Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Thursday, November 08, 2012
အချိန် ငွေကြေး အသက်ဘဝ
(စုမီအောင် ရဲ့ စာ)
အိပ်ရာကနိုးသည်နှင့် နာရီကို တကြည့်ကြည့်၊ အလုပ်သွားရန်ပြင်ဆင်၊ သုတ်သုတ်သွား သုတ်သုတ်လာနှင့် အချိန်ရှားပါးသည့်ကာလမှာ ၀ီလ်ဆလပ်စ်နေထိုင်ရာ Time Out Zone (အချိန်မဲ့ဇုန်)ထဲ ကျွန်မရောက်ခဲ့ရတော့ ခေါင်းနားပန်းကြီးထွက်သွားသည်။ ၀ီလ်ဆလပ်စ်မိသားစုအပါအ၀င် Time Out Zone ထဲမှာ နေထိုင်သူ လူသားအားလုံးတို့အတွက် အချိန်သည် ငွေကြေးနှင့်ထပ်တူကျသလို အချိန်သည် ဘ၀လည်းဖြစ်သည်တဲ့။ ကျွန်မတို့ ယခု လက်ရှိနေထိုင်ကြသလို ဘုရားသခင်က တစ်နေ့မှာ ၂၄နာရီအပြည့်အ၀ ပေးထားတာမျိုးမဟုတ်။ ကျွန်မတို့အတွက် အချိန်ကို အလိုအလျောက် ရရှိနေသော်လည်း သူတို့မှာ အဲသည်အချိန်ကိုပဲ အာသာငမ်းငမ်းရှာဖွေကာ ခြိုးခြံချွေတာ သုံးစွဲနေရသည်။ အိပ်ရာကနိုးထသည်နှင့် လက်ပေါ်က တရွေ့ရွေ့ပြေးနေသည့် စက္ကန့်၊ မိနစ်၊ နာရီတွေကိုအထိတ်တလန့်စိုက်ကြည့်ကာ ကုန်ဆုံးသွားတော့မည့်အချိန်အတွက် ပြေးလွှားလှုပ်ရှား ရုန်းကန်နေရသည်။ ကျွန်မတို့မှာက အချိန်တွေကုန်သွားလည်း အသက်ဘ၀က မကုန်ဆုံးခဲ့၊ ရှိမြဲရှိဆဲ။ သူတို့မှာက လက်ပေါ်က အချိန်အမှတ် အသားဖြစ်သည့် ဂဏန်းဆယ့်သုံးလုံးတို့ အားလုံးတစ်ချိန်တည်း သုံည ဖြစ်သွားချိန်မှာ ဘ၀သက်တမ်းလည်း ကုန်ဆုံးပြီ။ သည်တော့ အသက်ရှင်ရဖို့ အချိန်ကို နည်းလမ်းမျိုးစုံနှင့် ရှာဖွေဖြည့်ဆီးနေရသည်။ အချိန်ကို အပိုင်မရနိုင်ဘဲ ချေးငှားသုံးစွဲလျက် အသက်ဆက်နေရသူများလည်း ရှိသည်။ ဘ၀က သူတို့အတွက် ဈေးကြီးလွန်းလှပါရဲ့။ ကျွန်မတို့သာ `အချိန်´ဆိုသည့်အရာကို အခမဲ့ရနေတာမျိုးမဟုတ်ဘဲ သူတို့လို ရှာဖွေ-သုံးစွဲ-ကုန်ဆုံး၊ ပြန်ရှာဖွေ-ပြန်ဖြည့်-ပြန်သုံးစွဲ-ပြန်လည်ကုန်ဆုံး ..နှင့် အဲသည်လို အချိန်သံသရာထဲမှာ ရုန်းကန်နေထိုင်ရမည်ဆိုလျှင်…….
ကျွန်မတို့ အခုလို အချိန်ကို ဖြုန်းတီးရက် ပါတော့မလား….
Xxxxx
            ရပ်ကွက်ထဲက ကလေးမလေးတစ်ယောက်က `အချိန်တစ်မိနစ်လောက်ပေးပါ´လာတောင်းခံသည်။ `မင်းမှာတစ်နှစ်ရှိတာ ငါသိတယ်´ ဆိုတော့ `အဲဒါအခွန်ဆောင်ဖို့ သီးသန့်စုထာတာ၊ သုံးပစ်လို့မဖြစ်လို့ပါ၊ လုပ်ပါ´တဲ့။ `ကဲ ရော့ ငါးမိနစ်ယူ´၊ ကလေးမလေးရဲ့ အချိန်စုဆောင်းကိရိယာထဲ ဖြည့်ပေးလိုက်သည်၊ ပျော်ရွှင်စွာပြေးခုန်ထွက်သွားသည့် ကလေးမလေးကို ကြည့်ကာ ၀ီလ်ကျေနပ် သွားသည်။ အချိန်ကို အာသာငမ်းငမ်းရှာဖွေ နေရပေမဲ့ သူတစ်ပါးရဲ့လိုအပ်ချက်ကို ဖြည့်ဆီးပေးဖို့ နဲ့ သူတစ်ပါးကို ပျော်ရွှင်အောင်လုပ်ပေးဖို့ ၀ီလ် မမေ့ပါ။ ဘ၀က ထင်မှတ်ထားတာထက် တစ်နေ့တခြား ဈေးကြီးလာသည်။ မနေ့ကပင် ကော်ဖီတစ်ခွက် `သုံးမိနစ်´၊ ဒီနေ့`လေးမိနစ်´တဲ့။ မတတ်နိုင်၊ အစာအိမ်အတွက် သောက်ဖို့လို တော့လည်း မဖြစ်မနေသောက်ရသည်။
            ဘီယာနှင့်ဝိုင် ကလပ်ဘ် တစ်ခုမှာ ၀ီလ်ရောက်နေပေမဲ့ ဈေးကြီးတဲ့ဘီယာသောက်ဖို့လာတာမဟုတ်၊ လက်လှဲအားစမ်းသည့် လောင်းကစားနှင့် အချိန်ကိုလာဖြည့်ခြင်းသာ။  လူစိမ်းတစ်ယောက်ကို ညွှန်ပြရင်း သူငယ်ချင်း ဘိုရယ်က ခပ်တိုးတိုးပြောသည်။
`အဲဒီလူရဲ့လက်မှာ အချိန်တွေ ရာစုနှစ်နဲ့ချီပြီးရှိတယ်ကွ´။ ၀ီလ်အံ့သြသွားသည်။ လက်ပေါ်က ချမ်းသာသမျှအချိန်တွေကို လူအများမြင်သာ အောင် ပြထားခြင်းမှာ အန္တရာယ်ကြီးလှသည်ကို ဒီလူမသိရော့သလား။ ဒီအချိန်မဲ့ဇုန်က လူဆင်းရဲတွေက တရားမျှတမှုရှိမရှိနားမလည်၊ အချိန်ကို ရသည့်နည်းနှင့်  ယူတတ်သည်။ လူစိမ်းအနားကပ်ကာ ၀ီလ်သတိပေးပေမဲ့ ဒီလူက မှုပုံမရ။ ထင်သည့်အတိုင်း၊ အချိန်ကို ခိုးဆိုးလုယက်ယူသည့် လူမိုက်တွေရောက်လာပြီ။ `ကိုယ်နဲ့မဆိုင်တဲ့ကိစ္စထားလိုက်´လို့ ဘိုရယ်သတိပေးတဲ့ကြားက လူစိမ်းကို လူမိုက်တွေလက်ကနေ ကယ်ထုတ်ပေးခဲ့သည်။
လုံခြုံစိတ်ချရသည့်အဆောက်အဦဟောင်းတစ်ခုထဲမှာ မျက်နှာချင်းဆိုင်ထိုင်မိကြသည်။ လူစိမ်းက`ငါ့အသက်က ၁၀၅နှစ်´တဲ့။ ၀ီလ်အသက်က ခုမှ ၂၅နှစ်။ ၀ီလ် မအံ့သြပါ။ အချိန်မဲ့ဇုန်ဖြစ်စေ၊ အချိန်ဇုန်ဖြစ်စေ သူတို့မှာ အိုမင်းရင့်ရော်ခြင်းမရှိကြ။
“ခင်ဗျားအသက်ရှည်လွန်းလို့ စိတ်ညစ်နေတာလား၊ ခင်ဗျားက အသက်ရှည်ကျန်နေပြီး ခင်ဗျားသိသမျှလူတွေအားလုံးသေကုန်ကြလို့ စိတ်ညစ်နေတာလား”
“ဟုတ်တယ် လူတိုင်းသာ ထာဝရအသက်ရှင်မယ်ဆိုရင် သူတို့ဘယ်နေရာမှာ သွားနေကြမလဲ၊ အချိန်ဇုန်တွေ ခွဲထားတာဘာကြောင့်လို့ မင်းထင်လဲ၊ ကုန်ဈေးနှုန်းတွေ အခွန်တွေနေ့ချင်းညချင်းတက်နေတာ ဘာကြောင့်လို့ မင်းထင်လဲ၊ နေထိုင်မှုစရိတ်က ကြီးသထက်ကြီးလာတယ်။ စရိတ်ကြီးတော့ လူတွေမလိုက်နိုင်တော့ဘူး၊ ထပ်မဖြည့်ဆီးနိုင်တော့ဘူး။ ဒါမှ လူတွေသေကြမှာ လူဟာ သေဖို့လိုတယ်”
လူစိမ်းပုံစံက မခိုးမခန့်၊ ဒီလောက်ချမ်းသာနေတဲ့သူက ဘ၀ကို သရော်နေသလို ၀ီ့လ်စိတ်ထဲ တစ်မျိုးတစ်မည်ခံစားလိုက်ရသည်။
“မင်းလက်ပေါ်မှာ အချိန်တွေ ငါ့မှာရှိသလောက်များ ရှိနေရင် မင်းဘာလုပ်မလဲ ပြောပါဦး”
မဖြစ်နိုင်တာ၊ ၀ီလ် ရိုးရိုးလေးပဲ ဖြေလိုက်သည်။
“ကောင်းသားပဲ မနက်မိုးလင်းတိုင်း တထိတ်ထိတ်နဲ့ လက်ကို စိုက်စိုက်ကြည့်နေစရာမလိုတော့ဘူးပေါ့၊ သေချာတာက ဖြုန်းတော့ဖြုန်း မပစ်ဘူး”
လူစိမ်းတိုက်သည့် အကောင်းစားအရက်ကို သောက်ပြီး ၀ီလ်အိပ်ပျော်သွားသည်။ မိုးလင်းလာတော့ ပြုမြဲအကျင့်အတိုင်း လက်ကို ပြူးခနဲစိုက်ကြည့်မိချိန်မှာ ၀ီလ် အံ့သြမကုန်နိုင်ဖြစ်ရသည်။ လက်ပေါ်မှာ အချိန်တွေက မယုံနိုင်စရာ များပြားလှချည့်။ လူစိမ်းက သူပိုင်ဆိုင်သမျှ အချိန်တွေအားလုံး ၀ီ့လ်ကို လွှဲပြောင်းပေးခဲ့ကာ ထွက်သွားခဲ့ပြီ။ ပြတင်းကနေ ဟိုဟိုသည်သည်ကြည့်တော့ ဖုန်တက်နေသည့်မှန်ချပ်ပေါ်မှာ လက်နှင့် ရေးထားခဲ့သည့် စာတန်းတစ်ခု။ လူစိမ်း ရေးခြစ်သွားတာဖြစ်နိုင်သည်။
“ငါ့အချိန်တွေကို ဖြုန်းမပစ်ပါနဲ့”တဲ့။
ဖြစ်နိုင်ချေရှိသည့်နေရာသို့ အပြေးအလွှားလိုက်ကြည့်တော့ မမီတော့။ တံတားအောက်ခြေမှာ ကားခနဲ ကျသေနေသည့်လူစိမ်း၏အလောင်း ကိုမြင်လိုက်ရသည်။ ၀ီလ်ယူကျုံးမရဖြစ်သွားသည်။ ငါသာအိပ်မပျော်ခဲ့ရင် ဒီလူသေမှာမဟုတ်။ သက်ပြင်းချကာ လက်ခံလိုက်ရသည်။ ခက်တာက အချိန်မဲ့ဇုန် ထဲက လူအားလုံးကတော့ ၀ီလ်က ဒီလူစိမ်းကို သတ်ပြီး အချိန်တွေကို ခိုးယူခဲ့သည်လို့ တစ်ထစ်ချယုံသွားနိုင်သည်။ မတတ်နိုင်တော့။ အမှန်တရားကို ဘုရားသခင်သိသည်။ `ငါ့အချိန်တွေကို ဖြုန်းမပစ်နဲ့´ဆိုသည့် လူစိမ်း၏အမှာစကားအတိုင်း သူလွှဲပြောင်းပေးခဲ့သည့် အချိန်တွေကို အကျိုးရှိရှိ အသုံးချလိုက်ဖို့ပဲ ရှိတော့သည်။
အရင်ဆုံး ဘိုရယ်ဆီသွားသည်။ ဘိုရယ့်မိန်းမ ဂရီတာက မွေးကင်းစ ကလေးငယ်နှင့်။ ဘိုရယ့်ကို အမှန်အတိုင်းပြောပြလိုက်သည်။
“မင်းနဲ့ငါ ပေါင်းလာတာဘယ်နှနှစ်ရှိပြီလဲ”ဘိုရယ့်ကိုမေးတော့ “ဆယ်နှစ်”တဲ့။ ကောင်းပြီ။ ဘိုရယ့်လက်ကို ဆွဲယူဆုပ်ကာ အချိန်ဆယ်နှစ်ခွဲဝေ ပေးလိုက်သည်။
“အမေ့ကိုလည်း နယူးဂရင်းဝစ်ခ်ျကို ခေါ်သွားလို့ရပြီ”
အမေသိရင် သိပ်ပျော်မှာပဲ အမေကြိုက်သည့် ပန်းစည်းလက်ဆောင်ကို ကိုင်ကာ ၀ီလ် ကားဂိတ်မှာ အမေပြန်အလာကို စောင့်ကြိုနေ လိုက်သည်။ ခါတိုင်းထက်နောက်ကျနေတော့ စိတ်ထဲသံသယဖြစ်ကာ ပန်းစည်းကိုလွှတ်ချကာ အမေပြန်လာမည့်လမ်းအတိုင်း ပြေးသွားသည်။ နားထဲမှာ အမေ့ခြေသံကြားသည်။ လမ်းဆုံတစ်ခုမှာ အမေ့ကို ရေးရေးမြင်သည်။ ၀ီလ် ဘုရားတမိသည်၊ အမေ့မှာ အချိန်သိပ်နည်းနေပြီပဲ။ အရှိန်ကို ပိုမြင့်ကာ အမေ့ဆီ အပြေးသွားပေမဲ့ လက်တကမ်းအလိုမှာပဲ အမေက အချိန်ကုန်ဆုံးကာ သူ့လက်ထဲ အရုပ်ကြိုးပြတ် ပြုတ်ကျလာသည်။ အချိန်တွေ များများစားစားပိုင်ဆိုင်လေကာမှ အမေ သေရတယ်လို့။ အပြန်လမ်းမှာ မနေ့ကထက် ပိုဈေးကြီးနေသည့် ကားခနှုန်းထားတွေကြောင့် အမေ ကားမစီးနိုင်တော့ဘဲ အိမ်ကို ပြေးလွှားပြန်ခဲ့ရတာဖြစ်မှာပေါ့၊ တစ်နေ့တခြား ဈေးကြီးလာသည့် ဘ၀က အမေ့ကိုသတ်ပစ်ခဲ့တာ။ သက်မဲ့အမေ့ခန္ဓာကို ပွေ့ဖက်ကာ ၀ီလ် ငိုကြွေးမဆုံးတော့ပါ။
xxxxxxx
ပိုင်ဆိုင်မှုအသစ်၊ ဘ၀အသစ်နှင့် နယူးဂရင်ဝစ်ခ်ျကို ၀ီလ်ရောက်ခဲ့ပြီ။ Time Zone (အချိန်ဇုန်)ထဲမှာ ရှိသည့် နယူးဂရင်းဝစ်ခ်ျမြို့တော်ကို လူတိုင်းမက်မောသည်။ အချိန်ချမ်းသာကြွယ်ဝသည့် လူချမ်းသာတွေ နေထိုင်ကြသည်။ အမေ့ကို ဒီနေရာကို ပို့ချင်လှပေမဲ့ အမေမရှိတော့ အမေ့ ကိုယ်စား ဒီနေရာကနေ ရသမျှ အရာတွေ ပြန်ယူရမည်။ ရောက်ရောက်ချင်း ၀ီလ်မနေတတ်။ အချိန်များများစားစား ပိုင်ဆိုင်ကြွယ်ဝကြသည့် လူချမ်းသာ တွေပီပီ ဟန်ပန်တစ်ခွဲသားနှင့် ဖြည်းဖြည်းသက်သာ သွားလာနေကြသည့်လူတွေကြားထဲ သုတ်သုတ်ပျာပျာပြေးလွှားနေသည့် ၀ီ့လ်ပုံစံက ဒီနေရာကလူ မဟုတ်မှန်း သိသာထင်ရှားနေသည်။ ခပ်များများပိုင်ဆိုင်ထားသည့် လက်ကအချိန်တွေကို မေ့ကာ ဘ၀ဟောင်းကအတိုင်း စားသုတ်သုတ် သွားသုတ် သုတ် ဖြစ်နေလို့ ကိုယ်ရှိန်သတ်ရသေးသည်။ ဆိုင်လ်ဗီးယား၏ဖခင်က ၀ီ့လ်ကို ပါတီပွဲခေါ်ဖိတ်ခဲ့ရာက ၀ီလ်နှင့် ဆိုင်လ်ဗီးယားတို့ သိကျွမ်းသွားသည်။ “ကျွန်မနဲ့အတူ`က`ပါလား”လို့ မိန်းကလေးက ဖိတ်ခေါ်သည်။ ဆိုင်လ်ဗီးယားက ၀ီ့လ်ကို အချိန်ကြွယ်ဝသူလို့ထင်နေရှာသည်။ `ရှင့်မှာ မွေးကတည်းက အချိန်တွေအများကြီးပါလာတာလား´တဲ့။ `သံသယဖြစ်နေတာလား´လို့ ၀ီလ်မေးတော့`ဟုတ်တယ်၊ ရှင်ပြေးနေတာမြင်ဖူးတယ်၊ အချိန်ရှားပါးတဲ့ ဆင်းရဲသား တစ်ယောက်လိုပဲ၊ ရှင့်လုပ်ရပ်တွေက မြန်နေတယ်၊ ရှင်က ဒီအချိန်ဇုန်က မဟုတ်ဘူးထင်တယ်’တဲ့။ ၀ီလ်မဖြေရှင်းတော့။ `ငါနဲ့လိုက်ခဲ့´ဆို ကာ ပါတီပွဲနောက်ဘက် ကိုခေါ်သွားသည်။ မီးရောင်လက်လက်အောက်မှာ ကြည်လဲ့နေသည့်ရေပြင်။ အ၀တ်တွေချွတ်ကာ ၀ီလ်ရေထဲ ဆင်းကူးသည်။ `လာခဲ့လေ၊ တစ်ခါတလေ ရူးရူးနှမ်းနှမ်းလေးတွေ လုပ်ကြည့်ရတယ်´လို့မြှောက်ပေးတော့ ဆိုင်လ်ဗီးယားကပါ ရေထဲဆင်းလာသည်။ အနီးကပ်ဆုံးအနေ အထားမှာ ဆိုင်လ်ဗီးယားက `ရှင့်ကို ကျွန်မကောင်းကောင်းမသိဘူး´တဲ့။ `သိအောင်လုပ်လို့ရတယ်လေ´၀ီလ်ပြောလိုက်သည်။ ဆိုင်လ်ဗီးယား၏ကိုယ်ရံ တော်နှစ်ယောက် လိုက်ရှာနေပြီ၊ ဆိုင်လ်ဗီးယား ပြန်ပြေးတက်သွားသည်။ ခပ်တည်တည်နှင့်ပါတီပွဲကျင်းပရာ ခန်းမဆောင်သို့ ၀ီလ်ပြန်ရောက်လျှင် ဆိုင်လ်ဗီးယားအဖေက `ငါ့သမီးရော´တဲ့။ အချိန်မီလေး ဆိုင်လ်ဗီးယားရောက်လာသည်။ဆံနွယ်တွေက ရေမခြောက်သေး။
ဝီ့လ်ကို လိုက်ရှာနေသည့် အချိန်ထိန်းချုပ်သူ ရေမွန်နှင့်သူ့အပေါင်းအပါတစ်စု ပါတီခန်းမထဲ ၀င်လာသည်။ ဟင်နရီဟာလ်မီတန် ကို သတ်ပြီး အချိန်ခိုးယူသည့်အမှုနှင့် ၀ီ့လ်ကို ဖမ်းချုပ်သည်။ တရားမျှတမှုရှိမရှိ ဂရုမစိုက်ဘဲ ၀ီ့လ်အချိန်တွေကို ၂နာရီပဲချန်ကာ ရေမွန်အကုန်ယူသွားပြီ။ ပြောလိုက်သေးသည်။ `မသမာသူတွေလက်ထဲ ရောက်နေတဲ့ အချိန်တွေကို ပြန်ထိန်းသိမ်းရတာ´တဲ့။ ဟင်နရီဟာလ်မီတန်က သူအိပ်ပျော်နေချိန်မှာ အချိန်လွှဲပြောင်းပေးခဲ့ပြီး သူ့ဘာသာသူသွားကြောင်း ဘယ်လိုပြောပြော သူတို့မယုံ။ `ဒီလောက်အချိန်ကြွယ်ဝသူက ကိုယ့်ကိုယ်ကိုယ်သေအောင်လုပ်ပါ့ မလား´တဲ့။ ၀ီလ် ရုတ်တရက်လှုပ်ရှားလိုက်သည်။ ရုန်းရင်းဆန်ခတ်အခြေအနေဖန်တီးလိုက်ကာ ဆိုင်လ်ဗီးယားကို ဓားစာခံလုပ်ပြီး ကားပေါ်တင် လျက် အချိန်မဲ့ဇုန်သို့ ပြန်ထွက်ပြေးခဲ့သည်။ လမ်းမှာ အချိန်နည်းနည်းဝေမျှပေးဖို့ပြောတော့ ဆိုင်လ်ဗီးယားကလက်မခံ။ တစ်နေရာမှာ ကားက ဆူးညောင့် 0ထောင်ချောက်နင်းမိကာ လမ်းဘေးထိုးကျသွားသည်။ နှစ်ယောက်လုံး သတိရလာချိန်မှာ လက်ပေါ်ကအချိန်က နည်းလွန်းနေပြီကို သူတို့မြင်လိုက်ရ သည်။ အချိန်တွေပြန်ဖြည့်ဖို့ တစ်ခုခုလုပ်ရတော့မည်။ ဘိုရယ့်ဆီ အကူအညီရလိုရငြား ပြေးသွားတော့ ဘိုရယ်သေပြီတဲ့။ အချိန်ဆယ်နှစ်ပေးခဲ့တာကို အကျိုးရှိရှိအသုံးမချဘဲ အရက် ကိုးနှစ်ဖိုးသောက်ကာ ဘိုရယ်သေသွားတာ လို့ ဂရီတာက ပြောပြသည်။  ဆိုင်လ်ဗီးယား၏စိန်နားကပ်ကို သွားရောင်းတော့လည်း ဈေးနှိမ်သည်။ ဒီလောက်တန်ဖိုးကြီးစိန်တွေကို အချိန် နှစ်ရက်ပဲ ပေးသည်။ မတတ်နိုင်၊ ရသလောက်နှင့် လဲလှယ်ရတော့သည်။
မြို့တော်တစ်ခုလုံး WEIS Timelenders ဆိုသည့် ဆိုင်းဘုတ်တွေတွေ့တော့ `တစ်မြို့လုံး မင်းနာမည်တွေချည်းပါပဲလား´လို့ ၀ီလ်ကပြော သည်။ ဆိုင်လ်ဗီးယားက ခေါင်းယမ်းကာ`အဖေ့နာမည်ပါ´တဲ့။
“တော်တော်ကြွယ်ဝချမ်းသာတဲ့လူပဲ၊ မင်းအဖေ ဘယ်လောက်တန်ဖိုးရှိလဲ ပြောကြည့်ပါဦး”     
“ထာဝရပဲ”
ဝီလ်အကြံရသွားသည်။ ပါတီပွဲမှာတုန်းကတော့ ရေမွန်တို့လက်ကလွတ်ရင်ပြီးရောသဘောနှင့် ဆိုင်လ်ဗီးယားကို ဓားစာခံလုပ် ထွက်ပြေးခဲ့ တာ။ အခုမှ တကယ့် ချက်ကောင်းကို ကိုင်လို့ရပြီပဲ။ `ဟုတ်ပြီ၊ သူ့ဆီဖုန်းဆက်ပြီး မင့်ကို လာရွေးခိုင်းရမယ်´ပြောတော့ ဆိုင်လ်ဗီးယားက ၀ီ့လ်ကို မုန်းတီးစွာကြည့်လျက် `ရှင်အရှက်မရှိတဲ့လူ´တဲ့။ ဆိုင်လ်ဗီးယားအဖေက တိုက်ရိုက်ဖုန်းမပြော။ အချိန်ထိန်းသူကတစ်ဆင့် ပြောသည်။
“ဘယ်လောက် လိုချင်တာလဲ”
“နှစ်တစ်ထောင်”
များလှချည့်လို့ ဆိုင်လ်ဗီးယားအဖေက မျက်မှောင်ကြုတ်တော့ အမေက `အဲဒါ သမီးလေးအတွက်လေ´လို့ ၀င်ပြောသည်။ မစ္စတာ Weis ပဲ၊ သိပ်သိတာပေါ့။ `မဟုတ်ဘူး၊ အဲဒါ သူတို့နှစ်ယောက်လုံးအတွက် ဖြစ်မှာ၊ ငါသိတာပေါ့´။ ၀ီလ်နှင့် သမီးဖြစ်သူ ဆိုင်လ်ဗီးယား ပူးပေါင်းကြံစည်တာ လို့ မစ္စတာ Weis ကကောက်ချက်ချသည်။ ဟုတ်လည်းဟုတ်သည်။ တော်ဝင်အမျိုးအနွယ်လို ဟန်ပန်တစ်ခွဲသားနှင့် အမြဲနေထိုင်ခဲ့သူ ဆိုင်လ်ဗီးယားခမျာ ၀ီလ်နှင့်အတူ ပေပေတေတေစရိုက်သဘာဝတွေကြား ကျင်လည်ရင်း တစ်နေ့စာတစ်နေ့ ရုန်းကန်ဖြတ်သန်းနေရသည့် အချိန်မဲ့ဇုန်ထဲက လူသားတွေ အပေါ် စာနာနားလည်ရကောင်းမှန်းသိခဲ့ပြီ။ မိမိလက်ထဲရှိသမျှအချိန်လေးကို သူတစ်ပါးအတွက် ခွဲဝေပေးဖို့အမြဲအသင့် ရှိနေတတ်သည့် ၀ီ့လ် စိတ်နှလုံးကို လေးစားရာက မေတ္တာသက်ဝင်သွားခဲ့ပြီ။ ၀ီ့လ်ဘ၀ကို စူးစမ်းလေ့လာသည်။
“ရှင့်အဖေက လက်လှဲအားပြိုင်တဲ့လောင်းကစားလုပ်ရင်း သေသွားတာလားဟင်”
“အသတ်ခံရတာလို့ ငါတော့ထင်တာပဲ၊ သူနိုင်ခဲ့တဲ့ အချိန်တွေကို ပြန်ဖြန့်ဝေပေးမိလိုက်လို့၊ သူက အဲဒီလူတွေကို လက်ပေါ်ကအချိန်သာ မက၊ မျှော်လင့်ချက်ကိုပါ ပေးခဲ့တာ၊ ငါအချိန်ပြတ်ပြီး လဲပြိုမလို ဖြစ်ဖူးတယ်၊ အချိန်က တစ်ပတ်ပဲ ရှိပြီး အကြွေးတွေက ပတ်လည်ဝိုင်းနေတာ၊ အဲဒီကစပြီး တစ်နေ့လုပ် တစ်နေ့စား ရှင်သန်လာခဲ့တာ”
“ကျွန်မကြီးပြင်းလာတဲ့ဘ၀က ဒီလိုမဟုတ်ဘူး” အားနာဟန်ဖြင့်ကြည့်ကာ ဆိုင်လ်ဗီးယားပြောသည်။
“အင်း…မွေးကတည်းက အဆင်သင့်ပါလာတဲ့အရာတွေအတွက် မင်းမှာ အပြစ်မရှိပါဘူး”
ဝီ့လ်အိမ်ခန်းကျဉ်းလေးထဲကနေ ဆိုင်လ်ဗီးယားအပြင်ကိုလှမ်းကြည့်နေသည်။ အပြင်မှာ အဖေ့ရဲ့နာမည်နဲ့ အဆောက်အဦ၊ LEIS Timelenders ။ အချိန်ပိုင်မရှိသူ အချိန်မဲ့ဇုန်ထဲက လူဆင်းရဲတွေက အဖေ့ဆီကနေ အချိန်ကို အတိုးနှင့်ချေးငှားကာ အသက်ဆက်နေကြရသည်ပဲ။ ဘ၀တစ်လျှောက်လုံး အချိန်ဇုန် အပျံစားမြို့တော်မှာ နေထိုင်ခဲ့သည့် ဆိုင်လ်ဗီးယားခမျာ အချိန်မဲ့ဇုန်ထဲက လူဆင်းရဲတွေကို တစ်ခါမှ မမြင်ဖူးခဲ့။ လောကမှာ ဒီလို လူဆင်းရဲတွေ ရှိမှန်း သိတောင် မသိရှာခဲ့။ ဆိုးတာက ဒီလူတွေအားလုံး အဖေ့ဆီကနေ အချိန်တွေ ငှားရမ်းသုံးစွဲ ရှင်သန်နေရခြင်းပါပဲ။
“ဟိုမှာ Timelenders ဖွင့်တော့မယ်၊ မင်းအဖေ ဘယ်လောက် ရက်ရောတယ်ဆိုတာ ကြည့်ရအောင်လား”
မျှော်လင့်ခြင်းတို့ကို ထမ်းပိုးကာ စောင့်ဆိုင်းနေသည့် လူတန်းရှည်ကြီး ကို ဆိုင်လ်ဗီးယား မမှိတ်မသုန်ကြည့်သည်။ လူတွေက အဲဒီနေရာကနေ ပျော်ရွှင်ဟန်နှင့် ပြန်သွားသူမရှိ၊ တစ်ယောက်ပြီး တစ်ယောက် ခေါင်းငိုက်စိုက်ချကာ လှည့်ပြန်သွားသည်ကို မြင်နေရတာ စိတ်မချမ်းသာစရာ။ တစ်နေ့တခြာ အတိုးက များများလာသည့်အတွက် ချေးငှားဖို့တောင် မတတ်နိုင်ကြတော့သည့် လူတွေကို မျက်ဝါးထင်ထင်မြင်နေရပြီ။ ခုတော့ ဆိုင်လ်ဗီးယား သဘောပေါက်သွားပြီ။ အချိန်မဲ့ဇုန်ထဲကလူတွေအပေါ် အတိုးနှုန်းများများတောင်းယူ၊ အချိန်နည်းရာကနေ နောက်ဆုံး အချိန်မဲ့ပြီး မြန်မြန်သေအောင် အဖေလုပ်နေတာပါလား၊ သူတို့ဆီက လွန်လွန်ကျူးကျူးကောက်ခံထားတဲ့ အချိန်တွေနဲ့ ငါအပါအ၀င် အဖေ့မိသားစုတွေ ကြွယ်ဝချမ်း သာနေခဲ့တာပေါ့။ ရင်ထဲ ဆို့နင့်လာသည်။ ၀ီလ်က ဆိုင်လ်ဗီးယားလက်ထဲ သေနတ်တစ်လက် ၀ှက်ထည့်ပေးကာ `မင်းပြန်ဖို့အကောင်းဆုံးအချိန်ပဲ၊ လူတွေကြားထဲကနေ ဖြတ်သွားလိုက်´။ ဆိုင်လ်ဗီးယား ဖုန်းခေါ်နေချိန်မှာ အချိန်ထိန်းသူတစ်ယောက်က လမ်းဘေးမှာထိုင်နေသည့် ၀ီ့လ်အနား သေနတ်ချိန်ကာ ကပ်လာနေသည်ကို လှမ်းမြင်လိုက်သည်။ ၀ီ့လ်အသက်ကို စိုးရိမ်သွားကာ အချိန်ထိန်းသူကို ဆိုင်လ်ဗီးယားပစ်ထည့်လိုက်သည်။ လဲကျ သွားသည့် အချိန်ထိန်းသူအနီးမှာ ထိုင်ပြီး ၀ီလ် တစ်ခုခုလုပ်နေသည်။ ၀ီလ့်လက်ကို ကြည့်လိုက်တော့ စောစောကထက် အချိန်တွေ လျော့နေတာမြင် သည်။ မကြာခင် အချိန်တဖြည်းဖြည်းကုန်ဆုံးကာ အလိုလို သေသွားမည့် အချိန်ထိန်းသူလက်ထဲ သူ့ရှိတဲ့အချိန်ထဲကနေ ၀ီလ်က ဝေငှပေးနေခဲ့သေး သတဲ့၊ ဆိုင်လ်ဗီးယားအံ့သြသွားသည်။
 “ရှင် ဘာလို့ သူ့ကို အချိန်သွားပေးနေတာလဲ၊ သူ့ဆီကတောင် ရသရွေ့ယူပစ်ရမှာ”
 “သူလည်း ကိုယ်တို့လိုပဲ၊ တစ်နေ့စာပဲ အသက်ရတာ၊ သူ့လူတွေ ဒီနေရာကိုရောက်လာဖို့က အချိန်လိုဦးမှာ….ဒါကြောင့် သူ့အတွက် အသက် အချိန်မီအောင် ပေးလိုက်တာပါ”
ဒီအချိန်မှာ ဆိုင်လ်ဗီးယားအဖေအပါအ၀င် အားလုံးက ဆိုင်လ်ဗီးယားကို ၀ီ့လ်ဘက်ကလူလို့ ထင်မြင်နေကြပြီ။ ရင်ခွင်ထဲက မိန်းကလေးကို အသာငုံ့ကြည့်ကာ ၀ီလ် စိတ်မကောင်းစွာပြောလိုက်သည်။
“အားလုံးက မင်းမှားတယ်လို့ ပြောကြမှာပဲ”
“ကျွန်မကတော့ မမှားခဲ့ဘူးလို့ပဲ တွေးမိနေတယ်”
ဆိုင်လ်ဗီးယားကို  ၀ီလ်က သေနတ်ပစ်သင်ပေးသည်။
“ရှင့်မှာ အချိန်တွေအများကြီးရှိရင် သူများတွေကို ခွဲဝေပေးပစ်ဖို့ တကယ်ပှဲဆန္ဒရှိလား”
“ငါ့အတွက်က တစ်ရက်ဆို လောက်ပြီ၊ ဘာတွေ ပိုလိုဦးမှာလဲ၊ ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်က လူတွေ အချိန်ကုန်ဆုံးပြီး သေကုန်တာကို မြင်နေရမယ်ဆိုရင် ကိုယ်လည်း ဘယ်လောက်ကြာကြာ အသက်ရှင်ချင်ဦးမှာလဲ”
“မြင်စရာမလိုပါဘူး မျက်စိမှိတ်ထားလိုက်ပေါ့ ကျွန်မအဖေလိုလေ…”
အဖေ့ကို ဆိုင်လ်ဗီးယားမချစ်တော့ပါ။ အဖေက အချိန်မဲ့ဇုန်ထဲကလူတွေအပေါ် မေတ္တာနဲ့အချိန်တွေ ထပ်လောင်းဝေမျှဖြည့်ဆီးပေးရမယ့်အစား သူတို့ လက်ပေါ်ကအချိန်တွေကို ရသလောက် မတရားသဖြင့် ဖဲ့ချွေယူနေခဲ့တာပဲ။ ဆိုင်လ်ဗီးယားဆုံးဖြတ်ချက်ချလိုက်သည်။ ၀ီလ်နှင့် ပူးပေါင်းကာ အဖေပိုင်ဆိုင်သမျှ LEIS Timelenders အဆောက်အဦတွေကို ဖျက်ဆီးပစ်လိုက်သည်။
“လူကြီးမင်းတို့ အချိန်တွေ အခမဲ့ပေးဝေနေပါတယ်၊ တစ်လလားတစ်နှစ်လား လိုသလောက်ကြိုက်သလောက် လာယူကြပါ၊”
အာဏာပိုင်တွေကတော့ လူသားတို့၏ အသက်ဘ၀ အချိန်ကို ထိန်းချုပ်နိုင်သည်လို့ ဆိုသည်။ အားလုံး၏ အသိစိတ်ထဲမှာတော့ အချိန်စနစ် ကြီး တစ်ခုလုံး ပြိုလဲသွားခဲ့ပြီ လို့ အသေအချာ ယုံကြည်နေကြပါသည်။
xxxxx
ဆိုင်လ်ဗီးယား၏ ရဲရင့်သောလုပ်ရပ်ကို ကျွန်မ သဘောကျသွားသည်။ ဖခင်၏ မတရားမမျှတစွာကောက်ခံတိုးယူခဲ့သော စည်းစိမ်ချမ်းသာ ကြွယ်ဝမှုအားလုံးကို ပြန်လည်ဖောက်ထွင်းယူကာ လူဆင်းရဲတွေလက်ထဲအရောက် ပေးဝေပစ်ခဲ့သည်။ `လူကြားမကောင်း၊ အဖေဆီက ပြန်ခိုးသတဲ့´လို့ ဖခင်ဖြစ်သူက စွပ်စွဲတော့ “ခိုးရာပါပစ္စည်းတွေကို ပြန်ယူတာဟာ ခိုးတာမဟုတ်ဘူး”လို့ ဆိုင်လ်ဗီးယားက ရဲရဲရင့်ရင့် ပြောခဲ့လို့ပဲဖြစ်ပါသည်။ အချိန်ကင်းမဲ့ဇုန်ထဲက လူဆင်းရဲအားလုံး နယူးဂရင်းဝစ်ခ်ျမြို့တော်ရှိရာအချိန်ဇုန်ဆီသို့ အပျော်မျက်နှာကိုယ်စီနှင့် ချီတက်ပြောင်းရွှေ့သွားကြသည့် မြင်ကွင်းကြောင့် ကျွန်မစိတ်တွေ ကြည်နူးဝမ်းမြောက်လိုက်သည်မှာ ဆိုဖွယ်မရှိတော့။ လူတိုင်းကို အသက်ဘ၀ ငွေကြေးနှင့် ထပ်မျှ တန်ဖိုးရှိသည့် အချိန်တွေ လုံလောက်စွာ ပေးဝေချင်ပါသည်။ သို့သော် ဖခင် (သို့မဟုတ်)တစ်စုံတစ်ယောက်ကို လွန်ဆန်ဝံ့သည့်အထိ ဆိုင်လ်ဗီးယားလို ရဲရင့်သော ခွန်အား ကျွန်မမှာရှိပါ့မလား ကိုယ့်ကိုယ်ကိုယ် သံသယ၀င်ချင်သည်။
တစ်ခါတစ်ခါ စိတ်အလိုလိုက်ကာ ဘာမှအလုပ်မလုပ်ဘဲ အချိန်ဖြုန်းနေမိချိန်မျိုးမှာ ၀ီလ်ဆလပ်စ်ကို ကျွန်မ ပြင်းပြင်းပြပြ သတိရနေပါလိမ့်ဦး မည်။ “ငါ့မှာ အချိန်တစ်ရက်ရှိရင် လုံလောက်ပြီ၊ ဒီတစ်ရက်မှာပဲ လုပ်စရာတွေ အများကြီးပဲ” လို့ ပြောခဲ့သည့် သူ့စကားသံကို ကြားယောင်ရင်းနဲ့ပေါ့။
ဂျူနီယို
Film      – In Time
Cast      – Justin Timberlake(Will Salas).
-Amanda Seyfried(Sylvia Weis)
Director&Writer   -Indrew Niccol
No comments: