Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, June 25, 2014

"မှို" မခိုတွယ်အောင် ဘယ်လိုဆောင်၊ ဘာတွေရှောင်

"mushroom" လို့ဆိုတဲ့ စားသုံးလို့ရတဲ့မှိုတွေရဲ့ အရသာချိုချိုကို လူတိုင်းနီးပါးနှစ်သက်ကြပေမယ့် "mold" (mould) ဆိုတဲ့ မှိုကတော့ဖြင့် ကျန်းမာရေးအတွက် အန္တရာယ်ကြီးလှပါတယ်။ ရှောင်ကြဉ်ရလေ့ရှိတယ်။ အန္တရာယ်ကြီးတဲ့ မှိုတွေရဲ့ အဓိကပစ်မှတ်က ဟောင်းနွမ်းဆွေးမြေ့မှု နဲ့ စိုထိုင်းမှုကြည်ရှည်ထိန်းသိမ်းထားတဲ့နေရာတွေကိုပါ။ အိမ်တွေမှာ မှိုပြဿနာကြုံရပြီဆို ချက်ချင်းဆေးကြောသန့်ရှင်းပစ်ရပါမယ်။ ပြီးရင်တော့ ရေစိမ့်ကျနေတဲ့နေရာကို ပြုပြင်ရမှာပါ။ ရေကြောင့်ပျက်စီးနေတဲ့ ရေစပ်စပ်နေရာ၊တွေနဲ့ ပစ္စည်းပစ္စယတွေကို ခြောက်သွေ့စေဖို့ အရေးကြီးပါတယ်။ ၂၄ နာရီကနေ ၄၈နာရီအတွင်း မှိုစတင်တွယ်ကပ်ကြီးထွားတတ်ပါတယ်။ မှိုတွေဟာ သဘာဝပတ်ဝန်းကျင်ထဲက အစိတ်အပိုင်းတစ်ခုပါ။ အပြင်ဘက်တွေမှာ သစ်ရွက်ကြွေနဲ့ သေဆုံးနေတဲ့သစ်ပင်တွေလို သဘာဝမြေသြဇာကုန်ဆုံးသွားတဲ့နေရာမှာ မှိုတွေ သဘာဝအတိုင်းပေါက်ပွားတတ်ကြတယ်။ အိမ်အတွင်းဘက်တွေမှာတော့ မှိုကြီးထွားမှုဟာ ရှောင်ကြဉ်ဖယ်ရှားသင့်တဲ့အရာပါ။ 

မှို နဲ့ အိမ်
သာမန်မျက်စိနဲ့မြင်နိုင်တဲ့မျိုးမှုန်တွေဟာ အိမ်တွင်းအိမ်ပြင်လေထဲမှာ ဝေ့ဝဲနေတတ်တယ်။ အိမ်တွင်းမှာ မှိုပေါက်ပွားတာကတော့ အဲဒီမျိုးမှုန်တွေဟာ စိုထိုင်းနေတဲ့မျက်နှာပြင်မှာ နေရာယူလိုက်ကြတာကြောင့်ပါ။ မှိုအမျိုးပေါင်းများစွာရှိနေပါတယ်။ ဘာမှိုပဲဖြစ်ဖြစ် ရေ ဒါမှမဟုတ် စိုထိုင်းမှုမရှိဘဲနဲ့ မရှင်သန်နိုင်ကြပါဘူး။ လေထဲမှာဝေ့ဝဲနေတတ်ကြတဲ့ မှိုဖြစ်စေတဲ့မျိုးမှုန်တွေက ပြဿနာကြီးကြီးမားမားမရှိလှပေမဲ့ စိုထိုင်းတဲ့နေရာမှာ နေရာကျသွားတဲ့မှိုတွေကတော့ ဓာတ်မတည့်မှုဖြစ်စေတဲ့ အလာဂျင်တွေ ထုတ်ပေးနိုင်တယ်။ တချို့မှိုတွေက အဆိပ်သင့်ဓာတ်ပေါင်းတွေပါဝင်နေတဲ့ mycotoxin တွေထုတ်ကြတယ်။ အဲဒီလိုမှိုတွေကို ရှုသွင်းမိရင်၊ ကိုင်တွယ်မိရင် အထိမခံနိုင်တဲ့လူတစ်ဦးချင်းစီပေါ်မူတည်ပြီး ဓာတ်မတည့်မှု ပြင်းပြင်း/ လျော့လျော့ဖြစ်စေနိုင်ပါတယ်။ ဓာတ်မတည့်တဲ့တုန့်ပြန်မှုတွေမှာဆိုရင် hay fever ပုံစံလက္ခဏာလို နှာချေ၊ နှာစေး၊ မျက်စိနီရဲတတ်ပြီး ပန်းနာရင်ကျပ်ရှိသူတွေမှာ ရောဂါပိုပြီးဆိုးဝါးနိုင်ပါတယ်။ 

မှိုတွေခိုတွယ်ခြင်းမရှိရလေအောင်
ရေစိမ့်ယို/ ဖိတ်လျှံတဲ့နေတဲ့အတွင်းဘက်နေရာတွေမှာ စိုထိုင်းပစ္စည်း၊ နေရာတွေကို ရေစိမ့်ကျမှုစတင်ဖြစ်ခဲ့ချိန်ကနေ၂၄-၄၈ နာရီအတွင်း ခြောက်သွေ့စေဖို့ကြိုးစားပါ။ များသောအားဖြင့်တော့ မှိုတွေပေါက်ပွားလာလေ့မရှိပါဘူး။
ခေါင်မိုးရေတလျှောက်တွေကို မှန်မှန်ဆေးကြောပြုပြင်ပေးပါ။
အဆောက်အဦအောက်ခံနေရာတွေမှာ ရေတွေဝပ်နိုင်တဲ့နေရာမျိုး ဖယ်ရှားပစ်ပါ။
လေအေးပေးစက်က ရေဆင်းပိုက်သန့်ရှင်းစေပြီး ရေစက်စီးဆင်းတဲ့လမ်းကြောင်းမပိတ်ဆို့အောင်၊ ရေကောင်းကောင်းမွန်မွန်စီးနေအောင် ဂရုစိုက်ပေးပါ။
အတွင်းဘက်စိုထိုင်းမှုလျော့ကျအောင် ထိန်းသိမ်းပါ။ ဖြစ်နိုင်ရင် အတွင်းဘက်လေထုစိုထိုင်းမှုပမာဏ ၆၀ ရာခိုင်နှုန်းစိုထိုင်းဆခန့်ရှိအောင် ကြိုးစားကြည့်ပါ။ (အကောင်းဆုံးက ၃၀ နဲ့ ၅၀ ကြားမှာပါ) လေထုစိုထိုင်းမှုမီတာတိုင်းတာတဲ့စက်လေး - humidity meter ဟာ သေးငယ်ပြီး ဈေးမကြီးပါဘူး။ ၁၀-၅၀ ဒေါ်လာအတွင်းရှိပါတယ်။ တံခါးမှန်၊ နံရံ နဲ့ ပိုက်တွေမှာ မှာ ငွေ့ရည်ဖွဲ့တာ စိုထိုင်းနေတာမျိုးတွေ့ရပြီဆိုရင် ခြောက်သွေ့တဲ့မျက်နှာပြင်ဖြစ်ဖို့ လှုပ်ရှားရပါတော့မယ်။ ငွေ့ရည်ဖွဲ့တာဟာ စိုထိုင်းဆမြင့်တက်တဲ့ လက္ခဏာဖြစ်နိုင်တာကြောင့်ပါ။
စွတ်စိုမှုကိုဖြစ်စေတဲ့ လေမှုတ်ပစ္စည်းမျိုး ဥပမာ အဝတ်ခြောက်စက်၊ မီးဖို၊ မီးလုံးပါအပူပေးစက်တွေကို အပြင်ဘက်အဆင်ပြေမယ့်နေရာ ထုတ်ထားလိုက်ပါ။ airconditioner လိုအပ်ရင်သုံးပေးပါ။
ရေချိုးခန်းထဲမှာတပ်ထားတဲ့လေစုပ်ပန်ကန်ဖွင့်ပေးပါ။ ရေချိုးနေတဲ့အခါ ပြူတင်းပေါက်ကိုဖွင့်ထားပါ။ ချက်ပြုတ်နေစဉ်အချိန်နဲ့ ပန်းကန်ဆေးစက်ဖွင့်ထားတဲ့အချိန်တိုင်းမှာလည်း  လေထုတ်လွှတ်တဲ့ ပန်ကာသုံးပေးတာ၊ ဒါမှမဟုတ်ပြူတင်းပေါက်ဖွင့်ထားပေးတာကို ဂရုစိုက်ပြုလုပ်ပေးပါ။

မှိုတွေ ဆေးကြောသန့်စင်မယ်ဆိုရင်
မှိုပေါက်ပွားနေတဲ့ဧရိယာကိုကြည့်ပြီးဆုံးဖြတ်ရပါမယ်။ မှိုတွေရဲ့ ဧရိယာဟာ ၁၀စတုရန်းပေထက်နည်းမယ်ဆိုရင် ကိုယ်တိုင်ရှင်းလင်းနိုင်တဲ့ပမာဏပါ။ အပူပေး/ လေဝင်လေထွက် နဲ့ လေအေးပေးစက်စနစ် (HVAC) မှာ မှိုကြောင့်အလုပ်မလုပ်တော့ဘူး (ဥပမာအနီးအနားမှာ မှိုတွေရှိနေတာတွေ့ရတာကြောင့်) ဆိုရင်တော့ ကျွမ်းကျင်တဲ့ပညာရှင်ကို ခေါ်ယူပြင်ဆင်သင့်ပါတယ်။ HVAC စနစ်ကိုလည်း အလုပ်မလုပ်ဘဲရပ်ထားပါ။ တစ်အိမ်လုံးကို မှိုတွေပျံ့နှံ့သွားနိုင်တာကြောင့်ပါ။ မိလ္လာအညစ်အကြေးနဲ့ တခြား ညစ်ညမ်းနေတဲ့ရေကြောင့် ရေနဲ့ မှိုပြဿနာမျိုးကြံရမယ်ဆိုရင်လည်း ကိုယ်တိုင်မဖြေရှင်းသင့်ပါဘူး။ နောက်တစ်ခုက ကိုယ့်ရဲ့ကျန်းမာရေးပါ။ မှိုတွေ မဆေးကြောခင် ကျန်းမာရေးအတိုင်ပင်ခံကျွမ်းကျင်သူနဲ့ ဆွေးနွေးသင့်ပါတယ်။ ရေဘေး နဲ့ မီးဘေးကြောင့်ပျက်စီးခဲ့တဲ့ ပန်းချီကားတွေ၊ ပရိဘောဂ နဲ့ ကောဇော၊ ခြေသုတ်ခုံ ပြုပြင်ထိန်းသိမ်းဖို့ကတော့ ကျွမ်းကျင်သူတွေနဲ့ ဆောင်ရွက်သင့်ကြတယ်။

ရေပိုက်ရေယိုတဲ့နေရာနဲ့ တခြားရေပြဿနာရှိတဲ့နေရာကို ချက်ချင်း၊ မြန်နိုင်သလောက်မြန်မြန်လေးပဲပြင်ပါ။ ပစ္စည်းတွေအားလုံးခြောက်သွေ့အောင်ပြုလုပ်ပါ။
မှိုရှိနေတဲ့မျက်နှာပြင်တွေကို ကြေးချွတ်ဆေးနဲ့ တိုက်ချွတ်ဆေးကြောပြီး လုံးဝခြောက်သွေ့နေပါစေ။ (အယ်လ်ကိုဟောပါတဲ့ ဘရန်ဒီ- ဈေးနည်းနည်းဘရန်ဒီကိုယ့်မှာရှိခဲ့မယ်ဆိုရင် အဲ
ဒီဘရန်ဒီနဲ့ မှိုဆေးကြောထားတဲ့နေရာတွေကို spray နဲ့ ဖျန်းပေးထားနိုင်ပါတယ်။)
စုတ်ယူ/ စိမ့်ဝင်နိုင်တဲ့ ပစ္စည်းတွေ ဥပမာ မျက်နှာကြက်အုတ်ကြွပ်ပြား နဲ့ ကောဇောတွေကို နှမြောမနေဘဲ ဝေးဝေးလွှင့်ပစ်လိုက်ပါ။ မှိုတွေဟာ စိမ့်ဝင်နိုင်တဲ့ပစ္စည်းတွေရဲ့ အက်ကွဲကြောင်းတွေနဲ့ နေရာလွတ်တွေမှာပါ အပြည့်နေရာယူသွားနိုင်ကြတယ်။ အဲဒီအခါ အကုန်အစင်ရှင်းလင်းဆေးကြောပစ်ဖို့ မလွယ်ကူနိုင်တော့ပါဘူး။

အကာအကွယ်အဖြစ် ဝတ်ဆင်သင့်တာက
N-95 respirator မျက်နှာဖုံးကာအသက်ရှုစက်အသုံးပြုပါ။ (၁၂-၂၅ ဒေါ်လာလောက်ကုန်ကျပါမယ်) အသုံးပြုတဲ့အခါမှာ အံဝင်ဂွင်ကျဖြစ်မဖြစ် ဆိုင်မှာအရင်စမ်းသပ်၊ ကြည့်ရှုပြီးမှအသုံးပြုပါ။ ကွက်တိဖြစ်မနေခဲ့ပဲ ဝတ်ဆင်အသုံးပြုခဲ့ရင်လည်း တပ်ဆင်ထားပြီးအကျိုးမရှိနိုင်တာကြောင့်ပါ။
လက်အိတ်ရှည်ရှည် (လက်ဖျံတစ်ဝက်လောက်ဖုံး) ဝတ်ပေးပါ။ အပျော့စား ကြေးချွတ်ဆေး အသုံးပြုရင် ရိုးရိုးအိမ်သုံးရာဘာလက်အိတ်တွေ ဝတ်ဆင်နိုင်တယ်။ ကလိုရင်းအစွန်းချွတ်ဆေးလို ပြင်းတဲ့ဆေးရည် - ပိုးသတ်ဆေး biocide တွေသုံးမယ်ဆိုရင်တော့ သဘာဝ ရာဘာ၊ neoprene ၊ nitrile ၊ polyurethane ဒါမှမဟုတ် PVC လက်အိတ်မျိုးသုံးပါ။ အကာအကွယ်မပါတဲ့ လက်နဲ့ မှိုတွေ၊ မှိုရှိနေတဲ့ ပစ္စည်းတွေ မထိတွေ့သင့်ပါဘူး။
လေကာ/ ရေကာမျက်မှန် တပ်ပါ။ လေဝင်လေထွက်မရှိတဲ့ မျက်မှန်မျိုးကို ပိုပြီးညွှန်းချင်ပါတယ်။ မှိုနဲ့ မျိုးမှုန်တွေ မျက်လုံးကို ခိုကပ်ခြင်းက ကာကွယ်ရမှာပါ။

မှို ရှိ/ မရှိ ဘယ်လိုသိနိုင်မလဲ
မှိုတွေ ပေါက်ပွားနေတာမြင်တွေ့နိုင်ပါတယ်။ စမ်းသပ်စစ်ဆေးမှုပြုလုပ်ဖို့မလိုလှပါဘူး။ အသေးစိတ်စစ်ဆေးမှုမှာဆိုရင်တော့ မျက်နှာပြင်နမူနာယူ ပြီး ဓာတ်ခွဲစမ်းသပ်တာကို American Industrial Hygiene Association (AIHA)၊ American Conference of Governmental Industrial Hygienists (ACGIH) ဒါမှမဟုတ် တခြား ပရော်ဖက်ရှင်နယ်အဖွဲ့အစည်းတစ်ခုခုရဲ့ သရုပ်ခွဲနည်းလမ်းတွေအတိုင်း လိုက်နာလုပ်ဆောင်သင့်ပါတယ်။

ပုန်းကွယ်နေတဲ့ မှို
မှိုရှိမယ်လို့ သံသယရှိနိုင်တဲ့အောက်သိုးသိုး မှိုအနံ့မျိုးရနေရင်၊ ရေစိမ့်ကျနေတဲ့နေရာမျိုးအဆောက်အဦမှာရှိနေရင်၊ အိမ်သားတွေ ကျန်းမာရေးပြဿနာရှိနေကြရင် မှိုတွေကို မမြင်ရရင်တောင် မှိုရှိနေနိုင်တာ သံသယဖြစ်စရာပါ။ မှိုတွေဟာ ခြောက်သွေ့တဲ့နံရံနောက်ကွယ်မှာ၊ နံရံကပ်စက္ကူ၊ တံခါးရွက်၊ မျက်နှာကြက်ထိပ်ပိုင်း၊ ကော်ဇော်တွေရဲ့ အောက်၊ ခြေသုတ်ဖုံအခင်းတွေ စတဲ့နေရာတွေမှာ ပုန်းကွယ်နေတတ်ကြတယ်။ ပရိဘောဂတွေရဲ့ အနောက်ဘက်နံရံနေရာကိုလည်း စစ်ဆေးကြည့်ပါ။ အဲဒီလိုပုန်းလျှိုးကွယ်လျှိုးမှိုတွေကို ရှင်းလင်းတဲ့အခါမှာတေ့ အခက်တွေ့နိုင်ပါတယ်။ နံရံကပ်စက္ကူတွေအကုန်လုံးခွာချပစ်ရတာမျိုးပါ။ ကလိုရင်းအစွန်းချွတ်ဆေးလို biocide တွေအသုံးပြုဖို့တော့ မညွှန်းပေမဲ့ လိုအပ်တဲ့အခြေအနေတွေမှာ အသုံးပြုရလေ့ရှိတယ်။ biocide သုံးထားတယ်ဆိုရင် အဲဒီဧရိယာလေဝင်လေထွက်ကောင်းမွန်နေအောင် ဂရုစိုက်ပေးပါ။ အပြင်ဘက်ကို လေထုတ်လွှတ်နိုင်အောင်ပြင်ဆင်ရပါမယ်။ အရေးကြီးတာက ကလိုရင်းအစွန်းချွတ်ဆေးနဲ့ တခြား သန့်စင်ဆေးရည်၊ တခြားဆပ်ပြာရည်တွေနဲ့ ဘယ်တော့မှ တွဲမသုံးမိစေဖို့ပါ။ ဆပ်ပြာရည်တွေမှာပါဝင်တဲ့ အမိုးနီးယားနဲ့ ကလိုရင်းချွတ်ဆေး ပေါင်းစပ်မိရင် အဆိပ်ငွေ့တွေထုတ်လွှတ်နိုင်တာကြောင့် အထူးသတိပြုဆင်ခြင်သင့်ပါတယ်။

မီးဖိုချောင်ထဲက မှို
မီးဖိုခန်းထဲမှာ မှိုတွေမကြာခဏတွေ့ရှိရတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မီးဖိုထဲမှာ အစိုဓာတ်များတဲ့နေရရာတွေ အများကြီးပဲရှိနေတာကြောင့်ပါ။ ဥပမာ ဘုံဘိုင်ခေါင်းကကျတဲ့ရေတွေနဲ့ ဆူပွက်တဲ့ရေက လွင့်ပျံနေတဲ့ရေနွေးငွေ့တွေပါ။ တခြားအကြောင်းပြချက်ကတော့ မှို ပေါက်ပွားလွယ်တဲ့အစားအသောက်တွေအမြဲများပြားနေတာကြောင့်ပေါ့။ မီးဖိုခန်းထဲမှာ လေထုဟာ ကာလကြာရှည်စွတ်စိုထိုင်မှိုင်းမှု မြင့်တက်နေတတ်တယ်။ အဲဒီအခြေအနေဟာ မှုတွေစတင်ပေါက်ပွားစေပါတယ်။ မီးဖိုခန်းထဲမှာ ပေါင်းအိုးက ထွက်လာတတ်တဲ့ ရေနွေးငွေ့နဲ့ ပန်းကန်တွေဆေးတဲ့အခါ လည်ပတ်တဲ့စက်ကထွက်လာတဲ့ ရေခိုးရေငွေ့ဟာ စိုထိုင်းဆမြင့်တက်စေတယ်။ မီးဖိုခန်းထဲလေဝင်ထွက်ကောင်းမွန်စေဖို့ ပြတင်းတံခါး၊ တံခါးမတွေဖွင့်ထားရမှာပါ။ စွတ်စိုထိုင်းမှုကိုလျှော့ချနိုင်ပါတယ်။

နေ့စဉ်နေ့တိုင်း ပန်းကန်တွေကိုမဆေးခဲ့ဖူးဆိုရင်၊ မှိုတွေစတင်ကြီးပွားလာတာတွေ့မြင်နိုင်ပါလိမ့်မယ်။ ပန်းကန်တွေမဆေးဘဲ ဆင့်ပုံထားခဲ့ပြီး အချိန်များများပေးထားခဲ့ရင် သူတို့ပေါက်ပွားလာကြမှာပါ။ အကောင်းဆုံးနည်းလမ်းက အသုံးပြုပြီးတာနဲ့ ပန်းကန်တွေဆေးကြောဖို့ပါ။ အစိုဓာတ်ရှိတဲ့ မီးဖိုချောင်ထဲက အစားအသောက်တွေဟာလည်း မှိုတွယ်ကပ်ဖို့ လွယ်ကူလှပါတယ်။ အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်တွေက မှိုတွေအကြိုက်ဆုံးနေရာတွေပါ။ သစ်သီးထည့်ထားတဲ့ဗန်းအောက်ခြေ၊ ရေခဲသေတ္တာထဲကအောက်ခြေတွေမှာ မှိုတွေစတင်တွယ်ကပ်နေမလား အမြဲစစ်ဆေး ဆေးကြောပေးသင့်ပါတယ်။ 

မီးဖိုခန်းထဲက အမှိုက်ပုံးကိုလည်း တစ်နေ့စာရလာနိုင်တဲ့အမှိုက်ပမာဏလောက်အရွယ်ပဲ ထားပေးပါ။ အဲဒါမှ ချက်ပြုတ်ပြီးစီးလို့ အမှိုက်ပုံးထဲ အမှိုက်တွေရောက်သွားခဲ့တာနဲ့ အမှိုက်ပုံးပြည့်သွားမှာပါ။ အဲဒီတော့ အမှိုက်လွှင့်ပစ်ဖို့ လက်မနှေးနိုင်တော့ပါဘူး။ အသား၊ ဟင်းသီးဟင်းရွက်လှီးတဲ့ စဥ့်နီတုံးလေးတွေမှာလည်း မှိုတွယ်ကပ်ဖို့ လွယ်ကူပါတယ်။ မှန်မှန်ဆေးကြောပြီး ခြောက်သွေ့နေစေဖို့ ဂရုစိုက်ပါ။ တစ်ပတ်တစ်ခါ ရှာလကာရည်နဲ့ ဆေးကြောပေးသင့်ပါသေးတယ်။ ပထမ ရှာလကာရည်နဲ့ စဥ့်နီတုံးကို ဆေးကြောထားပါ။ ၁၀ မိနစ်လောက်ထားပြီးမှ ရေနဲ့ဆေးကြောနိုင်ပါတယ်။ 

မှို နဲ့ အစားအစာ
မှိုတွေဟာ အက်ဆစ်ဓာတ်ကြွယ်ဝတဲ့ ယို၊ ဂျယ်လီ၊ သနပ်အချဉ်၊ အသီးအနှံ နဲ့ အာလူးတွေမှာ ရှင်သန်နိုင်ကြတယ်။ ဒါပေမဲ့ အဲဒီသေးသေးမွှားမွှားမှိုလေးတွေဟာ ပျက်စီးဖို့လည်းလွယ်ကူတာကြောင့် အပူချိန် ၂၁၂ ဒီဂရီဖာရင်ဟိုက်ခန့်၊ ဆူပွက်တဲ့ရေ ညွှန်းဆိုထားတဲ့ကြာချိန်လောက်ယူလိုက်ရင် သူတို့ကွယ်ပျောက်သွားကြမှာပါ။ အစားအသောက်တွေသိမ်းဆည်းတဲအခါ မျိုးမှုန်တွေနေရာမယူအောင် လုံခြုံအောင်ထားပါ။ အစိုဓာတ်ထိန်းထားဖို့ လိုအပ်တဲ့ အသီးအနှံတွေကို ပလပ်စတစ်အိတ် ( ဒါမှမဟုတ် စက္ကူအိတ်) နဲ့ ထုပ်ပိုးထားသင့်ပါတယ်။ ဖွင့်ပြီးသွားတဲ့ စည်သွပ်ဗူးမျိုးကို စားပြီးထားနဲ့ ရေခဲသေတ္တာထဲ ချက်ချင်းသိမ်းပါ။ အဲဒီလိုအစားအသောက်မျိုးကို ရေခဲသေတ္တာအပြင်ဘက်မှာ ၂ နာရီထက်ပိုကြာအောင် မထားခဲ့ပါနဲ့။ ၃ ၊ ၄ ရက်ထက် ပိုကြာအောင်လည်း သိမ်းဆည်းမထားဘဲ  မြန်မြန်ကုန်အောင်ပဲ စားပစ်လိုက်ပါ။ အကောင်းဆုံးကတော့ အရေအတွက် နည်းနည်းချင်းပဲ ဝယ်ယူပြီး ချက်ပြုတ်စားသောက်တာက မှိုတွေပေါက်ပွားဖို့ အခွင့်အလမ်းမရှိဖြစ်နေမှာပါ။ မှိုတက်နေတဲ့ ပစ္စည်းကို နှာရှုပ်/ ရှုမသွင်းမိပါစေနဲ့။ အသက်ရှုလမ်းကြောင်းပြဿနာတွေဖြစ်နိုင်လို့ပါ။ မှိုတက်နေတဲ့အစားအစာဆိုရင်တော့ လွှင့်ပစ်လိုက်တာအကောင်းဆုံးပါပဲ။ စက္ကူအိတ်လေးနဲ့ထည့်ပြီးလုံခြုံစွာထုပ်ပိုးပြီးမှ လွှင့်ပစ်သင့်ပါတယ်။ ကလေးငယ်တွေနဲ့ တိရစ္ဆာန်လေးတွေ မှိုတွေရဲ့ရန်မကျရောက်အောင် ဂရုစိုက်ပေးပါ။ ရေခဲသေတ္တာနဲ့ အစားအစာသိမ်းဆည်းတဲ့စတိုခန်းလေးတွေကို မကြာခဏစောင့်ကြည့် ရှင်းလင်းပေးတာဟာလည်း မှိုတွေမပေါက်ပွားစေနိုင်မယ့် နည်းလမ်းပါပဲ။

မှို နဲ့  အဝတ်အစား
မှို တွယ်ကပ်နေတဲ့အဝတ်အစားတွေကို ရှင်းလင်းဖို့က ရေပူ၊ အစွန်းချွတ်ဆေး နဲ့ ရှာလကာရည်တို့ပါ။ ရေပူဟာ မှိုတွေကို ရှင်းလင်းနိုင်သလို အဝတ်အစားကိုလည်း ပျက်စီးစေတတ်ပါတယ်။ မှိုဆေးကြောတဲ့ဆေးရည် နဲ့ အနည်းဆုံး နှစ်ကြိမ်လောက်လျှော်ပေးတာဟာ အကောင်းဆုံးပါ။ ပြီးရင်တော့ နေရောင်ထဲမှာ လှမ်းထားပေးသင့်ပါတယ်။ နေရောင်ရဲ့ ခရမ်းလွန်ရောင်ခြည်ဟာ မှိုတွေကို သေဆုံးစေတယ်။ အစွန်းချွတ်ဆေးဟာ မှိုတွေကိုရှင်းလင်းပေးတယ်။ အဝတ်အစားတွေရဲ့ အသွေးအရောင်တွေလည်း မှိန်လျော့သွားစေနိုင်ပါသေးတယ်။ ချွတ်ဆေးပါဆပ်ပြာရည် clorox ဒါမှမဟုတ် Oxiclean တို့ကိုလည်းအသုံးပြုနိုင်ပါတယ်။ ရှာလကာရည်ဟာလည်း မှိုတွေကို သေဆုံးစေနိုင်တာကြောင့် အဝတ်လျှော်တဲ့အခါ ရှာလကာရည်ကို ထည့်သုံးနိုင်ပါတယ်။ အဝတ်လျှော်စက်နဲ့ လျှော်မယ်ဆိုရင်တော့ ရှာလကာရည် နှစ်ခွက်အထိ အသုံးပြုနိုင်ပါတယ်။ လက်နဲ့ပဲ လျှော်မယ်ဆိုရင် white vinegar တစ်ခွက်ထည့်ပြီး ရေတစ်ပုံးနဲ့အဝတ်အစားအားလုံးနစ်သည်အထိ တစ်နာရီခန့်စိမ်ထားပေးပါ။ ပြီးရင် ပုံမှန်အဝတ်လျှော်သလိုပဲ လျှော်ဖွပ်နိုင်ပါတယ်။ လိုအပ်ခဲ့ရင် အဲဒီအတိုင်းနောက်ထပ် နှစ်ကြိမ်သုံးကြိမ်လျှော်ပေးသင့်ပါတယ်။

မှို နဲ့ သားရေ
မှိုဟာ သားရေရဲ့ နံပါတ်တစ်ရန်သူတွေထဲက တစ်ဦးပေါ့။ ဒါပေမဲ့ ရှင်းလင်းဆေးကြောဖို့ကတော့ မခက်ခဲလှပါဘူး။ (သိုး၊ နွားသားရေ အတွင်းဘက်သား (Suede / Nubuck) သားရေနဲ့ ချုပ်လုပ်ထားတဲ့ ကုတ်၊ အဝတ်အစား၊ ရှုးဖိနပ်၊ အိတ်တွေကိုတော့ ဒီနည်းလမ်းလေးတွေအသုံးမပြုသင့်ပါဘူး။)
နွေးထွေးတဲ့အခန်းထဲမှာ လုံးဝခြောက်သွေ့တဲ့အထိ ထားပေးပါ။
သားရေမျက်နှာပြင်ပေါ်က မှိုတွေကို အဝတ်စိုနဲ့ ဖယ်ရှားပစ်ပါ။ ဒုတိယတစ်ကြိမ် ခြောက်သွေ့သွားအောင်စောင့်ပေးပါ။ လုံးဝခြောက်သွေ့သွားပြီဆိုတော့မှ သားရေ cleaner ဒါမှမဟုတ် အလွန်ပျော့တဲ့ဆပ်ပြာ (baby shampoo လိုမျိုး) အသုံးပြုပြီး သန့်စင်နိုင်ပါတယ်။ မှိုတွေမရှိတော့ဘူးဆိုမှ သားရေ conditioner တင်ပေးပါ။ ပြီးရင်တော့ မှိုနောက်ထပ်တစ်ခါပြန်မလာနိုင်မယ့် ခြောက်ခြောက်သွေ့သွေ့အခန်းထဲ သိမ်းဆည်းနိုင်ပါပြီ။ (သားရေပစ္စည်းကို ဆေးကြောတဲ့အခါ cleaner မသုံးခင် အစက်ချပြီး ခြောက်သွေ့အောင်ထားကြည့်ပြီးမှ ပျက်စီးစွန်းထင်မှုရှိ/ မရှိကြည့်ပါ။ ပြီးမှ အားလုံးဆေးကြောပေးနိုင်ပါတယ်။ သားရေအတွက် detergent ဆပ်ပြာမှုန့် ဘယ်တော့မှ အသုံးမပြုပါနဲ့။) မှိုတွေ ခိုဝင်တွယ်ကပ်ခြင်းမရှိအောင် ဆောင်ရမယ့်/ ရှောင်ရမယ့်နည်းလမ်းလေးတွေအတိုင်း လုပ်ဆောင်ပေးခြင်းနဲ့ မှိုကင်းစင်တဲ့အိမ်လေး၊ မှိုကင်းစင်တဲ့အသုံးအဆောင် နဲ့ အစားအသောက်တွေ ပိုင်ဆိုင်ရယူနိုင်ပါစေပေါ့။
Source : http://www.epa.gov/mold/moldguide.html
http://vintageclothing.about.com/od/alterationcare/ht/leather_mold.htm
http://www.wikihow.com/Prevent-Mold-in-the-Kitchen
ဖြိုးဖြိုး
(Living Fashion Magazine, July, 2014)

No comments: