နတ်တော် ××…ပြာသို..ခွာညို××တည့်…နှင်းဖုံဖုံ-××…
ရိုးတံဆင့်.ဖူးငုံ…၀တ်မှုံ..၀တ်မှုံ …၀တ်မှုံ တင့် ဆုံး××..
သဇင်..ဂမုန်း --..ရယ်နှင့် ..လေး××…
ရွှေနန်းတော်သုံး.မင်းသုံးငယ်စိုးယူ..သွယ်သွယ်ညွှတ်ကိုင်း× ရွှေသိုင်းညွ့န့် တလူလူ.
.ရှမ်းပြည် တောင်ငူ…ကြည်ဖြူဆက်မြဲ…မှန်လှ..လေး…
ဂမုန်းအင်..သဇင် ရွှေပန်း….လှိုင်လှလေး….သိင်္ဂီလျှံ လန်း×…စိန်စီ ..မှန် …နန်း
ပေါ်ငယ်မှာ…ပန်ဆင်ရာ..ရွှေကေသာ ..မြန်း×××..ပါလို့.. သည်ပန်း.မှ ..မြတ်ပန်း…×× တော်×× -×……
ဆယ့်နှစ်လရာသီ ပွဲတော်တွေထဲမှာ ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြီးပြန်တော့ နတ်တော် ပြာသို တပို့တွဲ ဆိုတဲ့ ဆောင်းတွင်းကာလ အချိန်တွေပါဘဲ။
နတ်လဟေမန် ၀ဿန်ကြွင်းသမို့ ၊
ဖန်ဖန်ငွေနှင်း ရီ့ တရီ၊
ပြန်လှန်လေညှင်း ချီ့ တချီငယ်၊
ကသီ့ကရီနိုင်ရန်ကော လို့ ရှေးက စာဆိုတို့ စာဖွဲ့ကြသလို
မကရ်းဘွေချာ မာလာပျို့ သည့်၊
ခွာပြာအညို့ သင်းကြည်ကြည်၊
ဖြာဖြာမချို့  နှင်းလည်လည်ဝယ်၊
ညှင်းလေစီစီ ဆော်လာသိမ့် ..
လို့ ပြာသိုလကို ဖွဲ့နွဲ့ခဲ့ကြတယ်။
တချို့စာဆိုများကလည်း ...
တိမ်ခြေငယ်ရှင်းပါလို့၊မြူနှင်းငယ်စိုစို၊
လပြာသိုမှာ နွယ်ခွာညိုမြိုင်မြိုင်နှင့်၊
လှိုင်လှိုင်သင်းတဲ့လကိုလေး။
ရောင်သိင်္ဂီငယ်၊ကြယ်ညီဖုသျှ၊ မကာရမို့၊
ရွှေဝဥကင် မင်းယင်ပြင်မှာ၊
လှံယဉ် မြင်းခင်း သဘင်ကျင်းလို့၊
ရာမင်းထွက်စံ ဗိုလ်ညီလာခံသောခါ၊
ဆန္ဒန့်ပိုင် ပြောင်မွန်မှာ၊အောင်တံခွန်တေဇာမြူးပါလို့ ၊
ထူးလှတယ်လေး။
လို့ စာဖွဲ့ခဲ့ကြတယ်။
တပို့တွဲလကိုတော့.အချမ်းဆုံးကာလမို့
နှင်းရည် ဖြန်းချွေ ထန်းလေလှုံ့ သည်၊
ချမ်းစေတမုံ့ ကုမ့်နဂိုရ် ၊
ဆန်းဘွေတပုံ့ မှုံ့ အညိုဝယ်၊
မအုံ့သလို ခိုရောင်ညွှန့်၊
တမာထွက်စ ကျေးဝတ်စံတယ်
ဆွေးညွှတ်တတန် ကြုံဟန်လွန့်၊
ပေါက်လဲငုံတံ ဂုဏ်လျှံဖွံ့လို့၊
စုံရန်တသွန့် ဒေါင်းတံခွန်၊
ချိန်ရင့်တာရီ မာဃီစန်းတို့ ၊
တညီစိတ်ဝမ်းတည့်မွန်းထိန်ထိန်ဝှန်၊
ယာ၈ုပွဲနှင့် တင့်ကဲလွန်အောင် ၊
မီးပုံးတော်မွန် ခါညီပျို့လို့
တာရှည် တကိုယ့် လှုံငြမ်းမမြင်၊
တုံချမ်းတွေစွအင်၊
ဂိမ္မေလှုံ့တဲ့ မိန်တို့ ခွင်ကို ၊
ဂဠုန့်သခင် ကြွမြန်းပါလှဲ့လေး။
လို့လဲ ဖွဲ့နွဲ့ခဲ့ကြတယ်။ ကတ္တီပါစောင်ပေါင်း ထောင်သောင်းမကခြုံတယ် ဆိုတဲ့လဟာ တပို့တွဲပါဘဲ။
မဟာပိန္နဲရယ်နှင့် နတ်ပွဲ အလီလီ..အော် ..နတ်တော်လမှာတော့ ..ပျော်ကြ ပါးကြသည် လို့ ခေတ်ဟောင်းအဆိုတော် မေမေ၀င်း သီဆိုခဲ့သလိုဘဲ နတ်တော်လဟာ နတ်တွေပျော်မြူးတဲ့ကာလ ဆိုပါတော့။ ရှိသမျှနတ်တွေ အစုံ ကခုန်ရွှင်မြူးကြပါတယ် တဲ့။ ကျွန်မတို့ခုနေတဲ့ ပျဉ်းမနားမြို့မှာတော့ အမတော်နတ်နန်းဆိုတာရှိတယ် အဲဒီမှာလည်း တန်ခူးလ သင်္ကြန်ပွဲနဲ့လဲ ရောပြီး နတ်တွေကကြတယ်။ ကျွန်မက နတ်တွေ အကြောင်းသိပ်မသိပါဘူး။ နတ်တော်လမှာ နတ်ပွဲတွေ ရှိတယ်ဆိုပေမဲ့ တောင်ပြုံးပွဲတော်ကိုတော့ ၀ါခေါင်လကြီးမှာ ကျင်းပကြတယ်လို့ သိရပါတယ်။ ပြီးတော့ အလုံမုံရွာက နတ်ပွဲလည်း ရှိတယ်။
ပြာသိုလမှာ တော့ မြန်မာမင်းတို့ ဘုန်းမီးနေလ ထွန်းပစဉ်အခါက သူရဲကောင်းတွေ ဆင်ရေး မြင်းရေး ဓါးရေး လှံရေး တွေပြပြီး မြင်းခင်းသဘင်ပွဲ ဆင်နွဲခဲ့ကြတယ်တဲ့။ ရာသီပန်းက ခွာညိုပန်းပါ။ ပြာသိုမှာ ခွာညိုသင်းတယ် .. မြူနှင်းတွေ .. ဝေေ၀စီစီ လို့ ဗိုလ်အောင်ဒင်ရုပ်ရှင်ကားမှာ မေမေ၀င်းက ညည်းခဲ့တာလေ။ တပို့တွဲ မှာတော့ ပေါက်လဲပန်းတို့ လျှမ်းလျှမ်းတောက် ပွင့်ဖူးကြလို့ တလောကလုံး အနီရောင်ကမ္ဗလာကြီး ခြုံလွှမ်းထားသလို ပါဘဲတဲ့။ ထမနဲပွဲလည်း ရှိပါတယ်။ မြန်မာပြည်အနှံ့အပြား မြို့တိုင်း ရွာတိုင်း အိမ်တိုင်းလိုလို ထမနဲထိုးပြီး ဘုရားရှင်ကို အရုဏ်ဆွမ်း ကပ်လှူ ကြတယ်။ တအိမ်နဲ့တအိမ် ကုသိုလ်လုပ် ပေးဝေကြတယ်။
ကျွန်မ ငယ်ငယ်ကပေါ့။ ဘုတလင်မြို့က ရန်အောင်မြင်ဘုရားကြီးထဲမှာ။
ဖေဖေနဲ့ ဘုရား နောက်ကျောဘက်ကနေ ရှင်မတောင် သနပ်ခါးတုံးစစ်စစ်တွေ တတုံးပေါ်တတုံးဆင့်လို့ စေတီပုံရမှ မီးရှို့ဘုရားရှင်ကို အနွေးဓါတ်ပေး ပူဇော်ခဲ့ကြတာ သတိရရင်း အဖေ့ကို လွမ်းနေမိတယ်။
ခိုက်ခိုက်တုန်အောင် ချမ်းတဲ့ လပေကိုး။
ညံလို့သာ သဲတော့တယ်၊ ပေါက်လဲရယ် ပွင့်တံ၊
ထိန်ထိန်ငယ်လျှံသည်၊ ဆက်ရက်သံစာာစာနှင့် ၊
ငှက်ညီလာကျင်းတဲ့လကိုလေး တဲ့။
ပေါက်လဲပင်မှာ ဆက်ရက်တွေ အုံခဲလို့ သောသောညံနေပုံ မျက်စိထဲမှာမြင်ယောင်နေတယ်။
ပြီးတော့ ...
ရာသီပန်းက သဇင်ပေါ့။ သဇင်ပန်းဆိုတာက သည်ဆောင်းလရာသီမှာမှ ပွင့်ဖူးပါတယ်။ မြတ်ပန်းတော်ဝင် ဆောင်းသဇင်တဲ့။ စာဖွဲ့ကြတယ်။ ဆောင်းတွင်းပန်းပေါ့လေ။ မင်းသုံးစိုးသုံး။ တော်သုံးနန်းသုံးပါ။ အဖိုးထိုက်တန်ပါတယ်။
ရှေးရှေးမြန်မာဘုရင်မင်းများလက်ထက် ရှမ်းစော်ဘွား ရှမ်းမင်းများဟာ သဇင်ပန်းတွေကို နှစ်စဉ် ၀တ္တရားမပျက် အခွန်ဆက်သလို ဆက်သကြတယ် တဲ့။ နတ်တော်လဟာ ရာသီအားဖြင့် ဓနုရာသီပါ။တာရာက ဟင်္သာ။တဲ့။ ပြာသိုကတော့ မကရ်းရာသီတဲ့။ ဖုသျှကြယ်နက္ခတ်နဲ့ စန်းယှဉ်ပါတယ်။ တပို့တွဲမှာတော့ မာဃီနက္ခတ်နဲ့စန်းယှဉ်ပြီးရာသီကတော့ ကုမ်ရာသီလို့ ဆိုပါတယ်။
ခင်မေသစ်
No comments:
Post a Comment