(အက်ဆေး-၂)
စုမီအောင်
ဆူးသစ်ရဲ့ အဖြူရောင်လမ်းကလေး စာမျက်နှာက ပုံလေးကို သဘောကျလို့ ကူးယူအသုံးပြုထားပါတယ်။
ကျွန်မ၏မေမေသည် အဆင့်အတန်းမြင့်မြင့် စည်းကမ်းရှိရှိ ဂုဏ်သိက္ခာကို တန်ဖိုးထားသော မိသားစုအသိုက်အဝန်းမှ ပေါက်ဖွားလာသူဖြစ်ပြီး လမ်းဘေးဆိုင် လေးများ ဥပမာ-အသုပ်၊ မုန့်ဟင်းခါးဆိုင်၊ အကြော်ဆိုင်၊ လက်ဖက်ရည်ဆိုင် စသည်ဖြင့် အမြင်အားဖြင့် သေးနုပ်သည့် ဆိုင်ကလေးများ၌ ဝင်ထိုင်စားသောက်ရန် အင်မတန် ဝန်လေးခါးသီးသူပဲ ဖြစ်သည်။ ဖေဖေကတော့ မေမေနှင့် ဆန့်ကျင်စွာ ထိုဆိုင်ကလေးများ၌ ဝင်ထိုင်ရန် ဘယ်တော့မှ ဝန်လေးခြင်းမရှိပါ။
လမ်းဘေးဆိုင်လေးများအနက် ဖေဖေသည် လက်ဖက်ရည်ဆိုင်လေး များကို ယောက်ျားပီပီ နှစ်ခြိုက်သဘောကျသူ တစ်ဦးဖြစ်၏။ ကျွန်မသည် မိန်းကလေးတန်မဲ့ အဖေတူသမီး ပီသစွာ လက်ဖက်ရည်ဆိုင်လေးများကို နှစ်ခြိုက် စွာ စိတ်ဝင်တစား ရှိခဲ့ခြင်းမှာ တကယ်တော့ အဆန်းတကြယ် ကိစ္စမဟုတ်ပါ။ သို့သော် မေမေကတော့ ထိုကိစ္စများကို များစွာ တအံ့တသြရှိခဲ့ပါသည်။
မေမေသည် ဖေဖေ့အကြိုက် လက်ဖက်ရည်ကို အကောင်းဆုံး ကြိုးစား၍ ဖျော်ပေးဖူးသော်လည်း အိမ်က လက်ဖက်ရည်ကို ဖေဖေ ဘယ်တုန်းကမှ မကြိုက် ခဲ့ပါ။ ဆိုင်မှာထိုင်၍ သောက်ရသော လက်ဖက်ရည် ကိုသာ ဖေဖေ ခံတွင်းတွေ့ လှကြောင်း ကောင်းကောင်းသိသွားချိန်မှာ မေမေသည် အိမ်၌ လက်ဖက်ရည် ဖျော်ရန် စိတ်ကူးမရှိတော့ကြောင်း မေမေ့ ပြောပြချက်အရ ကျွန်မသိခဲ့ရသည်။ ဆယ့်နှစ်နှစ် အရွယ် ကျွန်မ အစ်မကြီးကို ဖေဖေ လက်ဖက်ရည်ဆိုင်သို့ ပထမဆုံး ခေါ်သွားစဉ်က သမီး မိန်းကလေးကို လမ်းဘေး လက်ဖက်ရည်ဆိုင် ခေါ်သွားရ ကောင်းလားဟု မေမေ အကြီးအကျယ် စိတ်ဆိုးပြီး အစ်မကြီးကို ဖေဖေနှင့် လက်ဖက်ရည်ဆိုင် လိုက်မသွားရန် ပြင်းထန်စွာ တားမြစ်ပိတ်ပင်ခဲ့ကြောင်းကို လည်း ကျွန်မသိရပါသည်။
သို့သော် နောက်ထပ် သားသမီးများ မွေးဖွားလာခဲ့ပြီးနောက် ကျွန်မတို့ အရွယ်ရောက်ချိန်မှာတော့ ထိုကိစ္စကို မေမေ တားမြစ်ပိတ်ပင်၍ မရတော့ပါ။ မိန်းကလေးများ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းကိစ္စသည် တားမြစ်ရမည့် အဆန်း တကြယ် ကိစ္စတစ်ရပ်မဟုတ်ကြောင်းကို ပြောင်းလဲတိုးတက်လာသည့် ခေတ်ရေစီး ကြောင်းအရ မေမေသည် ရှောင်လွှဲမရ လက်ခံလာခဲ့ရပါတော့သည်။
ကျွန်မတို့ မြို့ကလေးသည် ခပ်ကျဉ်းကျဉ်းပင် ဖြစ်သော်လည်း ဆိုက်ကား၊ မြင်းလှည်း၊ စက်ဘီး၊ ဆိုင်ကယ်များဖြင့် စည်ကားသက်ဝင်လျက်ရှိသည်။ မြို့လေး သည် ရန်ကုန်-မန္တလေး အလယ်၌ တည်ရှိသဖြင့် မြို့တော်ကြီးများဆီက အငွေ့ အသက်များဖြင့် မျှတစွာ လွှမ်းခြုံလျက် ခေတ်မီလှပသော နေချင်စဖွယ် ကောင်းပါသည်။
ကြည်လဲ့လဲ့ ကန်ရေပြင်ကို ငေးမောရင်း ရှမ်းကန်တစ်ဝိုက် စက်ဘီး စီးထွက်သည့်အခါ မန္တလေး ကျုံးပတ်လမ်းဆီ ရောက်နေသလိုလို၊ လျှပ်စစ်မီး ရောင်စုံ တဖျပ်ဖျပ် လင်းလက်တောက်ပနေသည့် ဆိုင်တန်းများ၊ စတိုးဆိုင်များ အစီအရီရှိရာ ညဈေးတန်း ပလက်ဖောင်းပေါ် ခြေချမိပြန်တော့ ရန်ကုန်မြို့ တရုတ်တန်းကို ရောက်နေသလို ထိုခံစားမှုမျိုးကို မြို့လေးက မျှတညီညွတ်စွာ လှနေပါသည်။
သို့သော် ဆိုင်ကယ်၊ စက်ဘီးတွေ၊ မီနီစူပါမားကတ်တွေ စားသောက်ဆိုင် တွေ ဘယ်လောက်ပဲ စည်းကား ကျွန်မ၏အာရုံကို တကယ်တမ်း အပြည့်အဝ ဖမ်းစားနိုင်စွမ်းရှိသည်က ခွေးခြေခုံပုလေးတွေ ဖရိုဖရဲ ခင်းကျင်းထားသည့် လက်ဖက်ရည်ဆိုင်လေးများပဲ ဖြစ်သည်။
'ဒီသားအဖ လက်ဖက်ရည်တွေ သောက်သောက်လာပြီး အိပ်လို့ မပျော်ဘဲ နေမယ်'ဟု မေမေက စိုးရိမ်တကြီးဖြင့် အစပိုင်းမှာ မြည်တွန်တောက်တီး ဖူးသော်လည်း ဘယ်လောက် ညနက်နက် ဘယ်လောက်ပဲ ထွက်သောက်သောက် ပြန်လာသည်နှင့် အိပ်မောကျတတ်သော ကျွန်မကို မေမေသည် တအံ့တသြ ကြည့်လျက် ထိုကိစ္စနှင့်ပတ်သက်ပြီး စကားမဆိုတော့ပါ။ အိပ်ခါနီး လက်ဖက်ရည် သောက်လျှင် အိပ်မပျော်ဖြစ်တတ်၊ ရင်တုန်တတ်သည်ဟု တရားသေမှတ်ထား သော မေမေ့ သီအိုရီတစ်ခုသည် ကျွန်မနှင့်ကျမှ လွဲမှားသွားတော့သည်။ လက်ဖက်ရည်ကြောင့် အိပ်၍မပျော်ခြင်းများ ကျွန်မဖြစ်ဖူးခဲ့ပါ။
ငယ်စဉ်ကတည်းက အကျင့်ဖြစ်ခဲ့၍လားမသိ။ တဖြည်းဖြည်းနှင့် ကျွန်မသည် လက်ဖက်ရည် ကျကျ ခါးခါးများကို စွဲမက်လာတော့သည်။ လူကြီးတစ်ယောက်ကို လက်ဆွဲ၍ လက်ဖက်ရည်ဆိုင်ထဲဝင်သော ဆယ်နှစ် အရွယ် ချာတိတ်မလေးတစ်ယောက်က ခုံမှာဝင်ထိုင်ပြီး 'ကျွန်မအတွက် ပေါ့ကျတစ်ခွက်'ဟု ခပ်တည်တည် မှာသည်ကို စားပွဲထိုးက နားကြားလွဲလေ သလား အတွေးဖြင့် ကြောင်စီစီ ဖြစ်ခဲ့ဖူးသည်။ ထို့နောက် ခပ်ကျကျ လက်ဖက်ရည်ကို ကလေးမက တရှိုက်မက်မက် သောက်နေသည်ကိုမြင်သော် စားပွဲထိုးသည် ပါးစပ်ဟောင်းလောင်းနှင့် အံ့အားသင့်သွားဖူးသည်။ ဖေဖေက တော့ သူကြိုက်သလို လက်ဖက်ရည်ကြိုက် တတ်လာသည့် သမီးအတွက် ကြံဖန်၍ ဂုဏ်ယူမြဲဖြစ်သည်။
ဒီအချိန်မှာတော့ ကျောင်းတစ်ဖက်နှင့်မို့ ကျောင်းပိတ်ရက်ရှည်များ၌သာ မြို့ကလေးသို့ ပြန်၍ ဖေဖေနှင့် ထိုင်ခွင့်ရပါသည်။ ကျွန်မတို့ မြို့လေးသည် အနည်းငယ် ပြောင်းလဲစပြုပြီ...။
ဖေဖေသည် လက်ဖက်ရည်ဆိုင် တစ်ဆိုင်တည်း ကို အတ္တကြီးစွာ တွယ်ဖက်၍ သောက်လေ့မရှိပါ။ အရသာအားဖြင့်တော့ ချိုခါး(သကြား) အရသာကို စွဲမက်တတ်သည်။ တမြို့လုံးအနှံ့ ဖွင့်သမျှ လက်ဖက် ရည်ဆိုင်တိုင်းကို ဖေဖေ့ကျေးဇူးကြောင့် ကျွန်မရောက်ဖူးခဲ့သည်။ ငယ်စဉ်ကတော့ ကလေးပီပီ ဖေဖေ မောင်းသည့် ဆိုင်ကယ်အနောက်မှာ ခွထိုင်၊ ဖေဖေ့ခါးကို အတင်းဖက်တွယ် လမ်းဘေးဝဲယာ ငေးမော လိုက်ပါလျက် အရွယ် ကလေးရလာတော့ ဖေဖေ့ဆိုင်ကယ် နောက်မှာ အိနြေ္ဒရရ ခြေနှစ်ချောင်းတွဲလွဲချထိုင် လိုက်ပါရင်း ကျွန်မနှင့် ဖေဖေ လက်ဖက်ရည်သောက်သည်။
မိတ်ဆွေများနှင့်တွေ့တိုင်း “ဒီသမီးပေါ့ ကျွန်တော့်လို လက်ဖက်ရည် ကြိုက်တာ”ဟူ၍ ဂုဏ်ယူဝင့်ကြွားသလို ကျွန်မကလည်း ဖခင်တစ်ယောက်နှင့် အတူ ရင်းနှီးစွာ လက်ဖက်ရည်ဆိုင် ထိုင်ခွင့်ရခြင်း၌ များစွာဂုဏ်ယူမိသေးသည်။ (နားလည်မှု ခေါင်းပါးသော အမြင်ကျဉ်းမြောင်းသော လူတချို့ကတော့ ကျွန်မတို့ သားအဖကို မျက်စိနောက်ခဲ့ကြပါသည်။)
လက်ဖက်ရည်သောက်ရင်း ဖေဖေပြောသည့် စကားများထဲ၌ တစ်ခါတစ်ရံ မေမေ့အကြောင်းလည်း ပါတတ်သည်။ အိမ်ထောင်စုတစ်ခုတွင် ဖြစ်လေ့ ဖြစ်ထရှိသည့် အသေးအဖွဲ စိတ်အခန့်မသင့်မှုလေးများကို ဖေဖေသည် မေမေ့အရှေ့မှာ မကျေနပ်မှု တစ်စုံတစ်ရာမပြဘဲ အပြင်ထွက် လက်ဖက်ရည်ဆိုင် ထိုင်ကာ ကျွန်မရှေ့၌ ဖွင့်ချ လေ့ရှိသည်။ လက်ဖက်ရည်တစ်ခွက် ကုန်သည့်အခါ ဖေဖေသည် ပေါ့ပါး လန်းဆန်း လျက် စောစောက စကားလုံးတို့ကို အပြီးတိုင် မေ့လျော့သွားပြီပဲ ဖြစ်ပါသည်။ လက်ဖက်ရည်ဆိုင်လေးများသည် စိတ် အခန့်မသင့်မှုတို့ကို ဖြေဖျောက် ပေးရာ နေရာလေးများလည်း ဖြစ်သည်ဟု ကျွန်မ ယူဆမိသည်။
သည်ဆိုင်ကလေးများထဲမှာ ရင်ဖွင့်စရာ၊ ဖလှယ်စရာ၊ ကြည်နူးစရာ၊ ဝေမျှစရာ၊ နားလည်စရာ၊ တွေးတောစရာ၊ ကြံစည်စရာ၊ အားထုတ်စ၇ာ၊ စရာ....စရာပေါင်း များစွာတို့ ပြန့်ကဲနေလိမ့်မည်ဟု ကျွန်မထင်မိသည်။
ငယ်ငယ်က လက်ဖက်ရည်သောက်ရင်း မုန့်တစ်ခု စားတတ်သော ကျွန်မသည် အနည်းငယ် ကြီးပြင်းလာသည့်အခါ လက်ဖက်ရည်သောက်ရင်း ဆိုင်က ဖွင့်ထားသည့် သီချင်းများကို နားစွင့်ခံစား တတ်လာသည်။ ယခုအခါမှာတော့ မုန့်များ သီချင်းများထက် ကပ်လျက်စားပွဲဆီက ပေါက်ကွဲလွင့်စင်လာသည့် အသံတချို့၊ စီးပွားရေး၊ လူမှုရေး အသပြာပိုက်ဆံငွေကြေး ရာသီဥတုအခြေအနေ တစ်နေ့တစ်နေ့ မရိုးနိုင်သော အကြောင်းအရာများ စသည်တို့ကို လက်ဖက်ရည် သောက်ရင်း အာရုံစိုက်မိလာတတ်ခဲ့ပြီ။ စားပွဲပေါ်မှ မုန့်များသည်လည်းကောင်း၊ ကက်ဆက်ထဲမှ သီချင်းသံတို့သည်လည်းကောင်း၊ ကျွန်မအာရုံကို ဘယ်လိုမှ မဆွဲဆောင်နိုင်တော့ပါ။ ပတ်ဝန်းကျင်မှ ရိုက်ခတ်လာသည့် နိစ္စဓူဝ အသံလှိုင်း များကြား၌ ကျွန်မ လူသားဆန်စွာ နစ်မြုပ်ခဲ့ရသည်။ သည်အချိန်မှာ ကျွန်မ ကလေးမတစ်ယောက်မဟုတ် တက္ကသိုလ် ကျောင်းသူတစ်ယောက် မဟုတ်တော့ပါ။ လုပ်ငန်းခွင်ဝင်နေသူဖြစ်သည့် မိန်းမ တစ်ယောက်အဖြစ် ရင့်ကျက်ခဲ့ပြီဖြစ်သည်။
အဆောင်အယောင် အမိုးအကာမဲ့သော လမ်းဘေးဆိုင်လေးများ၏ အရိပ်၌ လူသည် ဟန်ဆောင်၊ ချုပ်တည်းရန် မကြိုးစားနိုင်တော့ပါ။ 'ပွင့်လင်းစွာ စကားဆိုကြပါ။ လက်ဖက်ရည်တစ်ခွက်နှင့် စိတ်လွတ် လက်လွတ် အပန်းဖြေ အနားယူကြပါ' ဟူ၍ သည်လက်ဖက်ရည်ဆိုင်ကလေးများက နှိမ့်ချစွာ ကြည့်လျက် တောင်းပန်နေသည်ဟု ကျွန်မထင်မြင်ယူဆမိသည့်အတိုင်း ဆိုင်လေးများထဲ ခြေချသည်နှင့် ကျွန်မ၏စိတ်နှလုံးသည် လွတ်လပ်ပွင့်လင်းရန် အသင့်ဖြစ်နေ တတ်သည်။
လက်ဖက်ရည်တစ်ခွက်သောက်ရင်းမှ ရရှိလိုက်သည့် အသိအမြင် ဗဟုသုတတို့သည် အစစ်အမှန်များဖြစ်ပြီး၊ ကျွန်မအတွက် တန်ဖိုးဖြတ်မရပါ။ ထိုအခါ ၅ဝိ/-ကျပ်သည် သင့်တင့်မျှတသော အဖိုးအခဖြစ်သွားပြီး၊ ကျွန်မ ဘယ်တုန်းကမှ နှမြောတွန့်တိုခြင်းမရှိတော့ပါ။ နှုန်းထားခြင်း အတူတူ ဗီဒီယိုအခွေတစ်ခွေဖြင့် အိမ်ထဲမှာ အချိန်ဖြုန်းမလား၊ အိမ်ပြင်ထွက် လက်ဖက်ရည် သောက်မလား ဆိုလာခဲ့လျှင် ကျွန်မ ကတော့ ဖက်လက်ရည်တစ်ခွက်ကိုသာ ပေါ့ပေါ့ပါးပါး ရွေးချယ်လိုက်မည်မှာ အမှန်ပင်။
မြို့လေးသည် လွန်ခဲ့သော နှစ်များနှင့်မတူတော့ပါ။ အပြောင်းအလဲများ ကြား၌ အသစ်အသစ်သော လက်ဖက်ရည်ဆိုင်ကလေးများ ပို၍များခဲ့ပြီ။ သည်လောက် လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်သည့် ဖေဖေနှင့် ကျွန်မပင် လိုက်မမီတော့ပါ။
ဘာပဲဖြစ်ဖြစ် ခွေးခြေခုံပုပုလေးများ ဖရိုဖရဲနှင့် လမ်းဘေးလက်ဖက် ရည်ဆိုင်ကလေးများ အားလုံးသည် ကျွန်မဘဝအတွက် ထာဝရအဖော်များပဲ ဖြစ်သလို သည်ဆိုင်ကလေးများမှာ မိတ်ဆွေများနှင့် နေ့စဉ်ထိုင်ရင်း လွတ်လပ်စွာ ပွင့်လင်းစွာ စကားဆိုခွင့်များကိုလည်း အမြဲတမ်း ရချင်ပါသည်။
(သပြေ၊ ၂ဝဝ၂-ဇန်နဝါရီ)
လွတ်လပ်စွာပွင့်လင်းစွာ စကားဆိုနိုင်တဲ့နေရာ ဆိုတာကို မကြိုက်တာလားမသိ၊ ဆင်ဆာမိလို့ သိမ်းထားခဲ့ရသေးတယ်။ သုံးလလောက်ခြားပြီး ပြန်ပို့တော့ သပြေမှာ ပါလာခဲ့တယ်။
လွတ်လပ်စွာပွင့်လင်းစွာ စကားဆိုနိုင်တဲ့နေရာ ဆိုတာကို မကြိုက်တာလားမသိ၊ ဆင်ဆာမိလို့ သိမ်းထားခဲ့ရသေးတယ်။ သုံးလလောက်ခြားပြီး ပြန်ပို့တော့ သပြေမှာ ပါလာခဲ့တယ်။
No comments:
Post a Comment