Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, October 09, 2014

တနင်္ဂနွေ တံခါးချပ်များ

(အက်ဆေး- ၃)

စုမီအောင်

          ဥတုသုံးပါးဒဏ်ကို နေ့ဆက်ရက်ဆက် ခါးစည်းခံနေရပြီး ကိုယ်ထည် ပေါ်မှာ ဆေးအပြာရောင် သုတ်လိမ်းထားတဲ့ ကျွန်တော်ဟာ တံခါးတစ်ချပ်ဖြစ်တယ်။ အပြာ ရောင်ကိုယ်ထည်နဲ့လိုက်ဖက်စွာ ကျွန်တော်ဟာ တည်ကြည်ခန့်ငြားပြီး ရင့်ကျက်တဲ့ အသွင်ကို အမြဲဆောင်တယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ရင့်ကျက် တယ်လို့ ဒီလို ခိုင်ခိုင်မာမာ ပြောနိုင်ရခြင်းက ကျွန်တော်ဟာ နိစ္စဓူဝ ဖြတ်သန်းရသမျှ အရာခပ်သိမ်း အပေါ် တကယ့်ကို တုန့်ပြန်သည်းခံနိုင်တဲ့ ပါရမီထူးနဲ့ ပြည့်ဝလို့ပါပဲ။ သည်နေရာမှာ ကျွန်တော် ကြုံတွေ့ဖြတ်သန်းရတယ်ဆိုပေမယ့် တကယ်တမ်း ကျတော့ ကျွန်တော်က ကျွန်တော့်နေရာမှာသာ ပိတ်ချည်ဖွင့်ချည်လုပ်နေရပြီး လူတွေကသာ ကျွန်တော့်ကို ဖြတ်သန်းဝင်ထွက်သွားကြတာ ဖြစ်ပါတယ်။

          ကျွန်တော်ဟာ အိမ်တစ်လုံး၊ ဟိုတယ်တစ်လုံးရဲ့ ပြူတင်းတံခါးတစ်ချပ် မဟုတ်ဘူး။ အဲ့ဒါတွေထက် ပိုပြီးကြီးကျယ်မြင့်မြတ်ပါတယ်။ ဘုရားရှိခိုးကျောင်းဝန်း တစ်ခုလုံးကို စည်းတားကာရံထားတဲ့ ခြံစည်းရိုးတစ်ခုရဲ့ တံခါးချပ်တွေပါ။ ဘုရားရှိခိုးကျောင်းရဲ့ အနောက်ဖက်မှာ ဘုန်းတော်ကြီးအိမ်နဲ့ မှီတင်းနေထိုင်ကြတဲ့ အိမ်တချို့ရှိပါတယ်။ ကျွန်တော်ဟာ သူတို့အားလုံးကို မျက်ခြည်မပြတ် ကာကွယ် စောင့်ကြပ်ပေးနေရတဲ့ မြင့်မြတ်တဲ့ တံခါးတစ်ချပ်ဖြစ်တယ်။
          ပြောရမယ်ဆိုရင် ကျွန်တော်ရဲ့ဘဝ တစ်ဆစ်တစ်ပိုင်း ချိုးကွေ့ပြောင်းလဲ ခဲ့တာ သိပ်မကြာလှသေး ပါဘူး။ ကျွန်တော်ဟာ အရင်တုန်းကတော့ လွတ်လပ်စွာ ရပ်တည်နိုင်ခဲ့ပေမယ့် စည်းမဲ့ကမ်းမဲ့ လူသား တွေကြောင့် အခုနောက်ပိုင်း လွတ်လပ်မှု မရရှိတော့ပါဘူး။ ဘုရားရှိခိုးကျောင်းလေးဟာ တောင်ကုန်းမို့မို့လေး တစ်ခုအပေါ်မှာ ရှိပြီး လွမ်းမောဖွယ်ကောင်းလို့နဲ့ တူပါရဲ့၊ ချစ်သူစုံတွဲတွေ မျက်စိကျတဲ့နေရာလေး တစ်ခုဖြစ်ခဲ့ဖူးတယ်။ တချို့က ကားတွေနဲ့၊ တချို့က စက်ဘီးကိုယ်စီနဲ့၊ တချို့က တူယှဉ်တွဲလျှောက်လှမ်းရင်း ရာသီဥတုကြည်လင်တဲ့ ညနေခင်းတွေမှာ ရောက်လာ တတ်ကြတယ်။ သူတို့ဟာ ဘုရားကျောင်းရဲ့ အဝင်ဝလှေခါးထစ်တွေမှာ ထိုင်ကြ တယ်။ ရှေ့မြက်ခင်းပြင်မှာ ထိုင်ကြတယ်။ နေရာမရွေးပါပဲ။ တချို့က ဘုရားကျောင်း ဘေးမှာ ကားတွေရပ်ထားပြီး၊ ကားတွေထဲက မဆင်းကြဘူး။ ချစ်သူစုံတွဲတွေ အပန်းဖြေဖို့ လာကြတဲ့ ဥယျာဉ်ကြီးလို ဖြစ်နေခဲ့တာ ခံစားတတ်ရင် ကြည်နူးစရာပါ။ အာဒမ်နဲ့ဧဝကို အားကျတဲ့ သည်စုံတွဲတွေအတွက်တော့ ဒီဘုရားကျောင်း ပရိဝုဏ်ဟာ သူတို့ မျက်စိထဲမှာ ကမ္ဘာဦးအစက ဧဒင်ဥယျာဉ်ကြီးလို မှတ်ထင် နေကြမှာပေါ့။
          ခက်တာက သူတို့ဟာ ဘယ်သူမှ ရိုးရိုးသားသား ထိုင်မနေကြဘူး။ နောက်ပြီးတော့လည်း မိုးစုပ်စုပ် ချုပ်နေတာတောင် မပြန်နိုင်ကြဘဲ မှောင်ရိပ် ခိုချင်ကြတုန်း။ သန့်ရှင်းတဲ့နယ်မြေနဲ့ မလိုက်ဖက်စွာ မဖွယ်မရာတွေ ပြုကျင့်လာကြတာ ခပ်လှမ်းလှမ်းကနေ ကျွန်တော် မြင်တွေ့နေရတတ်တယ်။ ကျွန်တော်မြင် သလို ဘုန်းတော်ကြီးလည်း ကောင်းကောင်း မြင်တွေ့သွားဟန်တူရဲ့။ မကြာခင်မှာပဲ လူတွေ စိတ်ထင်တိုင်း အဝင်အထွက် မပြုနိုင်အောင် ဘုရားကျောင်းသွားရာ မြေနီလမ်းကလေးပေါ်က တံခါးတစ်ချပ်ကို နေ့ရော ညပါ သော့ခတ်ထားလိုက်ဖို့ ဘုန်းတော်ကြီးက ပညတ်ခဲ့ပါတယ်။ အဲဒီကတည်းကစပြီး ကျွန်တော်ဟာ ရင်နှစ်ခြမ်းကို တင်းတင်းစေ့လို့ ရှုတည်တည်နဲ့ စောင့်ကြပ်နခဲ့ရတာ ဒီနေ့အထိပါပဲ။ အရင်ကလို ကဒီးကဒီးဝင်ခွင့် မရတော့တဲ့ စုံတွဲတွေဟာ ကျွန်တော့်ရဲ့ တစ်ဖက် လမ်းဘေးသစ်ပင်ရိပ်အောက် ကားထိုးရပ်ရင်း တချို့က လူနေအိမ် အဝင်ဝရဲ့ တစ်ဖက်တစ်ချက်မှာရှိတဲ့ အုတ်ခုံကလေးတွေမှာ လာထိုင်ရင်း ချစ်တင်းနှီးနှောကြတဲ့ အခါ ကျွန်တော့်ကို မျက်စောင်းတထိုးထိုးနဲ့ ကြည့်တတ်ကြတယ်။ သူတို့အမြင် ကျွန်တော်ဟာ လူကြမ်းကြီးပေါ့။ တကယ်တော့ ကျွန်တော်ဟာ တံခါးတစ်ချပ်မျှ သာဖြစ်တယ်။
          ဘုရားကျောင်းလာတက်မယ့်သူတွေအတွက် ရည်ရွယ်ပြီး တနင်္ဂနွေ နေ့ရက်တွေတိုင်းမှာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ကျွန်တော့်ကို ဟင်းလင်းဖွင့် ထားပေးပါတယ်။ တနင်္ဂနွေမဟုတ်တဲ့ အခြားရက် တွေမှာတော့ ကျွန်တော့်ကိုယ်ထည်ဟာ တင်းတင်းစေ့လို့။ ခိုင်မြဲသည်ထက် ခိုင်မြဲအောင် သံကြိုးတစ်ချောင်းနဲ့ အထပ်ထပ် ရစ်ပတ်၊ သော့ခလောက်ကြီးကြီးတစ်ခုနဲ့ပါ ချိတ်ခတ်လို့ ကျွန်တော်ဟာ မလှုပ်မယှက် ငြိမ်နေရ တယ်။ ကျင့်သားမရသေးတော့ အသက်ရှုရတာတောင် မဝတဲ့အထိ မွန်းကြပ်သလို ခံစားလိုက်ရတာ မပြောပါနဲ့ တော့ဗျာ။ အမှန်ဆိုရရင် သည်အနေအထားကို ကျွန်တော်လုံးဝမကြိုက်ဘူး။ တကယ်ဆို ကျွန်တော်ဟာ ထွက်သက် ဝင်သက် မျှတစွာ ရှုရှိုက်ပြီး ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲတဲ့အထိ ရင်ခွင်တံခါး ဟင်းလင်းဖွင့်ပြီး လူတွေကို နေ့စဉ်နေ့တိုင်း ကြိုဆိုဖိတ်ခေါ်ချင်တဲ့သူပါ။ ခက်တာက ဘဝထဲမှာ အဲ့သည်လို ကျွန်တော့်စိတ်တိုင်း ကျ နေထိုင်ရှင်သန်သွားဖို့ရာ ကျွန်တော့်မှာ ရွေးချယ်ပိုင်ခွင့်မရှိဘူး။ ကျွန်တော်ဟာ တံခါးတစ်ချပ်သာ ဖြစ်တယ်။
          တံခါးချပ် ဘဝလမ်းကြောင်းထဲမှာ နေသားကျနေပြီဖြစ်တဲ့ ကျွန်တော်ဟာ ကျွန်တော့်ကို လိုလားသည် ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ၊ ကျွန်တော့်ကို ဖြတ်သန်း သွားသမျှ လူတိုင်းအပေါ် မျဉ်းတစ်ပြေးတည်းပဲ ဆက်ဆံပါတယ်။ ဘယ်တော့မှ ကောက်ကွေ့ဖို့ မစဉ်းစားမိဘူး။ အရင်က စည်းမရှိ ကမ်းမရှိ ဝင်ထွက်နေကျ လူတချို့ဟာ အရင်ကနဲ့ မတူဘဲ ပုံစံပြောင်းနေတဲ့ (သော့ခတ်ထားတဲ့) ကျွန်တော့်ကို မြင်တဲ့အခါ ဒေါသစိတ်နဲ့ ခြေထိုးကန်ကျောက်ပြီးမှ ကျွန်တော့ကို ကျော်လွှား သွားကြတယ်။ ရိုင်းပြ တဲ့ အပြုအမူကြောင့် အခိုက်အတန့် အားဖြင့် ခံပြင်းမိပေမယ့် သူတို့ ဖြတ်သန်းရမဲ့ သူတို့ဖြတ်သန်းရမဲ့ ခရီးစဉ်တစ်ခု နှောင့်နှေးသွားတာကြောင့် ရုတ်တရက်ဒေါသ ထွက်မိတာဖြစ်မှာပါလို့ ကျွန်တော် နားလည်ပေးပါတယ်။ သူတို့ရဲ့ ကန်ကျောက်မှုနဲ့ ပတ်သက်ပြီး ကျွန်တော့်သံထည် ကိုယ်ခန္ဓာက နာကျင်ခံစားရမှာ မစိုးရိမ်ရပေမဲ့ သူတို့ရဲ့ ခြေထောက်တွေ မတော်တဆ ထိခိုက်နာကျင်မှာကိုသာ ကျွန်တော် တွေးပူမိပါသေးတယ်။ သည်ဝန်းထဲမှာ နေကြတဲ့ ကလေး တချို့ဟာလည်း ကျွန်တော့်ကို ရံဖန်ရံခါ ကျော်လွှားသွားတတ်ကြပါသေးတယ်။ အပြင်ထွက်ချင်တဲ့ အချိန်မျိုးမှာ သူတို့ဟာ ခြံစောင့်ကြီးဆီက သော့ကို ဘယ်သူမှ တကူးတက တောင်းမနေကြဘူး။ အဲ့ဒါဆိုးပါတယ်။
          ဒါပေမယ့်လည်း ကလေးတွေနဲ့ လူငယ်တွေဆိုတာက စိတ်မြန်လက်မြန် သမားတွေဖြစ်ပြီး လွယ်နေတာကို ခက်အောင်ရှာဖွေလုပ်ရင်း ကိုယ်စွမ်းကိုယ်စ ထုတ် ဖော်ပြသချင်သူတွေကိုး။ ကျွန်တော့်ကို ခက်ခက်ခဲခဲ ကျော်ခွဖြတ်သန်း ရတာကိုပဲ သူတို့ဘာသာ အရသာတွေ့ချင်တွေ့နေကြမှာ။ အဲ့ဒီတော့လည်း ဒါကို အပြစ်တစ်ခုလို့ ပြောလို့မရပြန်ဘူးပေါ့။ ခပ်ငယ်ငယ်ကလေးတွေ ကျွန်တော့်ကို ကျော်ခွတက်နေချိန်မှာ အတက်ရလွယ်အောင် ကျွန်တော့်ကိုယ်ထည်ကို ကျုံ့ပြီး နိမ့်အောင် နှိမ့်ချပေးနိုင်ဖို့ ကျွန်တော်အားတက်သရော ကြိုးစားမိပါသေးတယ်။ မရပါဘူး။ ကျွန်တော့်ကိုယ်ထည်ဟာ ဒီအတိုင်းက ဒီအတိုင်းပါပဲ။ နောက်ပြီးတော့ လည်း သူတို့လေးတွေ ကျွန်တော့်ထိပ်ဖျားဆီ ရောက်ပြီဆိုရင်ဖြင့် ထိုးထိုး ထောင်ထောင်ထွက်နေတဲ့ သံချွန်တွေကို ကြောင်လက်သည်းဝှက်သလို ခဏ တဖြုတ်လောက် ဝှက်ထားလို့ရရင် ကောင်းမယ်လို့ တွေးနေမိတယ်။ မတော်တဆ သူတို့အသားတွေ သံချွန်နဲ့ထိုးခြစ်မိသွားမှာ စိုးလွန်းလို့ပါ။ ကျွန်တော်မြင်ရသလောက် သူတို့ဟာ ကျွမ်းကျင်မှုရှိနေကြတယ်။
          ဒါပေမဲ့ သည်လို ကျွမ်းကျင်မှုမျိုးကို ကျွန်တော်ကတော့ အားမပေးချင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သော့ခတ်ထားတဲ့ တံခါးပေါက်ကို ဖြတ်သန်းချင်ရင် သော့ဖွင့်ပြီး ဖြတ်သန်းတဲ့ သမရိုးကျနည်းလမ်းကိုသာ သုံးသင့်တယ်လို့ ကျွန်တော်ထင်တယ်။ သူတို့စိတ်ထဲမှာ သော့ဆိုတာကို တင်းကြပ်လှတယ် မြင်ပြီး ဖွင့်ဖို့မကြိုးစားဘဲ တမင် ထိုးဖောက်ထွက်ချင်တဲ့ သဘောများလားမသိ။ ကျွန်တော်ကတော့ တင်းကြပ်သည်ဖြစ်စေ၊ လျော့ပေါ့သည်ဖြစ်စေ သင့်တော်သလို ချမှတ်ထားတဲ့ ဘုန်းတော်ကြီးရဲ့ စည်းကမ်းအတိုင်း ကြီးပြင်းလာတဲ့ ကလေးတွေပဲ ဖြစ်စေ ချင်ပါတယ်။ နည်းမှန် လမ်းမှန်နဲ့ စနစ်တကျ ကြီးပြင်းလာတဲ့ ကလေးတွေပဲ ဖြစ်စေချင်တယ်။
          ဘာပဲဖြစ်ဖြစ် နေ့ရက်တိုင်းကို တနင်္ဂနွေသာဖြစ်ချင်မိတဲ့ ကျွန်တော့် ဆန္ဒတွေ အလုံးအရင်းနဲ့ ကြီးထွားနေတုန်းပဲ။ ကျောင်းပျင်းတဲ့ကလေးတွေ တစ်ပတ်တစ်ခါ တနင်္ဂနွေနေ့ကို စောင့်မျှော်ကြသလို ကျွန်တော်လည်း တနင်္ဂနွေနေ့ ရောက်ဖို့ကိုပါ ရင်ခုန်မျှော်လင့်နေမိတယ်။ တနင်္ဂနွေရဲ့ အရုဏ်ဦးရောင်နီကို စောင့်ကြိုရတာ ကျွန်တော့်အဖို့ ပျော်စရာအလေ့အကျင့်တစ်ခုလိုဖြစ်ပြီး၊ ကျွန်တော် ဟာ အဲ့ဒီအလေ့အကျင့် အပေါ်မှာ ရင်ခုန်စွဲမက်နေပါသေးတယ်။ ၆ ရက်လုံးလုံး အနေရခက်စွာ ကျိတ်မှိတ်နေခဲ့ရတဲ့ တင်းကျပ်မှု အလုံးစုံကို ခွာချပြီး လွတ်လပ် ပျော်ရွှင်မှုရဲ့ အရသာကို တင်းပြည့်ကျပ်ပြည့် ခံစားရမဲ့ အချိန်ကလေး ရောက်လာတော့မှာ ဖြစ်လို့ပါပဲ။ စနေနေ့တစ်ညလုံး ကျွန်တော်ဟာ စိတ်လှုပ်ရှားစွာနဲ့ ယောက်ယက်ခတ်နေ မိတယ်။ ဒါကို ဘယ်သူမှမသိဘူး။ အများ အမြင်မှာတော့ ကျွန်တော်ဟာ အတောင့်သား ငြိမ်သက်တိတ်ဆိတ် လို့ပေါ့။
          ကျွန်တော့်မှာ နာရီမရှိလို့ အချိန်ဆိုတာ အတိအကျ မသိပေမယ့် ဟိုက သည်က ခွေးအူသံတွေကို ဆွဲဆွဲငင်ငင်ကြားလိုက်ရတယ် ဆိုရင်ဖြင့် ဒါဟာ သန်းခေါင် ကျော်ပြီး တနင်္ဂနွေနေ့ထဲကို တစ်စတစ်စ ကူးပြောင်းလာနေတာပဲလို့ ကျွန်တော် တပ်အပ်သိလိုက်တယ်။ တဖြည်းဖြည်းနဲ့ အရှေ့ဆီက ရောင်နီ တစွန်းတစ်စ ထွက်ပေါ် လာတာနဲ့ တပြိုင်နက် ကျွန်တော်ဟာ တရှပ်ရှပ်နဲ့ ဒရွတ်တိုက် လှမ်းလာမှာဖြစ်တဲ့ ခြေသံတစ်စုံကို နားစွင့်နေမိတော့တာပါပဲ။ ကျွန်တော့်ကိုယ်ထည်ပေါ်က တင်းကျပ် နေတဲ့ သံကြိုးနဲ့ သော့ခလောက်ကြီးကို လာဖွင့်ပေးမယ့် သင်းအုပ်ဆရာအိမ်က ခြံစောင့်ကြီးကို ကျွန်တော်စောင့်မျှော်နေတာပါ။
          နေမင်းရဲ့ ရှေ့ပြေးရောင်နီသာမက အရှေ့ဆီမှာ နေလုံးကြီးရဲ့ ကိုယ်ထည် နီနီကြီး တခန့်တညား လှမ်းမြင်လိုက်ရချိန်၊ ဝန်းကျင်တစ်ခုလုံး ကားသံ၊ လူသံတွေနဲ့ လှုပ်လှုပ် ရွရွဖြစ်လာကြတဲ့အချိန်၊ သည်အချိန်တွေအထိ ခြံစောင့်ကြီး ရောက်မလာနိုင်သေးတဲ့ အခါမျိုးမှာ ကျွန်တော်ဟာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။ အိပ်ယာထ နောက်ကျရကောင်းလားလို့ ခြံစောင့်ကြီးကို အပြစ်တင် ရင်း ရင်တမမဖြစ်နေမိတယ်။  သည်အချိန်မျိုးမှာ ဖြတ်သွားဖြတ်လာကလေးတွေ ပြောပြောနေတဲ့spider man ဇာတ်ကားထဲက ပင့်ကူလူသားရောက်လာပြီး ကျွန်တော့်ကိုယ်ထည်ပေါ်က အချုပ် အနှောင်တွေကို ချိုးဖျက်ပေးနိုင်မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲလို့ တွေးနေမိတယ်။
          သော့တစ်ချောင်းဟာ လူတစ်ဦးမဆိုထားနဲ့ ကျွန်တော့်လို တံခါးတစ်ချပ်ကို တောင် သေချင် စော်နံတဲ့အထိ မွန်းကျပ်လှောင်ပိတ်စေတာအမှန်ပါ။ ဒါပေမဲ့လည်း ဘုရားကျောင်းနဲ့အတူ ကျယ်ဝန်းလှတဲ့ ဟောသည့်ဝန်းခြံကြီးတစ်ခုလုံးကို စောင့်ကြပ် ကာရံထားတဲ့ ကျွန်တော့်လို ကြီးကျယ် မြင့်မြတ်တဲ့ တံခါးတွေအတွက် သော့တစ်စုံဟာ လိုအပ်ပါတယ်။ (မလိုအပ်ဘဲ ဟန်ရေးပြနေတဲ့ သော့တွေကလွဲရင်) ကြီးကျယ်မြင့်မြတ် ပြီး ခမ်းနားတဲ့ နေရာထိုင်ခင်းတွေအတွက် သော့တွေခတ်ဖို့လိုတာ သေချာပါတယ်။ ဒါမှလည်း လုံခြုံစိတ်ချရတဲ့အတွင်းသရုပ်ကို ဖော်ဆောင်နိုင်မှာကိုး။ တကယ်တော့ သော့ခတ်ထားတိုင်းလည်း လုံခြုံစိတ်ချရပြီ အဆိုနိုင်ပါဘူး။ မိမိရဲ့အတွင်းစိတ်က ဒုံးဒုံးချပြီး တကယ့်ကို စိတ်ချလက်ချထားနိုင်ပါမှ အစစ်အမှန် လုံခြုံမှုကို ရမှာ။ စစ်မှန်တဲ့ လုံခြုံမှုကိုရဖို့ ချိတ်ခတ်ထားတဲ့ သော့တွေအပေါ် မူမတည်ဘဲ မိမိနှလုံးသားက ဘယ်လောက် စိတ်ချမှုရှိသလဲဆိုတဲ့ အတိုင်းအဆ ပေါ်မူတည်တယ်ဆိုတာ လူတချို့ မသိကြသေးဘူး။
          ဒါတွေထားပါ အရေးကြီးတာက ခြံစောင့်ကြီး မြန်မြန်လာဖို့။ ခြေသံ တရှပ်ရှပ်နဲ့ အတူ ခြံစောင့်ကြီး ကျွန်တော့်ရှေ့လာရပ်တဲ့အခါ ကျွန်တော်ဟာ ဝမ်းသာအားရနဲ့ ရင်ကိုကော့ပေးမိတယ်။ သော့ခလောက် တန်းလန်းနဲ့ သံကြိုးကြီး ကျွန်တော့်ကိုယ်ပေါ် ကနေ လျောကျသွားပြီး သူ့လက်ထဲပါသွားချိန်မှာ ကျွန်တော် ဟာ လွတ်လပ်ပေါ့ပါး သွားပြီး၊ ကျွန်တော့်ကိုယ်ထည်ပေါ် အလုအယက် တိုးဝင်ပျံ့နှံ့လာတဲ့ နံနက်ခင်းလေပြည် တွေကို အငမ်းမရ ပြီးတော့ တစ်ဝကြီးပဲ ရှုရှိုက်လိုက်မိတယ်။ ဘ်ာကမှန်းမသိ စီးမျောပါလာတဲ့ ပန်းရနံ့ သင်းသင်းကြောင့် ကျွန်တော်ဟာ လန်းဆန်းသွားတယ်။
          အဲ့သည်နောက် ကျွန်တော်ဟာ ဝတ်ပြုကိုး ကွယ်ဖို့ ဘုရားကျောင်းဆီ တဖွဲဖွဲဝင်ရောက်လာသူတွေကို တက်ကြွတဲ့အသွင်နဲ့ ကြိုဆိုတယ်။ နံနက်၊ နေ့ခင်း၊ ညနေ တစ်နေကုန် ဝတ်ပြုကိုးကွယ်ရာ အစီအစဉ်တွေ အပြည့်ရှိနေ တာကြောင့် လူတွေဟာ တစ်သုတ်ပြီး တစ်သုတ် ကျွန်တော့်ကို ဖြတ်သန်းသွားကြ တယ်။ ထုံးစံအတိုင်း လူတွေကဖြင့် ကျွန်တော့်ကို ငဲ့စောင်းလို့တောင် ကြည့်ဖော် မရပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို ဥဒဟိုဖြတ်သန်း သွားနေကြတဲ့ လူတွေကို လိုက်ကြည့်ပြီး ကျွန်တော် တကယ်ပဲ ပီတိဖြစ်ရပါတယ်။
          အခုလို တနင်္ဂနွေနေ့ရောက်တိုင်း လူတွေဟာ ကျွန်တော့်ကို အခုလိုပဲ အရင်ဆုံး ဖြတ်သန်းကြ ရပါတယ်။ ဘုရားကျောင်း လာကြတာချင်းတူပေမဲ့ ကျွန်တော့် ကို ဖြတ်သန်းကြပုံချင်းတော့ မတူပေဘူးပေါ့။ တချို့က အလှူမင်္ဂလာဆောင်သွားတဲ့ ပုံစံအတိုင်း ပုဝါစတွေစုံချလို့ ဝတ်ကောင်းစားလှတွေနဲ့၊ တချို့က ထသွားထလာ အဝတ်အစားတွေနဲ့။ တချို့က ကားအကောင်းစားကြီးတွေ စီးလို့။ တချို့ကတော့ ခြေလျင်။ လူတွေဟာ အဆင်းသဏ္ဌာန် ရွေ့လျားမှုပုံစံ ကွဲပြားစွာနဲ့ ကျွန်တော့်ကို ဖြတ်သန်းသွားကြတယ်။ သူတို့ ဖြတ်သန်းသွားချိန်မှာ တချို့လူတွေဆီက ပြိုးပြိုး ပြက်ပြက်အရောင်တချို့က ကျွန်တော့် ကိုယ်ထည်အပေါ် လျှပ်စီးဖြာကျသလို ဝင်းကနဲ လက်ကနဲ။ ကျွန်တော်ဖြင့် မျက်စိတောင်မှ ကျိန်းစပ်သွားတဲ့အထိပါပဲ။ တချို့လူတွေကတော့ ခပ်မှိန်မှိန်သာဖြစ်တာမို့ သူတို့ ဖြတ်သန်းအသွားကို ကျွန်တော်ဖြင့် သိတောင်မှ မသိလိုက်ဘူး။
          လူငယ်တချို့ကတော့ အုပ်စုဖွဲ့ ခြေလျင် ဝင်လာကြတယ်။ သူတို့ ဝတ်စားထားပုံက ကျွန်တော့်မျက်စိထဲ တစ်စက်ကလးမှ အချိုးမပြေဘူး။ ယောက်ျားလေးတွေဟာ အင်္ကျီပွပွ၊ ဘောင်းဘီပွပွ၊ ဆံပင်က နီကြောင် ကြောင် ထိပ်မှာ ထိုးထိုးထောင်ထောင်၊ ဖရိုဖရဲ ပုံစံနဲ့။ မိန်းကလေးတွေ ကြည့်လိုက်ရင်လည်း ကော်ပတ်ရုပ်လို မျက်နှာ၊  ဆံပင်က မညီမညာ၊ အင်္ကျီက ချိုင်းပြတ်၊ တိုကျပ်ကပ်လှတဲ့ စကပ်တွေနဲ့၊ ပေါင်ဖြူပေါင်မည်းတွေ အထင်းသားနဲ့ အတော်ကြီးကို အကြည့်ရဆိုးနေပြီး ဘာသဘောနဲ့များ ဒီလို ဝတ်စားဆင်ယင်ကြပါလိမ့်လို့ ကျွန်တော် မဆီမဆိုင် တွေးပူနေမိတယ်။ သူတို့ကတော့ အချင်းချင်း ဟေးလားဟားလား တွန်းထိုးရယ်မောသူရယ်မော၊ လက်ကိုင်ဖုန်း လေးတွေ တကြည့်ကြည့်လုပ်သူလုပ် ဘာကိုမှ ဂရုမစိုက်တဲ့ ပုံစံနဲ့ ကျွန်တော့်ကို ဖြတ်သန်းသွားကြတယ်။
          ဘာပဲဖြစ်ဖြစ် ကျွန်တော်ဟာ သည်လိုတနင်္ဂနွေနေ့တိုင်း ထူးထူးခြားခြားကို  ပေါ့ပါးရွှင်မြူးနေပါတယ်။ ဘာကြောင့်ဆို လူတွေဟာ ဘယ်လိုပဲ အသွင်ကွဲပြားစေဦး တော့ လှလှပပ၊ ရယ်ရယ်မောမော၊ ပြုံးပြုံးရွှင်ရွှင် မျက်နှာနဲ့ ကျွန်တော်ကို ဖြတ်သန်း သွားကြလို့ပါပဲ။ သူတို့ကိုကြည့်ပြီး ကျွန်တော်ဟာ ထိမ်းမနိုင်သိမ်းမရ မြူးတူး နေမိတယ်။ ခုနေ ကျွန်တော့်မှာသာ သမုဒ္ဒရာလောက် ကျယ်ပြန့်ပြီး ရယ်မောနိုင်တဲ့ နှုတ်ခမ်းတစ်စုံသာ ရှိမယ်ဆိုရင် တစ်ကမ္ဘာလုံးက လူတွေရဲ့ ရယ်သံအလုံးစုံဟာ ကျွန်တော့်ရဲ့ ရွှင်မြူးတဲ့ ရယ်မောသံအောက်မှာ လှေငယ်လေးတစ်စင်းလို စုန်းစုန်း မြုပ်သွားမှာ အသေအချာပါပဲ။
          တခြားအချိန်တွေမှာ လူတွေ ဘယ်လိုရှိမယ် ကျွန်တော် မခန့်မှန်း နိုင်ပေမဲ့ ခုလို ဘုရားကျောင်း လာတက်တဲ့အချိန်မျိုးမှာတော့ သူတို့ကြည့်ရတာ ပျော်ရွှင်ကြည်နူးမှုကိုယ်စီနဲ့ပါ။ ဒါနဲ့ပဲ တံခါးရွက်တွေကို အစွမ်းကုန်ကားဖွင့်ပြီး ဖြတ်သန်း သွားသမျှလူတွေကို ကျွန်တော်ကြိုဆို ဖိတ်ခေါ်နေမိတယ်။ ဒါပေမဲ့ ကျွန်တော်ကို ဘယ်သူကမှ မရေးလုပ်ငဲ့စောင်းကြည့်ဖော် မရပါဘူး။ ကျွန်တော်ဟာ တံခါးတစ်ချပ်မျှသာ ဖြစ်တယ်။ ဒါကြောင့်ပါ။
          အချိန်တစ်ခုရောက်တဲ့အခါ လူတွေပြည့်လျှံနေမှာဖြစ်တဲ့ ဘုရား ကျောင်းလေးဟာ တိတ်ဆိတ်သွားပြီး သီချင်းသံသဲ့သဲ့ ကျွန်တော်ကြားတယ်။ အတန်ကြာတိတ် ဆိတ်နေကြပြီး နောက်ထပ်သီချင်းသံတွေ ထွက်ပေါ်လာပြန်တယ်။ ကျွန်တော့်အနေနဲ့ ဒီသီချင်းသံတွေကို ပြီးဆုံးမသွားစေချင်ဘူး။ အမြဲတမ်း ကြားချင်နေမိတယ်။
          ကျွန်တော့်ဆန္ဒ မပြည့်ဝပါဘူး။ တိတ်ဆိတ်သွားလိုက် သီချင်းသံ တွေ ကြားလိုက်နဲ့ မကြာခင်မှာပဲ နောက်ဆုံးသီချင်းကို သီကျူးကြပြီး လူတွေ တစ်သုတ်ပြီးတစ်သုတ် ထွက်လာကြပါတယ်။ သူတို့ဟာ အလာတုန်းကလိုပဲ ရယ်ရယ်မောမော မျက်နှာတွေနဲ့ ကျွန်တော့်ကို ဖြတ်သန်းထွက်ခွာသွားကြတယ်။ တစ်ပတ်လုံးလုံး ကျွန်တော်စောင့်စားရင်ခုန်နေရတဲ့ အချိန်လေး ကုန်ဆုံးလေပြီ ကောလို့ တွေးမိတဲ့အခါ ကျွန်တော့်ရင်မှာ နှမြောတုန်လှုပ်ခြင်းကြီးစွာနဲ့ မမြဲတဲ့ သဘောတရားတွေကို နှလုံးသွင်း ဆင်ခြင်နေမိတယ်။
          ရောက်လုပြီ ရောက်လုပြီဆိုပြီး သည်အချိန်ကလေးကို မျှော်လင့် လိုက်ရတာ ရောက်လာပြီဆိုပြန် တော့လည်း တကယ့်ကို အခိုက်အတန့်ကလေး ပါပဲလား။ ကျွန်တော် သဘောကျတဲ့အချိန်ကလေး ဟာ ကျွန်တော့်အနားမှာ အမြဲမနေဘူး။ ဒါကိုပဲ ကျွန်တော်ယူကြုံးမရသလိုနဲ့ ဝမ်းနည်း ချင်မိသေးတယ်။
          ခဏအကြာ နေဝင်တဲ့အခါ ခြံစောင့်ကြီးရောက်လာပြီး ကျွန်တော့် ရင်နှစ်ခြမ်းကို တင်းတင်းစေ့ပြီး တုပ်နှောင်ပြန်ဦးတော့မယ်။ ကျွန်တော်ဟာ အခုကစလို့ နောက်ထပ် ၆ ရက်တိတိသော့ကွင်းတန်းလန်းနဲ့ နေရပြန်ဦးတော့မယ်။ အဲ့သည်နေ့ရက်တွေ အတောအတွင်းမှာ တချို့လူတွေဆီက မျက်စောင်းဒဏ်နဲ့ တချို့လူတွေဆီက ကန်ကျောက်မှု ဒဏ်ကို ကျွန်တော်မလိုလားစွာ ခံရပြန်ဦး တော့မယ်။ တချို့လူတွေရဲ့ စိတ်မရှည်စွာ  နင်းခွကျော်လွှားကြတာကို ကျွန်တော် မခံချိမခံသာနဲ့ ခံရပြန်ဦးတော့မယ်။ လူစွမ်းပြ ချင်တဲ့ ကလေးတချို့ ကျွန်တော့်ကို ကျော်လွှားကြတာကို ကျွန်တော်ဟာ ဘာတစ်ခုမှ အကူအညီမပေးနိုင်ဘဲ စိုးရိမ်စွာ ကြည့်နေရပြန်ဦးတော့မယ်။
          ဘုန်းတော်ကြီးနဲ့ အလျဉ်းသင့်တဲ့ လူတချို့က ကော်ပီကူးထားတဲ့ သော့တွေနဲ့ ဣနြေ္ဒမပျက် ကျွန်တော့်ကို ဝင်ထွက်ဖြတ်သန်း ကြပြန်ဦးမယ်။ ခြံစောင့်ကြီးကို လိုက်ရှာရ၊ မတွေ့လို့ကျော်တက်ဖို့ ဘုန်းတော်ကြီး အလစ်ကို ချောင်းမြောင်းရ၊ အလစ်မှာ ရေးကြီးသုတ်ပျာ ကျော်တက်မိလို့ အကျ နာပြီး ခြေထောက်ကျောက်ပတ်တီးကိုင်ရနဲ့ နိစ္စဓူဝ ဗျာများနေကြရတဲ့ သော့မရှိတဲ့ လူတွေရဲ့ ဒုက္ခအစုံစုံကို စိတ်မသက်သာစဖွယ် မြင်ရပြန်ဦးတော့မယ်။
          ''ဟိုအိမ်မှာ သော့ရှိတယ်။ ဒီအိမ်မှာ သော့ရှိတယ်။ ငါတို့အိမ်မှာ သော့ မရှိဘူး'' ဆိုတဲ့ ညည်းညူသံတွေ၊ ''ဒီဝန်းထဲမှာ နေတဲ့သူမှန်သမျှ တစ်အိမ်ကို သော့တစ်ချောင်းစီ ပေးထားဖို့သင့်တယ်'' ဆိုတဲ့ တောင်းဆိုသံတွေ၊ ''သော့ကို ခြံ စောင့်ဆီမှာ တစ်ချောင်း၊ ငါ့အိမ်မှာ တစ်ချောင်းပဲ ထားတယ်၊ အဝင်အထွက် လုပ်ချင်ရင် လာယူကြ၊ ငါဘယ်အိမ်မှ သော့မပေးထားဘူး'' ဆိုတဲ့ ဘုန်းတော်ကြီးရဲ့ ငြင်းဆိုသံတွေ၊ သည်အသံတွေကို သည်နေရာက တစ်လက္မမှ မရွေ့လျားရပါပဲနဲ့ ဖြတ်သွား ဖြတ်လာလူတွေဆီကတဆင့် ကျွန်တော်ကြားရပြန်ဦးတော့မယ်။ ဘုန်းတော်ကြီးရဲ့ စကားက အမှန်လား။ လူတွေရဲ့ အထင်အမြင်ကပဲ အမှန်လား။ ဒါကိုတော့ ကျွန်တော် မပြောနိုင်ပါဘူး။ ကျွန်တော်က တံခါးတစ်ချပ်သာ မဟုတ်လား။ ဘုရားသခင်ဆိုတာကတော့ အရာခပ်သိမ်းကို ကောင်းကောင်း သိမြင်နိုင်လိ့်မ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
          ဖြစ်နိုင်ရင်တော့ သည်အသံတွေကို ထာဝရတိုးတိတ်သွားစေချင်မိတယ်။ တစ်ပတ်မှာ တနင်္ဂနွေ တစ်ရက် တော့ သည်အသံတွေ တိတ်နေကြတာ အသေအချာ ပါပဲ။ ဘာလို့ဆို ဟင်းလင်းပွင့်နေတဲ့ တံခါးချပ် တွေကို သူတို့အားလုံး အေးအေးလူလူနဲ့ ဖြတ်သန်းခွင့် ရနေကြတာကိုး။
          ဒါပေမဲ့ သည်တိတ်ဆိတ်မှုဟာ ကျွန်တော်မျှော်လင့် သလို ထာဝရတော့ မဟုတ်ဘူး။ အခိုက်အတန့်မျှသာ ဖြစ်ပါတယ်။ တနင်္ဂနွေ ကုန်ဆုံးတာနဲ့ တပြိုင်နက် သည်အသံတွေ ထွက်ပေါ်လာကြ တာချည်းပါပဲ။ ဒါကို ကျွန်တော့်အနေနဲ့တော့ ဘယ်လိုမှ မတတ်နိုင်ဘူး။ ရင်နှစ်ခြမ်း တင်းတင်းစေ့ပြီး နားထောင်နေလိုက်ရုံပါပဲ။ ကျွန်တော်ဟာ တံခါးတစ်ချပ်သာ ဖြစ်ပါတယ်။ လူတွေ ကတော့ ကျွန်တော်ဟာ ပွင့်နေသည်ဖြစ်စေ၊ ပိတ်နေသည်ဖြစ်စေ သူတို့လိုရာခရီး ရောက်အောင် နည်းမျိုးစုံနဲ့ကျွန်တော့်ကို ဖြတ်သန်းကြမှာပဲ ဖြစ်တယ်။

စုမီအောင်
(Idea-၂ဝဝ၂-အောက်တိုဘာ)

(နေ့တိုင်းဖြတ်သန်းသွားလာနေရတဲ့ ဂျပ်ဆင်ဂိတ်တံခါးနေရာကနေ ၀င်ခံစား ရေးထားတာပါ။ Beautyမှာ ဆင်ဆာမိတယ်၊ ခြားပြီး Ideaကို ပြန်ထပ်ပို့တော့ ပါလာတယ်။)

No comments: