Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, October 09, 2014

နွေရာသီက...ဒီအခန်းမှာ (အက်ဆေး ၄)

(အက်ဆေး - ၄)
စုမီအောင်
            နွေညခင်းတစ်ခုသည် တိတ်ဆိတ်စွာ ပူလောင်ပြင်းပြလျက်။ အခန်းတစ်ခုထဲမှာတော့ သူမတစ်ယောက်တည်း။ ပူလောင်ပြင်းပြစွာ တိတ်ဆိတ် ငြိမ်သက်လျက်ရှိ သည်မှာ နွေညခင်းကြောင့်တော့ မဟုတ်ခဲ့။ တစ်ယောက်တည်း ဖြစ်ခြင်း၊ အထီး ကျန်ဆန်ခြင်းက သူမအား အဆမတန် ပူလောင်ပြင်းပြစေသည်။ ပူလောင်ပြင်းပြသော ရင်အစုံကို ခက်ခဲလေးလံစွာ ပွေ့ပိုက်လျက် တိတ်ဆိတ် ငြိမ်သက်စွာ လဲလျောင်း နေသော်လည်း သူမ အိပ်ပျော်ခြင်း မ၇ှိသေးပါ။ သူမ၏ နှလုံးခုန်သံသည် ရင်ဘတ်ထဲမှာ မရှိ။ အခန်းရှေ့ မြက်ခင်းပေါ်မှာ နှလုံးခုန်သံ တချို့ကို အတိုင်းသား ကြားနေရသည်။

            နှလုံးသားက သူမ၏ ရင်ဘတ်ထဲမှာ အလိုအလျောက် လှုပ်ရှားကခုန် နေရာက ရုတ်တရက် ခန္ဓာကိုယ်ထဲမှ ခုန်ထွက်သွားခဲ့ပြီး၊ မြက်ခင်းပေါ်မှာ လူးလိမ့်၍ ဆက်လက်ကခုန်နေသည်ကို တိုးလျှိုပေါက် မြင်တွေ့နေရသည်။ သူမ အမှန်ပင် လန့်ဖျန့်သွား၏။ ဒါဟာ...ဘာလဲ မြက်ခင်းပေါ်မှာ နှလုံးသားတစ်ခုဟာ ကခုန်လို့ ရနိုင်ပါ သလား။ အားတင်း၍ စူးစိုက်ကြည့်လိုက်သည်။ ဘာမှမရှိ။ မြက်ခင်းသည် ပကတိ ဟင်းလင်းပြင်။ အခိုက်အတန့်အားဖြင့်တော့ သူမ စိတ်အေးသွားသည်။ သို့သော် အော်ဟစ်မြည်ြေ
            အခန်းထဲမှာ သူမမှ တစ်ပါး အခြားမည်သူမျှ မရှိ။ လေအေးစက်မရှိ။ ပန်ကာမရှိ။ ယပ်တောင်တစ်ချောင်းတော့ ရှိတန်ကောင်းရဲ့ဟု ထင်သူများကို သူမ အားတုံ့အားနာဖြစ်ရပါသည်။ ပူလောင်ပြင်းပြသော အခန်းကို သက်သာ ရာရစေခြင်းငှာ ယပ်တောင်တစ်ချောင်း အမှန်ပင် သူမမှာမရှိပါ။ ပူလောင်စမ်းပါစေ။ ဒီအခန်းထဲမှာ နေသားတကျဖြစ်လိုသော ဆန္ဒသာရှိသည်။
            သူမ၏ အခန်းထဲမှာ သူမ မနှစ်ခြိုက်သောအရာများ လုံးဝမထားပါ။ သူမ အခန်းတွင်း ရှိရှိသမျှ အရာအားလုံးတို့သည် သူမ အကြိုက်များပဲဖြစ်သည်။ သို့သော် အစီအစဉ်တကျတော့မရှိ။ အရာခပ်သိမ်းတို့သည် ဖရိုဖရဲ။ အခန်းထဲမှာ ကက်ဆက် တစ်လုံးရှိသည်။ သူမ...မရသေးသော သီချင်းသံစဉ် အသစ်များကို ဖွင့်၍ နားထောင်၊ လိုက်၍ဆိုကျင့်ရန် ဖြစ်သည်။ သီချင်းစာသားသံစဉ် သူမအလွယ်တကူ ဆိုနိုင်သွားလျှင် အခိုက်အတန့်အားဖြင့် ထိုကက်ဆက် မလိုတော့ပါ။ နောက်...ဂစ်တာတစ်လုံးရှိသည်။ ကက်ဆက်ထဲမှတစ်ဆင့် အရယူလိုက်သော သီချင်းများကို သူမကိုယ်တိုင် ဂစ်တာ တီး၍ နေ့စဉ်ဆိုညည်းရန် ဖြစ်သည်။ ကက်ဆက်ထဲက သီချင်းထက်ပို၍ လှပဆန်း ကြယ်သော သီချင်းသံစဉ်များ သူမ နှုတ်ဖျားမှ လွင့်စင်ထွက်ကျလာတတ်သည်။ လရောင်မှတစ်ပါး ကောက်ယူနားဆင်မည့်သူ မရှိပါ။ အသက်မဲ့သီချင်းများကို သီဆိုနေခြင်းသာ ဖြစ်ကြောင်း သဘောပေါက်သည့်အခါ နောက်ထပ်တစ်ခါ ဆိုညည်းရန် သူမ စိုးထိတ် အားငယ်မိသေးသည်။ သို့သော် ရူးသွပ်တပ်မက်စွာ ဆိုညည်းနေမိဆဲ။တစ်ခါတစ်ရံတော့ သူမ၏ ဂစ်တာကို တင်းကြပ်စွာပွေ့ဖက်လျက် ငိုင်တွေနေမိတတ် ပါသည်။ ထိုအခါ သီချင်းမရှိသော ဂစ်တာသည် သူမ၏ ရင်ခွင်ထဲမှာ တိတ်ဆိတ် အေးစက်စွာ မှေးအိပ်နေတတ်သည်။
            သူမ၏ အခန်းထဲတွင် ဘီဒိုမရှိ၊ သေတ္တာမရှိပါ။ ကြယ်သီးမရှိ၊ ဇစ်ပ်မပါ တီရှပ်ပွပွကြီးများသည် သူမ၏ ခြုံထည်များဖြစ်ပြီး လုံခြုံခိုင်ခံ့သည်။ သူတို့သည် သူမကို ဒိုင်းလွှားသဖွယ် အကာအကွယ်ပေးနေပါသည်။ အခန်းထောင့် တစ်နေရာတွင် ကိုယ်လုံးပေါ် မှန်ချပ်တစ်ချပ်ရှိသော်လည်း သူမ နေ့စဉ်မကြည့်ဖြစ်ပါ။ သူမကိုယ် သူမ အမှန်အတိုင်း ရှုမြင်သုံးသပ်ရန် သူမ လက်တွန့်နေပါသည်။ သူမ၏ ခန္ဓာအနှံ ဦးခေါင်းမှ ခြေဖျားသို့တိုင် လွဲနေသောအရာများ၊ မှားယွင်းသော အရာများ တနင့်တပိုး ကြီး ရှိနေသည်ကို လက်ခံမြင်တွေ့နိုင်စွမ်း သူမမှာ မရှိသေးပါ။ မှန်သည် မှန်ဟုသာ အမည်တွင်နေသော်လည်း တကယ်တော့ အမှန်တရား ချည်းသက်သက် ကိန်းဝပ် မနေတတ်ကြောင်းကို သူမ သဘောပေါက်ခဲ့သည်မှာ မကြာလှသေးပါ။
            ဘာပဲဖြစ်ဖြစ် သူမနှင့် စာလျင်တော့ မှန်တွင် အမှန်တရား တစ်ုထက်မက များစွာရှိလိမ့်မည်ကို ဟုတ်တိပတ်တိ မကြည့်ရဲခဲ့ပါ။ အခန်းထဲမှာ သူမ၏ မတိုသော၊ မရှည်သော ဆံပင်များကို ဖီးသင်ရန် ဘီးတစ်ချောင်းတော့ ရှိနေပါသည်။ တခြား မိန်းကလေးများကဲ့သို့ အလှပြင်ပစ္စည်းများ မရှိပါ။ မိန်းမတို့ဘုန်း ဆံထုံးဟု ဆိုစမှတ် ပြုကြသော မြန်မာအမျိုးသမီးတစ်ဦးဖြစ်သော်လည်း သူမ ဘယ်တုန်းကမှ ဆံပင်ရှည် ရှည် မထားဖြစ်ခဲ့ပါ။ ခပ်နည်းနည်းသာရှိသော သူမ၏ ဆံပင်များကို ဖီးသင်ရန် သူမ အမြဲစိတ်မရှည် ဖြစ်ရပါသည်။
            အထူးသဖြင့် အခုလို အရာရာပူပြင်းသွေ့ခြောက် လျက်ရှိသော နွေရက်များမှာ ဆံပင်တို့ကို ရှုမြင်ရသည်မှာ ပို၍ ပူလောင် အိုက်စပ် လှပါသည်။ ဆံပင်များကြောင့် ဦးခေါင်းသည် လေးလေးလာပြီး စိတ်များက ရှုပ်ရှုပ် လာရပါသည်။ သူမ၏ ဦးခေါင်းထက်က ဆံပင်များကို သူမ မချစ်ပါ။ ဆံပင်ရှည်ရှည်များကို တခြားမိန်းကလေးများ၏ ဦးခေါင်းထက် မြင်တွေ့ရလျှင်တော့ ချစ်ချင်စရာဟု သူမ ထင်မြင်မိပါသည်။ ဆံပင်များကို မုန်းတီးစိတ်ဖြင့် ခေါင်းတုံးတုံးရန် သူမအခါခါ စိတ်ကူးမိပါသေးသည်။ အခန်းထဲတွင် မှန်တစ်ချပ်သာ ရှိမနေခဲ့လျင် ထိုဆံပင်များကို ရိတ်သိမ်းရှင်းလင်းပစ်ပြီး ဆယ့်နှစ်ရာသီ ဗလာခေါင်းတုံးဖြင့်သာ နေမိချေမည်။ ဆံပင် များသာမရှိပါက အင်မတန် ရုပ်ဆိုးမည်ဖြစ်သော သူမ၏ ပြားချပ်ချပ် နောက်စေ့ကို လူမြင် မခံရဲသောကြောင့် ကြည့်ကောင်းရုံ ဆံပင်များ ထားပေးနေ ရခြင်း ဖြစ်ပါသည်။
သူများဦးခေါင်းထက်က ဆံပင်ရှည်ရှည်များကို သဘောကျသော်လည်း ထိုဆံပင်များကို ကလစ်၊ ဖဲပြား၊ ခေါင်းစီးကြိုးတို့ဖြင့် ချည်နှောင်၍ အလှဆင်တတ်သော မိန်းကလေးများကို သူမ သဘောမကျပါ။ တိုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ၊ ပူသည်ဖြစ်စေ၊ အေးသည်ဖြစ်စေ ဆံပင်ကို ဦးခေါင်းခွံ အရေပြားထက်ကနေ လွတ်လပ်စွာ ဖြာဆင်း ဝဲကျနေရမည့်အရာများဟု သူမ ခံယူထားပါသည်။
            သေချာသည်က ဆံပင်ရှည်ရှည်ထားရန် ဘီးတစ်ချောင်းမလို။ အကောင်း စား ရှန်ပူ၊ အကောင်းစား ဆံပင်ပျော့ဆေးများ မလိုပါ။ ဆံပင်ရှည်ရှည်ထားရန် အဓိက အလိုအပ်ဆုံးအရာမှာ စိတ်ရှည်ရှည်တစ်ခုသာ ဖြစ်ပါသည်။ သို့သော် ဆံပင် ရှည်ရှည်ထား တတ်သည့်  ဂစ်တာလည်း ကိုင်တတ်သည့် ယောက်ျားများ စိတ်ရှည်တတ်လိမ့်မည်ဟု သူမ မဆိုလိုပါ။
            သူမ၏ အခန်းသို့ အလည်လာရန် မည်သည့်သူငယ်ချင်းမျှ စိတ်မဝင် စားပါ။ သူမကတော့ သူတို့ကို ကြိုဆိုဖိတ်ခေါ်ချင်စိတ် ရှိပါသည်။ သို့သော် သူငယ်ချင်းမများ သယ်ဆောင်လာမည့် အတင်းအဖျင်း စကားလုံးများနှင့် မြည်းရန် လက်ဖက်သုပ် ကောင်းကောင်း တစ်ပန်းကန် သူမ သုပ်မကျွေးတတ်ပါ။ ဖန်ခါးခါး လက်ဖက်ရည် တစ်ခွက်တော့ သူမကိုယ်တိုင် ကြိုက်သောကြောင့် သူမ ကောင်းကောင်း ဖျော်တတ် ပါသည်။ သို့သော် လက်ဖက်ရည်တစ်ခွက် သောက်ချင် ရုံမျှနှင့် သူမ၏ အခန်းသို့ အလည်လာရန် သူငယ်ချင်းများ စိတ်ဝင်စားမည် မထင်ပါ။
            အခန်း၏ နံရံထက် တစ်နေရာမှာ ဝိုင်းစက်စက် နာရီတစ်လုံးရှိသည်။ နာရီ တစ်လုံးချိတ်ဆွဲထားရခြင်းမှာ သူမ အနေနှင့် အချိန်တစ်ခုကိုသိရန် မဟုတ်ပါ။ နေ၏ အလင်းရောင်ကို ထိတွေ့ခံစားနေရချိန်သည် နေ့အချိန်ဖြစ်ပြီး၊ အလင်းရောင် ကုန်ဆုံး၍ ဝန်းကျင်တစ်ခုလုံး မှောင်မိုက်သွားချိန်သည် ညအချိန်ဖြစ်သည်။ နေ့နှင့် ည ကွဲပြားခြားနားရုံသာ သိထားခြင်းသည် သူမအတွက် အင်မတန်လုံလောက် ပြည့်စုံနေပြီဖြစ်၏။ နာရီသည် သူ့သခင်မ သူမကို မစောင့်၊ မည်သူ့ကိုမှ မစောင့်၊ ပူလောင်ခြင်းကို မညည်းတွား၊ အေးမြခြင်းကို မခံစား၊ ချစ်ခြင်းမုန်းခြင်း အလျဉ်းမရှိ၊ ပကတိအဖော်မလိုဘဲ ခပ်မှန်မှန် လည်ပတ်လျက် နေ့စဉ် ခရီးသွားနိုင်သည်ကို အားကျ မက်မောစိတ်ဖြင့် နေ့စဉ်မှန်မှန် မော့ကြည့်လိုသောကြောင့် ဂုဏ်ယူဝင့်ကြွားစွာ ချိတ်ဆွဲ ထားခြင်းဖြစ်သည်။
နာရီမျက်နှာပြင် တစ်ခုလုံးတွင် သူမအားအကျဆုံးမှာ တစ်ကောက် တောက် မှန်မှန်အော်ရင်း တစ်ကိုယ်တည်း ပြေးလွှား နေသော စက္ကန်ပလက်တံကလေးပဲ ဖြစ်သည်။ ပျင်းရိလေးဖင့်စွာ ရွေ့လျားနေသော နာရီမိနစ်လက်တံတို့ကို သူမ ကြည့်မရ၊ ကြည့်ရန်လည်း မလိုပါ။ နေ့နှင့်ည မှန်မှန်ကူးပြောင်းနေသရွေ့ သူမအတွက် အချိန်ကြည့်ရန် မလိုပါ။
            သူမ၏ အခန်းနံရံတွင် အလှအပ ဓာတ်ပုံများ၊ မင်းသား၊ မင်းသမီး ရုပ်ပုံ ပါသည့် ပြက္ခဒိန်များ ဘာဆိုဘာမျှ မရှိပါ။ သူမ၏ ဓာတ်ပုံတစ်ပုံ သော်လည်းကောင်း၊ ချိတ်ဆွဲထားခြင်းမရှိပါ။ သူမသည် ဓာတုဗေဒဘွဲ့တစ်ခုကို လွန်ခဲ့သော ၅နှစ်က အသေအချာ ရယူပိုင်ဆိုင်ခဲ့ကြောင်း ယုံကြည်လက်ခံသူတစ်ဦးမျှ မရှိခြင်းမှာ သူမ၏ အခန်းနံရံတွင် သူမ၏ ဘွဲ့ရဓါတ်ပုံတစ်ပုံတစ်လေမျှ ချိတ်ဆွဲ ထားခြင်း မရှိသောကြောင့် ဖြစ်လိမ့်မည်။ သူမအတွက် လူအများ ယုံကြည်ခံရခြင်း၊ မခံရခြင်းသည် အရေးမကြီးပါ။ သူမ အဖေ၊ အမေ ဓာတ်ပုံတစ်ပုံမျှ မရှိခြင်းက အနည်းငယ် ရုပ်ဆိုးသည်ဟု ထင်စရာ ရှိသော်လည်း အဖေ၊ အမေသည် သူမ၏ နှလုံးသားနံရံတွင် အမြဲရှိသည်။
            အမှန်ကိုဆိုလျင် သူမ၏ အခန်းနံရံသည် သူမ၏ စိတ်အမှတ်အသားများပဲ ဖြစ်သည်။ နံရံတွင် သူမမှတစ်ပါး အခြားမည်သူမျှ မမြင်နိုင်သော ရုပ်ပုံပေါင်းများစွာ ချိတ်ဆွဲထား၏။ သူမ၏စိတ်ကို အနာတရဖြစ်စေခဲ့သော လူများ၏ ရုပ်ပုံလွှာကို စိတ်ဖြင့် မှတ်သားကာ နံရံတွင် ကပ်ထားသည်။ မည်သည့်နေရာတွင် မည်သူ၏ ရုပ်ပုံရှိသည်ကို သူမစိတ်က အလွတ်မှတ်မိနေသည်။ တစ်ခါတစ်ရံ ထိုဓာတ်ပုံများ ကို စေ့စေ့ကြည့်ကာ သူမ စကားပြောနေတတ်သည်။ သို့သော် အသံမထွက်ပါ။ စိတ်ဖြင့် မှတ်သားထားသော ရုပ်ပုံများကို စိတ်ဖြင့် စကားပြောနေခြင်းသာ ဖြစ်သည်။ ထိုအချိန် များတွင် သူမ၏ အခန်းသည် နွေရာသီ၏ ပူလောင်ခြင်းနှင့်ထပ်တူထပ်မျှ ရှိနေတတ် သည်။ မည်သို့ဆိုစေ သူမကတော့ ထိုကိစ္စရပ်များကို လုပ်မြဲ လုပ်နေပါဦးမည်။
            သူမအနေနှင့် လွတ်မြောက်စွာ ရှင်သန်နေသည်ဟု ယုံကြည်သည်။ အခန်း၏ ပြတင်းပေါက်များမှာ လိုက်ကာခန်းဆီးများ မရှိပါ။ ပြင်ပရှုမျှော်ခင်းများကို တိုးလျှိုပေါက် မြင်တွေ့ ခံစားလိုသည့်အတွက် ပြတင်းတံခါးများကို ဘယ်တော့မှ သူမ ပိတ်၍မထားပါ။ ပြတင်းတံခါးမှ တစ်ဆင့်ဝင်လာသော လေညင်းအေးမြကို သူမ ကြိုဆိုဖိတ်ခေါ်ချင်သည်။ သယ်ဆောင်ချင်သည့် အရာများကို သယ်ဆောင်၍ လာပါ။ သူမကဲ့သို့ ယုံကြည်ချက်ချင်း ကိုက်ညီသူများကို ဖိတ်ခေါ်လိုသော်လည်း သူမအခန်းသို့ မည်သူမျှ မလာပါ။
            သူမ၏ အခန်းတွင် ဖိနပ်ချွတ်ပါ။ စကားတိုးတိုးပြောပါ။ သင်ကောင်းလျင် ကျွန်ုပ်မဆိုးပါ စသည့် သတိပေးစာတန်းများ မရှိပါ။ ဖိနပ်ချွတ်ပါ စာတန်းသည် တစ်ခါတစ်ရံ ဖိနပ်ချွတ်ရမည်ကို မသိသော နိုင်ငံရပ်ခြား ဧည့်သည်များအတွက် ဘုရားစောင်းတန်း နေရာများမှာသာ ထားသင့်သော စာတန်းဖြစ်၏။ သူမ၏ အခန်း သည် ကျဉ်းမြောင်း၍ ရှုပ်ထွေးနေမည် ဖြစ်သော်လည်း အကယ်စင်စစ် အိမ် တစ်လုံးဖြစ်သည်။ အိမ်တစ်လုံးသို့ ရောက်လျှင် မည်သည့်နေရာမှာ ဖိနပ်ချွတ် ရမည်ကို လူတိုင်းသိပြီး ဖြစ်လိမ့်မည်။ သဘာဝကိုလှည့်စား၍ ဟိုတယ်တမျှ ကြီးကျယ်ခမ်းနားသော အခန်းထဲသို့ ဖိနပ်စီးဝင်နိုင်သော အိမ်များကို မဆိုလိုပါ။ သူမ၏ အခန်းသည် သာမန်အိမ်တစ်လုံးပင် ဖြစ်ပါသည်။
            တိုးညှင်းသော စကားသံများသည် ပို၍ အန္တရာယ်ပြုနိုင်ကြောင်း ယုံကြည်ခဲ့ဖူးသည့်နေ့ကစပြီး၊ စကားကို ကျယ်ကျယ် ပြောဆိုတတ်ရန် သူမ လေ့ကျင့်လျက်ရှိပါသည်။ သို့သော် ခုချိန်ထိ စကားပြောရန် ယုံကြည်ကိုးစား သောအဖော် သူမမှာ မရှိပါ။ ဘယ်တော့မှ မပြောရသေးသော စကားလုံးများ သူမ၏အခန်းထဲမှာ ပြန့်ကျဲနေပါသည်။ တချို့ မျက်နှာကျက်မှာ ဇောက်ထိုးတွဲခိုလျက် သူမအား ကောက်ကျစ်စွာ အုပ်မိုးစောင့်ကြည့်နေသည်။ တချို့ အခန်းနံရံအတွင်း ပုန်းအောင်းခိုဝင်လျက် အလစ် ချောင်းနေကြပြန်သည်။ တချို့ အခန်း ပြတင်းမှတစ်ဆင့် လွတ်လပ်စွာ ခုန်ထွက်ရန် ကြိုးစားနေကြသည်။ တချို့ကတော့ အခန်းကြမ်းပြင်မှာ သူမနှင့်အတူ ခေါင်းမာစွာ လဲလျောင်းနေကြသည်။
သူမမှာ ခုတင်မ၇ှိ၊ မွေ့ရာမရှိ၊ ခေါင်းအုံးမရှိပါ။ ကြမ်းပြင် ထက်က စကားလုံးတချို့သည် ကျောခင်းအိပ်လာမည့် သူမခန္ဓာကိုယ်ကို ငံ့လင့်နေကြသည်။ ခေါင်းမာသော်လည်း ရိုးဖြောင့်သော စကားလုံးများကို ကျောခ်းကာ သူမ အိပ်ပါဦးမည်။
            နံရံအောက်ခြေမှာ လဲကျနေသော ပန်းချီကားတစ်ချပ်ရှိသည်။ ထိုကား ချပ်ကို သူမ ခေါင်းအုံးလေ့ရှိသည်။ ဇောက်ထိုး တွဲခိုနေသော စကားလုံးများ လက်အံသေ၍ ပြုတ်ကျလာချိန်ကို နာရီမျက်နှာပြင်ပေါ်က စက္ကန့်လက်တံ၏ လမ်းလျှောက်နှုန်းနှင့်အတူ သူမ စောင့်ကြည့်နေတတ်ပါသည်။ ပန်းချီကားသည် သူမ၏ လက်ရာဖြစ်ကြောင်း သံသယဖြစ်ရန် မလိုပါ။ စုတ်ချက် တချို့သည် ညံ့ဖျင်းလှကြောင်း ကြည့်ရုံနှင့်သိသာစေသည်။ ပန်းချီကားထဲမှာ ငှက်တစ်ကောင် ရှိသည်။ ငှက်သည် လေထဲမှာ  ပျံသန်း၍မနေဘဲ မြေပြင်မှာ လမ်းလျှောက် နေသည်။ အတောင်ပံများ ရိုက်ချိုးလျက်နှင့် မိမိ၏အတောင်ပံများကို အသုံးမချတတ်၍ပဲလား သူမ မသေချာပါ။ ထူးခြားသည်က လမ်းလျှောက်နေသော ငှက်သည် ဖိနပ်တစ်ရံကို လူကဲ့သို့ သေသပ်ကျနစွာ စီးနင်း ထားသည်။
            သူကိုယ်တိုင်ရေးဆွဲသော ထိုပန်းချီကားတွင် လျှို့ဝှက်ချက် တစ်ခုရှိ ကြောင်း သူမဝန်ခံပါမည်။ ထိုပန်းချီကား၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ချင်သူသည် တန်ဖိုးကြီးစွာပေး၍ သူမထံမှ လာရောက်ဝယ်ယူလိမ့်မည်ဖြစ်ကြောင်း မျှော်လင့် ယုံကြည်ကာ သူမ စောင့်နေပါသည်။ သို့သော် ထိုကားချပ်ကို သူမ ကိုယ်တိုင်ပင် ဝယ်ယူနိုင်ခြင်း မရှိသေးပါ။ ပန်းချီကားသည် သူမ၏ လက်ရာ စစ်စစ်ဖြစ်သော်လည်း သူမ ပိုင်ဆိုင်ခြင်းမရှိပါ။ တစ်စုံတစ်ရာကို လက်ဝယ်ပိုင်ဆိုင်နိုင်ရန် စုဆောင်း သိုမှီရမည့်အရာမှာ အဿပြာ ပိုက်ဆံ ငွေကြေးမဟုတ်ပါ။ လူတို့သည် ထိုအရာ တို့ကိုသာ ပင်ပန်းဆင်းရဲကြီးစွာ ရှာဖွေစုဆောင်းလျက်ရှိသည်။ အမှန်စင်စစ် လိုအပ်သောအရာကိုမူကား မေ့လျော့တတ်ကြသည်။ သူမအပါအဝင် မည်သူမျှ ထိုပန်းချီကားကို ဝယ်ယူနိုင်လိမ့်မည် မဟုတ်ပါ။
            ပန်းချီကား မဝယ်ယူနိုင်သော်လည်း စိတ်ဝင်တစား ကြည့်ရှုချင်ရုံမျှနှင့်ပင် ထိုသူသည် သူမ၏ ရှားရှားပါးပါး မိတ်ဆွေတစ်ဦးဖြစ်နိုင်သည်။ သို့သော် ခုချိန်ထိ သူမမှာ မိတ်ဆွေမရှိပါ။ မည်သို့ဖြစ်စေ သူမ၏အခန်းကို အလည်လာရောက်ချင်သူ၊ သူမ၏ စကားလုံးတိုင်းကို ခွဲခြားနားထောင်နိုင်သူ၊ သူမ၏ ပန်းချီကားကို ဝယ်သူ (သို့မဟုတ်) စိတ်ဝင်စားမည့်သူ တစ်စုံတစ်ယောက်ကို သူမ စောင့်မျှော်နေချင်ပါသေး သည်။

            နွေညခင်းများသည် လေပြည်လေညင်းအားကိုးနှင့် အေးမြချင် ယောင်ဆောင် နေကြသည်။ သူမ၏ အခန်းထဲမှာ သူမတစ်ယောက်တည်း။ နေရာတကျ မရှိသေးသော စကားလုံးများနှင့်အတူ ပန်းချီကားတစ်ချပ်သည် ယနေ့တိုင် ပိုင်ရှင်မဲ့လျက်။ 


စုမီအောင်
(နဝဒေး၊ ၂ဝဝ၃-မေ)

No comments: