Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, October 02, 2015

အမေရိကနာမည်ကြီး စက်ရုံတွေဆီ ခရီးသွားခြင်း

(Living Fashion Magazine, October, 2015)
ကမ္ဘာ့စီးပွားရေးအပေါ် နရီတေးသွားအလိုက်မှီတွယ်နေတဲ့ ယူအက်စ်ကုန်ထုတ်လုပ်ရေးကလည်း ပြန်ခုန်တက်လာမလား ဒါမှမဟုတ် အခြေအနေဆိုးဆီကိုပဲ ရှောင်မလွှဲသာ ဦးတည်သွားလေမလား လို့ ဘရွတ်ကလင်းမှာရှိတဲ့ ဟိုလ်ဒန်းဆိုတဲ့ တက်တူးယှက်ဖွဲ့ ပုံဖော်သူတစ်ဦးက ခန့်မှန်းနေတယ်။ အမေရိကန်ကုန်ပစ္စည်းထုတ်လုပ်သူတချို့ဟာ လုပ်ငန်းတွေ လှုပ်ရှားသွက်လက်နေဖို့ ဆာလောင်နေကြတယ်ဆိုတာမငြင်းနိုင်တဲ့အချက်ပါ။ သူတို့စက်ရုံတွေရဲ့ ကန့်လန့်ကာတွေကို ပြန်ပြီးဆွဲတင်ချင်နေတယ်။ ဧည့်သည်တွေကိုစက်ရုံတွေရဲ့လှုပ်ရှားမှုတွေကို ပြသချင်လာကြတယ်။ နာမည်ကြီးထုထ်ကုန်တွေရဲ့ စက်ရုံတွေကို ခရီးစဉ်တစ်ခုအဖြစ်လေ့လာကြည့်ရှုရတာဟာ သမိုင်းကြောင်းဒဏ္ဍာရီတွေထဲနောက်ပြန်လှည့်ကြည့်ရတဲ့အရသာနဲ့ ကွဲပြားနေတယ်။ ဒီခေတ်စနစ်ထဲမှာပဲ လှုပ်ရှားလှည့်လည်ရင်းနဲ့ မှတ်သားစရာတွေသိမ်းဆည်းနိုင်တာ ဒီစက်ရုံခရီးသွားရဲ့ ထူးခြားချက်တစ်ခုပါ။ Made in U.S.A ကုန်ပစ္စည်းတွေထုတ်လုပ်တဲ့ခရီးစဉ်ဟာ စက်ယန္တရား၊ စိတ်အားထက်သန်စရာနဲ့ စိတ်လှုပ်ရှားပျော်ရွှင်စရာတွေရရှိမယ့် ခရီးတစ်ခုဖြစ်နေမှာပါ။ ၂၀၀၆ ခုနှစ်က ထုတ်ခဲ့တဲ့ Watch it Made in the U.S.A.: A Visitor's Guide to the Best Factory Tours and Company Museums စာအုပ်ကိုရေးသားခဲ့သူ ဘရုစ်ဘရုမ်ဘာ့ဂ် ရဲ့ ဇနီး ကာရန်အက်ဇယ်လ်ရော့ဒ် ရွေးချယ်ထားတဲ့ အမေရိကနာမည်ကြီးစက်ရုံတချို့ဆီ ခရီးတစ်ခုသွားကြည့်ရအောင်နော်။

1. Harley-Davidson Vehicle and Powertrain Operations Tour
Harley ကုမ္ပဏီမှာ တခြား ယူအက်စ် စက်ရုံ ၂ ရုံရှိပါသေးတယ်။ ဒါပေမဲ့ Kansas City က စက်ရုံကတော့ ဧည့်သည်တွေကို ပြသဖို့အတွက်ပါ စီစဉ်ထားကြတယ်။ Sportster, V-Rod နဲ့ Dyna မော်ဒယ် ဆိုင်ကယ်ကြီးတွေအပါအဝင် သူတို့ရဲ့အိပ်မက်ထဲက စက်ပစ္စည်းတွေအစုံအလင် ရှင်းလင်းပြသပေးပါတယ်။ အမေရိကန် crime TV ဇာတ်လမ်းတွဲ Sons of Anarchy ပရိသတ်တွေက လှုပ်ရှားမှုတွေအစုံစုံပြပွဲတစ်ခု ပုံဖော်ပြသပေးဦးမှာပါ။ ၃၅ ဒေါ်လာတန် Steel Toe Tour ဟာ Harley ဆိုင်ကယ်ရဲ့ ဆီတိုင်ကီ၊ ကိုယ်ထည်နဲ့ ဆိုင်ကယ်ရှေ့ဘီရွှံကာ ထုတ်လုပ်ပုံ ဆေးသုတ်တာ၊ အရောင်တင်တာအပါအဝင် ရုပ်ရှင်တစ်ကားနောက်ကွယ်က မြင်ကွင်းတွေလိုပဲ Harley ဆိုင်ကယ်ကြီးတစ်စီးဖြစ်တည်လာတဲ့ နောက်ကွယ်က လှုပ်ရှားမှုတွေကို ဖျတ်ခနဲ ရိတ်ခနဲ စိတ်ဝင်စားစဖွယ်ပြသတဲ့ ခရီးစဉ်ပါ။ အဲဒီခရီးစဉ်အတွက်တော့ steel toe အကာအကွယ်တွေ ဖြစ်တဲ့ လုံခြုံရေးအကျီနဲ့ မျက်မှန်တွေ ဝတ်ဆင်ရမှာပါ။ တခြား စက်ရုံခရီးစဉ်တွေထက် ကုန်ပစ္စည်း ထုတ်လုပ်နေတာကို အနီးကပ်စေ့စေ့စပ်စပ်ကြည့်ရှုနိုင်ဖို့အတွက် စီစဉ်ပေးထားပါတယ်။
Harley-Davidson, 11401 N. Congress Ave., Kansas City, Missouri; 
+1 877 883 1450; 
Tours run Monday-Thursday, 9:15 a.m. and noon.
2. Huy Fong Foods Sriracha Tour

ဒီခရီးစဉ်ကတော့ အစားအစာတိုင်းကို Sriracha ဆော့စ် ထည့်စားတတ်ကြတဲ့ သူတွေအတွက်ဖြစ်နေမှာပေါ့။ ဗီယက်နမ်လူမျိုးအခြေချနေထိုင်သူ ဒေးဗစ်ထရန် ၁၉၈၀ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ Huy Fong Foods ကုမ္ပဏီဟာ အရှေ့တောင်အာရှငရုတ်သီးဆော့စ်ဈေးကွက်မှာ ရေပန်းစားလှတယ်။ အစိမ်းရောင်အဖုံးနဲ့ ကြက်ဖတံဆိပ်နှိပ်ထားတဲ့ပုလင်းထဲက ချိုချို၊ စပ်စပ်အလွန်ပြင်းတဲ့အရသာတို့ကို သဘောတွေ့နေကြတယ်။ ကယ်လီဖိုးနီးယားပြည်နယ် Invindale မှာ ၆၅၀၀၀၀ စတုန်းရန်းပေရှိတဲ့ Huy Fong အဆောက်အဦအတွင်းဘက် ၄၅ မိနစ်စာလမ်းလျှောက်တဲ့အခါ မက္ကဆီကန်ငရုတ်သီး jalapenos အမှည့်နီနီရဲရဲတွေ စီတန်းထားတဲ့ စက်ကြီးကြီးမားမားတွေကို ဖြတ်ရမယ်။ ပြီးရင်တော့ ပုလင်းထဲထုပ်ပိုးပြီးတဲ့ဧရိယာမှာ အဆုံးသတ်မယ့် ခရီးစဉ်ပါ။ အဲဒီနေရာမှာ လက်ဆောင်ပစ္စည်းဆိုင်လေးရှိတယ်။ ဘာကြောင့်လဲဆိုတော့ ထူးထူးခြားခြား Sriracha အနံ့အရသာရေခဲမုန့် ကို ဘယ်သူ မမြည်းစမ်းဘဲနေချင်မလဲနော်။ 
Huy Fong Foods Headquarters, 4800 Azusa Canyon Road, Irwindale, California; 
+1 626 286 8328; 
Free tours run Monday-Friday.

3. Fender Factory and Custom Shop Tour

အချိန်မတိုင်ဘဲသေဆုံးခဲ့ချိန်ထိ Fender ဂီတာအပေါ်သစ္စာရှိလှသူ ဂျီမီဟန်းဒရစ်လည်း ဒီလေ့လာရေးခရီးတိုကို နှစ်သက်နားလည်ပေးမှာပါ။ ဒီခရီးမှာ ကယ်လီဖိုးနီယားပြည်နယ် က Coronaက စက်ရုံမှာ Fender ဂစ်တာတွေ ကျယ်ပြန့်ပြန့်ထုတ်လုပ်တာကို လေ့လာနိုင်ကြတယ်။ သစ်သားထုတ်လုပ်စက်ရုံ၊ သတ္ထုဆိုင်ခန်း နဲ့ ပစ္စည်းတပ်ဆင်တဲ့အခန်းတွေကို ဖြတ်လျှောက်ပြီးကြည့်နိုင်ကြတယ်။ ခရီးစဉ်အဆုံးမှာတော့ တကယ့်မီးရှုန်းမီးပန်းတွေတည်ရှိနေမယ့်နေရာပေါ့။ အဲဒါက အကောင်းဆုံး Fender ဂစ်တာတွေထဲက ဂစ်တာတစ်လက်ထုတ်လုပ်ပုံကို ကြည့်ရှုနိုင်မယ့်နေရာဖြစ်နေလို့ပါ။ ဂစ်တာထုတ်လုပ်ပုံစောင့်ကြည့်နေရင်းက သင့်ရဲ့စိတ်နှလုံးညှို့ငင်လိုက်ပြီဆိုရင် အဲဒီဂစ်တာကိုပဲ သင်က ဝယ်ယူနိုင်ပါသေးတယ်။ 
Fender Visitor Center and Factory, 301 Cessna Circle, Corona, California; 
+1 951 898 4040; 
Tours run Monday, Tuesday, Thursday and Friday, 10 a.m. and 11:30 a.m.; $10 for adults
4. Airstream Factory Tour
Airstream အပန်းဖြေကားနောက်တွဲယာဉ်တွေကို စွဲလမ်းမှုဟာ ထိန်းချုပ်လို့မရလောက်အောင်ပဲတဲ့။ မဂ္ဂဇင်းတွေမှာဖော်ပြထားကြတဲ့ ပြောင်ပြောင်လက်လက်နောက်တွဲယာဉ်တွေအားလုံးဟာ နွေရာသီခရီးသွားဖို့ ခေတ်ဆန်ကြော့မောနေလို့လား။ သက်တောင့်သက်သာရှိလွန်းလို့လားပဲ။ art ဒါရိုက်တာတွေ Airstream ကို ခုံမင်နှစ်သက်ကြတာ အကြောင်းပြချက်ရှိနေပါတယ်။ ငွေရောင်အလူမီနီယံနောက်တွဲယာဉ်တွေနဲ့ Airstream မော်တော်ကားအိမ်တွေဟာ သိပ်ကို လှပတယ်။ ဒီနေ့ မော်ဒယ်တွေမှာလည်း မူရင်းမော်ဒယ် တောက်ပတဲ့အရောင်၊ ဒီဇိုင်းအနုပညာလိုပဲ ဆင်တူနေဆဲပါ။ Airstream ဟာ ၁၉၃၀ ခုနှစ်မှာစတင်ခဲ့တာဖြစ်ပြီး အင်မတန်ရှေးကျတဲ့ ကုမ္ပဏီဖြစ်နေတာကလည်း စိတ်ဝင်စားစရာကောင်းတဲ့အချက်ဖြစ်နေတယ်။ အိုဟိုင်းယိုပြည်နယ် Jackson Center က Airstream စက်ရုံကိုလှည့်လည်ကြည့်ရှုနိုင်တဲ့ခရီးမှာ ထုတ်လုပ်မှုပိုင်းအစကနေ အဆုံးအထိ လုပ်ငန်းတစ်ခုံလုံးကိုလေ့လာနိုင်မှာပါ။ နောက်တွဲယာဉ်အခွံ အရည်အသွေးစမ်းသပ်၊ စစ်ဆေးကြတာလည်း အဆင့်ဆင်ပြင်ဆင်ထုတ်လုပ်တဲ့လုပ်ငန်းထဲမှာပါဝင်ပြသထားပါတယ်။ 
Airstream Factory, 419 W. Pike St., Jackson Center, Ohio; 
+1 877 596 6111; 
Free tours run Monday-Friday at 2 p.m.

5. Jelly Belly Factory


ဆန်ဖရန်စ္စကိုမြောက်ပိုင်းဆီ တစ်နာရီစာခရီးမှာ Jelly Belly ရဲ့ Temple Bean ပဲစေ့ပုံသကြားလုံးစက်ရုံရှိနေတယ်။ စက်ရုံရယ်၊ ပြတိုက်လည်းရှိတယ်။ လက်ဆောင်ပစ္စည်းဆိုင်လေးမှာ Jelly Belly သကြားလုံး အနံ့အရသာ အမျိုး ၅၀ ကို လက်ဆောင်ပေးကြတယ်။ ဒီခရီးဟာ တကယ့်ကံစမ်းမဲတစ်ခုလိုပဲ၊ သကြားလုံးလေးတွေရဲ့ဖြစ်စဉ်ကိုကြည့်ရတာဟာ ကြည့်စရာအမယ်စုံပေါများလှတယ်။ ၇ ရက်ကနေ ရက် ၂၀ ခရီးစဉ်ကိုရွေးချယ်ထားမယ်ဆိုရင် အရသာကောင်းလှတဲ့ jellybean သကြားလုံးတွေပြုလုပ်ပုံကိုလည်း သင်ယူလေ့လာနိုင်ဦးမယ်။ သကြားလုံးလေးတွေကို အပူပေးတာ၊ အအေးခံတဲ့ဖြစ်စဉ်တွေဟာ မပြီးဆုံးနိုင်တော့ဘူးလို့တောင်ထင်ရတယ်။ ကြီးမားလှတဲ့စည်ပိုင်းကြီးတွေမှာ စက်ဒလက်တွေအများကြီးနဲ့ လှည့်မွှေနေတာ ကြည့်ရတာဟာ အထူးအဆန်းမြင်ကွင်းဖြစ်နေတာကြောင့် ကျေးဇူးတင်စရာပဲလို့ ခရီးသွားဧည့်သည်တွေက ညွှန်းဆိုကြတယ်။ ထူးခြားတဲ့မြင်ကွင်းနောက်တစ်ခုက သကြားလုံးတွေထောင်ပေါင်းများစွာနဲ့ပြုလုပ်ထားတဲ့၊ ကြီးမားလှတဲ့ ရော်နယ်ရေဂင်ပုံ နံရံဆေးပန်းချီပုံကြီးပါပဲ။ Gipper လို့လည်း သူတို့ ခေါ်ဆိုကြတဲ့ ရေဂင်ဟာ Jelly Belly သကြားလုံးကိုကြိုက်နှစ်သက်လှသတဲ့။
Jelly Belly, 1 Jelly Belly Lane, Fairfield, California; 
+1 800 953 5592; 
Free tours run daily, 9 a.m-4 p.m.

6. Future of Flight Aviation Center and Boeing Tour





ထုထည်အားဖြင့် ကမ္ဘာ့အကြီးဆုံးအဆောက်အဦအဖြစ်နေရာယူထားတဲ့ Boeing ရဲ့ လေယာဉ်ထုတ်လုပ်တဲ့စက်ရုံဟာ Seattle မြောက်ပိုင်း ၂၅ မိုင်အကွာမှာတည်ရှိတယ်။ Boeing 747, 777 နဲ့ 787 တွေထုတ်လုပ်ပြီး ဧည့်သည်တွေကို ကြည့်ရှုခွင့်ပေးထား/ ဖွင့်လှစ်ထားတဲ့ တစ်ခုတည်းသော စီးပွားဖြစ်ဂျက်လေယာဉ်ထုတ်လုပ်တဲ့စက်ရုံပါ။ ကြီးမားခန့်ထည်လွန်းလှတဲ့ဧရိယာဟာ လက်ဖျားခါရလောက်တဲ့ အံ့ဖွယ်တစ်ပါးလို့ ဆိုတယ်။ အဲဒီအရွယ်အစားဟာ အလွန်အထင်ကြီးစရာပါပဲ။ အမျိုးမျိုးအထွေထွေလေယာဉ်တွေ ကွဲပြားလှတဲ့စင်မြင့်ကြီးတွေပေါ်မှာရှိနေကြတာကို တွေ့မြင်နိုင်ကြပါမယ်။ 
Boeing Factory, 8415 Paine Field Blvd., Mukilteo, Washington; 
+1 800 464 1476; 
Tours run daily, 9 a.m.-3 p.m.; $18 for adults in advance, $20 for walk-ups. Reservations recommended.

7. Ford Rouge Center
မီချီဂန်ပြည်နယ်၊ Dearborn လို အနုပညာအရည်အသွေးတွေဖြစ်ထွန်းလေ့ရှိတဲ့နယ်မြေမှာ ခေတ်ကုန်သွားလုပြီဖြစ်တဲ့ Rouge စက်ရုံရဲ့ Ford ကားတွေထုတ်လုပ်တဲ့တည်နေရာရှိနေတာ ဟန်နရီဖိုဒ့်အတွက် ဂုဏ်ယူစရာဖြစ်နေခဲ့မှာပါ။ ဒီနေ့မှာ စစ်သုံးအဆင့်အလူမီနီယမ်အလွိုင်းခွေတွေနဲ့ တည်ဆောက်ထားတဲ့ F-150 ထရပ်ကားတွေထုတ်လုပ်တဲ့စက်ရုံအဖြစ် ပြင်ဆင်မွမ်းမံထားပါတယ်။ မြင့်မားလှတဲ့စင်္ကြလျှောက်လမ်းရှိနေပြီး Ford ရဲ့အကျော်ကြားဆုံး ထရပ်ကားတွေ နောက်ဆုံးအဆင့်ထုတ်လုပ်ထားတဲ့မြင်ကွင်းတွေ့မြင်နိုင်တယ်။ ပေ ၈၀ အမြင့် လေ့လာစူးစမ်းနိုင်တဲ့စင်ရှိပြီး ခန်းမနှစ်ခုရှိနေပါတယ်။ 
Ford Rouge Factory, 20900 Oakwood Blvd., Dearborn, Michigan; 
+1 800 835 5237; 
Tours run Monday-Saturday, 9:30 a.m.-5 p.m.; last tour leaves at 3 p.m.; $16 for adults

8. Ben and Jerry's Factory Tour
Ben and Jerry ရဲ့Vermont က ထုတ်လုပ်ရေးလုပ်ငန်းမှာ ရေခဲမုန့် အရသာအသစ်တွေမြည်းစမ်းနိုင်ပါတယ်။ အချိန်ပြည့်ဖွင့်လှစ်ထားတဲ့ ရေခဲမုန့်ဆိုင်လေးမှာ အခုမထုတ်တော့တဲ့ Vermonty Python အရသာမျိုးတောင်ရနိုင်တယ်။ ခရီးစဉ်တစ်ခုလုံးဟာ ပျော်ရွှင်ချမ်းမြေ့စရာတွေနဲ့ ပြည့်နေတဲ့ နေရာကိုသွားရတဲ့ခရီးမျိုးလို့ဆိုတယ်။ မိနစ် ၃၀ စာ စက်ရုံထဲလှည့်လည်ကြည့်ရှုဖို့ လူကြီးတွေဆို ၄ ဒေါ်လာကျသင့်ပြီး ကလေးတွေကတော့ အခမဲ့ပါ။ ခရီးစဉ်အဆုံးမှာ အဲဒီနေ့အတွက် လက်ဆောင် ရေခဲမုန့်အရသာဆန်း မြည်းစမ်းနိုင်တော့မှာပေါ့။ အချိန်ပြည့်ဖွင့်ထားတဲ့ ရေခဲမုန့်ဆိုင်လေးမှာ အရသာအမျိုးစုံ၊ အမယ်စုံရွေးချယ်စရာတွေ ပိုပြီးရှိနေပါတယ်။
Ben and Jerry's Ice Cream Factory, 1281 Waterbury-Stowe Road, Waterbury, Vermont; 
+1 866 258 6877; 
Tour times change depending on the season; manufacturing days are Monday-Friday; $4 for adults

9. Pendleton Woolen Mills 
Oregon ပြည်နယ်မှာရှိတဲ့ Pendleton Woolen Mill သိုးမွှေးထည်စက်ရုံမှာ ခေတ်ဆန်လှတဲ့ သိုးမွှေးထည်အမျိုးအစားအစုံအလင် တွေ့လိုက်ရတာဟာ ဘဝသစ်တစ်ခုကို ရှာတွေ့သလိုပဲလို့တောင်ညွှန်းကြတယ်။ ဝါရှင်တန်၊ Washougal မြို့မှာ အဝတ်အစားနဲ့ စောင်တွေဝယ်ယူရနိုင်တဲ့ စတိုးဆိုင်ရှိနေပြီး ထုတ်လုပ်တဲ့စက်ရုံလည်းရှိတယ်။ ပြီးရင်တော့ စက်ရုံဆီကို လေ့လာနိုင်တဲ့ ခရီးစဉ်ပါ။ စက်ရုံမှာ ရက်ကန်းစင်တွေလှုပ်ရှားသက်ဝင်နေတာကို တွေ့မြင်နိုင်ပြီး ရက်ကန်းရက်လုပ်တဲ့အကြောင်းသိချင်သမျှ၊ ဘယ်တုန်းကသိမထားသေးတဲ့အရာအားလုံးလေ့လာနိုင်ကြမယ်လို့ဆိုတယ်။ Pendleton ခရီးစဉ် နှစ်သက်စရာကောင်းတာက ကုမ္ပဏီရဲ့ သမိုင်းကြောင်းနဲ့ ရိုးရာဓလေ့ပါ။ ကုမ္ပဏီရဲ့ မူလ Pendleton စက်ရုံဟာ Oregon မှာရှိပြီး ၁၈၉၃ ခုနှစ်က တည်ဆောက်ခဲ့တယ်။ အဲဒီမှာလည်း tour ခရီးလေ့လာနိုင်ပေမယ့် ထုတ်လုပ်ရေးပိုင်း၊ လုပ်ငန်းလည်ပတ်မှုတွေကို ပြသတာနည်းပါတယ်။ Washougal စက်ရုံမှာတော့ လုပ်ငန်းလည်ပတ်မှုအစုံအလင်ပြသထားတာမို့ စိတ်ဝင်စားသူ ပိုပြီးများပြားကြတယ်။
Washougal Weaving Mill, 2 Pendleton Way, Washougal, Washington; 
+1 360 835 1118; 
Free tours run weekdays at 9 a.m., 11 a.m., 1:30 p.m. and 3 p.m.

Source: 9 great American factory tours by Chris Clayton | CNN Travel

ဖြိုးဖြိုး
(Living Fashion Magazine, October, 2015)

1 comment:

စံပယ်ချို said...

ညီမလေးရေ ကိုယ်တိုင်ကဒီမှာနေပြီးအဲဒီနေရာတွေ တခါမှမရောက်ဖူးသေးဘူးကွယ် သွားချင်မိပါတယ်