Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, October 02, 2015

ခရီးသွားသတင်းများ

ကမ္ဘာ့အရှည်ကြာဆုံး မရပ်မနား လေယာဉ်ခရီးသွား

Emirates လေကြောင်းလိုင်းရဲ့ နောက်ထပ် အသာလွန်ဆုံးခရီးစဉ်တစ်ခု ပုံကြမ်းစတင်ရေးဆွဲလိုက်ပါပြီ။ ဒူဘိုင်းအခြေစိုက်လေကြောင်းဟာ ကမ္ဘာ့အရှည်ကြာဆုံးလမ်းကြောင်းအဖြစ် မရပ်မနားတမ်းပျံသန်းမယ့် ပုံမှန်လေကြောင်းခရီးစတင်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ ၂၀၁၆ ဖေဖေါ်ဝါရီ ၁ ရက်နေ့က စတင်ပြီး ဒူဘိုင်းနဲ့ ပနားမားမြို့တော်ဆီပျံသန်းမှာပါ။ အဲဒီလေကြောင်းခရီးဟာ မကြုံစဖူးထူးကဲတဲ့ အနောက်ဘက်စူးစူးဆီ ၁၇ နာရီ၊ ၃၅ မိနစ် ကြာပျံသန်းမယ့် ခရီးစဉ်ဖြစ်တယ်လို့ လေကြောင်းက ပြောပါတယ်။ ခရီးအကွာအဝေးဟာ ခန့်မှန်းခြေ ၁၃၈၀၀ ကီလိုမီတာ(၈၅၈၀ မိုင်)ရှိတယ်လို့ webflyer.com မှာ ဖော်ပြထားတယ်။
Bloomberg Business သတင်းအရ လက်ရှိအရှည်ကြာဆုံးလေကြောင်းခရီးဟာ Qantas လေကြောင်းခရီးဖြစ်ပြီး ဆစ်ဒနီနဲ့ ဒဲလ်လာစ့်ဆီ ကြာချိန် ၁၇ နာရီထက်နည်းပါတယ်။ Bloomberg Business က Great Circle Mapper website ကို အသုံးပြုပြီးတွက်ချက်ထားတဲ့ အကွာအဝေးအရ အခုပျံသန်းမယ့် အမ်းမရိတ်စ်ရဲ့ ခရီးဟာ ၁၃၈၂၁ ကီလိုမီတာ (၈၅၉၀မိုင်) ရှိပါတယ်။ အဲဒီလေကြောင်းခရီးအတွက် အမ်းမရိတ်စ်စီစဉ်ထားတဲ့လေယာဉ်က ဘိုးရင်း 777-200LR ဖြစ်ပြီး ခရီးသည် ၂၅၆ ဦးသယ်ဆောင်ပါလိမ့်မယ်။ cargo တန် ၁၅ တန်သယ်ဆောင်တဲ့အပြင် ခရီးသည်တွေဟာ ပနားမားကို ဆေးဝါးပစ္စည်း၊ စက်ပစ္စည်းတွေနဲ့ လျှပ်စစ်ပစ္စည်းအပါအဝင် အဓိကသွင်းကုန်တွေပါ သယ်ဆောင်နိုင်မှာပါ။ "အရှေ့အလယ်ပိုင်းဆီ တိုက်ရိုက်ဆက်သွယ်လေးလမ်းကြောင်းနဲ့အတူ တံခါးအသစ်တွေ တိုင်းပြည်အတွင်ဖွင့်လှစ်လိမ့်မယ်၊ ပနားမားနဲ့ လက်တင်အမေရိကတို့ဟာ စုပေါင်းညှိနှိုင်းဆောင်ရွက်ရာမှာ အင်မတန်စိတ်အားထက်သန်ကြတဲ့ ဒေသတွေဖြစ်တယ်" လို့ ပနားမား ဒုသမ္မတ အစ္စဘဲလ် စိန့်ထ်မာလိုဒီ အယ်လ်ဗာရားဒို က အမ်းမရိတ်စ်သတင်းထုတ်ပြန်ပွဲမှာ ပြောကြားခဲ့တယ်။ "အလယ်ပိုင်းအမေရိကမှာ ပနားမားမြို့တော်ဟာ ပထမဆုံးလမ်းကြောင်းဖြစ်လာလိမ့်မယ်။ အမ်းမရိတ်စ်ခရီးသည်တွေအတွက် အဆင်ပြေလှတဲ့ရွေးချယ်စရာတစ်ခုအဖြစ် ဒူဘိုင်းရဲ့ ကမ္ဘာလုံးဆိုင်ရာအချက်အချာနေရာကနေစတင်ကာ ဒါမှမဟုတ် ဒူဘိုင်းကို ဖြတ်သန်းပြီး အလယ်ပိုင်းအမေရိကအနှံ့အပြားဆီ ခရီးစဉ်တွေဖြန့်ကျက်နိုင်အောင် အထောက်အပံ့ပေးမှာပါ လို့ လေကြောင်းရဲ့ သတင်းထုတ်ပြန်ချက်မှာ ပြောကြားခဲ့တယ်။ အမ်းမရိတ်စ်လေယာဉ် EK251 ဟာ နေ့စဉ် ဒူဘိုင်းကနေ မနက် ၈နာရီ ၅ မိနစ်မှာ စတင်ထွက်ခွာမှာဖြစ်ပြီး ပနားမားမြို့တော်ကို ညနေ ၄ နာရီ ၄၀ မိနစ်မှာ ရောက်ရှိပါလိမ့်မယ်။ အပြန်လမ်းကြောင်းအတွက် လေယာဉ်က EK252 ဖြစ်ပြီး ပနားမားမြို့တော်ကနေ ညပိုင်း ၁၀ နာရီ ၁၀ မိနစ်ကထွက်ခွာမယ်။ ဒူဘိုင်းကို နောက်တစ်နေ့ ၁၁နာရီ ၅၅မိနစ်မှာ ရောက်ရှိမှာပါ။


ရပ်ဘီစတားတွေ ရက်ပ်ဆိုထားတဲ့ လေကြောင်းလုံခြုံရေးသရုပ်ပြဗီဒီယို



Air New Zealand ဟာ ခရီးသည်တွေရဲ့ အာရုံစိုက်မှုပိုပြီးရရှိအောင် လေကြောင်းလုံခြုံရေးသရုပ်ပြဗီဒီယိုကို အီလီယာဝုဒ်, ဘဲဂရီးလ်စ် နဲ့ ဘက်တီဝှိုက်တို့လို သရုပ်ဆောင်တွေအပြင် နယူးဇီလန် ရပ်ဘီဘောလုံးကစားသမားတွေကိုပါ ရက်ပ်သီချင်းသီဆို၊ ပါဝင်သရုပ်ဆောင်စေပြီး ရိုက်ကူးခဲ့ပါတယ်။ သိပ္ပံဆန်းကြယ်ဇာတ်မြူးရုပ်ရှင် Men in Black ထဲကလိုပဲ ရပ်ဘီစတားတွေလည်း အားလုံး Black တွေအဖြစ်ပါဝင်သရုပ်ဆောင်ထားကြတယ်။ အဲဒီ မြူးထူးပျော်ရွှင်စရာ လုံခြုံရေးသရုပ်ပြဗီဒီယိုမှာ ကပ္ပတိန် ရီချီမက်ကော နဲ့ ကွင်းလယ်ကစားသမား ဒန်ကာတာ တို့က MiB အေးဂျင့်တွေအဖြစ် သရုပ်ဆောင်ထားတယ်။ Australian Idol ဆုရ စတန်ဝေါ့ကာ နဲ့ တောင်ပံကစားသမား အစ္စရေးဒက်ဂ် တို့က ရက်ပ်သီဆိုထားတယ်။ ဟောလိဝုဒ်သရုပ်ဆောင် ရစ်ပ်တော်န်ရဲ့ ဇာတ်ရုပ်ကတော့ MiB အကြီးအကဲ Zed ပါ။ အင်္ဂလန်အသင်း ကပ္ပတိန် မာတင်ဂျွန်ဆန် နဲ့ အာဂျင်တီးနားကပ္ပတိန်ဟောင်း သြဂတ်စတင်ပီချော့ တို့လို့ နိုင်ငံတကာ ရပ်ဘီကစားသမားတွေက ဦးချိုထွက်နေတဲ့ ဂြိုဟ်သားတွေအဖြစ်သရုပ်ဆောင်ထားကြတယ်။ နာမည်ကြီးရုပ်ရှင်တွေကို ဒီလိုတုပပြီးရယ်ရွှင်ဖွယ်ခပ်မြူးမြူးသရုပ်ဆောင်ထားတာ ဒါပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်တုန်းက Hobbit ဇာတ်ကားထဲက နာမည်ကြီးဇာတ်ဝင်ခန်းတချို့ကိုပြောင်းလဲပြီး Most Epic Safety Video Ever Made ဆိုတဲ့ လေးမိနစ်စာဗီဒီယိုရိုက်ကူးခဲ့ပါသေးတယ်။ နော်ဝေဇာတ်မြူးသရုပ်ဆောင် ဘက်တီဝှိုက်နဲ့ Mary Tyler Moore Show က သူမရဲ့ တွဲဘက်သရုပ်ဆောင် ဂါဗင်မက်လီယော့ဒ်တို့အတူ Safety Old School Style ဗီဒီယိုကို စိတ်ကူးယဉ်ဇာတ်လမ်း Second Wind Retirement Home ထဲက ဇာတ်ဝင်ခန်းပုံစံ ၂၀၁၃ ခုနှစ်တုန်းက ရိုက်ကူးခဲ့ကြတယ်။ Daredevil စွန့်စားခန်းရုပ်ရှင် သရုပ်ဆောင် ဘဲဂရီးလ်စ်ရဲ့ ၂၀၁၃ ခုနှစ်ကရိုက်ကူးခဲ့တဲ့ Air New Zealand ဗီဒီယိုမှာ အက်ဒ်ဝပ်မိုက်ကယ်လ်ဂရီးလ်စ်ဆိုသူဟာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မပျံသန်းနိုင်တဲ့ Moa ငှက်နောက်ကို နယူးဇီလန်တောင်ပိုင်းမှာ နောက်ယောင်ခံလိုက်ဖမ်းရင်းနဲ့ လေယာဉ်ပေါ်က လုံခြုံရေးစနစ်သရုပ်ပြသွားတဲ့ပုံစံ ရိုက်ကူးထားပါတယ်။ အဲဒီဗီဒီယိုမှာ ဂရီးလ်စ်ရဲ့မူပိုင်စတိုင်လ်အတိုင်းပဲ ဘေးအန္တရာယ်ကလွတ်မြောက်သူတစ်ဦး ငါးတစ်ကောင်နဲ့ ဟိုဒီပြေးလွှား သရုပ်ဆောင်ထားတယ်။ ၂၀၁၅ Men in Black Safety Defenders လုံခြုံရေးသရုပ်ပြဗီဒီိယို သြဂုတ်လ ဒုတိယပတ်လောက်က စတင်ပြသခဲ့ပြီးနောက် YouTube မှာ ကြည့်ရှုသူ ၁.၄သန်းနီးပါးရှိခဲ့ပြီးလူကြိုက်များခဲ့ကြတယ်။ ရိုက်ကူးခဲ့သမျှလေကြောင်းလိုင်း လုံခြုံရေးသရုပ်ပြဗီဒီယိုတွေအားလုံး အွန်လိုင်းမှာကြည့်ရှုကြတဲ့အကြိမ်အရေအတွက် ၅၃ သန်းကျော်သွားခဲ့ပါပြီ။ ဒီလို ပျော်မြူးဖွယ်ကောင်းလှတဲ့ရိုက်ကူးတင်ဆက်မှုနဲ့ လေကြောင်းလုံခြုံရေးပညာပေးတာဟာ အောင်မြင်တဲ့နည်းလမ်းတစ်ခုလို့ ဆိုရမှာပါ။



Star Wars လေယာဉ်အသစ်တွေနဲ့ Star Wars ပန်းခြံတွေဆီ 




ဒီလေယာဉ်တွေဟာ Star Wars ရုပ်ရှင်ထဲက လေယာဉ်ကြီး Millennium Falcom တော့မဟုတ်ဘူးပေါ့။ ဒါပေမဲ့ Star Wars စတိုင်လ် လေယာဉ်တွေပါ။ Star Wars: The Force Awakens ရုပ်ရှင်ထဲက ဇာတ်ကောင်တွေလို ဆေးခြယ်ပြင်ဆင်ထားမယ်လို့ ဂျပန်ရဲ အကြီးဆုံးလေကြောင်းလိုင်း ANA (All Nippon Airways)က ကြေညာခဲ့တယ်။ Star Wars ANA ဂျက် နောက်ထပ် ၂ စင်းကိုလည်း Star Wars ဒီဇိုင်းပြင်ဆင်ကြမှာပါ။ R2-D2 ANA ဂျက်ဟာ ဘိုရင်း 787-9 Dreamliner လေယာဉ်ဖြစ်ပြီး ချစ်စရာရိုဘော့ပုံစံခြယ်မှုန်းထားပါတယ်။ လာမယ့်ဆောင်းဦးမှာ နိုင်ငံတကာခရီးစဉ် စတင်ပျံသန်းပါလိမ့်မယ်။ ဘိုးရင်း 767-300 ကို BB-8 ရိုဘော့ဒီဇိုင်းပြင်ဆင်ပြီး နိုဝင်ဘာလမှာ ဂျပန်ပြည်တွင်း လေကြောင်းခရီးစဉ်တွေစတင်ပျံသန်းဖို့ စီစဉ်ထားပါတယ်။ ခရီးစဉ်အတွင်းလေယာဉ်ပေါ်မှာ ခရီးသည်တွေကို Star-Wars ရုပ်ရှင်ထဲကလိုပဲ ဧည့်ခံကြဦးမယ်လို့ ဆိုတယ်။ နောက်ထပ်လေယာဉ်တစ်စင်းဖြစ်တဲ့ ဘိုးရင်း 777-300ER ကို roly-poly BB-8 ရိုဘော့ ဒီဇိုင်းခြယ်မှုန်းမှာပါ။ လာမယ့် ၂၀၁၆ မတ်လမှာ ဂျပန်နဲ့ မြောက်အမေရိက နိုင်ငံတကာခရီးစဉ်အဖြစ် စတင်ပျံသန်းပါလိ့မ်မယ်။ လေယာဉ်ပေါ်မှာဧည့်ခံတဲ့အခါ ထိုင်ခုံဦးခေါင်းပိုင်းအကာတွေ၊ စက္ကူလက်သုတ်ပဝါ နဲ့ ခွက်တွေကလည်း ရုပ်ရှင်ထဲက အငွေ့အသက်၊ အရောင်အသွေးအတိုင်းပြင်ဆင်ထားကြမှာပါ။ ဒီ Star-Wars စီမံကိန်းကို ပြီးခဲ့တဲ့ ဧပြီလကစတင်ကြေညာခဲ့ကြတယ်။ ဂျပန်လေကြောင်းလိုင်းနဲ့ Walt Disney တို့ရဲ့ စပ်တူလုပ်ငန်းတစ်ခုပါ။ ကယ်လီဖိုးနီးယား Disneyland နဲ့ ဖလော်ရီဒါက Walt Disney World Resort တို့မှာ ကြီးမားလှတဲ့ အဆောက်အဦ ၂ ခု နဲ့ Star Wars စတိုင်လ်ပန်းခြံတွေကိုလည်း ဖွင့်လှစ်တော့မယ်လို့ Diney က သြဂုတ် ၁၅ ရက်နေ့က ကြေညာခဲ့တယ်။ တစ်ခုစီမှာ ၁၄ ဧက မြေနေရာယူကာ ရိုဘော့တွေ၊ သိပ္ပံဆန်းကြယ်ယာဉ်ပျံတွေနဲ့ တည်ဆောက်ထားမှာပါ။ "မေးရိုးပြုတ်ကျရလောက်အောင်အံ့သြရမယ့် ကမ္ဘာသစ်" ဟာ အရင်ဘယ်တုန်းကမှမမြင်ခဲ့ရဖူးတဲ့ ဂြိုဟ်တစ်ခုဆီ ဧည့်သည်တွေကို ဆောင်ယူသွားမယ်လို့ Disney CEO ဘော့ပ်အီဂါက ပြောခဲ့တယ်။



Kishi ဂျပန်မီးရထားဘူတာက ရုံပိုင်အသစ် ကြောင်လေး နီတာမာ


ဂျပန်က မီးရထားရုံပိုင်လေးဖြစ်တဲ့ နာမည်ကျော်ချစ်စရာကြောင်လေး တာမာဟာ ဒီနှစ်အစောပိုင်းက ဆုံးပါးသွားခဲ့ပါတယ်။ တာမာလေးသေဆုံးသွားခဲ့ပေမယ့် နိုင်ငံရဲ့ အသည်းနှလုံးမှာတော့ ကြောင်လေးရဲ့ ပုံရိပ်တွေကျန်ရစ်နေဆဲ၊ ၂၇၀၀၀ ကီလိုမီတာ ရှည်လျားတဲ့ မီးရထားလမ်းမှာလည်း ကြောင်လေးရဲ့ဟန်ပန်တွေ မေ့ရနိုင်ဖြစ်နေခဲ့ကြတယ်။ ဂျပန် ရှင်တိုဘာသာဝင်တွေယုံကြည်မှုအရ ရက်ပေါင်း ၅၀ စောင့်ဆိုင်းခဲ့ပြီး နောက်ပိုင်းမှာ အခု တာဝန်ခံ ကြောင်အသစ်လေးရောက်ရှိခဲ့ပါပြီ။ နီတာမာဟာ တာမာရဲ့ လက်ထောက်ရုံပိုင်ဟောင်းဖြစ်ခဲ့တယ်။ တခြား လျှောက်လွှာတင်ခဲ့ကြတဲ့ကြောင်တွေအများကြီးကို အနိုင်ယူပြီး Kishi မီးရထားဘူတာရဲ့ ရုံပိုင်လေးဖြစ်လာခဲ့တာပါ။ ဂျပန်ကျေးလက်ဒေသ ကီနိုကာဝါနဲ့ နီးကပ်နေတဲ့ ဝါကာယာမနယ်မှာရှိပါတယ်။ ဝါကာယာမလျှပ်စစ်ရထား ဥက္ကဌ မစ်ဆုနိုဘူ ကိုယီမာ က ကြေညာချက်ဖတ်ပြရင်းနဲ့ တာမာလေးအတွက် ဆုတောင်းဝတ်ပြုကြနေဆဲအချိန်မှာ အောင်နိုင်သူအဖြစ်ညွှန်းဆိုခြင်းမပြုချင်ဘူးလို့ ဆိုတယ်။ Kishi ရဲ့ သေလွန်ခဲ့တဲ့ရုံပိုင်လေးဟာ ရပ်ဆိုင်းရလုဆဲရထားလိုင်းကို ဒေသခံတွေကိုယ်စား ကယ်ဆယ်ခဲ့တာကြောင့် ဂုဏ်ပြုမှတ်တမ်းတင်ခံခဲ့ရတယ်။ ကြည့်ရှုစရာထူးထူးခြားခြားမရှိလှတဲ့ အဲဒီဒေသလေးဆီ တာမာကြောင့် ပြည်တွင်းခရီးသွားတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေပါ အဆက်မပြတ်လာရောက်လည်ပတ်ခဲ့ကြတယ်။ တာမာတာဝန်ထမ်းဆောင်နေတဲ့ ပထမဆုံးနှစ်မှာပဲ ယန်း ၁.၁ ဘီလီယံ (ဒေါ်လာ ၉.၂ သန်း) ရရှိခဲ့ကြတယ်။ တာမာရဲ့ အောင်မြင်မှုအတိုင်း ခြေရာနင်းနိုင်အောင် ကြောင်မီးရထားရုံပိုင်သင်တန်းကျောင်းဆင်းလက်မှတ်ရခဲ့တဲ့ နီတာမာလေးကို ရွေးချယ်ခဲ့ကြတာပါ။ အဲဒီသင်တန်းကျောင်းဟာ အခက်ခဲဆုံးကျောင်းတော့မဟုတ်ပါဘူး။ ကျောင်းမှာဆိုရင် ကြောင်လေးတွေဟာ လူတွေနဲ့ ဆက်ဆံတဲ့အခါ အေးဆေးတည်ငြိမ်တဲ့သဘောထားမျိုးရှိရမယ်။ ရထားလိုင်းကုမ္ပဏီရဲ့ ဦးထုပ်တစ်လုံးဆောင်းထားလိုစိတ်လည်း ရှိရမယ်လို့ ဆိုတယ်။ "နီတာမာဟာ ဦးထုပ်ဆောင်းရတာ သဘောကျတယ်" လို့ မီးရထားဌာနအလုပ်သမားကြီးကြပ်ရေးအုပ်စု Ryobi Group ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟီတိုဖူမီ အီနို က ပြောပါတယ်။ နီတာမာကို ရွေးချယ်ဖြစ်တာက တာမာက တိုက်ရိုက်သင်ကြားပေးခဲ့တဲ့အလေ့အကျင့်ရှိတာကြောင့်လည်းပါဝင်တယ်။ တာမာဟာ နူးညံ့ညင်သာသူပါ။ အင်မတန်ဒေါသဖြစ်ခဲလှတယ်။ ရုံပိုင်အသစ်လေး နီတာမာကို ဝါကာယာမကနေ ၂၅၀ ကီလိုမီတာခန့်ဝေးတဲ့ အိုကာယာမမြို့တော်မှာ မွေးဖွားခဲ့ပါတယ်။ အိုကာယာမလျှပ်စစ်ရထားလိုင်းက မမွေးစားခင်မှာ မိုးရွာတဲ့နေ့တစ်နေ့က ကားတစ်စီးအောက်မှာ တွေ့ခဲ့ကြတာပါ။       ။





ဖြိုးဖြိုး
(Living Fashion Magazine, October, 2015)

No comments: