Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, June 17, 2014

ဖေဖေမရှိတော့သည့် ဖခင်များနေ့မှာ

စုမီအောင်
လူသားတို့ကို ကိုယ်စားပြုသည့် နေ့ထူးနေ့မြတ်များ ရောက်တိုင်း၊ လတစ်လ၏ နေ့မြတ်များတွင် ပြုလုပ်လေ့ရှိသည့် ထိုနေ့၏ အထိမ်းအမှတ်ပွဲများမှာ ပါဝင်ဆင်နွှဲရလေတိုင်း ကျွန်မ ပျော်ရွှင်တတ်သည်။ ဂျပ်ဆင်ဘုရားရှိခိုးကျောင်းတွင် ထိုသို့သော နေ့ထူးနေ့မြတ် များ ဥပမာ မိခင်များနေ့(Mothers’ Day), ဖခင်များနေ့(Fathers’ Day)၊ မုဆိုးမများနေ့ (Widows Day)၊ ကလေးသူငယ်များနေ့ (International Children’s Day)၊ သက်ကြီးရွယ်အိုများနေ့(Aged Day or International Day of Older Persons) အစရှိသဖြင့် အထိမ်းအမှတ်ပွဲများ ပြုလုပ်လေ့ရှိသည်။ မေလ၏ ဒုတိယတနင်္ဂနွေမှာ မိခင်များနေ့ကို ထူးထူးခြားခြားပြုလုပ်ခဲ့သလို လာမည့်ဇွန်လ၏ တတိယတနင်္ဂနွေမှာ ဖခင်များနေ့ကို ထူးခြားစွာပြုလုပ်ကြဦးမည်။ ယခုနှစ် ဇွန်လတွင် ပြုလုပ်မည့် ဖခင်များနေ့မှာတော့ ကျွန်မ မည်သို့မျှ ပျော်ရွှင်နိုင်မည်မဟုတ်တော့ပါ။ ၂၀၁၃ ဒီဇင်ဘာက ဖေဖေကွယ်လွန်ခဲ့လို့ပဲ ဖြစ်ပါသည်။ 

xxxxxx

ဖေဖေ့အကြောင်းစဉ်းစားလိုက်လျှင် ဇာတိပျဉ်းမနားမြို့လေး၏ လသာသာညများနှင့် ရန်ကုန်ကန်တော်ကြီးမျှော်စင်ကျွန်းတွင် စနေနေ့ ညများမှာ ပြုလုပ်လေ့ရှိသည့် Undergurond Music Show များကို အထူးပင် ကျွန်မသတိရမိသည်။ သတိရစရာများ အပုံအပင် များပြားစွာရှိခဲ့သော်လည်း သူများဖခင်များ မလုပ်နိုင်သည့်ကိစ္စများကို ကျွန်မတို့အတွက်လုပ်ပေးခဲ့သည့်အဖြစ်များက ကျွန်မအား သတိရစိတ် ပိုကဲစေပါသည်။ 

အိမ်ရှေ့အုတ်ခုံမှာ ကျွန်မတို့မောင်နှမတစ်တွေ ဂစ်တာတီး၊ သီချင်းဆိုကြသည်ကို ဖေဖေသည် ပက်လက်ကုလားထိုင် တစ်လုံး တွင်ထိုင်ကာ ပြုံးပြုံးကြီးနားထောင်လေ့ရှိသည်။ ကျွန်မတို့မောပန်းသွားလျှင်တော့ ဖေဖေသည် သူ့ဘ၀အတိတ်အကြောင်း များကို ဖွဲ့သီကာပြောပြတော့သည်။ ဖေဖေငယ်စဉ်ကတည်းက မိဘများ ဆုံးပါးခဲ့သဖြင့် ၊မင်းကတော်ကြီးဒေါ်ပန်းရီ (`မင်းကတော်ကြီးငါးမုန့်´ဟု ငါးမုန့်လုပ်ငန်းလုပ်သည့်အဒေါ်) က ဖေဖေတို့မောင်နှမများအားလုံးကို သူ့သားသမီးအရင်းများနှယ်မွေးစားခဲ့သည်။ ဖေဖေ့အဒေါ်ကို အားလုံးက `မာမီကြီး´ဟုခေါ်ကြသည်။ ဖေဖေ့ပြောပြချက်အရ ငွေကုန်ကျစရိတ်နည်းအောင် သားအရင်းများကဲ့သို့ဘောင်းဘီရှည် မဆင်ဘဲ ဖေဖေ့ကို ဘောင်းဘီတိုများသည် ဆင်ခဲ့သည်ဟု သိရစဉ်က ဖေဖေ့အတွက် ငယ်စိတ်နှင့်စိတ်တိုဒေါသထွက်ကာ မခံ မရပ်နိုင် ဖြစ်မိခဲ့သေးသော်လည်း ကြီးပြင်းလာချိန်မှာတော့ အရာရာကို ကျွန်မ နားလည်ခဲ့ပါသည်။ ဖေဖေ့ အဒေါ်မှာ သူ့သားသမီးအရင်းများ များပြားလှသည့်အထဲ ဖေဖေတို့မောင်နှမငါးယောက်ကိုပါ ပြုစုရသဖြင့် လစ်ဟာချက်များရှိနိုင်ပါသည်။ 

ငယ်စဉ်က သားအရင်းများနှင့် တန်းတူခံစားခွင့်မရှိခဲ့အတွက် ကျောင်းစာမှာပိုပြီးထူးချွန်အောင်ကြိုးစားခဲ့သလို ငါးမုန့်များလုပ် ရာမှာ ဖြစ်စေ၊ အခြားအိမ် အလုပ်များမှာဖြစ်စေ၊ တစ်အိမ်လုံးရှိသမျှအလုပ်များကို တတ်နိုင်သည်ထက်ပိုအားစိုက်လျက် များစွာ အားထုတ် လုပ်ကိုင်ပေးခဲ့သည်ဟုသိရသည့်အခါ ဖေဖေ့စိတ်ဓာတ်ကို ကျွန်မများစွာအားကျခဲ့ပါသည်။ ထို့ကြောင့် အဆောင်မှာ၊ အိမ်မှာ မည်သည့် နေရာမျိုး မှာ နေထိုင်ရသည်ဖြစ်စေ ကျွန်မသည်လည်း မျက်လုံးကမြင်တွေ့မိသည့်အလုပ်ကို ရှောင်လွှဲမသွားဘဲ လက် က ချက်ချင်း လုပ်ဆောင်တတ်သည့် အကျင့်တစ်ခု မသိမသာ ရလာခဲ့ပါသည်။ သည့်အတွက် စဉ်းစားမိတိုင်း ဖေဖေ့ကို ကျေးဇူးတင်ပါသည်။ 
ဖေဖေက သူ့ခံစားချက်များပြောပြပြီးတိုင်း “ အင်း.. ဘာပဲပြောပြော မာမီကြီးကျေးဇူးတွေအများကြီးပဲ၊ အဖေကအကုန်လုပ်ပေး တော့ မာမီကြီးက အရေးအကြောင်းရှိရင် အဖေ့ကိုပဲအားကိုးတယ်၊ ချစ်လည်းချစ်ရှာတယ်”ဟုပြောလေ့ရှိသည်။ 

xxxxxxx

ဖေဖေသည် အိမ်မှာပဲ ဆေးခန်းဖွင့်ထားခဲ့သည်။ Leprosy Inspectorဖြစ်ရာ အရေပြားပေါ်ဖြစ်ပျက်သမျှ အသေးဆုံးမှစကာ အကြီးမားဆုံးပြဿနာထိ ကိုင်တွယ်ဖြေရှင်းနိုင်ပါသည်။ ဖေဖေ့ဆီလာသမျှလူနာအများစုမှာ ဆင်းရဲနွမ်းပါးကြသဖြင့် ဖေဖေသည် ဆေးထိုးခ မယူပါ။ အခြေခံဆေးဝါးကုန်ကျငွေမျှသာ လျှော့ပေါ့ယူလေ့ရှိသည်။ ကျေးရွာများသို့ Medical Check-up Tour သွားတိုင်း ကျွန်မတို့ လိုက်သွားလေ့ရှိသည်။ လူနာများအပေါ်ထားသည့် ဖေဖေ့၏ကြီးမြတ်လှသည့် ကရုဏာကို ကျွန်မအလွန်အမင်းအံ့အားသင့် လျက် နားမလည်နိုင်အောင်လည်း ဖြစ်ခဲ့ရဖူးသည်။ လက်ချောင်း ခြေချောင်းများတိုဝင် လျက်၊ နားရွက်များနှာခေါင်းများ ပုံပျက်ထူအမ်း နေသည့် အနာကြီးရောဂါသည်များကို အနီးကပ်ကိုင်တွယ်၊ ဆေးထိုး၊ ဆေးဝါး ကျွေးပြီးလျှင် သူတို့က ကျွေးမွေးသည့် အစားအစာများ ကိုလည်း အားပါးတရစားသုံးလေ့ရှိပါသည်။ ကျွန်မကတော့ အိပ်မက်ထဲပင် ထည့်မက်၊ ကြောက်လန့်၊ ယောင်ရမ်းအော်ဟစ် နိုးထတတ် သည်အထိ ဖေဖေ့လူနာများကို ရွံရှာကြောက်လန့်ခဲ့မိပါသည်။ သို့သော် ဖေဖေ့နောက်သို့ မလိုက်ဘဲ ကျွန်မ မနေနိုင်ပါ။ 

အစိုးရက ဖေဖေ့အား လင့်ရိုဗာကားတစ်စီးပေးထားစဉ်က ဖေဖေကိုယ်တိုင်မောင်းသည့်ကားပေါ်မှာ ကျွန်မ တို့ အားလုံး လိုက်လေ့ ရှိပါသည်။ ဆိုင်ကယ်နှင့်သွားမည်ဆိုလျှင် တစ်ယောက်သာခေါ်နိုင်သည့်အတွက်`ဘယ်သူလိုက်မလဲ´ဟု ဖေဖေ မေးတိုင်း ကျွန်မကအရင်ဆုံးဆိုင်ကယ်နောက် လုတက်ကာ လိုက်လေ့ရှိပါသည်။ အပြင်သို့ထွက်တိုင်း ဖေဖေ့အကျင့်တစ်ခုကို ကျွန်မ နားမလည် အောင်ဖြစ်ရတတ်သည်။ ဖေဖေသည် လမ်းတစ်လျှောက် ကွမ်းယာဆိုင်လေးများတွေ့သည်နှင့် မောင်းလက်စ ကား/ ဆိုင်ကယ်ကို ထိုးရပ်ကာ ဆေးရွက်ကြီး လက်မခန့် ခပ်သေးသေးအပိုင်းအစလေး ဖဲ့ပေးရန် တောင်းခံလျက် ခြေလုံးပြီး ပါးစောင်တွင်ခဲငုံထားလေ့ ရှိသည်။ မေမေက ထိုအကျင့် ပျောက်စေရန် ဆေးရွက်ကြီးများဝယ်၊ ဖဲ့ကာ ဘူးကလေးနှင့်ထည့်ပေးပြီး ဆောင်ထားရန်ပေးသော်လည်း ဖေဖေသည် ဘူးကလေးပါလျှင်တောင်မှ ထိုအကျင့်ကိုပြုမြဲပင်။ ဆေးရွက်ငုံရန် အဓိကမဟုတ်ဘဲ လမ်းဘေးကလူများနှင့် စကားဆို မိတ်ဆွေဖြစ်လိုစိတ်ကြောင့် ပြုခြင်းဖြစ်သည်ကို ကျွန်မ ကြီးပြင်းလာသည့်အခါ နားလည်ခဲ့သဖြင့် ယခုအခါ လမ်းဘေးကွမ်းယာဆိုင် လေးများမှာ တစ်ရှူထုပ်ဝယ်လေတိုင်း ဖေဖေ့၏ထိုအကျင့်နှင့်အတူ ဖေဖေ့ကို သတိရစိတ်က ကျွန်မကို မျက်ရည်စို့စေပါသည်။ ဖေဖေမရှိသည့်အခါကျမှ ဖေဖေ ဦးစားပေး ရွေးနုတ် ပေါင်းသင်းခဲ့သည့် လမ်းဘေးကွမ်းယာဆိုင်ကလူ၊ လမ်းဘေးလက်ဖက်ရည်ဆိုင် ကလူ၊ လမ်းဘေး ဟင်းရွက်ကန်စွန်းရောင်း သည့်လူ..ဆိုရလျှင် လမ်းဘေးကလူများ..သည်လူများကို လှည့်ကြည့်စကားဆို မိတ်ဖွဲ့ ပေါင်းသင်းရန် ကျွန်မ သတိရတတ်ခဲ့ပေပြီ။ 

ယခုအခါ အလုပ်တိုက်သို့လာတိုင်း လမ်းထောင့်ကွမ်းယာဆိုင်က မိန်းကလေးကို တစ်ရှူးတစ်ထုပ်ဝယ်ယူလျက် စကားစမြည် လေးများ ဆိုပြောမိသည်မှာ ဖေဖေ့အားသတိရစိတ်ကြောင့် ဖြစ်မည်လား။ ဤသို့ ဖေဖေ့အားသတိရစိတ်ဖြင့် ပြုမိသည်များ ရှိသကဲ့သို့ အလွန်အမင်း သတိရမိမည်ကိုစိုးသဖြင့် မသွားမိရန် ရှောင်တိမ်းနေသည့်နေရာများလည်း ရှိနေပြန်သည်။ ဆန့်ကျင်ဘက်စိတ်များ မည်သည့် ကာလထိ၊ မည်မျှအားကောင်းဖွဲ့တည်နေမည်ကို ကျွန်မ မသိတော့ပါ။

xxxxxx

ရန်ကုန်၊ ကျောက်မြောင်းမှာ နေဖြစ်ကြသည့်အခါ ကန်တော်ကြီး၊မျှော်စင်ကျွန်းတွင်လုပ်သည့် Underground Music Show များသို့ လမ်းလျှောက်လျက်တစ်ဖုံ၊ ဆိုက်ကားသုံးယောက်တက်စီးလျက်တစ်ခါ၊ ဖေဖေ၊ ညီမလေး၊ ကျွန်မတို့သုံးယောက် သွားကြည့်လေ့ ရှိသည့်အချိန်များကို ကျွန်မအလွန်အမင်း လွမ်းဆွတ်သတိရမိပါသည်။ လူငယ်တို့စိတ်ကြိုက် အော်ဟစ်ပေါက်ကွဲ တီးခတ်ဟစ်ဆိုလေ့ရှိ သည့် ထိုဂီတပွဲများကို အသက် ၇၀ပြည့်လုဖခင်တစ်ဦးက သမီးများနှင့်အတူလိုက်ပါကြည့်သည်ဆိုခြင်းက အိမ်နီးချင်းများအတွက် အထူးအဆန်းကြီးတစ်ခုဖြစ်နေခဲ့သည်။ သူငယ်ချင်းများက `ဘာလို့ နင့်အဖေ ခေါ်မှာလဲ၊ ငါတို့နဲ့လိုက်ခဲ့၊ လွတ်လွတ် လပ်လပ်သွားကြည့် ရအောင်´ ဟု ပြောသော်လည်း ကျွန်မတို့စိတ်ထဲ အဖေနှင့်သွားရသည်က လုံခြုံမှုရှိသည်နှင့်အမျှ ပိုပြီး လွတ်လပ် ပျော်ရွင်မှုရှိသည်ဟု ခံစားရသည်။ ဖေဖေက ရှေ့မတိုးနဲ့၊ နောက်နားမှာနေ၊ ဟိုလိုနေ၊ သည်လိုကြည့် တားမြစ်လေ့မရှိပါ။ သူကိုယ်တိုင်ပင် သမီးနှစ်ယောက် လက်ဆွဲကာ အကျီချွတ် ဝှေ့ယမ်းအော်ဟစ်ကခုန်နေသည့် ကြမ်းကြမ်းဟော့ဟော့ လူငယ်တွေကြား ပျော်ပျော်ကြီး တိုးဝင်ကြည့်တတ် သည်။ ယခုနောက်ပိုင်း မျှော်စင်ကျွန်းကMusic Showများကို ကျွန်မ သွားမကြည့်ဖြစ်တော့ပါ။ ဖေဖေ့အားသတိရ စိတ် ထူးကဲပေါ် ထွက်ကာ ပျော်ရွှင်ကခုန်နေသည့်လူအများကြား ကျွန်မ သည်းထန်စွာ ရုပ်ပျက်ဆင်းပျက် ငိုကြွေးမိမှာ သေချာပါသည်။ ယခုပင်လျှင် စာရေးနေလျက် မျက်ရည်များ ပါးပေါ်သို့တိတ်တဆိတ်လိမ့်ဆင်းကျနေပါသည်။  
xxxxxx

အသက်၈၅နှစ်အရွယ် ကွယ်လွန်သူတို့၏နာရေးကြော်ငြာများကို မြင်ရတိုင်းမှာလည်း ကျွန်မ အမှန်ပင်စိတ်ထဲ ကြေကွဲမိပါ သည်။ ဧပြီ ၂၃၊ ယုဒသန်ခန်းမတွင် ပြုလုပ်ခဲ့သည့် ဦးဝင်းတင်ဂါရ၀ပြုအခမ်းအနားရောက်ခဲ့စဉ်ကတစ်ကြိမ်၊ ဘူတာကြီး၊ သာသနာ့ဟိတ ဓမ္မာရုံတွင် မေ ၂၅ ကပြုလုပ်ခဲ့သည့် ဆရာမြသန်းတင့် ၈၅နှစ်ပြည့်မွေးနေ့အမှတ်တရ ဂုဏ်ပြုဖတ်ကြားခြင်းမှာတစ်ကြိမ်၊ သေဆုံးခြင်း နှင့်အတူ ၈၅ ဆိုသည့်ဂဏန်းတစ်လုံးက ကျွန်မအတွက် ထိခိုက်ဝမ်းနည်းစရာ တိုက်ဆိုင်မှု ဖြစ်ခဲ့ရသည်။ ဆရာမမြူမြူက `သုခမြို့တော်၊ ဟာစရိပါး နှင့် ကျွန်မဖေဖေ´ဟု မျက်ရည်တစ်ဝက်စွက်လျက်ဖတ်လျှင် သုခမြို့တော်ထဲက နူနာစွဲလူဆင်းရဲတို့၏ပုံရိပ်များနှင့်အတူ ကျွန်မငယ်စဉ်က အနီးဆုံးမှာမြင်ခဲ့ရသည့် ဖေဖေ့လူနာ အနာကြီးရောဂါသည်များ…ပြီးတော့ ထိုလူဆင်းရဲများကိုမှ တရင်းတနှီး ရွေးနုတ် ပေါင်းသင်း ဆက်ဆံ နေထိုင်ခဲ့သည့် ဖေဖေ့၏ ကရုဏာကြီးမြတ်မှု၊ လူသားဆန်သည့်နေထိုင်မှု၊ တာဝန်ကျေမှု၊ ပုံရိပ်အစုစုတို့ကို တမ်းတမြင်ယောင်ကာ ကျွန်မ စိတ်မထိန်းနိုင်တော့ပြီ။ 

xxxxxx

ဖေဖေမရှိတော့ပြီ ဆိုသည့်အသိက ယခုနှစ်၊ ဇွန်လတတိယတနင်္ဂနွေတွင်ပြုလုပ်မည့် ဖခင်များနေ့မှာ မည်သည့်ကဏ္ဍမှ ပါဝင်ဆင်နွှဲရမှန်း မသိအောင် ကျွန်မအား ကြိုတင်ခြောက်လှန့်နေပါပြီ။ ယခင့်ယခင်နှစ်များက ဂျပ်ဆင်ဘုရားကျောင်းတွင်ပြုလုပ်သည့် ဖခင်များနေ့ အခမ်းအနားများမှာ ကျွန်မ အင်မတန်မှ ပျော်ရွှင်ခဲ့သည်။ ထိုအခမ်းအနားများမှာ ဖခင်နှင့်ပတ်သက်သည့် `သက်သေခံချက်´(Testimony)၀န်ခံပြောဆိုခြင်း၊ ဖခင်အားရည်စူးရေးသားသည့် စာ၊ ကဗျာတစ်ပုဒ် ရွတ်ဖတ်ခြင်း၊ ဖခင်ဂုဏ်ပြုတေး သီချင်း သီဆိုခြင်း၊ ပက်ကင်လှလှထုပ်ပိုးထားသည့် လက်ဆောင်ပစ္စည်းလေးများကို တက်ရောက်လာကြသည့် ဖခင်များထံ လက်ထဲ အရောက် လိုက်လံပေးဝေခြင်း စသဖြင့် နှစ်စဉ် ပျော်ရွှင်မြူးထူးစွာ ပါဝင်ဆင်နွှဲရလေ့ရှိသည်။ ဖေဖေကလည်း သူရန်ကုန်မှာရှိလျှင် ကိုယ်တိုင်တက်ရောက်ခဲ့သလို၊ ပျဉ်းမနားမှာရှိနေလျှင်လည်း ကျွန်မက ထိုနေ့မှာပေးဝေသည့် လက်ဆောင်ထုပ်လေးကို သိမ်းယူကာ ကျွန်မသီးသန့်ပေးလိုသည့် လက်ဆောင်များနှင့်အတူ ပါဆယ်ထုပ်ကာ ကားဂိတ်မှတစ်ဆင့် ပို့ပေးလေ့ရှိပါသည်။ ယခုနှစ်မှာ ကျွန်မ မည်သို့မည်ပုံ ဖြတ်သန်းရမည်ကို ကျွန်မအမှန်ပင် မသိတော့ပါ။ 

မည်သို့ပင်ဖြစ်စေ ဖေဖေမရှိတော့သည့် ဖခင်များနေ့မှာ `ဖခင်များအားလုံးပျော်ရွှင်ပါစေ၊ သားသမီးများကလည်း ဖခင်တို့ထံမှ ကြီးမြတ်သည့်အမူအကျင့်များကို ကမ်းယူဆင့်ပွားနိုင်ပါစေ´ဟု ကျွန်မ ဆုတောင်းလိုက်ပါသည်။ ကျွန်မကိုယ်တိုင်လည်း ကျန်ရှိသည့် အသက်ဘ၀နေ့ရက်များမှာ ဖေဖေ့ကဲ့သို့ လူသားဆန်စွာ နေထိုင်သွားနိုင်ရပါလိမ့်မည်။

စုမီအောင်

No comments: