Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, October 05, 2014

ဟိုသတင်း ဒီသတင်း

အဲလ်ဗစ်ရဲ့ ဂျက်လေယာဉ်တွေ
          အဲလ်ဗစ်ပရက်စလေရဲ့နောက်ဆုံးဂျက်လေယာဉ်နှစ်စီး Lisa Marie နဲ့ Hound Dog II ကို ရောင်းချတော့မှာပါ။ အင်ဂျင်လေလုံးတပ် Lisa Maire ရဲ့အပြင်အဆင်တွေကတော့ queen-size အိပ်ရာ၊ ရွှေရောင်ရေချိုးခန်း နဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ စပီကာ ၅၂ လုံးပါတဲ့ စတီရီယိုအသံစနစ်၊ တီဗီ ၄ လုံးပါ videotape စနစ်တွေပါဝင်ကြတယ်လို့ လေယာဉ်အရောင်း website မှာ အချက်အလက်တွေဖော်ပြထားပါတယ်။ လေယာဉ်အမြီးပိုင်းမှာ ၁၉၆၀ ခုနှစ်ထုတ် အမေရိကန် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Convair ၊ အမှတ် 880 နဲ့ ပရက်စလေရဲ့ အမှတ်တံဆိပ် TCB - Taking Care of Business ဆိုတဲ့စာသားတွေပါဝင်ပြီး အရောင်အတွဲအစပ်ကလည်း ကလည်း အဲလ်ဗစ်စိတ်ကြိုက်ရွေးချယ်ခဲ့တဲ့အရောင်တွေလို့ Controller.com က ပြောပါတယ်။
နောက်ထပ်နည်းနည်းသေးငယ်တဲ့ Hound Dog II ဂျက်လေယာဉ်က ပရက်စလေရဲ့ back up လေယာဉ်ပါ။ Lisa Marie ကို ပြုပြင်တည်ဆောက်နေခဲ့တုန်းက အဲလ်ဗစ် စိတ်တိုင်းကျဖြစ်အောင်ပုံစံထုတ်တည်ဆောက်ဖြစ်ခဲ့တာပါ။ အဲဒီလေယာဉ်တွေဟာ  ရော့ခ်စတား ၁၉၇၅ ခုနှစ်ကစီးခဲ့တဲ့ အဆင့်မြင့်လေယာဉ်ပုံစံကို ကိုယ်စားပြုရုံပါပဲ။ သင်ဟာ လေယာဉ်တွေဝယ်ယူခဲ့တယ်ဆိုရင်တော့ သူတို့ကို မောင်းနှင်အသုံးပြုဖို့ မျှော်လင့်လို့မရနိုင်ပါဘူး တဲ့။ ၁၉၇၇ ပရက်စလေဆုံးပါးခဲ့ပြီးနောက်ပိုင်း လေယာဉ်တွေကို ဝယ်ယူခဲ့တဲ့ K.G. Coker က "ဂျက်လေယာဉ်တွေဟာ ပြတိုက်ကပစ္စည်းတွေပါ" လို့ ပြောပါတယ်။ ၁၉၈၄ ခုနှစ်က ပရက်စလေရဲ့ ဂရေစ့်လန်းဒ် စံအိမ်ရဲ့ ကမ္ဘာလှည့်ခရီးသည်ဝင်ပေါက်မှာ ရပ်နားထားလိုက်ကတည်းက မပျံသန်းဖြစ်တော့တာပါ။ Coker ရဲ့ ကြော်ငြာမှာ ဈေးနှုန်းအတိအကျကိုတော့ ဖော်ပြမထားပေမယ့် လေးလေးနက်နက်ဝယ်ယူလိုသူတွေကို သူကရှာဖွေနေပါတယ်လို့ရေးထားတယ်။ Graceland Tour မှာ ကမ္ဘာလှည့်ခရီးသွားတွေဟာ လေယာဉ်တွေကို စိတ်ဝင်တစားကြည့်ရှုကြလေ့ရှိတယ်။ ဒါပေမဲ့ Coker နဲ့ Elvis Presley Enterprises တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်သက်တမ်းကုန်ဆုံးသွားတော့ လေယာဉ်တွေကို ဖယ်ရှားရဖို့ဖြစ်လာခဲ့တာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက Enterprises ကနေ Coker ဆီကို လေယာဉ်တွေဖယ်ရှားပေးဖို့ စာတစ်စောင်ပို့ခဲ့တဲ့သတင်းကြောင့် အဲလ်ဗစ်ပရက်စလေပရိသတ်တွေ ဆန္ဒပြခဲ့ကြပါသေးတယ်။

ကမ္ဘာ့မှတ်တမ်းစာအုပ်ထဲ ရောက်သွားခဲ့တဲ့ Metallica ၊ Miley Cyrus နဲ့ Eminem
Metallica , Eminem နဲ့ Miley Cyrus တို့ဟာ ကမ္ဘာ့မှတ်တမ်းဂင်းနစ်စာအုပ်ရဲ့ တည်းဖြတ်မှုအသစ်ထဲမှာ စာရင်းဝင်ဖြစ်သွားခဲ့ကြတယ်။ စက်တင်ဘာ ၁၁ ရက်နေ့က ထွက်ရှိခဲ့တဲ့ ၂၀၁၅ ထုတ်ကမ္ဘာ့မှတ်တမ်းစာအုပ်မှာ Katy Perry, One Direction နဲ့ Shakira တို့လည်းပါဝင်ခဲ့ကြပါတယ်။ Metallica အဖွဲ့စာရင်းဝင်သွားခဲ့တာက တစ်နှစ်အတွင်း ကမ္ဘာ့တိုက်ကြီး ၇ တိုက်အားလုံးမှာ ဂီတဖျော်ဖြေပွဲတွေပြုလုပ်ခဲ့တဲ့ တစ်ခုတည်းသော ဂီတအဖွဲ့ဖြစ်တာကြောင့်လို့ Billboard မှတ်တမ်းတွေမှာ ဖော်ပြထားတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ အန္တာတိကဖျော်ဖြေပွဲမှာ သရဖူဆောင်းနိုင်ခဲ့ကြတယ်။ Miley Cyrus ကတော့ အင်တာနက်မှာ ရှာဖွေမှုအများဆုံးခံရတဲ့ ပေါ့ပ်စတားဖြစ်ခဲ့ရတာကြောင့်ပါ။ ပြီးခဲ့တဲ့နှစ် MTV VMAs ဆုပေးပွဲက ဝေဖန်မှုများများရခဲ့တဲ့ ဖျော်ဖြေမှုနဲ့ Wrecking Ball single ဗီဒီယိုထွက်ရှိခဲ့ပြီး ရှာဖွေမှုနှုန်းတွေမြင့်တက်သွားခဲ့ပါတယ်။ Eminem ရဲ့ Rap God single ကလည်း ကြာချိန် ၆မိနစ်နဲ့ ၄ စက္ကန့်အတွင်းမှာ စာလုံးပေါင်း ၁၅၆၀ လုံးပါဝင်ပြီး သီချင်းစာသား စာလုံးအများဆုံးပါဝင်တဲ့သီချင်းအဖြစ် စာရင်းဝင်သွားခဲ့တာပါ။ Shakira ဟာ Facebook မှာ Likes အများဆုံး သန်း ၁၀၀ အထိ ရရှိသွားခဲ့တာကြောင့်ဖြစ်ပြီး Katy Perry ကတော့ Twitter follower အများဆုံး ၅၂ ၄၆၃ ၈၃၈ ဦးအထိရှိခဲ့ပါတယ်။ One Direction ကလည်း သူတို့ရဲ့ ပထမဆုံး အယ်လ်ဘမ် ၃ ခုဟာ နံပါတ်တစ် ဖြစ်ခဲ့တာကြောင့် ပထမဆုံးဖန်တီးမှုမှာပဲ အောင်မြင်မှုတွေ အမြင့်ဆုံးရရှိခဲ့တာကြောင့် စာရင်းဝင်သွားခဲ့တာပါ။ One Direction ရဲ့ LP တွေဖြစ်တဲ့ Midnight Memories ၊ Up All Night နဲ့ Take Me Home တို့ဟာ US Billboard စာရင်းမှာ ထိပ်ဆုံးရောက်ရှိခဲ့ပြီး လူကြိုက်အများဆုံးအဖွဲ့ဖြစ်ခဲ့ပါတယ်။

မစ်ကီမောက်စ်နားရွက်လေးတွေ အသုံးပြုရင် ဒစ်စနေးက တရားစွဲမယ်
            Electro house ဂီတသမား Deadmau5 ဟာ ဒစ်စနေးရဲ့ အမှတ်တံဆိပ် မစ်ကီမောက်ကြွက်နားရွက်ပုံစံလေးကို အမေရိက DJ ဖျော်ဖြေပွဲတစ်ခုမှာအသုံးပြုခဲ့တာကြောင့် တရားစွဲဆိုခံရဖို သတိပေးခြင်းခံခဲ့ရပါတယ်။ ယူအက်စ် EDM (Electronic Dance Music) ဂီတသမားဟာ သူ့ရဲ့ အမှတ်အသားအဖြစ် ၁၀ နှစ်ကျော်အသုံးပြုခဲ့ပါတယ်။ ဂျာမနီ၊ ဂျပန်၊ အီတလီ နဲ့ ယူကေတို့မှာ Deadmau5 ဟာ သူ့ရဲ့အမှတ်တံဆိပ်ပုံစံအဖြစ် အသုံးပြုခဲ့ပေမယ့် အမေရိကမှာတော့ မစ်ကီမောက်စ်နဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီရဲ့ဆန့်ကျင်ကန့်ကွက်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်။ Deadmau5 ဟာ ၂၀၁၃ ခုနှစ်မှာ ယူအက်စ် မူပိုင်ခွင့် Trademark ရုံးမှာ သူ့ရဲ့ အမှတ်တံဆိပ်အဖြစ် အသုံးပြုခွင့်လျှောက်ထားခဲ့တယ်။ အဲဒီမူပိုင်ခွင့်လျှောက်ထားမှုအကြောင်းကို ၁၉၂၈ ခုနှစ်က မစ်ကီမောက်စ်ဇာတ်ကောင်ဖန်တီးခဲ့တဲ့ ဒစ်စနေးကုမ္ပဏီဆီ သတင်းပေါက်ကြားခဲ့ပြီး ယူအက်စ်နဲ့ တခြားနိုင်ငံက ဒစ်စနေးစီးပွားရေးလုပ်ငန်းတွေကို သက်ရောက်မှုရှိနိုင်တာကြောင့် တရားစွဲဆိုခဲ့တာပါ။ Deadmau5 ရဲ့ ရှေ့နေ့ Dina LaPolt ကတော့ သူမရဲ့ အမှုသည်ဟာ အဲဒီအမှတ်တံဆိပ်နဲ့ပဲ နိုင်ငံပေါင်း ၃၀ ခန့်မှာ အသုံးပြုဖျော်ဖြေခဲ့ပြီးပါပြီလို့ ဆိုတယ်။

ငြိမ်းချမ်းရေးအတွက် Yoko Ono ပေးတဲ့ဆု "LennonOno Grant"
 
Jón Gnarr
Jan Wenner 
Jeremy Gilley 
Doreen Remen နဲ့ Yvonne Force Villareal 
            Yoko Ono ဟာ ဒီနှစ်အတွက် LennonOno Grant ငြိမ်းချမ်းရေးဆုရရှိခဲ့သူ ၄ ဦးကို ကြေညာခဲ့ပါတယ်။ ဒီငြိမ်းချမ်းရေးဆုဟာ ၂၀၀၂ ခုနှစ်ကနေစတင်ပြီး ၂နှစ် ၁ကြိမ် ဆုပေးအပ်ခဲ့တာပါ။ ဒီနှစ်အတွက် ဆုရရှိခဲ့တဲ့သူတွေကတော့ Rolling Stone မဂ္ဂဇင်း တွဲဘက်တည်ထောင်သူ၊ ထုတ်ဝေသူ Jan Wenner ၊ NGO အဖွဲ့ Peace One Day တည်ထောင်သူ Jeremy Gilley ၊ Doreen Remen နဲ့ Yvonne Force Villareal တို့ ဦးဆောင်နေတဲ့ အနုပညာထုတ်လုပ်ရေးရံပုံငွေ NGO အဖွဲ့ နဲ့  အိုက်စ်လန်ဒ် မြို့တော် Reykjavik ရဲ့ မြို့တော်ဝန်ဟောင်း Jón Gnarr တို့ဖြစ်ကြတယ်။ ဆုရရှိသူတွေကို ရွေးချယ်ခဲ့ပုံကို အိုနိုကပြောပြပါတယ်။ "၆၀ခုနှစ်၊ ၇၀ခုနှစ်တွေမှာ Jann ဟာ rock'n'roll အမည်ကို ထောက်ခံအားပေးမှုများများရလာအောင် မီဒီယာတွေနဲ့ တိတွေ့မှုများများပေးနိုင်ခဲ့တယ်။ Jeremy Gilley က Peace One Day အဖွဲ့နဲ့အတူ လူတွေအားလုံးငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ အလွယ်တကူလက်တွဲပါဝင်လာနိုင်အောင် ပြုလုပ်ခဲ့တာကြောင့်ပါ" "Art Production Fund ဟာ အနုပညာနဲ့ဆိုင်တဲ့အစီအစဉ်တွေကို ဖန်တီးလိုစိတ်ကြီးမားလှတဲ့ အနုပညာရှင်တွေအတွက်ဖြစ်ခဲ့တာကြောင့်ရယ် Jón Gnarr ကတော့ အုပ်ချုပ်ရေးပိုင်းနဲ့ဆိုင်တဲ့နိုင်ငံရေးဆိုတာဟာ လူထုအတွက်၊ လူထုအားဖြင့်ဖန်တီးနိုင်စေရမယ်ဆိုတာ ကမ္ဘာကို သိရှိစေခဲ့လို့ပါ" လို့ ဆိုတယ်။ "ဒီနှစ်ပေးအပ်နိုင်ခဲ့တဲ့ ဂုဏ်ပြုဆုတစ်ခုချင်းစီအတွက် အင်မတန်ပျော်ရွှင်မိပါတယ်။ ဒီဆုတွေဟာ ဂျွန်လင်နွန်ပြုလုပ်ချင်ခဲ့တဲ့ အလုပ်တွေရဲ့အထိမ်းအမှတ်တစ်ခုပါ။ သူနဲ့ အတူတကွ အလုပ်လုပ်နိုင်အောင် ကြိုးစားခဲ့တာပါ။ အခု ဆက်ပြီးတော့ ကြိုးစားသွားပါမယ်" လို့ အိုနိုကပြောပါတယ်။ ဆုတွေကို အိုက်စ်လန်ဒ် Reykjavik မြို့တော်မှာ လာမယ့် အောက်တိုဘာ ၉ ရက် ဂျွန်လင်နွန်မွေးနေ့မှာ ပေးအပ်ပါလိမ့်မယ်။ Reykjavik မြို့တော် Videy ကျွန်းရဲ့ ငြိမ်းချမ်းရေးမျှော်စင်မီးတိုင်မှာ အိုနိုက မီးထွန်းညှိပါလိမ့်မယ်။ မျှော်စင်မီးအလင်းတိုင်ကို ဂျွန်လင်နွန်သေဆုံးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့အထိ ထွန်းညှိထားမှာပါ။ ပြီးခဲ့နှစ်က Reykjavik မြို့တော်ကောင်စီ အလုပ်အမှုဆောင်ကော်မတီကနေ အိုနိုအတွက် ဂုဏ်ထူးဆောင်နိုင်ငံသားဆု ပေးအပ်ခဲ့ပါတယ်။

အမေရိကန် ပေါပ့် စတား Grande နဲ့ Bang Bang
အမေရိကန် Pop / R&B အဆိုရှင်မလေး Ariana Grande အတွက်တော့ စက်တင်ဘာဟာ လက်ခုပ်သံတွေရရှိခဲ့တဲ့လတစ်လဖြစ်နေမှာပါ။ အမေရိကန် National Football League (NFL) ပထမဘောလုံးရာသီအဖွင့်မှာ  အမျိုးသားသီချင်းကို သီဆိုခွင့်ရခဲ့တာဟာ ကြီးမားတဲ့ဆုလာဘ်တစ်ခုပါ။ ထူးထူးခြားခြားသီဆိုသွားနိုင်ခဲ့တော့ အမေရိကန်ဘောလုံးလောကသားတွေပါ မှင်တက်ငေးမောသွားခဲ့ကြရတယ်။ Grande ရဲ့ အယ်လ်ဘမ်အသစ် My Everything ဟာလည်း Billboard 200 စာရင်းဝင်ခဲ့ပါတယ်။ သူမရဲ့ ဒုတိယအယ်လ်ဘမ်ဟာ တစ်နှစ်အတွင်းမှာ နံပါတ် ၁ အထိ ရောက်ရှိသွားရလောက်အောင် လူကြိုက်များခဲ့ကြတယ်။ အမြဲလိုလို စကပ်တိုတိုကားကားလေးနဲ့ ချစ်စဖွယ်ကလေးမလေးအသွင်မြင်ရလေ့ရှိတဲ့ Grande ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ NFL ဖွင့်ပွဲ အမျိုးသားသီချင်းကို သီဆိုခဲ့တဲ့နေ့မှာတော့ ဂျင်းဘောင်းဘီအပြာဖျော့ဖျော့ အသင်းရဲ့ဂျာစီကိုဝတ်ဆင်ထားပြီး ပိုနီတေးလ်ဆံပင်စတိုင်လ်လေးပဲ စည်းနှောင်ထားခဲ့တယ်။ သီဆိုရခက်ခဲလှတဲ့ Star-Spangled Banner အမေရိကန်အမျိုးသားသီချင်းကို အေးအေးသက်သာ သီဆိုပုံလေးနဲ့ အကောင်းဆုံးဖျော်ဖြေတင်ဆက်သွားနိုင်ခဲ့တာကြောင့် Grande ကို ပေါ့ပ်ပရိသတ်တွေ ပိုပြီးချီးမွမ်းခဲ့ကြပါတယ်။ လက်တလော ပေါ့ပ်လူငယ်ပရိသတ်ကြားမှာ Nicki Minaj ၊ Jessi J တို့နဲ့ သီဆိုထားတဲ့ Grande ရဲ့ trio သီချင်း Bang Bang ဟာလည်း လူကြိုက်အများဆုံးသီချင်းတွေထဲက တစ်ပုဒ်ဖြစ်နေပါတယ်။

အောင်မြင်မှုရဲ့လှို့ဝှက်ချက်ကို သိတဲ့သူ Enrique Iglesias
စပိန်ဖွား လက်တင်ပေါ့ပ် ရော့ခ်ဂီတသမား Enrique Iglesias ရဲ့ hit သီချင်းတွေဖြစ်တဲ့ Bailando နဲ့ Hero သီချင်းတွေကို နယူးယောက်စီးတီး Central Park က Ruumsey Playfield မှာ ပြုလုပ်တဲ့ GMA (Good Morning America)ဖျော်ဖြေပွဲမှာ သီဆိုသွားခဲ့ပါတယ်။ အဲဒီနေ့က ပွဲမှာ အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ Enrique ဟာ ပရိသတ်လူထူထူကြားထဲမှာ ပျော်ရွှင်မြူးထူးနေပုံရတယ်။ သူ့ရဲ့ အသစ်ထွက်ရှိခဲ့တဲ့ Sex and Love အယ်လ်ဘမ်အကြောင်းလည်း စကားစမြည်ပြောသွားခဲ့ပါသေးတယ်။ "အမြဲတမ်း တိုက်ခိုက်နေရမယ်။ ကိုယ်လုပ်နေတာကို ချစ်ခင်နှစ်သက်နေတာဟာ အောင်မြင်မှုရဲ့လှို့ဝှက်ချက်ပါ။ သီချင်းတိုင်းကို ကြိုက်နှစ်သက်တဲ့ခံစားမှုရှိတယ်။ သီချင်းတိုင်းကို တိုက်ပွဲတစ်ခုလိုပဲသဘောထားခဲ့တယ်။ နောက်ဆုံးတော့ ကျွန်တော့်ပရိသတ်တွေ ကြိုက်သွားတယ်။ ဒီအယ်လ်ဘမ်ကို သူတို့ ချစ်သွားတာ။ သီချင်းတွေကို ကြိုက်နှစ်သက်သွားတာ ကျေးဇူးတင်ရပါတယ်" လို့ Enrique က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က မော်လ်တာ Valletta ကျွန်းလေးမှာ ပြုလုပ်ခဲ့တဲ့ MTV Malta Concert မှာ Nicole Scherzinger နဲ့အတူတွဲပြီး Heartbeat သီချင်းသီဆိုသွားခဲ့ကြတယ်။ အဲဒီ မော်လ်တာဂီတဖျော်ဖြေပွဲဟာလည်း ဂီတချစ်သူတွေအများကြီးပဲ ဆင်နွှဲကြတဲ့ပွဲပါ။ ဒီနှစ်မှာတော့ ၉နှစ်မြောက်ကျင်းပခဲ့တာပါ။

ဖြိုးဖြိုး

(Yati Magazine, October, 2014)

No comments: