Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, November 23, 2012

ဟက်ပီးမင်းသားလေး

မေမေနဲ့ စာကလေး

ပျဉ်မနားအိမ်က  မေမေ့ရဲ့ အခန်းဘေးဝရံတာမှာ စာကလေးတွေလာလာနားကြတာကိုး။ ဒါနဲ့ မေမေက ဆန်တွေ ကြဲပက် ထားပြီး သောက်ရေခွက်လေးပါ ချထားတော့ တကျွီကျွီ တကျာကျာနဲ့ တနေကုန် ပျံလိုက် စားလိုက် နားလိုက် သောသောကိုညံနေတာကွဲ့ ။ပြီးတော့ မေမေကလေ သမီးတို့ငယ်ငယ်ကဆိုရင် နှင်းဆီတွေ စိုက်တယ် မို့လား။ပိုက်နဲ့ ရေဖြန်းရတယ်။ နွေဆို မနက်တခါ ညတခါ ဖြန်းးတာကိုး။ ရေဖြန်းတော့ မြေကြီးမှာ ပိုက်ထိုးမိတဲ့နေရာက ရေအိုင်လေးဖြစ်ပြီး စာကလေးတွေက အဲဒီရေအိုင်မှာ လူးကြ လှိမ့်ကြ ရေချိုးကြပေါ့ ။စာကလေးတွေက ပျော်။ မေမေက ပျော်။အဲလို နေလာကြတာ မို့လား။

တနေ့ကတော့ မေမေ သမီးမှာတဲ့အတိုင်း  ဖုန်းတလုံးဝယ်ပြီး အင်တာနက်ချိတ်လိုက်တယ်။ အားရပါးရ ဂူးဂဲလ်မှာ ၀င်မွှေမိပါရော။ ဒီမှာတင် “အော်စကာ ၀ိုင်းလ်ထ် “ရဲ့ The Happy Prince နှင့် အခြားဝတ္ထုများ “ စာအုပ်ကို သွားတွေ့တယ်။သူကတော့ စာကလေး (sparrow ) လို့ မဆိုဘူးပျံလွှား (swallow)တဲ့။သူတို့ချင်းကတော့ ခပ်ဆင်ဆင်လို့ ဆိုရမလားဘဲ။ပျံလွှားက အမြီးရှည်ပြိး တောင်ပန်ဖြန့်လိုက်ရင် ချွန်တယ်။အပြားကြီးတယ် အတွန့်ကလေးတွေနဲ့။ သူက ပိုလှတယ် ထင်တယ်။ ပျံလွှားလေးတအုပ်များ မိုးပေါ် ပျံတက်သွားရင် မေမေ ငယ်ငယ်က ဆရာမဆိုပြတဲ့ သီချင်းကလေး မှတ်မိသေးတော့တယ်။
”ပျံလွှားလေးတွေ လည်ချင်းယှက်တော့ အစက်မဲကလေးတွေ ..မိုးမှာ ထင်ပြီကွယ် “  တဲ့။
သူတို့လေးတွေက ဟို မိုးကောင်းကင်အမြင့်ကြိးတက်ပျံတာဆိုတော့ အောက်ကနေကြည့်နေတဲ့သူက မဲမဲအစက်ကလေးတွေဘဲ မြင်နေရတာကိုး။

အဲဒါနဲ့ မေမေက စာကလေးတို့ ပျံလွှားတို့များဆိုရင် အလိုလို သနားနေတာလေ။ အော်စကာဝိုင်းလ်ရဲ့ ပုံပြင်မှာထဲမှာ အများအကျိုးဆောင်တဲ့ ပျံလွှားလေး  ရုပ်တုကြီးခြေရင်းမှာ ဘုံးကနဲ ပြုတ်ကျပြစ်လဲ သေဆုံးသွားတော့ ပျံလွှားလေးကို အသနားထပ်ပိုမိရော။ ဒါနဲ့ဘဲ ဖြိုးဖြိုးကို ပြောမပြရသေးတဲ့ ပုံပြင်တပုဒ်အနေနဲ့ ခု ကိုယ့်စကားနဲ့ ကိုယ်ပဲ အကျဉ်းခြုံးပြန်ပြောပြမိတော့တယ်။
ဟိုရှေးရှေးတုံးက ရှေးဟောင်းမြို့တော်ကြီးတမြို့မှာပေါ့ ။
မြို့ကြီးကို စီးပြီး ငုံ့ကြည့်နေတဲ့ ရှည်မျောမျော မင်းညီမင်းသားပုံ ရုပ်တုကြီးတခု ရှိသတဲ့။ ထီးထီးမြင့်မြင့်ကြီး မိုးပေါ်ထိုးတက်နေပုံများ။လူတကာအားကျစရာပါပဲ။
လူတွေက ပျော်ရွှင်ရယ်မောနေတဲ့ သူ့ပုံသဏ္ဍာန်ုကိုကြည့်ပြီး “ဟက်ပီးမင်းသားလေး” လို့ ခေါ်ကြတယ်။
သူ့ မျက်လုံး နှစ်လုံးကို  အဖိုးထိုက်တန်လှတဲ့ ပြာလဲ့လဲ့ကျောက်မျက်ရတနာတွေ မြှုပ်နှံထားပြီး ဓါးရိုးအနှောင့်မှာလဲ အရည်လည်နေတဲ့  ပတ္တမြား နီနီရဲရဲကြီး တလုံးတပ်ဆင်ထားတယ်။  သူ့တကိုယ်လုံးကိုတော့  အဖိုးတန် ရွှေပြားတွေလွှမ်းခြုံ ဖုံးအုပ်ထားတယ်။

မြို့စားကြီးက “လေကြောင်းပြလေတံခွန်ကြီးလိုဘဲ ခန်းနားကြီးကျယ်လိုက်တာ“ဆိုပြီး သူ့ ရွှေရောင် မျက်နှာလှလှလေးကိုလည်း  ချီးကြူးခန်းဖွင့်တယ်။

စိတ်ညစ်ညူးနေတဲ့ လူတယောက်ကတော့ ရုပ်တုကိုကြည့်ပြီး “ကမ္ဘာပေါ်မှာ သူ့လို ပျော်တတ်သူလဲ ရှိသေးသကိုး “လို့ ခပ်ငေါ့ငေါ့ပြောတယ်။ မိခင်တယောက်ကလဲ  ရုပ်တုကို မော့ကြည့်ပြီး  “ဟောဒီ မင်းသားကလေးတို့များ နားအေးလိုက်တာ ဘာလိုချင်တယ် ညာလိုချင်တယ် မပူဆာပေါင် “လို့ သူ့ သားငယ်ကို ဆုံးမနေတယ်။ အနီရောင် ၀တ်စုံ တောက်တောက်ခြုံထည်တွေ  ဆင်မြန်းထားတဲ့ ခလေးတသိုက်ကတော့ ဘုရားကျောင်းထဲကနေ ၀တ်ပြု ဆုတောင်းထွက်လာကြပြီး ခန့်ညားလှပတဲ့ နတ်သားလေးတပါးအသွင် ဟက်ပီးမင်းသားလေးကို  ငေးမောအားကျနေကြလေရဲ့။ မြို့တော်ကောင်စီဝင်တယောက်ကတော့ ရုပ်တုကြီးကိုကြည့်ပြီး အနုပညာရသကို နားလည်ခံစားတတ်သူလို့ ဂုဏ်သတင်းကျော်ဇောစေချင်လှပေမယ့် တကယ်တော့ ဘာများအသုံးဝင်မှာလဲ တဲ့။ မလိုတမာ ပြောနေတယ်။

တစ်ညမှာတော့  ပျံလွှားငှက်ကလေးတအုပ် မင်းနေမြို့တော်ကြီးပေါ် ဖြတ်သန်းရောက်ရှိလာကြတယ်။ပျံလွှားအုပ်ထဲက တကောင်ကတော့ နောက်ကျပြီး မှ ရောက်လာတာကိုး။သူက နောက်ချန်နေခဲ့တာလဲ ဖြစ်နိုင်တာပေါလေ။ အားလုံးကတော့ ထုံးစံအတိုင်း လွန်ခဲ့တဲ့ သီတင်း၆ပတ်ကတည်းက ပျံသန်းထွက်ခွာနေကျ နွေးထွေးတဲ့ အီဂျစ်နိုင်ငံဆီ ဆောင်းခိုဖို့ ရှေ့ရှူပျံသန်းကုန်ကြပြီလေ။ ဒီပျံလွှားကလေး ကျန်နေရစ်ပုံက လွမ်းစရာလေးကွဲ့။ သူက ဇတ်လမ်းရှိတယ်။ပြီးခဲ့တဲ့ နွေဦးရာသီ တုံးက ပိုးဖလံလေးတွေနဲ့ ရောနှောလိုက်ပါရင်း မြစ်ချောင်းကလေးတခုမှာ ဇတ်လမ်းက စခဲ့တာ။ ဒီလိုကွဲ့။

ရှည်လျားပျော့ပြောင်းပြီး သွယ်လျလျ  ခန္ဓာကိုယ်ရှိတဲ့ ကျူရိုးမကလေးကို  တဒင်္ဂမြင် မိတာနဲ့ ချစ်မိသွားပြီး မခွဲနိုင်မခွာရက် ဖြစ်သွားခဲ့တာလေ။လေယူရာယိမ်းနွဲ့နေတဲ့ ကျူရိုးမကလေးကို ၀ဲလယ် လှည့်ပတ် ပျံသန်းရင်း မင်းကို ချစ်ချင်တယ်ကွယ် ။ ချစ်ရမလား လို့ ပျံလွှားကလေးက တစာစာ ချစ်စကားပြောသတဲ့။ချောင်းရေမြောင်းရေထဲ  လှိုင်းလုံးဖြူလေးတွေထလာအောင် သူ့တောင်ပန်တွေနဲ့ တဖြတ်ဖြတ် ရိုက်ခတ်ပြရင်းလဲ ကျူရိုးမယ်ကလေး ကျေနပ်အောင် သူ့အစွမ်းအစတွေ ထုတ်ပြနေသတဲ့။ အဲဒီလိုနဲ့ တနွေလုံး ပျော်ခဲ့ကြတာလေ။ခု ဆောင်းရာသီ မှာ ဆောင်းခိုကြရတော့မယ်တဲ့။ အီဂျစ်ကို သွားရတော့မယ်။ ကျူရိုးမယ်ကလေးကို သူ အားရပါးရ နှုတ်ဆက်ချင်သေးတာကွဲ့။ ပျံလွှားကလေး လွမ်းခန်းရောက်ပြီပေါ့။ သူ့သူငယ်ချင်းတွေက တော့ “မဖြစ်နိုင်တာကွာ“ လို့ တီးတိုးဆိုကြသတဲ့။တကယ်တော့ ပျံလွှားကလေး ကိုယ်တိုင်လဲ ညည်းငွေ့လာပါပြီလေ။အသွင်မှ မတူတာဘဲ။ပျံလွှားဆိုတာက တချိန်လုံး လှုပ်ခါနေတဲ့ဥစ္စာ တဲ့။
သူက ငါ့ကို လေတိုက်တိုင်း ယိမ်းနွဲ့  မြှူဆွယ်နေတာ တချိန်လုံးဘဲ။ဟိုဘက်ယိမ်းလိုက် ဒီဘက် ယိမ်းလိုက် ယိမ်းခါ နေလိုက်ပုံများ ငြိမ်တယ်ရယ်မရှိဘူး။ တဲ့။
ပျံလွှားကလေးကလဲ အပြစ်မြင်လာတယ်။
ဒါပေမဲ့ ငါနဲ့လိုက်ခဲ့မလား ပျံလွှားကလေးက မေးတယ်။
ကျွန်မအိမ်က ဒီမှာလေ။ အမျိုးအဆွေတွေ က အများကြီး ကျွန်မ ခွဲ မလိုက်နိုင်ဘူး တဲ့။
သူမက နှုတ်နဲ့ တီတီတာတာ မပြောတတ်ပေမဲ့ ခေါင်းခါပြတယ်။
ပျံလွှားကလေးက သိတာပေါ့။
မြစ်ချောင်းတစ်လျှောက် ပေါလိုက်တဲသူ့ အမျိုးတွေ။ အုံနဲ့ကျင်းနဲ့။
ဟင်း..အလကားငါ့ကို လှဲ့ဖျားနေတယ်။ပျံလွှားလေးက စိတ်ဆိုးသွားတယ်။

အင်းပေါ့လေ။ ငါက တော့ မဖြစ်မနေ သွားရတော့မှာ ။အီဂျစ်က ပီးရမစ်ကြီးတွေဆီဲ ငါ နားခိုရလိမ့်မယ်။တဲ့။ဒီလိုနဲ့၊မနားမနေ နှုတ်ဆက် ..
ထွက်ခွာပျံသန်းလာလိုက်တာ တနေ့လုံးဘဲတဲ့။
ညနေခင်းရောက်မှ ဟက်ပီး ရုပ်တု ကြီးဆီ ရောက်လာပြီး သူ့ပခုံးကျယ်ကြီးမှာ အခိုက်အတန့်ခိုနားခွင့်ရတော့တယ်။
ပျံလွှားကလေးက ရှည်မျောမျော ရုပ်တုကြီးကို မြင်တော့ ဟန်ကျလိုက်တာ ဒီတည ငါနားခိုဖို့ နေရာကောင်းတော့ရပီ ဆိုပြီးပျော်နေသတဲ့။

ဒါနဲ့ မောမောနဲ့ရုပ်တုကြီးခြေရင်းမှာ  အိပ်မယ်ပြင်ပါလေရော။ပေါက် ဆို မိုးရေ ပေါက်ကြီး သူ့ကိုယ်ပေါ် ကျလာသတဲ့။
“ရော်.အချိန်မဟုတ်အခါမဟုတ် ဒီဥရောပ မိုးစုတ်ကလဲ” လို့ သူကျိန်ဆဲမိပြီး “ဒလောက် မြင့်ပီး  ကြီးရက်နဲ့ မိုးတပေါက်တောင် မလုံဘူး “ဆိုပြီး ရုပ်တုကိုလဲ ကဲ့ရဲ့နေတာပေါ့လေ။
မကြာပါဘူး နောက် ထပ်လို့  ပေါက် ..ပေါက် ဆိုပြီးကျလာပြန်ပါရော။လက်စသပ်တော့ ရုပ်တုကြီးက ငိုနေတာကိုး။ သူ့မျက်လုံးထဲက မျက်ရေတွေ ပျံလွှားကလေးကိုယ်ပေါ် တပေါက်ပေါက်ကျလာနေတာ။
ရယ်မော ပျော်ရွှင် နေပါလျက် ဘာ့ကြောင့် ငိုကြွေးနေရသလဲ လို့ တွေးပြီး လရောင်အောက်က လှပတဲ့ ရုပ်တုမျက်နှာကိုမော့ကြည့်ပြီးသနားစိတ်တွေ ယိုဖိတ်ကုန်သတဲ့။
ပျံလွှားကလေးက။
ဒါနဲ့ ပျံလွားကလေးက  “ခင်ဗျား ဘယ်သူလဲ။ ဘာကြောင့် ငိုသလဲ “
 မေးပါလေရော။
“ငါက ခန်းနားသိုက်မြိုက်တဲ့ ဆန်ဆူစီ နန်းတော်ကြီးထဲမှာ လှပတဲ့ပန်းဥယျာဉ်တွေထဲမှာ လှည့်လည်ကခုန်ပျော်ပါးနေခဲ့ရတဲ့ မင်းသား တပါးပါ။ မျက်ရည်ရှိတယ်ဆိုတာတောင် မသိပါဘူး။ ဟုတ်ပါတယ်။ ပျော်စရာတွေချည်းငါမြင်တွေ့ နေခဲ့ရတာပါ။ခုတော့ ငါ သေလူဖြစ်နေပြီလေ။။ငါ့ရုပ်ကို အမြင့်ကြီး  ထုဆစ် ချထားတော့ အရာရာ ငါမြင်တွေ့နေရပြီ။ လူသားဘ၀မှာ ငါမမြင်ခဲ့ရတာတွေ ငါမသိခဲ့တာတွေ အခု ငါ  မြို့ကိုစီးပြီး မြင်ရ သိရပါပြီ။ငါ့ရဲ့သတ္တုနှလုံးသားဟာ လူ့နှလုံးသားလိုဘဲ ခံစားတတ်လာပြီ။
“ပျံလွှားကလေးရေ..ဒီတညတော့ ငါ့ကို ကူညီပါ။

ဟိုးရှေ့က အိမ်နုပ်နုပ်သေးသေးလေးထဲမှာ ပန်းသီနေတဲ့ အဖွားတယောက်ကို မြင်ရဲ့လား။ သူ့အနားမှာ ခလေးတယောက် လဲနေတယ် ။သူနေမကောင်းဘူး။ လိမ္မော်သီးစားချင်တယ်လို့ ပူဆာနေတယ်။ သူ့အဖွားက ရေဘဲ တိုက်နိုင်တယ်။ မနက်ခင်းဘုရင့်နန်းတော်အရောက်  ဆက်သဖို့ရှိတဲ့ ပန်းတွေ ပြီးအောင် မှုံနေတဲ့မျက်စိကို အားကိုးရင်း ပန်းထိုးပန်းသီနေရတာ ကြည့်မကောင်းဘူး။ငါ့ဓါးမှာတပ်ဆင်ထားတဲ့ပတ္တမြားကို ထုတ်ပြီး သွားပေးပါ။ကျေးဇူးတင်ပါတယ်ကွယ်”တဲ့။ ရုပ်တုက ဆိုတယ်။
ပျံလွှားကလေးက ..
“ ဟာဗျာ ကျုပ်သူငယ်ချင်းတွေ ခုဆို နိုင်းမြစ်ထဲ ကြာပန်းတွေနဲ့ တီတိုးစကားဆိုနေရော့မယ်။ ပြီးရင် သူတို့ ဆေးရောင်စုံခြယ်ထားတဲ့ အီဂျစ်ဘုရင်ကြီးတပါးရဲ့ အုတ်ဂူမှာ အိပ်ကြလိမ့်မယ်။  ဘုရင်ကြီးက ကျောက်စိမ်းဆွဲကြိုးကြီးဝတ်လို့ဗျ။
အ၀ါရောင်လိုင်နင်စခြုံထည်ကြီးနဲ့ပတ်ရစ်လို့။မွှေးကြိုင်နေတာဘဲ “ ။
ဒီတော့ မင်းသားလေးက

“ပျံလွှားငှက်ကလေးရယ် ပျံလွှားငှက်ကလေးရယ်..တောင်းပန်ပါတယ်။ဟိုခလေးကိုကူညီဖို့ ဒီတညတော့ငါနဲ့ နေပေးပါ “ လို့ ဆိုပြန်တယ်။ပျံလွှားငှက်ကလေးက ဒီလို ကောင်စုတ်တွေပေါ့ ကျုပ်ကို ခဲနဲ့ လိုက်ပေါက်တတ်တာလို့ ဆိုပြီး စိတ်ကောက်သွားတာပေါ့။ပျံလွှားလေးက ခလေးတွေကို မကူညီချင်ပါဘူး။ ဒါပေမဲ့ မျက်ရည်တွေတွေ ကျနေတဲ့ရုပ်တုကို သနားပြီးကူညီပါမယ်လို့ ဆိုကာ ခရီးစတင်တော့တယ်။

ရုပ်တုက ပတ္တမြားကို ကော်ထုတ်ပြီး ပျံလွှားကလေးဟာ မြို့ပေါ်က အဆောက်အဦတွေ နန်းတော် နဲ့ဘုရားရှိခိုးကျောင်းတွေ ကိုကျော်ဖြတ်သွားတယ်။  နောက်ဆုံးတော့ ပန်းထိုးနေတဲ့ ဆ်းရဲသူမအိမ်ရောက်သွားပြီး ပတ္တမြားကြီးကိဲု အဖွားအပ်ချုပ်လက်စွပ်အနား ချပေးသတဲ့။
ကိုယ်တွေ ပူခြစ်နေတဲ့ခလေးကို ပျံလွှားကလေးက သူ့တောင်ပန်လေးတွေနဲ့ ခတ်ပြီး အေးမြစေတယ်။ဒီတော့မှ ခလေးဟာ အပူကျပြီးကောင်းကောင်း အိပ်နိုင်သွားသတဲ့။
အပြန်လမ်း မှာ နန်းတော်ထဲက ကပွဲ အခန်းအနားကျင်းပဖို့ ပြင်ဆင်နေတာမြင်ခဲ့ရပြီး ဘုရင့်သမီးတော်ကလေးတပါးဟာ ၀ရံတာမှာ သူ့ချစ်သူနဲ့ ရပ်လို့  ‘ ကျွန်မတော့ ဒီည ပန်းသီအင်္ကျီဝတ်မှ ၀တ်ရပါ့မလားဘဲ “ဆိုတဲ့ ကနွဲ့ကရ  ညီးညူနေသံ ပြီးတော့ အပ်ချုပ်သည်တွေက အပျင်းထူတယ် မောင်ရဲ့ ဆိုတဲ့အသံတွေ ပျံလွှားလေးကြားလိုက်မိသတဲ့။

ဟက်ပီးရုပ်တုဆီ ညဘက် ပြန်ရောက်တဲ့အခါမှာတော့  သူက
 “ကျုပ်သွားပါရစေတော့ ကျုပ်သူငယ်ချင်းတွေ မျှော်နေလိမ့်မယ် ခုဆိုရင် သူတို့ မနက်ခင်း ရေတံခွန်မှာ ဆုံကြဖို့ စီစဉ်နေကြပြီ။အဲဒီမှာ အိပ်ပျော်နေတဲ့ ရေနဂါးကြီးလဲ ရှိတယ်။ခန်းနားကြီးကျယ်တဲ့ နတ်ဘုရား ကျောင်းတော်လည်းရှိတယ်။လင်းလက်လာတဲ့ ကြယ်ပွင့်တွေကို လမင်းကြီးနဲ့အတူ ကျုပ်တို့ လက်ချိုးရေတွက်ကြမယ်။ညခင်း ရေသောက်ဆင်းလာတဲ့ ခြင်္သေ့ကြီးတွေ တောင်ကျရေထက် ဆူညံကျယ်လောင် စွာ ဟိန်းမဲ့ဟောက်မဲ့အသံကို  ပုန်းပြီး ကျုပ်တို့ နားထောင်ကြမယ်။
လို့ပျံလွှားကလေးက စိတ်ကူးနဲ့ ဆိုရှ
ရုပ်တုကြီးက
”ငှက်လေးရယ်  ငှက်ကလေးရယ် တညလောက်နေပါအုံး။ဟိုရှေ့က အိမ်တအိမ်မှာ လူငယ်လေးတယောက် ပြဇတ်ရေးနေတာ မပြီးနိုင်ဘူး။ ချမ်းတုန်နေရှာတယ် ။အဲဒါ ငါ့ မျက်လုံးထဲက ကျောက်မျက်ပွင့်တလုံးကို ထုတ်ပြီး သွားပေးပါအုံး။ ဒီတော့မှ သူ့ခမြာ ထင်းဝယ်နိုင်မယ် မီးလှုံနိုင်မယ်။စာဆက်ရေးနိုင်မယ် ။ပြဇတ်ဒါရိုက်တာဆီ စာမူ ပေးနိုင်မယ်”လို့ ရုပ်တုက ဆိုတယ်။

ပျံလွှားငှက်ကလေးလဲ မနေသာတော့ဘူးပေါ့။ “ကောင်းပါပြီ တညဆက်နေပါမယ် “လို့ ဆိုပြီး စာရေးဆရာကလေးဆီကို ပျံသွားလို့  ကျောက်ကလေးကို ချပေးလိုက်တယ်။

“ကဲ ကျုပ်သွားတော့မယ်။ “တဲ့ ပျံလွှားကလေးက။
 ကျုပ်သူငယ်ချင်းတွေ စောင့်နေပြီ အခုဆို ဆောင်းဝင်လာပြီ အီဂျစ်မှာတော့ နွေးနွေးထွေးထွေးရှိတယ်လေ။ ကျုပ်သူငယ်ချင်းတွေ ဘုရားကျောင်းမှာ အသိုက်ဆောက်နေတာ ကျုပ်ကူညီရလိမ့်မယ်။ ပျင်းပျင်းတွဲတွဲ မိချောင်းကြီးတွေက ရွှံ့နွံ့ထဲကနေ ငေးကြည့်နေလိမ့်မယ်။ပန်းရောင်ချိုးငှက်ကလေးတွေက တေးတကြော်ကြော်အော်ဆိုရင်း အချင်းချင်း ကူညီ ရိုင်းပင်းကြလိမ့်မယ်။”
 ဒီတော့
ရုပ်တုက ဆိုပြန်တယ်။
   “ဒါပေမဲ့ကွယ် တည ၊ တည ထပ်နေပေးပါအုံး။ ဟိုရှေ့က အိမ်တအိမ်မှာ  မီးခြစ်ဆံလုပ်တဲ့ ခလေးမကလေးငယ်ငယ် မီခြစ်ဆံတွေ ရေစိုကုန်လို့ ငိုနေတယ်။ သူ့အဖေက ရိုက်လိမ့်မယ်။ ကျန်တဲ့ မျက်စိတဘက်ဖြုတ်လို့ သွားပေးခဲ့ပါအုံး။   ပျံလွှားကလေးရယ် ။ “
“ခလေးမကလေးကိုကျန်တဲ့မျက်စိတဘက်ပေးလိုက်ရင် ခင်ဗျားစုံလုံးကန်းတော့မပေါ့” လို့ ပျံလွှားငှက်ကလေးက တားပေမဲ့ ရုပ်တုက သူ့စိတ်ကူးကို မဖျက်ဘူး။ ဒီတော့ ပါရမီဖြည့်ဘက် လိုဖြစ်နေတဲ့ ပျံလွှားကလေးက ခိုင်းတဲ့အတိုင်လုပ်ရပြန်တာပေါ့။

ဒီ့နောက်မှာတော့ ပျံလွှားကလေးက ရုပ်တုကြီးကို သနားလွန်းလို့တဲ့ကွယ် အီဂျစ်ကို သူမသွားတော့ပါဘူး ရုပ်တုကြီးကို စောင့်ရှောက်ရင်းအတူနေတော့မယ်လို့ဆိုတယ်။ သူမရှိရင် ရုပ်တုကြီးပျင်းနေလိမ့်မယ် ဆိုပြီး မြို့တော်ကြီးဆီ ပျံသန်းလှည့်လည်လိုက် ရုပ်တုရဲ့ ပခု့းံမှာ နားလိုက်   မြို့ကို အပေါ်စီးက မြင်မြင် သမျှ ပြောပြောပြလိုက်နဲ့ပေါ့။ အီဂျစ်သဲကန္တာရထဲက ထီးထီးကြီး တည်ရှိနေတဲ့ ဧရာမ စဖင့်ရုပ်ကြီးတွေအကြောင်း နိုင်းလ်မြစ်ရိုးတလျှောက်  အလေ့ကျ ပေါက်ရောက်နေတဲ့ အပင်တွေ နဲ့ စုန်ချီ ဆန်ချီ ၀ဲပျံပျော်မြူးနေမဲ့ သူငယ်ချင်းတွေအကြောင်း  ရွှေငါးလေးတွေကို မညှာမတာ မြှောက်လိုက် လှန်လိုက် ကျီစားဖမ်းယူစားသောက်နေတဲ့ ငှက်တွေ အကြောင်း ၀န်တင်ကုလားအုပ်တွေနဲ့ ခရီးသွားနေတဲ့ အာရပ်ကုန်သည်တွေအကြောင်း ကုန်ရောင်းကုန်ဝယ် ဈေးဆစ်နေတဲ့ ဂျူးအဖိုးအိုတွေအကြောင်း သူက သိသလောက် အကုန်ပြောပြ ရှာတယ်။ ပြီးတော့ ဒီမှာ သူဘာတွေမြင်ရသလဲဆိုတော့ ပိုးဖဲကတ္တီပါတွေနဲ့  လူချမ်းသာတွေ အ၀တ်မပါ ဗလာကိုယ်ထည်နဲ့ လမ်းဘေးက ဆင်းရဲသားတွေ တောင်းစားနေရသူတွေ အကြောင်း  ပျံလွှားကလေးက ပြောပြနေတာပေါ့။
ဒီတော့ ဟက်ပီးရုပ်တုက
“ပျံလွှားကလေးရယ်  ပျံလွှားကလေးရယ် ကျုပ် ကိုယ်မှာ ဖုံးအုပ်တပ်ဆင်ထားတဲ့  ရွှေပြားတွေကို တချပ်ချင်းခွာပြီး ဆင်းရဲသားတွေကို ဝေချမ်းပေးပါ “လို့ ဆိုပြန်တယ်။
ပျံလွှားကလေးလဲ ဆိုဆိုတဲ့အတိုင်း မဆိုင်းမတွ လုပ်တော့တာဘဲ။ တချပ်ခွာ တခါပြေးပေးလိုက် တချပ်ခွာ တခါပြေးပေးလိုက်နဲ့ နောက်ဆုံးတော့ ပျံလွှားကလေးခမြာ ထူထပ် သိပ်သည်းလှတဲ့ ဆီးနှင်းထုအကြား မလှုပ်နိုင်တော့ဘဲ အေးခဲ ပြီး တောင့်လာတော့တယ်။ ရုပ်တုရဲ့ကိုယ်မှာလဲ မဲညစ်ညစ် မှုံတေတေနဲ့ ကြည့်ရဆိုးလိုက်တာ။ သိပ်မကြာခင်မှာ နှင်းတွေက ထူထပ်စွာကျလာနေတယ်။လမ်းမကြီးတွေပျောက်သွားပြီးငွေရောင် ပြောင်ချောချောလက်လက်တွေ ဖွေးဖွေးလှုပ် တသီတတန်းကြီးမြင်နေရပီ။အိမ်တွေရဲ့ တံစက်မိတ်တွေမှာသလင်းကျောက်  ငွေချည်မျှင်များ  တွဲလောင်းချိတ်ဆွဲထားသလို ပါဘဲ။အဖျားချွန်တဲ့  ငွေဓါးမျှောင်တွေ လို ဖွေးဥ ၀င်းပြောင်နေတာများ လှမှ လှသေးတော့။ အဲဒိရေခဲပြင်မှာ ခလေးတွေက ဆောင်းဝတ်စုံတွေ အပြည့်အသိပ် ထူထူထဲထဲဝတ်လို့ ပြေးလွှားကစားနေကြတာလေ။ ပျံလွှားလေးခမြာမတော့ ချမ်းရှာလွန်းလို့လှုပ်တောင်မလှုပ်နိုင်ဘူး။ သူသေတော့မယ် ဆိုတာ သူသိနေတယ်။
“ကျုပ်သွားပီနော် “လို့ ပျံလွှားကလေးက ရုပ်တုကြီးရင်ခွင်ကြားထဲတိုးဝင်နှုတ်ဆက်လိုက်တော့
“အေးဗျာ..ဒီတခါတော့ ကျုပ်မတားတော့ပါဘူး ခင်ဗျားသူငယ်ချင်းတွေ ရှိရာ အမြန်သာ ပျံပါတော့”
လို့ အကြည်အသာ ခွင့်ပေးလိုက်တာနဲ့ ပျံလွှား ကလေးက “
“ကျုပ် ..ကျုပ်သွားမှာ  အဲဒီကို အီဂျစ်နိုင်ငံကို ..မဟုတ်ပါဘူး။ သေမင်းနိုင်ငံကိုပါ .သေခြင်းဟာ .အိပ်ခြင်းနဲ့ ညီအကိုဘဲလေ “လို့ တိုးတိတ်ဝမ်းနည်းစွာ စကားဆိုရင်း  အောက်ကို ဘုတ်ကနဲပြုတ်ကျ သေဆုံးပါလေရော တဲ့ကွယ်။
မသေခင် ရုပ်တုကြီးရဲ့ပခုံးပေါ်မှာနား လက်ကလေးကိုရောနမ်း  နှုတ်ခမ်းလေးကိုရော  နမ်းလို နှုတ်ဆက်လိုက်သေးတယ်ကွဲ့။ပျံလွှားလေးက ဟက်ပီးမင်းသားလေးကိုသိပ်ချစ်ရှာတာနော်။ သူခိုင်းရင် ဘာမဆိုလုပ်ပေးရှာတယ်။
မင်းသားလေးကတော့ အနီးက ပျံလွှားကလေး ဘလောက်ချမ်းမယ်ဆိုတာ မသိဘူးပေါ့လေ။
ပျံလွှ့ာားးကလေးကို ခိုင်းဖို့သာသိပြီး ပျံလွှားကလေးချမ်းရှာလိမ့်မယ်လို့ တခါမှ အတွေးမရောက်ခဲ့သူ ရုပ်တုကြီးဟာ ပျံလွှားကလေး အချမ်းလွန်သေဆုံးသွားမှဘဲ  စာနာသိမြင်လာပြီး   နှလုံးကြေကွဲ သွားရှာတော့တယ်။
ရုပ်တုရဲ့ ရင်အတွင်းပိုင်း ရှိ သတ္တုကိုယ်ထည် နှစ်လုံးသားတစုံက ထူးထူးဆန်းဆန်း နှစ်ပိုင်းကွဲအက်ပြတ်တောက်သွားတော့တာပါ။အဓိပ္ပါယ်ကတော့ သတ္တုရုပ်တုဟာ လည်း လူသားကဲ့သို့ ခံစားနိုင်သော သတ္တိအရှိန်အ၀ါဖြင့် လူသားလိုဘဲ အသဲနှလုံး ကြေကွဲ ဖို့ ဖန်လာခဲ့ရတယ်လို့  ပုံပြင်က တင်စား ဖေါ်ပြထားတာပါ။
“ပျံလွှားကလေးကို ခိုင်းစေဖို့သာသိပြီး ချမ်းရှာလိမ့်မယ်လို့ မတွေးမိခဲ့သူ ဟက်ပီးမင်းသားလေး။
ရေခဲတမျှ အေးခဲနေတဲ့ လဟာပြင်ထဲမှာ  ကိုယ်တိုင်က အေးမှန်းပူမှန်းမသိ ခေါက်တုံလူးလာ ကူးခါသယ်ချည် ပြုရရှာတဲ့ ပျံလွှားငှက်ကလေး၊
အချမ်းလွန်သေဆုံးသွားမှ အမှန်ကို  သိမြင်လာလို့ ပျံလွှားကလေးအတွက်  ရင်ထုမနာဖြစ်ရပြီး  ရင်ကွဲနာကျသွားရတဲ့ ဟက်ပီးမင်းသားလေး။တဲ့။
ပုံပြင်က ဒီလိုဆိုပါတယ်။
နောက်နေ့တွေမှာ လမ်းရှောက်ထွက်လာတဲ့ မြို့စားကြီးဟာ ပုံပျက် ပန်းပျက်ဖြစ်နေတဲ့ ဟက်ပီးရုပ်တုကြီးကို ဖြိုချဖို့ သူ့လူတွေကို အမိန့်ပေးစေခိုင်းလိုက်ပြီး  ရုပ်တုနေရာမှာ သူ့ကိုယ်ပွားရုပ်တုတခု အသစ်ထုဆစ် ထားရှိဖို့ အမိန့်ထုတ်ပြန် ငြောငြာခဲ့တယ် တဲ့။
မြို့စားတွေ အချင်းချင်း သူပုံထုမယ် ငါ့ပုံထုမယ် အငြင်းပွား ရန်ဖြစ် နေကြသေးသတဲ့။
 ထူးဆန်းတာတခုက ဟက်ပီးမင်းသားလေးရဲ့ နှစ်ပိုင်းပြတ်ကွဲအက်သွားတဲ့ အသဲနှလုံးသား၂စ ဟာ မိးမှာ အရည်ကြိုလို့ မပျော်ပါဘူးတဲ့ကွယ်။
ဘုရားသခင်ကတော့ ပျံလွှားလေးကိုကောက်ယူပြီး  သူ့ရဲ့ ဗိမာန်တော်မှာ ရောက်လာသူတိုင်းအတွက် သာယာနာပျော်စေရန်  တေးဆိုဖို့ တာဝန်ချထားပေးလိုက်တယ်။ တဲ့။ ကြင်နာတတ်တဲ့ ဟက်ပီမင်းသားလေးကိုလည်း ဥယျာဉ်တော်မှာ ထာဝရ ရှင်သန်နေထိုင်ဖို့ ခွင့်ပြုလိုက်သတဲ့။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
ပုံပြင်တိုင်းမှာ အတုယူ မှတ်သားထိုက်တာတွေ ပါစမြဲမို့ ယူတတ်ဖို့ပဲလိုပါတယ်။
ဖြိုးဖြိုးကလေးတယောက်လည်း စိတ်သဘောထား ဖြူသည်ထက်ပိုလို့ ပိုလို့ ဖြူစင်ပါစေသတည်း လို့ ဆုတောင်းနေမယ်။
မေမေ ခင်မေသစ်
Oscar Wilde ၏ The Happy Prince ကိုမှီးသည်။

No comments: