Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, June 20, 2014

သံလွင်စိမ်းဝါ ကမ်းခြေပြာပြာ ကော်ဖူးကျွန်းလေးမှာ ( ၁ )

အပိုင်း (၁)

ကျွန်မတို့ ခရီးသွားကြတယ်။ ပထမတော့ လုပ်ငန်းခွင်ထဲက၊ မိသားစုကိစ္စလေးတွေထဲက တခဏတာ ဆွဲထုတ်ပြီး စိတ်ဖိစီးမှုတွေကပျောက်ဆုံးသွားအောင် သွားသွားလာလာ ကုစားဖို့ပါ။ ကိုယ်တိုင်ကိုယ်ကျ ပျောက်ဆုံးသွားအောင် ဖြေလျော့လွှတ်ချပေးလိုက်တာ။ နောက်ထပ် ခရီးတွေသွားကြပြန်တယ်။ နောက်ထပ် နောက်ထပ်ခရီးတွေမှာတော့ ကျွန်မတို့ ကိုယ့်ဘာသာပြန်ရှာကြည့်ချင်လာကြပြီ။ ကျွန်မတို့ရဲ့ စိတ်နှလုံး၊ မျက်စိ၊ နား အားလုံးဖွင့်လှစ်ထားလိုက်ပြီး ကမ္ဘာကြီးထဲက မွေးရပ်ဇာတိမဟုတ်တဲ့နေရာတွေမှာ ဘယ်လောက်အထိ ကိုယ်တိုင်ပါဝင်စီးမျောနိုင်မလဲ၊ ဘယ်လောက်အထိလေ့လာစူးစမ်းနိုင်မလဲ။ သတင်းတွေထဲမှာ၊ ဓာတ်ပုံတွေမှာ ညွှန်းဆိုဖွဲ့နွဲ့ပြနေသလို တကယ်ပဲ အဲဒီလိုနေရာတွေလားဆိုတာ ကိုယ်တိုင်မြင်သိ ခံစားကြည့်ချင်လာတဲ့ ခံစားချက်မျိုးနဲ့ခရီးသွားလာကြတာပါ။ အားလပ်ရက်နွေရာသီကာလတွေဟာ သွားသွားလာလာခရီးစဉ်လေးတွေစီစဉ်ဖို့ အကောင်းဆုံးအချိန်လေးတွေပါပဲ။
ဒီနှစ်နွေရာသီခရီးစဉ်ကို စဉ်းစားကြည့်တော့ ကျွန်မတို့လက်ထပ်တာ ၅ နှစ်မြောက်နှစ်ပတ်လည်အချိန်နဲ့လည်း တိုက်ဆိုင်နေတာကြောင့် ရေကူးရတာ၊ ကမ်းခြေရေပြင်ပြာပြာ သိပ်သဘောကျတတ်တဲ့ သူ့စိတ်ကြိုက်ပဲ ကမ်းခြေလှလှတွေ မဆုံးနိုင်အောင်ရှိနေကြတဲ့ ဂရိက ကျွန်းတစ်ခုခုကို သွားလည်ဖို့ စဉ်းစားကြပါတယ်။ တကယ်ဆို ဘာကြောင့်မှန်းမသိ ကျွန်မက ပင်လယ်ပြင်ကြီးမှာ သိပ်ပြီးမပျော်တတ်ပါဘူး။ အသားမည်းမှာကြောက်တာရယ်၊ ရေလည်းမကူးတတ်ပြန်၊ နေပူပူ ရေငန်ငန်အရသာတွေလည်းကြိုက်တတ်တဲ့သူမဟုတ်တော့ ကမ်းခြေတွေသွားဖို့က ကျွန်မအတွက်သိပ်ပြီးတော့ မဆွဲဆောင်လှပါဘူး။ ကျွန်မအရင်မြန်မာနိုင်ငံမှာတုန်းက ရုံးကပို့တဲ့ ငွေဆောင်ခရီးစဉ်မှာ တစ်ခါတော့လိုက်သွားခဲ့ဖူးပါတယ်။ ၂ ညအိပ် ၃ ရက်ထင်ရဲ့ အဲဒါကိုတောင် ကျွန်မ ရေထဲတစ်ခါပဲ ဆင်းဆော့ဖြစ်ခဲ့တာ။ ပူပူခြစ်ခြစ်သဲသောင်ပြင်ထဲဖြတ်လျှောက်ပြီး ရေထဲကိုဆင်းသွားရတာ၊ အဲဒါကိုလည်း မကြိုက်ပြန်ပါဘူး။ သူငယ်ချင်းတွေနဲ့ အုန်းပင်အရိပ်အောက်တွေမှာ ထိုင်ပြီး ဝိုင်းဖွဲ့စားသောက်ရတာတော့ ရယ်ကာမောကာ ပျော်ရွှင်စရာအချိန်တွေပါပဲ။ ရေထဲမှာဆော့ပြီး ပြန်တက်လာတော့ သဲတွေဟာ ခြေထောက်မှာ၊ ဝတ်ထားတဲ့ ဘောင်းဘီတွေမှာ ခိုဝင်တွယ်ကပ်ပါလာတတ်လာလည်း မကြိုက်ခဲ့ပါဘူး။ (အဲဒါဟာ အဝတ်အစားကြောင့်ဆိုတာတော့ အခုမှသတိထားမိလိုက်တာပါ။ ကျွန်မတို့မြန်မာမိန်းကလေးတွေက ရေထဲ၊ ပင်လယ်ပြင်ထဲဆင်းဆော့ရင် ရေကူးဝတ်စုံဝတ်ရဲကြသူလေးတွေမဟုတ်ကြဘူးလေ၊ အသားမည်းမှာကြောက်တတ်တဲ့သူလေးတချို့ကလည်း ဂျင်းဘောင်းဘီအရှည်၊ တီရှပ်တွေ၊ ဂါဝန်ရှည်ဖားဖားလှလှလေးတွေကို ရေထဲဆင်းဆော့ရင်းဝတ်တတ်ကြသေးတာပါ။ သဲမှုန်တွေကပ်နေတဲ့ဂျင်းဘောင်းဘီကို ပြန်ချွတ်ရခက်၊ ဂါဝန်ရှည်ဖားဖားလှလှလေးတွေဟာ ခြေဖျားကျော်ကျော်လောက်ထိ စိုစိုကပ်ကပ်နဲ့ လမ်းလျှောက်ရခက်ခက်လည်းဖြစ်တတ်ကြသေးတာပေါ့။)

ရင်သပ်ရှုမောဖွယ်၊ သဘာဝအတိုင်းမပျက်မယွင်းသန့်စင်လှပနေဆဲ ကမ်းခြေတွေနဲ့ ရှေးဟောင်းသမိုင်းအထောက်အထားတွေ အလွန်ကြွယ်ဝတဲ့နေရာဒေသအခြေအနေတွေနဲ့ ဂရိ ဟာ ၂၀၁၃ တုန်းက ကမ္ဘာလှည့်ခရီးသည်ပေါင်း ၁၇. ၈ သန်းခန့်ဆွဲဆောင်နိုင်ခဲ့ကြတယ်။၂၀၁၂ ကထက် ၁၀ ရာခိုင်နှုန်းခန့် ပိုပြီးတိုးတက်ခဲ့တာပါ။ ခရီးသွားလုပ်ငန်းဟာ နိုင်ငံရဲ့ စီးပွားရေးကို ထောက်ကန်ဖေးမပေးနိုင်မယ့် တိုင်လုံးကြီးတွေပါပဲ။ (ဂရိမှာ ၂၀၀၈ အောက်တိုဘာကနေ အစိုးရကြွေးမြီအကျပ်အတည်းစတင်ခဲ့တာပါ။ အခွန်အခရှောင်တိမ်းတာတွေ၊ ခြစားမှုတွေရှိခဲ့ပြီး ၂၀၁၀ မှာ ကြွေးမြီပမာဏကို ထုတ်ပြန်ခဲ့တယ်။ ၂၀၀၈ ကနေ ၂၀၁၃ ခုနှစ်အတွင်း ဝင်ငွေထက်သုံးငွေပိုပြီးကြွေးမြီတက်ခဲ့ရတာကြောင့် နိုင်ငံတွင်းမငြိမ်သက်မှုတွေ၊ ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီး ၂၀၁၁ နောက်ပိုင်းမှာ ကမ္ဘာလှည့်ခရီးသွားအရေအတွက် အင်မတန်ကျဆင်းခဲ့ပါတယ်။) ခရီးသွားလုပ်ငန်းဟာ ဂရိနိုင်ငံအတွက် နိုင်ငံအတွက် ဒုတိယအကျိုးအပြုဆုံးလုပ်ငန်းပါ။ ပထမလုပ်ငန်းကတော့ ရေကြောင်းလုပ်ငန်းပါ။  ဂရိကျွန်းတွေဆီ အပမ်းဖြေခရီးထွက်မယ်ဆိုရင် Easter ကာလ ကနေ အောက်တိုဘာလလယ်လောက်အထိ အကောင်းဆုံးပါပဲ။ ဂရိတောင်ပိုင်းကျွန်း Crete နဲ့ Rhodes ကျွန်းတွေက အောက်တိုဘာလကုန်လောက်အထိ အချိန်တိုးဖွင့်လှစ်ထားပေမယ့် မြောက်ပိုင်းကျွန်းတွေဖြစ်တဲ့ Skiáthos ကျွန်းနဲ့ Corfu ကျွန်းတွေက ရက်သတ္တပတ်အနည်းငယ်ပိုစောပြီး ပိတ်လေ့ရှိတာကြောင့်ပါ။ ဟိုတယ်အခန်းခတွေ၊ စားသောက်ဆိုင်တွေ၊ ဘား ဝန်ဆောင်မှုတွေ လျှော့ဈေးအကောင်းဆုံးပေးတတ်တဲ့အချိန်တွေကတော့ သင့်တင့်တဲ့ရာသီဥတုအချိန်မျိုးပါပဲ။ မေလလယ်ကနေ ဇွန်လကုန်နဲ့ စက်တင်ဘာတစ်လလုံးဟာ အကောင်းဆုံးအချိန်တွေပါ။ ဇူလိုင်နဲ့ သြဂုတ်ကတော့ ကမ်းခြေရေဟာပူနွေးနေလို့ ရေကူးရတာ အင်မတန်ကောင်းလှပေမဲ့ လူများပြည့်ကျပ်နေတတ်တယ်။ တစ်ခါတစ်ရံ အင်မတန်မြင့်မားတဲ့အပူချိန်နဲ့ ကြုံရတတ်တယ်။ Lonian ကျွန်းစုတွေ နဲ့ Maïstros ကျွန်းမှာ အနောက်မြောက်လေပူတိုက်ခတ်တတ်ပါတယ်။ ဆောင်းရာသီအရသာစစ်စစ်ရနိုင်တာကတော့ Rhodes ဒါမှမဟုတ် Kérkyra မြို့လေးတွေ, Haniá ဒါမှမဟုတ် Crete ကျွန်းနဲ့ Hydra  ကျွန်းတွေပါ။ အေသင်ဟာလည်း ကျောင်းသားတွေလေ့လာခရီးထွက်စရာအသင့်တော်ဆုံး ဂရိသမိုင်းထဲကမှတ်တမ်းတွေပြည့်နေတဲ့နေရာပဲပေါ့။ ရေစီးကြောင်းနွေးနွေးရှိနေတတ်တဲ့ ရေကူးလို့အကောင်းဆုံး နွေရာသီကာလတွေမှာ ဟိုတယ်ခတွေက ဈေးမြှင့်ထားကြပြီး၊ ခရီးသွားရာသီအစ မေလ နဲ့ ခရီးသွားရာသီအဆုံး အောက်တိုဘာလတွေမှာတော့ ဟိုတယ်အခန်းခတွေကို ဈေးလျှော့ချထားကြတယ်။ ဂရိ mainland အေသင်ကိုတော့ မရွေးတော့ဘဲ ကျွန်းတွေထဲက သွားလည်ချင်တဲ့ကျွန်းကို စဉ်းစားကြတော့ Corfu ကျွန်းက ပထမဆုံး စိတ်ကူးထဲဝင်လာတော့တယ်။ နောက်ထပ် Crete နဲ့ Rhodes လည်း သိပ်လှတာပဲတဲ့) ။ တချို့ခရီးသွားလမ်းညွှန်စာမျက်နှာတွေမှာ ဒီလိုညွှန်းထားကြတယ်။

ဂရိကျွန်းတွေထဲမှာ 
ပန်းချီဆရာ၊ ဓာတ်ပုံဆရာတွေအတွက် အကောင်းဆုံးကျွန်းတွေက - Santorini, Mykonos & Crete ၊ ပင်လယ်လှိုင်းစီးလိုသူတွေအတွက် - Naxos, Mykonos, Paros ၊ ကမ်းခြေအလှကြည့်ချင်သူတွေအတွက် - Skiathos, Mykonos, Paros, Crete & Corfu ၊ နိုက်ကလပ်ကောင်းကောင်းသွားလိုကြသူတွေအတွက် - Mykonos, Crete, Santorini, Ios & Rhodes ၊ ဈေးဝယ်ထွက်လိုကြသူတွေအတွက် - Mykonos, Santorini & Rhodes ၊ ခြေလျင်ခရီးထွက်လိုသူတွေအတွက် - Crete, Corfu, Santorini, Paros & Mykonos နဲ့ ကားနဲ့ ခရီးထွက်မယ့်သူတွေအတွက် - Crete & Corfu စတဲ့ကျွန်းတွေက အသင့်တော်ဆုံးဆိုပြီး ညွှန်းကြတယ်။

ကျွန်မနေတဲ့ ဆားဘီးယားနိုင်ငံက ကုန်းတွင်းပိတ်နိုင်ငံသားတွေဆိုတော့ ကမ်းခြေတွေရှိရာဆီ အင်မတန်ခရီးထွက်လိုလှတယ်။ သူတို့အများဆုံးသွားကြတဲ့နွေရာသီခရီးစဉ်တွေကတော့ ဂရိကျွန်းတွေဆီကိုပါ။ မိသားစုလိုက် တစ်ပတ် ၁၀ရက်အနည်းဆုံးသွားကြလေ့ရှိတယ်။ သူငယ်ချင်းတွေစုပြီးလည်း ကိုယ့်ကားနဲ့ကိုယ်လည်းသွားကြပါတယ်။ ဘတ်စ်ကားတွေနဲ့လည်း သွားကြတယ်။ လေယာဉ်နဲ့လည်းသွားနိုင်တာပါပဲ။ ကားနဲ့သွားမယ်ဆိုရင် မက်ဆီဒိုးနီးယားနိုင်ငံကို ဖြတ်ပြီး နာရီ ၂၀ လောက်ကြာကြာမောင်းရပါတယ်။ တည်းခိုနေထိုင်ဖို့ရွေးချယ်ကြတာကတော့ ကိုယ်သုံးစွဲနိုင်တဲ့ပမာဏနဲ့ကိုက်ညှိပြီးတော့ ချမ်းသာကြွယ်ဝတဲ့မိသားစုဆိုရင် ဟိုတယ်ကောင်းကောင်း၊ သာမန်မိသားစုလေးတွေကတော့ hotel apartment တွေမှာ အခန်းငှားရမ်းတည်းခိုနိုင်တယ်။ hotel apartment မှာလည်း ကိုယ်တိုင်ချက်စားချင်တဲ့သူက မီးဖိုခန်းအပါအဝင် အခန်းငှားနိုင်ပါတယ်။ အပြင်မှာပဲ ၁၀ရက်စာနေ့တိုင်းဝယ်စားကြမယ်ဆိုရင်တော့ လက်ထဲကနေ ယူရိုငွေတွေ တော်တော်များများခုန်ထွက်ပြေးကုန်ကြမှာပါပဲ။ အဲဒီအခန်းတွေဟာ ဈေးသက်သာပြီး သန့်ရှင်းသပ်ရပ်တဲ့အခန်းတွေပါ။ ဂရိနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားတွေကို အင်မတန်အလေးထားတော့ hotet apartment တွေဟာလည်း အဆင့်မီမီ၊ ဝန်ဆောင်မှုကောင်းကောင်းပေးကြတယ်လို့ ပြောပြကြတယ်။ ကျွန်မတို့တည်းခိုဖြစ်တဲ့နေရာက ကော်ဖူးကျွန်း Agios ioannis peristeron ကမ်းခြေနေရာမှာပါ။ လေဆိပ်ရှိရာ Corfu Town ကနေ တောင်ဘက် ၁၈ ကီလိုမီတာဝေးပါတယ်။ ၁၀ရက်ကို တစ်ဦး ယူရို ၁၁၀ ပါ။ (ဘတ်စ်ကားလက်မှတ်၊ ကော်ဖူးကျွန်းကိုကူးတဲ့ ဖယ်ရီသင်္ဘောလက်မှတ် နဲ့ ၁၀ ရက်စာ Scooter နှစ်ယောက်တစ်စီး အပါအဝင်)။ ၁၀ ရက်စာ အသုံးစရိတ်ကတော့ ယူရို ၃၀၀ နဲ့ ၄၀၀ လောက်တော့ အနည်းဆုံးကုန်ကျနိုင်ပါတယ်။ အခန်းတွေကတော့ ကိုယ်ရဲ့ ရွေးချယ်မှုပေါ်မှာမူတည်ပြီး ကုန်ကျစရိတ် အနည်းအများရှိနေမှာပါ။

ကော်ဖူးကျွန်းမှာ ကမ်းခြေတွေပတ်လည်ဝိုင်းနေတာမို့ ကိုယ်စိတ်ကြိုက်တွေ့နိုင်မယ့် သဲသောင်ကမ်းခြေ၊ ကျောက်စရစ်ကမ်းခြေ နဲ့ ကျောက်ဆောင် စတဲ့ ကမ်းခြေတွေအများကြီးထဲက ရွေးချယ်သွားနိုင်ကြပါတယ်။ ဘတ်စ်ကားတွေဟာလည်း ကျွန်းရဲ့ ပတ်လည်ကမ်းခြေတစ်လျှောက် နေ့စဉ်ပြေးဆွဲနေကြတာမို့ ကားမပါခဲ့တဲ့ ခရီးသွားတွေအတွက်လည်း ကိုယ်သွားချင်တဲ့နေရာကို အဆင်ပြေပြေသွားနိုင်ကြတယ်။ ကမ်းခြေတွေဟာ အကြမ်းဖျဉ်း ၅၀ ကျော်ရှိနေတာပါ။ အဲဒီထဲကမှ နာမည်ကြီးတဲ့ကမ်းခြေတွေကတော့ - ကျွန်းရဲ့ မြောက်ဘက်ပိုင်းကမ်းရိုးတန်းမှ Acharavi ပါ။ ကီလိုမီတာရှည်လျားတဲ့ သဲသောင်ကမ်းခြေရှည်လျားတယ်။ ရေစီးညင်သာပြီး ရေလွှာလျှောစီးနဲ့ water sports စုံစုံလင်လင်ဆော့ကစားနိုင်တာကြောင့် ကလေးငယ်တွေနဲ့ မိသားစုတွေအတွက် သင့်တော်လှတဲ့နေရာပါ။ Agios Georgios (North) ဟာ ပင်လယ်ထဲထိုးထွက်နေတဲ့ကုန်းမြေနှစ်ခုနဲ့ မြင်းခွာပုံပင်လယ်အော်တစ်ခုပါ။ ဆိတ်ငြိမ်အေးချမ်းပြီး အနီးအနားဒေသခံရွာတွေမရှိတာကြောင့် ကမ္ဘာ့လှည့်ခရီးသွားသက်သက်ပဲ တွေ့မြင်နိုင်မယ့်နေရာပါ။ ဟိုတယ်၊ အိမ်ခန်း၊ အပမ်းဖြေ villa လေးတွေရှိနေကြပြီး လတ်ဆတ်တဲ့ငါးစားဖွယ်စုံရနိုင်ကြတယ်။ Agios Georgios (South) မှာ ကမ်းခြေနှစ်ခုရှိနေပါတယ်။ တောင် - အနောက်ကမ်းရိုးတန်းမှာပါ။ သံလွင် (Olive)ပင်အုပ်လေးတွေဝန်းရံနေတယ်။ ကမ်းခြေမှာ နေရောင်ကောင်းကောင်းရနိုင်ပြီး ကလေးတွေအတွက်ရေကူးရတာ ကောင်းမွန်လှတယ်။ လူသူသိပ်ပြီးမရှုပ်ထွေးလှပါဘူး။  ကမ်းခြေဟာရှည်လျားပြီး အရိပ်ရနိုင်မယ့်နေရာမရှိတာကြောင့် ကိုယ်ပိုင် sun shade လေးတွေယူသွားသင့်တဲ့နေရာပါ။ Agios Gordios အနောက်ဘက်ကမ်းရိုးတန်းမှာရှိနေတဲ့ ကမ်းခြေကိုရောက်နိုင် မတ်မတ်စောက်စောက်လမ်းလေးကနေဖြတ်ရမယ်။ ဂရိဒေသခံတွေရဲ့ လွှမ်းခြုံရစ်သမ်းနေတဲ့နေရာပါ။ ငါးဖမ်း၊ တောင်ယာစိုက်ပျိုးကြတဲ့ ဂရိဒေသခံတွေကို မြင်တွေ့နိုင်ပါတယ်။ သဲသောင်ရော ကျောက်စရစ်ကမ်းခြေအလှကိုပါခံစားနိုင်ကြသေးတယ်။ Agios Stefanos (North East) မှာ ခပ်သေးသေးကမ်းခြေရှိပြီး သစ်သားဗောတံတားလေးတွေအပြည့်အသိပ်မြင်တွေ့ရပါမယ်။ ဂရိပင်မကုန်းမြေ နဲ့ အယ်လ်ဘေးနီးယား ဆီ လှမ်းမျှော်ကြည့်နိုင်တဲ့ သိပ်လှတဲ့မြင်ကွင်းတွေရှိနေပါတယ်။ Glyfada ကတော့ အနောက်ဘက်ကမ်းခြေပါ။ ရှည်လျားလှတဲ့ သဲကမ်းခြေအမျိုးအစားပါ။ အနောက်လေတိုက်ခတ်တဲ့အချိန်မှာ လှိုင်းနည်းနည်းကြမ်းနိုင်ပါတယ်။ ကနူးလှေ နဲ့ ခြေနင်းအပျော်စီးလှေငယ်လေးတွေ ငှားရမ်းနိုင်တယ်။ အဲဒီအနီးအနား သုံးမိုင်မရှိလှတဲ့နေရာက Pelekas ရွာလေးကနေ နေဝင်အလှကို ကြည့်ရှုဖို့ နာမည်ကျော်ပါတယ်။ ဂရိရဲ့  အလှဆုံးကမ်းခြေတွေထဲကတစ်ခုလို့ နာမည်ကြီးတဲ့ Kalami ကမ်းခြေတစ်လျှောက်မှာ ငါးလုပ်ငန်းနဲ့ အသက်မွေးတဲ့ ဂရိဒေသခံတွေရှိနေကြတယ်။ သဲ နဲ့ ကျောက်စရစ်ရောနှောနေတဲ့ ကမ်းခြေအမျိုးအစားပါ။ ရေတိမ်တိမ်လေးနဲ့မို့ ကလေးတွေဆော့ကစားဖို့ အင်မတန်သင့်တော်လှတယ်။ Kaminaki ကတော့ သံလွင်တောအုပ် နဲ့ ဆိုက်ပရက်စ်အမြဲစိမ်းကျောက်ပန်းပင်(Cypress)တွေကြားထဲ တိုးဝှေ့ခိုဝင်နေတဲ့ကမ်းခြေပါ။ အရှေ့မြောက်မှာ တည်ရှိပါတယ်။ ရေဟာ နွေးနေပြီး စိမ်းပြာပြာအရောင်လဲ့နေတာဟာ အင်မတန်လှပတယ်လို့ဆိုတယ်။ အရှေ့မြောက်ကမ်းရိုးတန်းက Kassiopi ဟာ Pantokrator တောင်အဆင်းလမ်းတွေနဲ့ ကမ်းခြေဟာ မျက်စိပသာဒဖြစ်စေလှသတဲ့။ ချစ်စရာဆိပ်ကမ်းအလှနဲ့ ကုန်းမြေပိုင်းမှာ ရောမခေတ်အပျက်အစီးတွေ လေ့လာနိုင်ကြသေးတယ်။ ဟိုတယ်၊ စားသောက်ဆိုင် ပေါပေါများများရှိပြီး ဒေသခံအစားအစာအပါအဝင် ကြိုက်နှစ်သက်တာရွေးချယ်စားသောက်နိုင်ကြပါတယ်။ တောင်ဘက်အစွန်းဘက်ကမ်းခြေဖြစ်တဲ့ Kavos မှာ ၅ မိုင်ရှည်လျားတဲ့ ကမ်းခြေရှိပြီး ရေတိမ်တဲ့အပိုင်းပါ။ ရွေးချယ်စရာတွေအများကြီးပဲတဲ့။ fast food နဲ့ British menu တွေက ရရှိဖို့ လွယ်ကူပြီး ဂရိရိုးရာအစားအစာတွေ လွယ်လွယ်ကူကူရှာတွေ့နိုင်မှာမဟုတ်ပါဘူး။ အရှေ့ဘက်ကမ်းရိုးတန်းက ကမ်းခြေ Kontokali ဟာ Gouvia ပင်လယ်အော်နဲ့ တွယ်ဆက်လျှက်ရှိတယ်။ ကျယ်ပြန့်လှတဲ့ ရေဆိပ် နဲ့ ကမ်းနားလမ်းတလျှောက် လှပတဲ့နေရာတွေပါ။ အနောက်မြောက် ကမ်းခြေမှာ ရှိတဲ့ Paleokastritsa ဟာ ဘေးပတ်ဝန်းကျင်မှာ စိမ်းစိုလန်းဆန်းတဲ့ တောတောင်မြင့်မြင့်တွေရှိနေကြတယ်။ မြေထဲပင်လယ်ထဲရွက်လွှင့်ကြတဲ့ ရွက်လှေတွေ ကျောက်ချရပ်နားတဲ့ ဆိပ်ကမ်းဖြစ်ပါတယ်။ မြောက်ဘက်စွန်းအငူတောင်ထိပ်မှာ ၁၂ ရာစုပိုင်း Virgin Mary ဘုန်းကြီးကျောင်းရှိနေပြီး တောင်ထိပ်ကလှမ်းမျှော်ကြည့်ရှုရတဲ့ မြင်ကွင်းဟာ အံ့ဘနန်းလှပတဲ့နေရာပါ။ ရေဟာ စိမ်းစိမ်းပြာပြာကြည်လင်လှပြီး crystal သားလေးတွေရှိတဲ့ကမ်းခြေအမျိုးအစားပါ။ မြေအောက်ရေစီးကြောင်းကြောင့် နွေရာသီတောင် အေးမြနေတတ်တဲ့ရေမျိုးလို့ဆိုတယ်။ ရေအနည်းငယ်နက်တာကြောင့် ကလေးတွေအတွက် မသင့်တော်ပါဘူး။ အနီးအနားက သဘာကျောက်စိုင်ကျောက်သား၊ ကျောက်ဂူတွေဆီကို လှေနဲ့သာ ကြည့်ရှုနိုင်မှာပါ။ အဆင့်မြင့်ဟိုတယ်နဲ့ ကမ်းခြေအိမ်လှလှလေးတွေ နိမ့်နိမ့်မြင့်မြင့်၊ တည်ဆောက်ထားကြတယ်။ နောက်ထပ် Moraitika Messonghi နဲ့ Roda ကမ်းခြေတို့ဟာလည်း ခရီးသွားတွေအသွားအလာများကြတဲ့ကမ်းခြေတွေပါ။ ရှည်လျားလှတဲ့ မြောက်ကမ်းရိုးတန်း အနောက်ဘက်ဆုံး Sidari ကမ်းခြေဟာ လှလှပပခွေဆင်းနေတဲ့ Sidari ပင်လယ်အော်ကြားမှရှိနေပါတယ်။ တစ်မူထူးခြားနေတဲ့ နူးနူးညံ့ညံ့သဲကျောက်တုံးလေးတွေဟာ များပြားလှတဲ့ သဲကျောက်ဆောင်အရစ်ရစ်အဆင့်ဆင့်လေးတွေကို ဖန်တီးထားတယ်။ Canal d' amour (Channel of love) လို့လည်းနာမည်ပေးထားပါတယ်။ ကမ်းခြေကနေ ပင်လယ်အော်ထွက်ပေါက်ကျော်အထိ ချစ်သူရည်းစားတွေကူးခတ်သွားနိုင်ရင် တစ်သက်မကွဲကွာတော့ဘူးလို့ ရိုးရာအစဉ်အလာအရ အယူရှိကြတယ်။ ချစ်သူရည်းစားမရှိကြသူလေးတွေ ရေကူးသွားနိုင်ခဲ့ရင် အိပ်မက်ထဲက ချစ်သူကို အမြန်ဆုံးတွေ့ဆုံရတတ်တယ်လို့လည်း ယုံကြည်ကြပါတယ်။ (ကျွန်မတို့တော့ မရောက်ခဲ့ပါဘူး)

Corfu ကမ်းခြေတွေရဲ့ ပျမ်းမျှအပူချိန်တွေပါ။ 
May  21 C. (70 F.)
June  23 C. (74 F.)
July  25 C. (77 F.)
August 27 C. (81 F.)
September  24 C. (75 F.)
October  22 C. (72 F.)

နောက်တစ်ပိုင်းမှာ ကျွန်မတို့ သွားဖြစ်တဲ့ Blue Lagoon Boat Trip တို့ Corfu ကျွန်းတစ်ဝိုက်လေ့လာကြည့်ရှုကြတဲ့ Grand Island Tour (by bus) ခရီးစဉ်တွေအကြောင်း ရေးပါဦးမယ်။ ခရီးသွားတာက ပြန်ရောက်ပြီးကြာသွားရင် မှတ်စုသဘောမျိုးရေးသိမ်းထားဖို့ ပျင်းပျင်းသွားတတ်လို့ မနည်းသတိပေးပြီးရေးနေရတယ်။ စာဖတ်သူတွေလည်း ကမ်းခြေအတွေအကြောင်းများလွန်းလို့ ပျင်းစရာဖြစ်နေရင်တော့ အားနာပါတယ်။ နောက်ပိုင်း၊ ကျွန်မလည်း ပြန်ဖတ်နိုင်အောင်လို့ သိမ်းထားချင်တာနဲ့ပဲ။ စာတွေ ရှည်လျားကုန်မှာတော့ စိတ်ပူမိသေးတယ်။ ကျွန်မတို့တော့ ဒီလောက်များတဲ့ကမ်းခြေတွေ အများကြီးမသွားနိုင်ခဲ့ပါဘူး။ ၄ ခုလောက်ပဲ သွားနိုင်ခဲ့တာပါ။ စိတ်ဝင်စားဖို့ ကောင်းတဲ့ ပထမကမ္ဘာစစ်အတွင်းက ဆားဘီးယန်းစစ်သားတွေ လပိုင်းနေရာချထားခဲ့တဲ့ ကျွန်း၊ အဲဒီကျွန်းမှာ စစ်သားတွေ တစ်သောင်းခွဲကျော်သေဆုံးခဲ့ကြတာတွေ၊ ယူဂိုဆလားဗီးယားမပြိုကွဲခင် ကော်ဖူးကျွန်းက တောင်တစ်ခုရဲ့ ထိပ်မှာ အမေရိကန်ရေဒါ စခန်းချခဲ့တာတွေ (အခုထိရှိပါသေးတယ်။ စစ်ရေးအချက်အချာကျတဲ့နေရာဖြစ်နေတာမို့)။ လက်ညှိုးထိုးမလွဲရှိနေကြတဲ့ နှစ်တစ်ထောင်ခန့်အသက်ရှင်နိုင်ကြတဲ့ သံလွင်ပင်တွေအကြောင်း။ ကော်ဖူးမှာပေါက်ရောက်တဲ့ ပန်းမျိုးတွေ၊ ဒေသခံတွေရဲ့ နိုင်ငံရေးအမြင်အယူအဆတချို့တွေ အားလုံးဟာ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်နေပေမဲ့ ဂရိဒေသခံတွေဟာ အဲဒါကိုဂုဏ်မယူကြပါဘူး။ ယူရိုငွေကိုလည်း သူတို့ သဘောမကျကြဘူး)။

မှတ်ချက် - အခုနောက်ပိုင်း Facebook မှာ ဓာတ်ပုံတွေတင်ရတာ ပုံတွေအများကြီး album လိုက်မတင်ချင်တော့ဘူး။ ကိုယ်က တင်ချင်တာတွေတင်လိုက်နဲ့၊ အဲဒီမှာက အမျိုးမျိုးအထွေထွေ စိတ်အခြေအနေ/ ကိစ္စတွေနဲ့၊ အမြဲတမ်းပျော်ရွှင်နေကြတာမဟုတ်ဘူး။ စိတ်ညစ်/ စိတ်ဆင်းရဲနေတဲ့မိတ်ဆွေတွေလည်းရှိနေတယ်။ ကိုယ်လည်း စိတ်ညစ်/ ဝမ်းနည်းရတဲ့အခါတွေရှိတာပါပဲ။အဲဒါကို ကိုယ်က ဖြီးဖြီးစပ်စပ်ပုံတွေ/ သွားသွားလာလာပုံတွေ တင်လွန်းရင် စိတ်ထဲမဖြောင့်တော့ဘူး။ ဒါတောင်မှ စွတ်ကနဲ စွတ်ကနဲ ကောက်တင်လိုက်သေးတာပါပဲ။ ဘလောဂ့်မှာကတော့ သပ်သပ်လာဖတ်တဲ့သူလောက်မှပဲ တွေ့နိုင်မှာကိုး။ ဒီပိုစ့်ကိုတော့ အမှတ်တရသိမ်းထားချင်တာနဲ့ personal ပုံတွေပါတင်ထားလိုက်တော့မယ်။ ဘလောဂ့်ကိုလာဖတ်တဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကိုလည်း personal post မို့လို့ share တာတွေတော့မလုပ်စေချင်ပါဘူး။ 
ကမ်းခြေတွေရဲ့ ပုံတွေကိုတော့ တစ်ခုဆီ အင်တာနက်က ရှာပြီးတင်ပေးထားမယ်နော်။

ဂရိနိုင်ငံအကြောင်းဆောင်းပါးတစ်ပုဒ် တွဲဖတ်ချင်ရင်ပါ ( ရွှေပုံပေါ်မှာထိုင် မှိုင်နေသတဲ့လား)
http://www.myworld-phyophyo.com/2011/07/blog-post_05.html

လေးစားစွာဖြင့်
ဖြိုးဖြိုး

ဆားဘီးယားအတွင်းက Motel Predejane မှာ ခန နား



မက်ဆီဒိုးနီးယားသို့ 
အိပ်ရေးပျက်လို့ စိတ်ဆိုးသွားလား

ဂရိနယ်ထဲရောက်ပီ၊ အဲလို ဥမင်လိုဏ်ခေါင်းတွေ အများကြီးပဲ။ ဆက်တိုက်ဆိုသလိုပဲ။ တချို့လိုဏ်တွေအရှည်ကြီးပဲ
Igoumenitsa Port မှာ ကော်ဖူးကျွန်းကို ကူးမယ့် Ferry စောင့်နေတုန်း


ဖယ်ရီသင်္ဘောထဲမှာ 
သင်္ဘော အပေါ်ထပ်ကိုတက်
ကော်ဖီသောက်ချင်တယ်၊ တန်းစီပါမယ်

သင်္ဘောအပေါ်မှာ 360 မြင်ကွင်းကျယ်တော့မဟုတ် 180 လောက်ပဲရ




တည်းတဲ့ apartment ရှေ့နားက ကမ်းခြေ၊ ရောက်ရောက်ချင်းနေ့ပဲ ကျောက်ခဲစူးလို့ ဖြေဖဝါးမှာ သွေးဖြာခနဲ(နည်းနည်းပါးပါး)၊
ဒီပုံက မစူးခင်


ဒီပုံရိုက်ပီး ခြေထောက်နာလို့ ငုံ့ကြည့် အီ :( 
ခေါင်းလောင်းပန်းလေးတွေ မြန်မာနိုင်ငံမှာလည်းရှိတယ်






သံလွင်ပင် (Olive) ၊ အပင်ဖွဲ့စည်းပုံက ဆန်းကြယ်၊ တချို့ သစ်ခေါင်းပေါက်တွေက ဟိုဘက်ဒီဘက်ထုပ်ချင်းပေါက်နေရော၊



Merballa Hotel ရှေ့မြက်ခင်းပေါ် (ကိုယ်တော့ မတည်းနိုင်ပါဘူး)
အကုန်လျှောက်ကြည့်တာပဲ









မနက်တိုင်း လေ့ကျင့်ခန်းလုပ်ကြတဲ့ နေရာ
ကော်ဖူးကျွန်းကို လေယာဉ်တွေနဲ့လာကြတဲ့ ခရီးသည်တွေများကြတယ်ထင်တယ်။ လေယာဉ်တွေ ခနခန ဆင်း၊ တက်နေတာပဲ

ဇွန်ပန်းရုံလေး၊
နောက်မှာ တည်းတဲ့ apartment
ဇွန်ပန်းလေးထင်လို့၊ အနံ့လည်းတူတယ်။ သူက အနံ့တော့ပိုလျော့တယ်။
Boat Trip သွားကြမယ် အဲဒီ boat နဲ့တဲ့












frozen yoghurt ရေခဲချောင်းရိုးရိုးပဲကြိုက်တယ်




Merballa Hotel ရှေ့က ဘုရားကျောင်းငယ်လေး



No comments: