဆိုင်မူပေါ်အငြင်းပွားမှုကို အပြောင်းအလဲမရှိအာရုံစိုက်သလို မျိုးချစ်စိတ်အစွန်းရောက်တွေကို ရှောင်ရှားတဲ့ပုံစံမျိုးပါ။ တောင်တရုတ်ပင်လယ်ကိစ္စမှာ ခေါင်းဆောင်တွေဟာ နိုင်ငံရေးအကြောင်းပြချက်တွေကို သတိကြီးကြီးထားပြီး ပြင်ဆင်နေဆဲပါပဲ။ လေ့လာသူတော်တော်များများက  ဂျပန်ဝန်ကြီးချုပ်သစ်ကို လက်နက်နဲ့ဖြေရှင်းမယ့်သူအဖြစ် မျှော်လင့်ကြတယ်။ ရှင်ဇိုအာဘေးရဲ့ ပြောစကားဆိုစကားတွေအရ၊ သူ့ရဲ့ အရင် သက်တမ်းတိုဝန်ကြီးချုပ်ကာလ လုပ်ကိုင်မှုဆောင်ရွက်မှုအရအာဘေးဟာ ရန်မူတိုက်ခိုက်လိုသူ ဆိုတာထက် စေ့စပ်ဖျန်ဖြေကြားနေလိုသူလို့ပဲ လူတွေက သိထားကြပါတယ်။
တူညီတဲ့နိုင်ငံရေးအနေအထားလှိုင်းလုံးတွေကြောင့် အာရှနိုင်ငံရေးဟာ ပုံစံတူတွေဖြစ်လာကြပါတယ်။ ယူအက်စ်ရဲ့ ဘူမိနိုင်ငံရေး နဲ့ မဟာဗျူဟာတွေဖြစ်တဲ့ စစ်တပ်အား(အများကလက်ခံနိုင်တဲ့အထိတိုးမြှင့်မှု)/ သံတမန်ရေးရာ(ဗျူဟာကျကျမိတ်ဆွေဖွဲ့မှု) အဲဒီစိန်ခေါ်မှုတွေနဲ့ အပေးအယူတွေဟာ အခြေခံအားဖြင့်တော့ မဟာဗျူဟာမကျလှပါဘူး။ ယူအက်စ်ရဲ့လွှမ်းမိုးမှုတွေ ပိုလို့သာပေါ်လွင်ထင်ရှားလာပါလိမ့်မယ်။ လက်ရှိ ကိုရီးယား-ဂျပန် အငြင်းပွားမှုမှာ ဥပမာဆိုရရင် တစ်ဘက်နဲ့တစ်ဘက်စကားစစ်ထိုးစွပ်စွဲပြစ်တင်နေကြတာ လပေါင်းအတော်ကြာလာပါပြီ။ ယူနိုက်တက်စတိတ်ကို အသေအချာ ဘေးဖယ်ထားပါတယ်။ ဆိုးလ်ရော တိုကျိုကပါ အမေရိကရဲ့စွက်ဖက်မှုကို မလိုချင်ခဲ့ကြပါဘူး။ အဲဒီနိုင်ငံတွေဟာ ကိုယ်ပိုင်လုပ်ပိုင်ခွင့်တွေကို ကာကွယ်ဖို့စီမံကိန်းချထားကြတယ်။ တရုတ်နိုင်ငံရဲ့ တောင်တရုတ်ပင်လယ်ကိစ္စမှာလို ယူအက်စ်ရဲ့ အစီအစဉ်တွေထဲ တိုးမဝင်ချင်ကြပါဘူး။

ဒါပေမဲ့ ဘေးအန္တရာယ်တွေဟာ ယူအက်စ်ရဲ့လွှမ်းမိုးမှုမရှိပဲနဲ့ ဆက်ပြီးသွားနေတာပါပဲ။ ဒေသတွေမှာ ဘီစ်မာ့ခ်ကီရန်(Bismarckian)တူရိယာကြီးသုံးပြီး မျိုးချစ်စိတ်တွေပြင်းထန်စေတာကလည်း အင်မတန်စွန့်စားမှုများတဲ့ကိစ္စတွေပါ။
(Bismarck-Otto von Bismarck ဟာ ၁၉ရာစုက ဂျာမန်နိုင်ငံရေးသမားကြီးပါ။ မျိုးချစ်စိတ်အင်မတန်ပြင်းထန်တဲ့သူဖြစ်ပြီး အမျိုးသားရေးစိတ်ဓာတ်ပြင်းပြစွာနဲ့ နိုင်ငံရေး၊ သံတမန်ရေးရာလုပ်ရှားမှုတွေပြုလုပ်ခဲ့တာကြောင့် နာမည်ကျော်ခဲ့တယ်။ နောက်ပိုင်းမျိုးချစ်စိတ်ပြင်းထန်သူတွေဟာ ဘီစ်မာခ့်လမ်းစဉ်လိုက်တဲ့သူတွေအဖြစ် Bismarckian လို့ သုံးနှုန်းလာခဲ့ကြပါတယ်။) 

တရုတ်ရဲ့ မျိုးချစ်စိတ်၊ဇာတိမာန်သွေးကြွအောင် တွန်းအားပေးမှုတွေကြောင့် နောင်လာမယ့်အကျဉ်းအကြပ်ကာလတွေမှာ အနောက်ကလည်း သူ့ရဲ့စွမ်းအားသြဇာကို ပိုပြီးပြသဖို့ ဆန္ဒရှိလာမယ်။ တရုတ်တွေကလည်း ကြမ်းတမ်းတဲ့တုံ့ပြန်မှုတွေ မီးပန်းတွေပစ်ဖောက်သလို ပစ်လွှတ်လာကြမယ်။ အဲဒါတွေဟာ အန္တရာယ်များတဲ့စွန့်စားမှုတွေပါ။ ယူအက်စ်ရဲ့ ရိုးရာ အုပ်ချုပ်ရေးနဲ့သံတမန်အနုပညာလက်နက်ကိုသုံးမယ်ဆိုရင်တော့ အကျိုးကျေးဇူးရှိတယ်။ မျိုးချစ်စိတ်ရဲ့နောက်ဆက်တွဲအကျိုးဆက်တွေ အတန်အသင့်လျော့ပါးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ တစ်ကြိမ်တော့ ကျုးလွန်ခဲ့ပြီးပါပြီ။ ဝါရှင်တန်က“စိုးရိမ်စရာအနေထား” အဖြစ် ယုံကြည်နေပါတယ်။ ပြီးတော့ တိုက်ခိုက်မှုအဖြစ်သို့ ရှေ့ဆက်တိုးမယ့် အာသီသရှိနေတယ်။

အာရှဒေသတစ်ဝိုက် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးထူထောင်ဖို့ လွတ်လပ်တဲ့ဘက်စုံကွန်ယက်တွေ တည်ဆောက်ကြရင်ဖြင့် အငြင်းပွားမှုတွေလျော့ပါးစရာ တခြားနည်းလမ်းတစ်ခုဖြစ်နိုင်ပါတယ်။ ယူနိုက်တက်စတိတ်က လက်နက်လျှော့ချရေး၊ ရေပိုင်နက်ကျူးကျော်မှုဆန့်ကျင်ရေး နဲ့ အကြမ်းဖက်ဝါဒဆန့်ကျင်ရေးလို ကိစ္စတွေ စတင်လုပ်ဆောင်နေခဲ့ပါပြီ။ ဆိုက်ဘာခြိမ်းခြောက်မှု၊ စွမ်းအင်လောင်စာဆီသုံးစွဲမှုလျှော့ချမှု နဲ့ တခြားကိစ္စတွေလည်း လက်တွဲလုပ်ကိုင်နိုင်ပါတယ်။ တခြားကြိုးပမ်းမှုတွေ ပုဂ္ဂလိကအဖွဲ့တွေ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ NGO  အဖွဲ့တွေ exchange program တွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာကြဖို့ စီစဉ်နိုင်ပါတယ်။ ဒီဖြစ်စဉ်တွေကနေ ပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့တွေမှာပါတဲ့နိုင်ငံတွေက ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေနဲ့ အရာရှိတွေကတဆင့် ဒေသခံပြည်သူတွေကို နားလည်သိရှိစေဖို့ တဖြည်းဖြည်းချင်းကူညီနိုင်လိမ့်မယ်။ နိုင်ငံတကာအဖွဲ့သားတွေအလုပ်လုပ်ကြရင်း သက်သေအထောက်အထားအရင်းအမြစ်တွေ၊ လက်တွေ့လေ့ကျင့်မှုအလေ့အထတွေ အပြန်အလှန်ရရှိစေတယ်။ နိုင်ငံသားတွေကလည်း မျိုးချစ်စိတ်ပြင်းထန်ပေါက်ကွဲမှုတွေနဲ့ တသီးတခြားစီနေထိုင်ချင်လာပါလိမ့်မယ်။
အဲဒီလိုကွန်ယက်တွေက ကောင်းမွန်တဲ့အလားအလာတွေရှိပေမယ့်လည်း ယူအက်စ်ရဲ့မူဝါဒမှာ နိုင်ငံတွေကို မဟာမိတ်ဖွဲ့ထားလိုတဲ့ဗျူဟာရယ်၊ ယူအက်စ်ရဲ့အားကြီးမှု၊စွက်ဖက်နိုင်စွမ်းတွေကို ကျားကန်ထားချင်တာရယ် ကျန်ရှိနေပါသေးတယ်။ ယူအက်စ်ကသြဇာလွှမ်းနေတယ်ဆိုတာ နိုင်ငံတွေကို သံသယပျောက်စေဖို့က အလေးထားရမယ့်ကိစ္စပါ။ တူညီတဲ့နိုင်ငံရေးအမြင်တွေရှိဖို့ ပြုပြင်မွမ်းမံရပါမယ်။ ယူအက်စ်ရဲ့ သံတမန်ဆိုင်ရာကြိုးပမ်းမှုတွေ၊ အရင်းအမြစ်တွေနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေ၊ ဘက်စုံကွန်ယက်တွေကိုအသုံးချပြီး စိန်ခေါ်မှုတွေ အပြန်အလှန်ရင်ဆိုင်ဖြေရှင်းကြရမှာပါ။ သြစတြေးလျမှာလို ညှိနှိုင်းဆွေးနွေးမှုတွေမလုပ်ပဲ အခြေစိုက်တပ်ရင်းတစ်ရင်းတပ်စွဲထားတာထက် ဘက်စုံကွန်ယက်မျိုးတွေနဲ့  ဒေသဆိုင်ရာတိုးတက်မှုတွေမှာ တက်တက်ကြွကြွလှုပ်ရှားသင့်ပါတယ်။ အဲလိုချဉ်းကပ်မှုမျိုးကသာ မျိုးချစ်စိတ်ပြင်းထန်လိုသူတွေရဲ့ သဘောမတူညီမှုတွေကို ရပ်တန့်နိုင်မယ်။ ပူးပေါင်းဆောင်ရွက်မှုအလေ့အကျင့်မျိုး တိုက်တွန်းအားပေးနိုင်မယ်။ နိုင်ငံခြားသားမုန်တီးပြီး မျိုးချစ်စိတ်ပြင်းထန်လွန်းတဲ့အစွန်းရောက်တွေကို အောက်ခြေကနေဖြိုဖျက်နိုင်စေမှာပါ။

ဒီလိုဆောင်ရွက်ရမှာက သိပ်တော့မလွယ်ကူလှပါဘူး။ နိုင်ငံတွေဟာ အယူအဆအမျိုးမျိုးကွဲပြားနိုင်တယ်။ စိတ်ဝင်စားမှုအမျိုးမျိုးရှိနိုင်တယ်။ ပြင်ပကလက်တွဲပူးပေါင်းလိုမှုတွေကို ငြင်းဆန်နိုင်သေးတယ်။ထိရောက်တဲ့သံတမန်ရေးမှာ ယူအက်စ်ဟာ ခေါင်းဆောင်နေရာဇာတ်ရုပ်ကို ရှည်ကြာစွာ ထပ်ပြီးယူထားနိုင်ပါတယ်။ ဒါပေမဲ့ မဟာမိတ်တွေကို လွှမ်းမိုးဖို့မဟုတ်ပါဘူး။ နိုင်ငံတွေကို စစ်ရေးသြဇာပြလွှမ်းမိုးအနိုင်ယူဖို့မဟုတ်ပါဘူး။ နိုင်ငံတွေရဲ့ တည်ငြိမ်ရေးကို ဦးဆောင်ပေးဖို့၊ အကျိုးကျေးဇူး၊ အတွေ့အကြုံတွေရှာဖွေ/ဝေမျှပေးဖို့ပါ။ အဖွဲ့အစည်းတွေကို ဦးဆောင်ပေးဖို့ပါ။ အဲဒါဟာ ၁၉၄၅ ကတည်းက အမေရိကန်ပါဝင်ခဲ့တဲ့ ဇာတ်ရုပ်နေရာအတိုင်းပါပဲ။ အဲဒီဇာတ်ရုပ်ကိုပဲ လှုပ်ရှားရမယ့်လမ်းကြောင်းအသစ်တွေရှာဖွေဖို့ လိုအပ်တာပါ။ အာရှမှာပေါ်ထွက်လာတဲ့ ဗျူဟာမြောက်ခေတ်တစ်ခေတ်နဲ့ ပိုပြီး အံဝင်မယ့်ပုံစံ ရှာဖွေဖို့ လိုအပ်နေတာပါ။      ။

ဖြိုးဖြိုး
(နွယ်နီမဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၁၂)

No comments: