Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, July 21, 2015

သံလွင်ဆီ ထူးထူးခြားခြားအသုံးပြုပုံလေးများ

ကိုယ့်ရဲ့ မီးဖိုခန်းထဲမှာ ရှိနေတဲ့သံလွင်ဆီတစ်ပုလင်း ဆွဲထုတ်ယူလာခဲ့ပြီး တခြား အံ့သြဖွယ်အသုံးပြုနိုင်တာလေးတွေကို ရှာဖွေကြည့်ရအောင်ပါ။ ကိုယ်တို့ရဲ့ အသားအရေ၊ ပရိဘောဂတွေနဲ့ တခြားနေရာတွေမှာ ထူးထူးခြားခြားအသုံးပြုနိုင်တာလေးတွေ ရှိနေသေးသတဲ့။


hair conditioner အဖြစ် အသုံးပြုနိုင်တယ်
ကိုယ်တို့ရဲ့ဆံပင်သားခြောက်သွေ့နေလား။ သဲကန္တာရထဲက ချုံပင်လိုမျိုးပဲ ကြွပ်ဆတ်ကျိုးပဲ့လွယ်နေပြီလား။ သံလွင်ဆီကို ခွက်တစ်ဝက်လောက်ထည့်ပြီး အပူပေးပါ။ (ပွက်ပွက်ဆူတဲ့အထိ အပူမပေးဘဲ နွေးရုံလောက်ပါပဲ) ပြီးရင် ဆံပင်သားတွေထဲ နှံ့နှံ့စပ်စပ် သုတ်လိမ်းလိုက်ပေါ့။ ပလတ်စတစ်အိတ်(ကြွပ်ကြွပ်အိတ်လည်းရတာပါပဲ)နဲ့ ဖုံးအုပ်ပြီး မျက်နှာသုတ်ပဝါနဲ့ ထုပ်ထားလိုက်ပါ။ ၄၅ မိနစ်လောက် ထားပြီး ခေါင်းလျှော်ရည်နဲ့ စေ့စေ့စပ်စပ်လျှော်လိုက်ရင် ချောမွေ့နုညက်တဲ့ ဆံပင်သားလေးအဖြစ် ပြောင်းလဲသွားနိုင်သတဲ့။

ဝက်ခြံတွေကို ရှင်းလင်းမယ်
မျက်နှာပေါ်ကို ဆီသုတ်လိမ်းပြီး ဝက်ခြံပျောက်ကင်းအောင်ကုသမယ်ဆိုရင် ပေါတောတောနဲ့ရယ်စရာဖြစ်နေတော့မှာပဲ။ ဟုတ်တာပေါ့။ ဒါပေမဲ့ အစဉ်အဆက်အသုံးပြုခဲ့ကြတဲ့ ရှေးလူကြီးတွေကတော့ ဒီလိုကုသနိုင်တာကို ကျိန်တွယ်ပြီး ယုံအောင်ပြောပြနိုင်ကြလိမ့်မယ်။ အသုံးပြုနည်းကတော့ ဆားစားပွဲတင် ဇွန်း ၄ ဇွန်းနဲ့ သံလွင်ဆီ ၃ ဇွန်းကို ရောကာ အနှစ်ရအောင်မွှေပြီး အဲဒီအရောအနှောလေးကို လက်ပေါ်လောင်းချ၊ မျက်နှာတစ်ဝိုက်လိမ်းပေးရုံပါ။ ပြီးရင် ၁ မိနစ်၊ ၂ မိနစ်လောက် စောင့်နေလိုက်ပြီး ဆပ်ပြာရည်နွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ရက်သတ္တတစ်ပတ်ခန့် နေ့တိုင်းပြုလုပ်ပေးပါ။ နောက်ထပ် အကြိမ်လျော့ပြီး တစ်ပတ်မှာ နှစ်ကြိမ် သုံးကြိမ်လောက်ဆေးပေးနေရင်းနဲ့ မျက်နှာအသားအရည် သိသိသားသားပြောင်းလဲပြီး ဝက်ခြံတွေဝပ်လာတာ၊ လျော့ပါးသွားတာ တွေ့ရမှာပါ။ သံလွင်ဆီက အရေပြားရဲ့ သဘာဝအစိုဓာတ်ကို နဂိုအတိုင်းပြန်ဖြစ်အောင်ထိန်းသိမ်းပေးနိုင်တယ်။

မုတ်ဆိတ်ရိတ်တဲ့ကရင်အဖြစ်
အဲဒီကရင်မ်ကုန်နေခဲ့ရင် ဆပ်ပြာကိုအမြုပ်တွေရအောင် အချိန်ကုန်ခံမလုပ်ပါနဲ့။ အဲဒီဆပ်ပြာကကရင်မ်က  အရေပြားကြမ်းသွားစေလိမ့်မယ်။ သံလွင်ဆီဟာ မုတ်ဆိတ်ရိတ်ကရင်မ်အစားထိုး အသုံးပြုဖို့ သိပ်ကောင်းပါတယ်။ မျက်နှာ ဒါမှမဟုတ် ခြေထောက်က အမွှေးတွေကို ရိတ်ရင် မုတ်ဆိတ်ရိတ်ဓားချောချောမွေ့မွေ့လှုပ်ရှားဖို့ ပိုပြီးလွယ်ကူစေတယ်။ မျက်နှာအရေပြားကိုလည်း စွတ်စိုနူးညံ့စေပါလိမ့်မယ်။ ဒီလိုသုံးကြည့်လိုက်ပြီးတာနဲ့ မုတ်ဆိတ်ရိတ်ကရင်မ်နဲ့ တွဲဖက်သုံးချင်သွားလိမ့်မယ်။ ဒါမှမဟုတ် မုတ်ဆိတ်ရိတ်ကရင်မ်ကို မဝယ်တော့ဘဲ နေလိမ့်မယ်။


ချောကျိပေကျံနေတဲ့ လက်ကို သန့်ရှင်းမယ်
ကိုယ်တို့လက်မှာ ကားက ဆီကြေးတွေ၊ ဒါမှမဟုတ် နံရံတွေ ဆေးသုတ်ရာက ဆေးတွေ ပေကျံနေတယ်ဆိုရင် သံလွင်ဆီ ၁ ဇွန်း ပေနေတဲ့လက်ပေါ်လောင်းချလိုက်ပြီး ဆား ၁ ဇွန်း ဒါမှမဟုတ် သကြား ၁ ဇွန်း လက်ဖဝါးထဲပါ လောင်းချပါ။ ခပ်ကြာကြာလေး လက်ဖဝါးတွေကို ဆုပ်နယ်ပွတ်တိုက်ပေးပါ။ လက်ချောင်းအကြားလေးတွေထဲပါ ပွတ်တိုက်ပေးပါ။ ပြီးတော့ ဆပ်ပြာ၊ ရေနဲ့ ဆေးပေးရပါမယ်။ လက်က ဆီကြေး၊ ဆေးစက်တွေ ကင်းစင်သွားရုံမျှမကဘဲ လက်ဖဝါးလေးတွေ နူးညံ့သွားပါလိမ့်မယ်။

ဆံပင်က ဆေးသားတွေ
ကိုယ်တို့ နံရံတွေကို ဆေးသုတ်ပြီး အဲဒီက ဆေးစက်တွေ ဦးခေါင်းပေါ်စွန်းထင်းပေကျံကုန်တယ်ဆိုပါစို့။ အဲဒီ မလိုလားစရာဆေးစက်တွေလွယ်လွယ်ကူကူဖယ်ရှားနိုင်ပါတယ်။ သံလွင်ဆီကို ဂွမ်းလုံးလေးမှာ ဆွတ်ယူပြီး ကိုယ့်ရဲ့ဆံပင်လေး ညင်ညင်သာသာပွတ်တိုက်ဆေးပေးပါ။ မျက်တောင်ဆိုးဆေးဖယ်ရှားချင်ရင်လည်း သံလွင်ဆီ အသုံးပြုနိုင်သေးတာပါပဲ။ ပြီးရင်တော့ မျက်လုံးကို တစ်သျှူးစက္ကူလေးနဲ့ သုတ်ပြီး သန့်စင်ပေးဖို့တော့ အသေအချာလိုအပ်ပါတယ်။

ပရိဘောဂတွေကို အရောင်တင်ချင်တဲ့အခါ
ကိုယ့်ရဲ့ပရိဘောဂတွေ အသုံးပြုချင်စရာမကောင်းတော့ဘူး၊ လွှင့်ပစ်ချင်စရာကောင်းလာတော့မယ်ဆို ရောင်းတမ်းဝင်ပစ္စည်းတွေလို သစ်လွင်တောက်ပြောင်တဲ့ပရိဘောဂအဖြစ် ပြောင်းလဲနိုင်မယ့် အိမ်လုပ်ပရိဘောပအရောင်တင်ဆေးကတော့ သံလွင်ဆီပါ။ အသုံးမပြုတော့တဲ့ ဖျန်းဆေးဗူးသန့်သန့်တစ်ခုထဲမှာ သံလွင်ဆီ ၂ ဆ၊ သံပုရာရည် ဒါမှမဟုတ် ရှာလကာရည်အဖြူ ၁ ဆထည့်ပြီး လှုပ်ခါပါ။  ပြီးရင် ပြောင်လက်စေချင်တဲ့ ပရိဘောဂပေါ်ကို ဖျန်းလိုက်ပါ။ ၁ မိနစ်/ ၂ မိနစ်လောက်နေလိုက်ပြီးရင် သန့်ရှင်းတဲ့ မျက်နှာသုတ်ပဝါစလေး ဒါမှမဟုတ် စက္ကူပါးလက်သုတ်ပဝါလေး သုတ်ပေးပါ။ ကိုယ်ကအလျင်လိုနေတယ်။ လက်လက်ပြောင်ပြောင် စားပွဲလေး၊ ထိုင်ခုံလေးအဖြစ် မြန်မြန်လေးမြင်ချင်လှတယ်ဆိုရင်တော့ ဖျန်းဆေးဗူးကနေပဲ စက္ကူပါးပဝါပေါ်မှာ လောင်းချပေးပြီး သုတ်လိမ်းပေး ပွတ်တိုက်ပေးလိုက်ရမှာပေါ့။

ဘေ့စ်ဘောလက်အိတ်ဟောင်းကို ပြန်လည်ပြုပြင်ချင်ရင်
ကိုယ်က ဘေ့စ်ဘောကစားတဲ့သူတစ်ယောက်ဆိုရင် အသက်ရနေတဲ့ အိုမင်းဟောင်းနွမ်းဘေ့စ်ဘောလက်အိပ်တစ်လုံးအကြောင်း သိထားမှာပါ။ သားရေတွေမာနေပြီ၊ အက်ရာတွေပေါ်လာပြီး ပျက်စီးတော့မယ့်အနေအထားဆိုတာလည်း သိနေမှာပဲပေါ့။ ဒါပေမယ့် ပျက်စီးမသွားဖို့ ဂရုစိုက်ပေးရင်ရပါတယ်။ သံလွင်ဆီလေးကို ခြောက်သွေ့နေတဲ့ လက်အိတ်အသားတွေပေါ် နူးညံ့တဲ့အဝတ်စနဲ့ သုတ်ပေးပါ။ နာရီဝက်လောက် စောင့်နေပေးပါ။ ပြီးမှ သားရေသားထဲ နစ်ဝင်မသွားဘဲ တင်ကျန်နေတဲ့ သံလွင်ဆီတွေကို ပွတ်တိုက်ပေးလိုက်ပါ။ အဲဒီလက်အိတ်ကို အသုံးပြုတဲ့အခါ ကိုယ့်ရဲ့ကစားပွဲရလာဒ် အခြေအနေမကောင်းသေးဘူးဆိုရင်တော့ အဲဒါ ကိုယ်တို့လက်အိတ်အိုကြီးရဲ့အပြစ် အမှားမဟုတ်နိုင်ဘူး။ ကိုယ်တိုင်ကပဲ အမှားလုပ်မိတာမျိုးဖြစ်မှာပါ။ သားရေလက်အိတ်အိုကြီးကတော့ သစ်လွင်ကောင်းမွန်နေပါပြီ။ တချို့လူကြီးတွေကတော့ သူတို့ရဲ့ လက်အိတ်တွေ ပြန်လည်ပြုပြင်ချင်တယ်ဆိုရင် ရေချိုးတဲ့ဆီကို သုတ်လိမ်း/ အသုံးပြုရတာ ပိုနှစ်သက်ကြတယ်။

Source: 7 Extraordinary Uses for Olive Oil | Reader's Digest

ဖြိုးဖြိုး
(Living Fashion Magazine, August, 2015)

1 comment:

Aunty Tint said...

ကျေးဇူးပါ ဖြိုးဖြိုးရေ.... ♥♥♥