Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, June 25, 2014

မိုးရာသီလေးထဲမှာ ကျန်းမာပျော်ရွှင်စွာ


ရာသီဥတုတစ်မျိုးကနေ တစ်မျိုး အကူးအပြောင်းကာလမှာ ကိုယ်ခန္ဓာထဲက အစိတ်အပိုင်းလေးတွေ အလိုက်သင့်မပြောင်းလဲနိုင်ဘဲ လူမှာမအီမသာဖြစ်နေတတ်ပါတယ်။ မိုးရာသီဟာ ကမ္ဘာဂြိုဟ်ပေါ်မှာ ရှိနေတဲ့သက်ရှိအားလုံးကို ပြန်လည်နုပျိုစေတဲ့ ရာသီဥတုလို့တော့ဆိုကြတယ်။ နွေရာသီကာလပြင်းလှတဲ့အပူတွေ လွတ်မြောက်သွားစေမယ့်မိုးရေစက်တွေကို လူတိုင်းကြိုဆိုချင်ကြပါတယ်။ မုတ်သုံရာသီဟာ တချို့ ကျန်းမာရေးအတွက်စိတ်ပူစရာအခြေအနေလေးတွေလည်း သယ်ဆောင်လာတတ်သေးတာကိုတော့ သတိပြုကြရမှာပါ။ မုတ်သုံမိုးနဲ့အတူ အစာအဆိပ်သင့်၊ ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်နဲ့ ကာလဝမ်းရောဂါလို ရောဂါတွေရောယောင်ပါဝင်လာတတ်ကြတယ်။ စိုထိုင်းမှုကလည်း လေထုထဲမှာ အမြင့်ဆုံးအဆင့်မှာရှိနေတတ်ပါတယ်။ ကိုယ်တို့ ခန္ဓာကိုယ်မှာတော့ အစာခြေဖျက်တဲ့စနစ်ရဲ့ စွမ်းဆောင်နိုင်မှုက အနိမ့်ဆုံးအဆင့်ဖြစ်နေပါသတဲ့။ မိုးရာသီမှာ အစာခြေဖျက်ခြင်းအားနည်းပါတယ်။ အဲဒါကြောင့် အစားအစာကို နည်းနည်းလျှော့စားပေးတာ သင့်တော်ပါတယ်။ 

မကျန်းမာစေတဲ့အစားအသောက်တွေ
အာလူး၊ ပန်းဂေါ်ဖီ၊ ပဲတောင့်ရှည်သီး၊ ရုံးပတီသီး၊ ပဲစင်းငုံ၊ ဗိုလ်စားပဲသီး တို့ မစားသင့်ပါဘူး။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံအားလုံးကို ဂရုတစိုက်ဆေးကြောပြီးမှ စားသင့်ပါတယ်။ မိုးရာသီမှာ ပိုးကောင်တွေပိုပြီးပါဝင်တတ်ပြီး အညစ်အကြေးပိုနေတတ်တာကြောင့်ပါ။  ဆားငံလွန်းတဲ့အစားအစာတွေဟာ ဗိုက်ထဲမှာ ရေဓာတ်ကြာကြာရှိနေပြီး လေပွသလို ဗိုက်ကယ်တာဖြစ်တတ်တာကြောင့်လည်း ဆားအသင့်အတင့် ဒါမှမဟုတ် အငံဓာတ်နည်းပါးတဲ့ အစားအစာသာ စားသင့်ပါတယ်။ ချဉ်လွန်းတဲ့အစားအစာ မန်ကျည်းသီးနဲ့ ချပ်တနီး၊ ဆားစိမ်/ အချဉ်တည်ထားတဲ့ အစားမျိုးတွေ မစားသင့်လှဘူး။ အဓိကအရေးကြီးတာကတော့ အစာခြေဖျက်ဖို့ အားစိုက်ရလွန်းတဲ့ အစားအစာတွေရှောင်ပေးဖို့ပါပဲ။ 

စားသင့်တဲ့အစားအစာတွေက
ခြောက်သွေ့တဲ့သဘာဝရှိတဲ့ အစားအစာ ဥပမာ ပြောင်းဖူး၊ ကုလားပဲ၊ မြင်းစားဂျုံတွေ စားသင့်ပါတယ်။ ဆန်ဟောင်း၊ ဂျုံ/ ပြောင်း၊ မုယောစပါး၊ ပဲနီလေး (ပဲဝါ လည်းအတူတူပါပဲ)၊ ဒိန်ခဲ၊ စပျစ်ဝိုင်၊ ပျားရည်တို့လည်း သင့်တော်ပါတယ်။ ရေဓာတ်ကြွယ်ဝတဲ့ ဖရဲသီး၊ သခွားမွှေးသီးတို့လို ကိုယ်ခန္ဓာကစုပ်ယူနိုင်စွမ်းများတဲ့ အသီးအနှံတွေလည်း စားသုံးသင့်တဲ့အစားအစာပါပဲ။ နောက်တစ်ခု ရာသီစာလို့တောင် ပြောနိုင်တာက နွားနို့ပါ။ နွားနို့နဲ့ buttermilk ကိုလည်း အစာခြေဖျက်နှုန်းကောင်းစေတာကြောင့် သောက်သုံးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အနှံ၊ ကွေကာတို့လို အစားအစာ များများစားသင့်ပြီး အသားနဲ့ ငါးတွေ သိပ်မစားတာကောင်းပါတယ်။ အဆီဓာတ်နည်းပါးတဲ့ အကင်၊ နံပြားဖိုမှာ ပြင်ဆင်ထားတဲ့ မုန့်တွေစားတာလည်း သင့်တော်လှတယ်။ ငရုတ်ကောင်း၊ ဂျင်း နဲ့ ပူစီနံ၊ နနွင်းတို့လို ရောဂါကူးစက်မှုကို ကာကွယ်ပြီး အစာခြေဖျက်နှုန်းကောင်းတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ထမင်းဝိုင်းလေးကို ပြင်ဆင်သင့်ပါတယ်။

မိုးရာသီနဲ့ အရေပြား
မိုးရာသီမှာ အရေပြားခြောက်သွေ့တတ်တယ်လို့ဆိုပေမဲ့ မြန်မာနိုင်ငံရဲ့ မိုးရာသီမှာတော့ ဆောင်းရာသီလောက် အသားအရေဟာ ထူးကဲပြီးမခြောက်သွေ့လှပါဘူး။ အရေးကြီးတာကတော့ မိုးရာသီမှာ တချို့နေရာဒေသတွေ ရေကြီးရေလျှံမှုတွေဖြစ်ပွားကြတယ်။ အဲဒီနေရာတွေမှာ ရေဟာ ညစ်ညမ်းနေတတ်ပါတယ်။ မသန့်ရှင်းတဲ့ရေကိုင်မိတိုင်း ပိုးသတ်ထားတဲ့ရေ နဲ့ ဆပ်ပြာသုံးပြီး လက်ဆေးဖို့လိုအပ်ပါတယ်။ မကြာခဏလက်ဆေးရတာကြောင့်မို့ လက်အရေပြားပွန်းပဲ့ခြင်း မဖြစ်နိုင်အောင် အပျော့စားဆပ်ပြာမျိုးကိုပဲ သုံးသင့်ပါတယ်။ 

မိုးရာသီနဲ့ အဝတ်အစား
ဂရုစိုက်ပေးရမှာကတော့ ချည်သားအဝတ်အစားတွေပဲ ဝတ်ဆင်သင့်ပေးဖို့ပါ။ တင်းတင်းကျပ်ကျပ် ချည်နှောင်ထားတဲ့အဝတ်အစာ့းဖြစ်မနေဖို့လည်း အရေးကြီးလှတယ်။ မှိုကာကွယ်ပေးနိုင်တဲ့ anti-fungal ကိုယ်လိမ်းပေါင်ဒါကို မှိုတွယ်ကပ်နိုင်တဲ့နေရာတွေမှာ လိမ်းပေးသင့်ပါတယ်။ ချက်ချင်းခြောက်သွေ့ဖို့ ခက်ခဲတဲ့ ဂျင်းန်ထည်တွေ မဝတ်ပါနဲ့။ ဆီးချို၊ လေးဘက်နာရှိသူတွေအတွက် ထူးဂရုပြုသင့်တာက ခြေထောက်တွေ နွေးထွေးနေစေဖို့ပါ။ ခြေဗလာကျင်းပြီး မလျှောက်ပါနဲ့။ စိုထိုင်းတဲ့ရှုးဖိနိပ်မစီးဘဲ ရေစိမ့်ဝင်မှုမရှိတဲ့ဖိနပ် ရွေးချယ်သင့်ပါတယ်။

မိုးရာသီနဲ့ ဘေးကင်းလုံခြုံမှု
ရေလွှမ်းမိုးခဲ့ပြီး ရေဝပ်ရေအိုင်နေတဲ့နေရာတွေမှာ ခြင်တွေ အမြောက်အများပေါက်ပွားတတ်ကြပါတယ်။ အဲဒီရေဝပ်နေတဲ့နေရာတွေမှာ ရေအမြန်ဆုံးစီးဆင်းစေဖို့နဲ့ ရေတွေခြောက်သွေ့သွားစေဖို့ ကြိုးစားကြရမှာပါ။ ကားတာယာဟောင်းတွေ၊ ပန်းအိုးတွေထဲက ရေတွေကိုလည်းစစ်ဆေးရှင်းလင်းသင့်ပါတယ်။ သင့်တော်တဲ့ အင်းဆက်ကာကွယ်လိမ်းဆေး ကိုယ်မှာလိမ်းထားသင့်ပါတယ်။ ငှက်ဖျား နဲ့ အသားဝါရောဂါတွေဟာ ရေသေရေပုပ်တွေ နဲ့ ညစ်ညမ်းနေတဲ့အစားအစာတွေကနေ ဖြစ်လေ့ရှိတယ်။ ရေသေရှိတဲ့နေရာ၊ ခြင်တွေများများစားစားပေါက်ပွားနေတဲ့နေရာမျိုးမှာ နေထိုင်ရရင် ခြင်မကိုက်စေတဲ့လိမ်းဆေး၊ ကရင်မ် နဲ့ ခြင်ထောင် ဂရုတစိုက်အသုံးပြုပေးပါ။

မိုးရာသီထဲ ပေါ့ပါးသွက်လက်စေဖို့ကတော့
လေကျင့်ခန်းပြုလုပ်ပေးဖို့ပါပဲ။ သွက်သွက်လက်လက်ဖြစ်စေဖို့၊ ကျစ်လစ်ပြီးကျန်းမာနေစေဖို့ လေ့ကျင့်ခန်းအကူအညီ ယူရပါဦးမယ်။ မိုးရေစက်တွေပြေးလွှားနေတဲ့ လမ်းတွေပေါ်မှာ အပြေးလေ့ကျင့်ခန်း နဲ့ တခြားလေ့ကျင့်ခန်းတွေပြုလုပ်ဖို့ မဖြစ်နိုင်ပေမဲ့ အိမ်တွင်းမှာလည်းပဲ ပုံမှန်ပြုလုပ်နေကြလေ့ကျင့်ခန်းတွေ မပျက်မကွက်ပြုလုပ်ပေးပါ။ အဲဒါကလည်း မိုးရာသီလေးထဲမှာ ကျန်းမာပျော်ရွှင်စေနိုင်မယ့် အရေးအကြီးဆုံးအချက်ဖြစ်နေပါသေးတယ်။
ဖြိုးဖြိုး
Living Fashion Magazine, July, 2014

No comments: