Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, June 20, 2014

ချာလီချက်ပလင်ရဲ့ ကမ္ဘာ

Living Fashion Magazine, July, 2014
၁၄ နှစ်ခန့်ကြာ ဆန့်ကျင်ငြင်းခုံမှုတွေ၊ အခက်အခဲတွေအများကြီးကြုံခဲ့ရပြီးတဲ့နောက် ချာလီချက်ပလင်ရဲ့အမှတ်တရ အခင်းအကျင်းတွေဟာ နောက်ဆုံးမှာတော့ အနားယူစရာနေရာရရှိသွားခဲ့ပါပြီ။ ဟစ်တလာရဲ့ သရုပ်သကန်ကို သရော်ထားတဲ့The Great Dictator ၊ ဒုတိယကမ္ဘာစစ်မတိုင်ခင်ကဖြစ်ပွားခဲ့တဲ့ အကြာရှည်ဆုံး၊ အပြင်းထန်ဆုံး နဲ့ အကျယ်ပြန့်ဆုံးပျံ့နှံ့ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးကပ် Great Depression ဇာတ်အိမ်တည်ထားတဲ့ Modern Times တို့လို ဂန္တဝင်ရုပ်ရှင်တွေပါ ကိုယ်တိုင်ဖန်တီး၊ သရုပ်ဆောင်၊ ရိုက်ကူးခဲ့တဲ့ အင်္ဂလိပ်သရုပ်ဆောင် ချာလီချက်ပလင်ရဲ့ ဆွစ်ဇာလန်ကနေအိမ်ကို ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်နေခဲ့ပါပြီ။ 

ဆွစ်ဇာလန်နိုင်ငံတောင်ဘက်စွန်းပိုင်းဒေသ Riviera မှာ ချာလီချက်ပလင်ရဲ့ ဘဝနဲ့ သူပိုင်ဆိုင်ခဲ့တဲ့အချိန်ကာလ အခင်းအကျင်းကို ပြသထားမယ့် ပြတိုက်တစ်ခုအဖြစ်လှစ်ပါလိမ့်မယ်။ ပြတိုက်ဟာ အရင်က ချာလီချက်ပလင်နေထိုင်ခဲ့တဲ့ Manoir de Ban အိမ်ပါပဲ။ ပေါင် သန်း ၄၀ ( ဆွစ်ဖရန်စ့် သန်း ၆၀) အကုန်အကျခံပြင်ဆင်မွမ်းမံမှုတွေအပြီး လာမယ့် ၂၀၁၆ မှာ ဖွင့်လှစ်မှာပါ။ Corsier-sur-Vevey မြို့အနီး Lake Geneva မှာတည်ရှိပါတယ်။ ၁၈၄၀ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ဗိသုကာပညာရှင်က Philippe Franel ပါ။ ၁၈ ရာစုလယ် ကာလက ခေတ်စားလာခဲ့တဲ့ Neoclassical ဗိသုကာစတိုင်လ်နဲ့တည်ဆောက်ထားတဲ့ အခန်း ၂၄ ခန်းပါ အဆောက်အဦဖြစ်ပါတယ်။ အိမ် ရဲ့ ဝန်းကျင်မြေနေရာက ၁၄ ဟက်တာထိအောင်ကျယ်ဝန်းပြီး ပြတိုက်ကို ၃၀၀၀ စတုရန်းမီတာကျော် ထပ်မံချဲ့ပြီး တည်ဆောက်မှာပါ။ Nestle နဲ့ Compagnie des Alpes တို့လို့ကုမ္ပဏီတွေရဲ့ ပူးပေါင်းအားပေးမှုတွေလည်းပါဝင်တယ်။ ပြတိုက်ဒေသတစ်ဝိုက်က မြို့ ၁၀ မြို့ရဲ့ ဒေါ်လာ ၁၁.၄၅ သန်း ချေငှားငွေတွေလည်းပါရှိတယ်။ ပြတိုက်အဖြစ်ဖွင့်လှစ်တဲ့အခါ ကမ္ဘာ့လှည့်ခရီးသွားတွေကို အဓိကဆွဲဆောင်နိုင်မယ့် နေရာဖြစ်လာမယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့ ဒေသခံတွေကပါ ဝိုင်းဝန်းအားပေးခဲ့ကြတာပါ။ ချာလီဟာ ၁၉၅၃ ခုနှစ်မှာ အဲဒီ Manoir de Ban ကိုပြောင်းရွှေ့ခဲ့ပြီး ဇနီးသည် အွန်နာ အပါအဝင် ကလေး ၈ ယောက်နဲ့ ၁၉၇၇ ခုနှစ် သေဆုံးချိန်အထိ အဲဒီနေအိမ်မှာ နေထိုင်သွားခဲ့ပါတယ်။ 

၂၀၀၈ ခုနှစ်မှာ လူဇန်ဘာဂ့်အခြေစိုက် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Genii Capital က ပိုင်ဆိုင်ထားခဲ့တယ်။ Genii Capital ကပဲ ချာလီရဲ့ အိမ်ကို "Chaplin's World" အမည်နဲ့ ပြတိုက်ဖွင့်လှစ်ပြသဖို့ စီစဉ်ခဲ့တာပါ။ ဖွင့်လှစ်တော့မယ့်ပြတိုက်မှာ ချာလီရေးခဲ့တဲ့ စာတွေ၊ ၁၉၆၀ ခုနှစ်တွေတုန်းက သူကိုယ်တိုင်ရေးခဲ့တဲ့ အတ္ထုပတ္တိ၊ သူ့ရဲ့ စန္ဒရား၊ တစ်ကိုယ်ရေသုံးစာကြည့်တိုက်၊ ရုပ်ရှင်ဇာတ်ညွှန်းတွေ၊ အနုပညာလက်ရာ၊ မိသားစုအယ်လ်ဘမ်တွေ၊ လက်ရေးစာမူတွေ၊ အိမ်သုံးပရိဘောဂနဲ့ တခြားအမှတ်တရပစ္စည်းတွေလည်း ပါဝင်ပြသထားပါလိမ့်မယ်။ စတူဒီယိုတစ်ခု ပုံစံအဖြစ်လည်း အသက်သွင်းဦးမှာပါ။ အဲဒီစတူဒီယိုမှာ ရုပ်သံ multimedia ပြပွဲတွေ စီစဉ်ပြသပါလိမ့်မယ်။ ကမ္ဘာကျော် ကြီးကျယ်ခမ်းနားခဲ့တဲ့သရုပ်ဆောင်တစ်ဦးရဲ့ ဘဝအနိမ့်အမြင့်အဖြစ် လန်ဒန်မှာ ဆင်းဆင်းရဲရဲချွတ်ခြုံကြခဲ့တဲ့ ဘဝကနေစတင်ပြီး ဟောလိဝုဒ်အစောပိုင်းနေ့ရက်တွေအထိ နိုင်ငံတကာသိကျော်ကြားခဲ့တဲ့ အနုပညာရှင်ရဲ့မှတ်တမ်းရုပ်ရှင်လည်းပြသထားဦးမှာပါ။ လတ်တလောဆွေးနွေးပွဲမှာ ရုပ်ရှင်ရုံအဖြစ်လည်းတည်ဆောက်ဖို့ စီစဉ်ထားတယ်လို့ စီစဉ်သူတွေက ကြေညာပါတယ်။ အပြင်ဘက်မှာစင်မြင့်ထားရှိမယ်။ အဆောက်အဦမှာ နောက်ထပ် အခန်းကျယ်နှစ်ခန်းပေါင်းစပ်ပြီး ချာလီရဲ့ ရုပ်ရှင်ဆက်တင်တွေ ပြသထားမယ်လို့ ဆိုတယ်။ ရုပ်ရှင်သင်တန်းကျောင်းအဖြစ်လည်း ဖွင့်လှစ်မှာပါ။ ပြတိုက်မှူး Yves Durand က "ပြတိုက်အသစ်မှာ ခမ်းနားကြီးကျယ်တဲ့ရည်မှန်းချက်တွေ ရှိတယ်။ ပြိုင်ဘက်မရှိတဲ့ပြတိုက်တစ်ခုအဖြစ် ကျွန်တော်တို့ တည်ဆောက်ပါမယ်။ ပြတိုက်မှာ ယဉ်ကျေးမှု နဲ့ ဖျော်ဖြေရေး နှစ်ခုလုံး ရောနှောပေါင်းစပ်ပြီး ပြသမှာပါ" လို့ ရှင်းလင်းပြောကြားခဲ့တယ်။ ချာလီနဲ့ ဇနီး အွန်နာတို့ရဲ့ ရုပ်အလောင်းတွေကို အနီးအနားက Corsier-sur-Vevey သင်္ချိုင်းမှာ အတူတကွမြှုပ်နှံထားပါတယ်။ ၂၀ ရာစုရဲ့ အကျော်ကြားဆုံး သရုပ်ဆောင်တွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ ချာလီချက်ပလင်ရဲ့ ပြတိုက်အိမ် "Chaplin's World" ကို ၂၀၁၅ နွေရာသီမှာ စတင်ဖွင့်လှစ်မယ်လို့ စီစဉ်ထားခဲ့ပေမယ့် လာမယ့် ၂၀၁၆ နွေဦးကာလအထိ စောင့်ဆိုင်းပေးဖို့ စီစဉ်သူတွေက ကြေညာခဲ့ကြတယ်။

ဖြိုးဖြိုး

No comments: