Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, October 20, 2015

စစ်သူကြီးနပိုလီယံရဲ့လှို့ဝှက်ကျွန်းဆီ

လွန်ခဲ့တဲ့နှစ် ၂၀၀ နီးပါးခန့်မှာ ဗြိတိသျှစစ်သင်္ဘောတစ်စင်းဟာ ပြင်သစ်စစ်ဗိုလ်ချုပ်ကြီး နပိုလီယံဘိုနာပတ်ကို လွတ်မြောက်ဖို့လမ်းမမြင်နိုင်တဲ့ စိန့်ဟယ်လန်နာကျွန်းဆီ ပို့ဆောင်နယ်နှင်ဒဏ်ပေးခဲ့ပါတယ်။ ဒီနေ့ခေတ်လိုဆိုရင်တော့ တောင်အတ္တလန်တစ်အလယ်ပိုင်း အဲဒီခပ်သေးသေး မီးတောင်ကျွန်းလေးကနေ လွတ်မြောက်ဖို့လမ်းစ နယိုလီယံ ရှာတွေ့နိုင်မှာပါ။ စိန့်ဟယ်လန်နာကျွန်းဟာ အားကြီးတဲ့ဗြိတိသျှအင်ပါယာရဲ့ ပြန့်ကျဲသိမ်းပိုက်ထားခဲ့တဲ့ပိုင်ဆိုင်မှုတွေထဲကတစ်ခုပါ။ အာဖရိကနဲ့ တောင်အမေရိကကြားမှာတည်ရှိနေတဲ့ သီးခြားကျွန်းလေးပါ။ နပိုလီယံခေတ်ကတော့ ဥရောပကနေ စိန့်ဟယ်လန်နာကျွန်းဆီကို ရောက်ရှိဖို့ အချိန်အတော်ကြာခဲ့တယ်ဆိုတာ ချဲ့ကားပြောခဲ့ကြတာမဟုတ်ပါဘူး။ တချိန်က စိန့်ဟယ်လန်နာကျွန်းဟာ ဥရောပနဲ့ အာရှကြား အငူဝန်းကျင်လမ်းကြောင်းကနေ ခေါက်တုံ့ခေါက်ပြန်ရွက်လွှင့်ခဲ့ကြတဲ့ သင်္ဘောတွေရဲ့ ရပ်နားရာ အရေးကြီးဆိပ်ကမ်းတစ်ခုဖြစ်ခဲ့တယ်။ 


RMS St. Helena သင်္ဘောဟာ အဲဒီ စိန့်ဟယ်လန်နာကျွန်းဆီကို သုံးပတ်မှာတစ်ကြိမ် တောင်အာဖရိက Cape Town မြို့တော်ကနေ ၅ရက်ခွဲ ခရီးနှင်ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာတော့ ပြောင်းလဲဖို့ဖြစ်လာပါပြီ။ အသစ်စက်စက်လေဆိပ်တစ်ခု လာမယ့် ၂၀၁၆ မှာ ဖွင့်လှစ်တော့မှာပါ။ တချို့လေကြောာင်းလိုင်းတွေဟာလည်း တသီးတခြားဖြစ်နေခဲ့တဲ့ကျွန်းလေးဆီ ဆက်သွယ်သွားလာရေးလွယ်ကူအောင် လေကြောင်းခရီးတွေစီစဉ်ထားပြီးကြပါပြီ။ South African နဲ့ British Airways လုပ်ငန်းပိုင် Comair လေကြောင်းလိုင်းဟာ ကျွန်းနဲ့ ဂျိုဟန်နီးစဘာဂ့်ဆီ အပတ်စဉ်လေယာဉ်ပျံသန်းဖို့ စီစဉ်နေပါတယ်။ British Airways လေယာဉ်မှုးဟောင်းတွေ စတင်တည်ထောင်ခဲ့တဲ့ Atlantic Star Airlines ဟာလည်း စိန့်ဟယ်လန်နာကျွန်းကနေ ယူကေကို လေကြောင်းကသွားနိုင်ဖို့ စီမံကိန်းအဆင်သင့်ဖြစ်နေခဲ့ပါပြီ။ ဒီစီမံကိန်းဟာ စိန်ခေါ်မှုတွေမရှိတာတော့မဟုတ်ဘူး။ ဒီခရီးအတွက် အမှန်ကန်ဆုံးလေယာဉ်အဖြစ် ဘိုရင်း 757 ကို ရွေးချယ်ထားတယ် လို့ Atlantic Star Airlines CEO ရစ်ချတ်ဘရောင်းက ပြောပါတယ်။ ဘရောင်း ဒီကျွန်းအကြောင်း အပြင်းအထန်စိတ်ဝင်စားနေတာသေချာလှသလို ကျွန်းနဲ့ပတ်သက်ပြီးစီးပွားရေးပြောင်းလဲနိုင်ဖို့လည်း စိတ်အားထက်သန်နေတယ်။ စီးပွားဖြစ်လေကြောင်းလိုင်းတစ်လိုင်းဖြစ်လာဖို့ ရည်ရွယ်တာမဟုတ်ဘဲ စိန့်ဟယ်လန်နာ အသိုက်အဝန်း တန်ဖိုးမြင့်တက်လာဖို့၊ ကျွန်းလေးရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ အဓိကနေရာကနေပါဝင်နိုင်ဖို့လည်း ရည်ရွယ်တာလို့ ဘရောင်းက ပြောပါတယ်။ 

ဥရောပနဲ့ စိန့်ဟယ်လန်နာကျွန်းကြား လက်ရှိခရီးသွားအနေအထားမှာ အချိန်ရော ငွေကြေးပါ များများသုံးနေရတဲ့ခရီးဖြစ်နေတယ်။ ခရီးသွားတွေဟာ Cape Town ကို ရောက်ပြီးရင် RMS St. Helena သင်္ဘောကိုစီးလို့ ၅ ရက်ခွဲခန့် ပင်လယ်ထဲမှာ အချိန်ဖြုန်းလိုက်ရတယ်။ ကျွန်းဆီကို ရောက်ပြီးတဲ့အခါမှာလည်း ပြန်လည်ထွက်ခွာဖို့ သင်္ဘောနောက်တစ်ကြိမ်လာမယ့်အချိန်ကို စောင့်ရပါသေးတယ်။ ပြောင်းလို့ပြင်လို့မရဘဲ တစ်လလောက်ကြာ အချိန်ယူကိုယူရတဲ့ခရီးစဉ်ဖြစ်နေတော့ ချမ်းသာကြွယ်ဝတဲ့ခရီးသွားအနည်းငယ်ပဲ တတ်နိုင်ကြတာပေါ့။ ကျွန်းသူကျွန်းသားတွေအတွက်လည်း အထီးကျန်ဆန်ဆန် တသီးတခြားနေထိုင်ရတဲ့ဆင်မပြေမှုတွေ ထိခိုက်ခံစားကြရတယ်။ စိန့်ဟယ်လန်နာကျွန်းမှာ လူဦးရေ ၄၅၀၀ ခန့်ရှိပြီး  တခြားဒေသခံကျွန်းသား Saints ၁၀၀၀၀ ခန့်ဟာ အများစု ယူကေမှာနေထိုင်ကြပါတယ်။ ရေခြားမြေခြားမှာ အလုပ်လုပ်ဖို့နဲ့ ပညာသင်ဖို့ ကျွန်းလေးကနေ စွန့်ခွာကြသူတွေပါ။ သူတို့ဟာ ကိုယ်ချစ်ခင်သူတွေနဲ့ အချိန်ကြာဝေးကွာနေရတာကို ကြိတ်မှိတ်ထားရတယ်။ အခုလို လေကြောင်းဝန်ဆောင်မှုအသစ်ရှိလာမယ်ဆိုရင် အဲဒါဟာကျွန်းသားတွေရဲ့ အမြင့်ဆုံးမျှော်လင့်ချက်ဆိုတာ အံ့သြစရာမရှိပါဘူး။ 

ပြိုင်ဘက်ကင်းတဲ့ကျွန်းလေး
လေကြောင်းဆက်သွယ်မှုတွေဟာ စိန့်ဟယ်လန်နာကျွန်းရဲ့စီးပွားရေးမှာကြီးမားတဲ့ပြောင်းလဲမှုဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားကြတယ်။ ခရီးသွားလုပ်ငန်းအတွက် ဧည့်ဂေဟာနည်းနည်းပဲရှိနေတော့ အကန့်အသတ်နဲ့ပဲတည်းခိုနိုင်ကြတယ်။ စိန့်ဟယ်လန်နာဟာ ပျောက်ဆုံးနေတဲ့ သုခဘုံလို့တောင်ညွှန်းဆိုကြသေးတယ်။ ကောင်းမွန်တဲ့ဂေဟစနစ်နဲ့အတူ သဘာဝပတ်ဝန်းကျင်ဟာ သဘာဝအတိုင်းမပျက်မစီးဘဲရှိနေပါတယ်။ မြို့တော် Jamestown ဟာ မျက်စိပသာဒဖြစ်စရာရှုမျှော်ခင်းတွေ ပေါများတယ်။ သမိုင်းဆိုင်ရာတည်နေရာတွေလည်း အများကြီးပဲရှိတယ်။ တချို့ဆက်နွယ်နေတာက ဗြိတိသျှ Royal Navy ကျွန်စနစ်ဆန့်ကျင်ရေးဌာချချုပ်ဖြစ်ခဲ့တဲ့ ကျွန်းရဲ့ ပြီးခဲ့တဲ့ဇာတ်ရုပ်ကြောင့်ပါ။ စိန့်ဟယ်လန်နာကျွန်းရဲ့ ရှုမဆုံးနိုင်လှပတဲ့ မြင်ကွင်းတွေထဲက အကျော်ကြားဆုံးကတော့ နပိုလီယံ သေဆုံးချိန်အထိနေထိုင်ခဲ့တဲ့ Longwood စံအိမ်ပါပဲ။ ဒေသခံတွေကလည်း ဒီအချက်တွေကြောင့် ခရီးသွားလုပ်ငန်းနဲ့ ကျွန်းလေးရဲ့ စီးပွားရေးကို မြှင့်တင်နိုင်ဖို့ စီစဉ်နေကြတာပါ။ အခန်း ၄၀ ပါဝင်တဲ့ ဟိုတယ်အသစ် လာမယ့်နှစ်မှာဖွင့်လှစ်တော့မှာပါ။ တချို့အော်ပရေတာတွေ အလုပ်လုပ်နေကြပါပြီ။ ကျွန်းဟာ အရွယ်အစားသေးငယ်ပေမယ့် ကျွန်းလေးပေါ်မှာ ပြုလုပ်စရာ၊ ကြည့်ရှုစရာ ပြတ်လပ်သွားမှာမဟုတ်ပါဘူး။ ကျွန်းရဲ့ ပတ်လည်က သဘာဝအတိုင်းရှင်းသန့်နေတဲ့ပင်လယ်ရေပြာပြာထဲမှာ ဝေလငါးနဲ့ လင်းပိုင်တွေ စောင့်ကြည့်ဖို့ အခွင့်အရေးများလှတယ်။ ကြယ်တွေကို စောင့်ကြည့်လေ့လာဖို့လည်း အပြည့်စုံဆုံးနေရာဖြစ်နေပါတယ်။ ဟယ်လီကြယ်တံခွန်တွေ့ရှိခဲ့တဲ့ အင်္ဂလိပ် နက္ခတ္တဗေဒပညာရှင် အက်ဒမွန်ဟယ်လီဟာ အဝေးကြည့်မှန်းပြောင်းတစ်လက်အကူအညီနဲ့ ပထမဆုံး star catalogue အတွက် စိန့်ဟယ်လန်နာကျွန်းမှာ အလုပ်လုပ်ခဲ့ပါတယ်။

နပိုလီယံ လက်ကျန်အမွေအနှစ်
ကမ္ဘာလှည့်ခရီးသွားဈေးကွက်မှာ အလားအလာအကောင်းဆုံးကတော့ နပိုလီယံခေတ်ကို စိတ်ဝင်တစားလေ့လာလိုသူတွေအတွက်ပါ။ ဒီနေ့ထိ အထီးကျန်တည်ရှိနေဆဲ စိန့်ဟယ်လန်နာကျွန်းသေးသေးလေးဆီကို ပြင်သစ်ခရီးသွားတွေပုံမှန်လာရောက်နေခဲ့ကြတယ်။ သူတို့ရဲ့ ဧကရာဇ်ဟောင်းနဲ့ ဆက်နွယ်နေတဲ့တည်နေရာတစ်ခုကို မြင်တွေ့ချင်ကြလို့ ခက်ခဲတဲ့ခရီးတစ်ခုဖြစ်နေသေးတာတောင် မှန်မှန်ရောက်လာခဲ့ကြတာပါ။ နပိုလီယံအဆောက်အဦးဟာ စိန့်ဟယ်လန်နာရဲ့ ထူးခြားတဲ့လက္ခဏာဖြစ်နေတာက ဗြိတိသျှပိုင်နက်ကျွန်းနယ်မြေအတွင်းက ပြင်သစ်ပိုင်အဖြစ်ထိန်းသိမ်းထားနိုင်လို့ပါ။ ဒီအဆောက်အဦတွေဟာ ပြင်သစ်ရဲ့ တိုက်ရိုက်အုပ်ချုပ်အောက်မှရှိနေတာဟာ ပြင်သစ်တွေအတွက် ပျော်ရွှင်ကြည်နှုးမှုဖြစ်စေတယ်။ အဆောက်အဦပေါ်မှာ လွင့်ပျံနေတဲ့ ပြင်သစ်အလံနဲ့ ပြင်သစ်ကောင်စစ်ဝန်ရုံးရှိနေနိုင်သေးတာ ဂုဏ်ယူစရာဖြစ်နေခဲ့ပါတယ်။ 

အရည်အသွေးအကောင်းဆုံး ကော်ဖီ
စိန့်ဟယ်လန်နာမှာ ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်စရာနောက်ထပ်တစ်ခုရှိနေသေးတယ်။ အဲဒါက ၁၈ ရာစုကတည်းက ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးခဲ့ကြတဲ့ ကော်ဖီစိုက်ခင်းတွေကြောင့်ပါ။ ရီမန်ကနေ ကော်ဖီစေ့တွေသယ်ယူစိုက်ပျိုးခဲ့ကြတာပါ။ ရှားပါးပြီး အမျိုးအစားကောင်းလှတဲ့ ကော်ဖီထုတ်လုပ်ပေးနိုင်ပါတယ်။ နပိုလီယံကိုယ်တိုင် အထူးချီးမွမ်းခဲ့တဲ့ ကော်ဖီအနံ့အရသာပါ။ လတ်တလော ကမ္ဘာအဝှမ်းက ကော်ဖီအရသာကျွမ်းကျင်သူတွေကလည်း အသိအမှတ်ပြုချီးကျူးကြတယ်။ ကော်ဖီစေ့တွေဟာ စိုထိုင်းမှုနဲ့ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် အနံ့အရသာပြောင်းလဲနိုင်ကြတယ်။ ဈေးကွက်ထဲကိုအရောက်ပို့ဖို့ ကြာရှည်လှတဲ့ခရီးစဉ်အတွင်း ယိုယွင်းပျက်စီးမှုရှိနိုင်ပါတယ်။ လေကြောင်းခရီးနဲ့ ဈေးကွက်တင်နိုင်မယ်ဆိုရင်တော့ ကော်ဖီထွက်ကုန်ဟာ စိန့်ဟယ်လန်နာကျွန်းလေးရဲ့ တန်ဖိုးအကြီးဆုံးလူသုံးကုန်ပစ္စည်းဖြစ်လာနိုင်မှာပါ။ 

စိန့်ဟယ်လန်နာရဲ့ မီးတောင်မြေသားရှုခင်းတွေနဲ့ သဘာဝမြေမျက်နှာပြင်အလှကြောင့် သဘာဝလောကပညာရှင် ချားလ်စ်ဒါဝင်ဟာလည်း အင်မတန်စိတ်ဝင်စားခဲ့တယ်။ ၁၈၃၆ ခုနှစ်မှာ စိန့်ဟယ်လန်နာကျွန်းမှာ ရပ်နားပြီး လေ့လာစူးစမ်းမှုတွေပြုလုပ်ခဲ့တယ်။  စိန့်ဟယ်လန်နာကျွန်းလေးကို ကမ္ဘာ့မြေပုံပေါ်မှာ ထောက်ကြည့်လိုက်ရင်၊ ဒါမှမဟုတ် မျက်ဝါးထင်ထင်မြင်ကွင်းအရလည်း သေးငယ်တဲ့ကျွန်းလေးဖြစ်နေတော့ မေ့လျော့ဖို့ လွယ်ကူနိုင်သလိုဖြစ်နေပါလိမ့်မယ်။ နပိုလီယံ၊ ဒါဝင်နဲ့ ဟယ်လီတို့ရဲ့ အရိပ်အငွေ့တွေကျွန်းလေးပေါ်မှာ ကျန်ရှိနေဆဲပါ။ ကျွန်းလေးပြင်ဆင်နေတဲ့ ပထမဆုံးလေကြောင်းခရီးစတင်နိုင်ပြီဆိုရင် ကမ္ဘာ့ခရီးသွားလုပ်ငန်းမှာ ရွေးချယ်စရာအကောင်းဆုံးနေရာတစ်ခုအဖြစ် ပေါ်ထွက်လာပါလိမ့်မယ်။ ဖုံးကွယ်နေတဲ့ ရတနာတစ်ပါး ပြန်ပြီးထွက်ပေါ်လာဖို့ စောင့်ဆိုင်းနေပြီလို့ဆိုရမှာပေါ့။


Source: Remote Atlantic runway to open up Napoleon's hidden island | CNN Travel

ဖြိုးဖြိုး
(Living Fashion Magazine, November, 2015)

No comments: