Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, October 20, 2015

ခရီးသွားသတင်းများ

တိုက်တန်းနစ်သင်္ဘောပေါ်က နောက်ဆုံးနေ့လယ်စာ
ကြမ္မာဆိုးကြုံခဲ့ရတဲ့ တိုက်တန်းနစ်သင်္ဘောကြီးရဲ့ နောက်ဆုံး first-class နေ့လယ်စာစားသောက်ဖွယ်စာရင် မူရင်းကို အွန်လိုင်းလေလံတင်ပွဲတစ်ခုကနေ စုဆောင်းသူတစ်ဦးဆီ ဒေါ်လာ ၈၈၀၀၀ နဲ့ ရောင်းချခဲ့ပါတယ်။ အဲဒီစာရင်းစာရွက်ကို ပထမတန်းခရီးသည် Abraham Lincoln Salomon က သိမ်းဆည်းဖြစ်ခဲ့တာပါ။ သူဟာ တိုက်တန်းနစ်သင်္ဘော အတ္တလန်တစ်ရဲ့ ကျင်စက်အေးခဲနေတဲ့ရေခဲတွေပြည့်နေတဲ့ရေထဲ စတင်နစ်မြုပ်ခဲ့တော့ အသက်ကယ်လှေတစ်စင်းပေါ်နေရာယူခဲ့ကြတဲ့ သူဌေးသူကြွယ်ထဲက တစ်ဦးပါ။ အဲဒီအသက်ကယ်လှေကို "ငွေလှေ" "မီလျံနာတွေရဲ့လှေ"လို့တောင် ခေါ်ခဲ့ကြတယ်။
အဲဒီအသက်ကယ်လှေကို ဘေးအန္တရာယ်ကြားထဲမှာ လူတွေများများကယ်ဆယ်ရေးထက် ချမ်းသာတဲ့ခရီးသည်တွေက လာဘ်ပေးပြီးယူဆောင်ထားလိုက်တာပါ။ စာရင်းစာရွက်ရဲ့ကျောဘက်မှာ တခြားပထမတန်းခရီးသည်တစ်ဦးဖြစ်တဲ့ Isaac Gerald Frauenthal က ခဲတံနဲ့ လက်မှတ်ထိုးထားပါတယ်။ စာရင်းစာရွက်ကိုကြည့်ပြီး ပင်လယ်ထဲရွက်လွှင့်နေတဲ့သင်္ဘောတစ်စီးရဲ့ ကြွယ်ဝမှုနဲ့ အဲဒီနေ့တွေက အစားအသောက်ဖက်ရှင်တွေပါ သိရှိနိုင်စေတယ်။ စားသောက်ခန်းမှာ ပင်လယ်ငါးတစ်မျိုးရဲ့အသားပြား၊ cock-a-leekie(စကော့တစ်ရှ်ကြက်သွန်မိတ်ကြက်သားစွပ်ပြုပ်)နဲ့ ဧည့်ခံကြတယ်။ ဘူးဖေးစနစ်လည်းပါရှိတာပါပဲ။ ဘူဖေးမှာ ပုစွန်၊ အချဉ်တည်ထားတဲ့ ငါးသလောက်နဲ့ အမဲခေါင်း၊ အမဲဆားနယ်တွေလည်း ပါဝင်ကြတယ်။ နေ့လယ်စာအပြီးမှာ အသအချာပြင်ဆင်ထားတဲ့ ချိစ်အမျိုး ၈ မျိုးနဲ့လည်း ဧည့်ခံကြတယ်။ နယူးယောက်အခြေစိုက်အမှတ်တရလက်မှတ်လေလံတင်အဖွဲ့ Lion Heart Autographs ဟာ အသက်ကယ်လှေထဲက အသက်ရှင်သန်ကျန်ရစ်သူရဲ့ ဆွေမျိုးတစ်ဦး အမည်မဖော်လိုသူရဲ့ စာရင်းစာရွက်ကို ရောင်းချဖို့စီစဉ်ခဲ့တယ်။ နောက်ဆုံးပထမတန်းနေ့လယ်စာအတွက် စာရွက် ၃ ခု ဒါမှမဟုတ် ၄ ခုထဲ ကျန်ရစ်ခဲ့တယ်လို့ဆိုကြတယ်။ အဲဒီထဲက စာရင်းစာရွက်တစ်ရွက်ပါ။ စာရင်းစာရွက်အတွက် ခန့်မှန်းတန်ဘိုး ဒေါ်လာ ၅၀၀၀၀၀ နဲ့ ဒေါ်လာ ၇၀၀၀၀ ခန့်မျှော်မှန်းထားကြတယ်။ တခြား တိုက်တန်းနစ်သင်္ဘောက ကျန်ရစ်ခဲ့တဲ့ရှေးဟောင်းပစ္စည်း နှစ်ခုက "Money Boat" လို့လူသိများခဲ့တဲ့ အသက်ကယ်လှေ ၁ ပါ။ တိုက်တန်းနစ်သင်္ဘောရှာတွေတဲ့ နှစ် ၃၀ မြောက်အမှတ်တရလေလံပွဲမှာ ရောင်းချခဲ့ပြီးပါပြီ။ နောက်တစ်ခုက တူရကီရေချိုးကန်တွေဆီမှာထားရှိတဲ့ ကိုယ်အလေးချိန် ချိန်တဲ့ထိုင်ခုံက ပုံနှိပ်ထုတ်ထားတဲ့လက်မှတ်လေးတစ်စောင်ပါ။ အဲဒီလက်မှတ်ကိုတော့ ဒေါ်လာ ၁၁၀၀၀ နဲ့ ရောင်းချခဲ့ပါတယ်။ အသက်ကယ်လှေတာဝန်ရှိဝန်ထမ်းတစ်ဦးကို လာဘ်ပေးခဲ့တယ်လို့ဆိုကြတဲ့ သူဆီရေးထားတဲ့စာတစ်စောင်ကိုတော့ ဒေါ်လာ ၇၅၀၀ နဲ့ ရောင်းချခဲ့ကြတယ်။ တိုက်တန်းနစ်သင်္ဘောဟာ ၁၉၁၂ ဧပြီ ၁၅ ရက်နေ့မှာ အတ္တလန်တစ်သမုဒ္ဒရာထဲ ပထမဆုံးခရီးနှင်ခဲ့တယ်။ အဲဒီပထမဆုံးခရီးစဉ်မှာပဲ ပင်လယ်ထဲမျောနေတဲ့ရေခဲစိုင်ကြီးနဲ့ တိုက်မိခဲ့ပြီးနစ်မြုပ်ခဲ့ရပါတယ်။ ခရီးသည်နဲ့ သင်္ဘောအမှုထမ်းပေါင်း ၂၂၀၀ ကျော်ထဲက ၁၅၁၇ ဦး သေဆုံးခဲ့ကြတယ်။ အဲဒီဖြစ်ရပ်ဆိုးကြီးထဲကနေ အသက်ရှင်လွတ်မြောက်ခဲ့ကြသူတွေလည်း ဒီနေ့မှာတော့ တစ်ဦးမှ သက်ရှိထင်ရှားမရှိကြတော့ပါဘူး။ ကျန်ရစ်ခဲ့တဲ့ အမှတ်တရပစ္စည်းတွေကတော့ ကမ္ဘာမှာစိတ်ကူးအာရုံဖမ်းစားနိုင်စွမ်းရှိနေဆဲပါပဲ။

အာကာသဆီ တစ်ညအိပ်ခရီး
အာကာသထဲသွားနိုင်ဖို့ အမြဲစိတ်ကူးအိပ်မက်မက်နေခဲ့ပေမယ့် အာကာသယာဉ်မှူးတစ်ဦးရဲ့ အလွန်ပင်ပန်းလှတဲ့လေ့ကျင့်မှုမျိုးကို ကြုံဖူးကြမှာမဟုတ်ဘူး။ မကြာတော့ပါဘူး ကမ္ဘာကြီးကိုမခွဲခွာဘဲ စိတ်ကူးယဉ်အိပ်မက်ကို အကောင်အထည်ဖော်နိုင်တော့မှာပါ။ ဆွစ်ဇာလန်နိုင်ငံ Zurich မြို့ Kameha Grand Zurich ဟိုတယ်ဟာ အာကာသစခန်းတစ်ခုရဲ့ အတွင်းအပြင်အဆင်အသစ်ပြင်ဆင်ထားတာ ပြသခဲ့ပါတယ်။ Grand Kameha ရဲ့အာကာသခန်းဟာ zero gravity အိပ်ရာနဲ့အတူ မြေပြင်ကနေ ဆွဲအားမဲ့မျောပါနေသလို ခံစားရစေမှာပါ။ ရေနွေးငွေ့ရေချိုးကန်မှာလည်း စကြဝဠာထဲကမြင်ကွင်းမျိုးခံစားကြည့်ရှုနိုင်အောင်ဖန်တီးထားပါတယ်။ လတ်တလော hit ဖြစ်နေတဲ့ ဒါရိုက်တာ Ridley Scott's ရဲ့ အာကာသစွန့်စားခန်းရုပ်ရှင်သစ်ကို စိတ်ဝင်စားနေကြတဲ့သူတွေအတွက် စိတ်ထွက်ပေါက်ပေးနိုင်မယ့် အတွေ့အကြုံဖြစ်စေပါလိမ့်မယ်။ အာကာသခန်းဒီဇိုင်းက ဂျာမန် artist Michael Najjar ရဲ့လက်ရာပါ။ Najjar ဟာ ပထမဆုံးစီးပွားဖြစ်အာကာသပို့ဆောင်ရေးလိုင်း Virgin Galactic ရဲ့ ခရီးသွားအာကာသယာဉ်မှုးတွေထဲက တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၃ နှစ်က လေ့ကျင့်မှုပြုလုပ်ခဲ့တယ်။ သူ့ရဲ့ ဓာတ်ပုံ၊ ဗီဒီယို artwork တွေမှာလည်း အာကာသအတွေ့အကြုံတွေမကြာခဏထည့်သွင်းအသုံးပြုရှိသူပါ။ "ရည်ရွယ်ချက်ဆိုရရင် သက်တောင့်သက်သာရှိလှတဲ့အိပ်ခန်းတစ်ခုဖန်တီးတာ တစ်မျိုးတည်းမဟုတ်ဘဲ အာကာသစခန်းတစ်ခုထဲမှာ နေထိုင်ရှင်သန်သူတစ်ဦးရဲ့ ပတ်ဝန်းကျင်ထဲနှစ်မြုပ်ပျော်ဝင်သွားစေဖို့ ဖန်တီးထားက ပိုပါတယ်လို့ Najjar က ပြောပါတယ်။ အခန်းထဲရောက်လာတဲ့ဧည့်သည်တွေဟာ ဟိုတယ်ခန်းတစ်ခုထဲရောက်နေတယ်ဆိုတာ မေ့သွားလိမ့်မယ်။ အာကာသစခန်းထဲရောက်နေတယ်ဆိုတဲ့ခံစားမှုမျိုးပဲ ရရှိနေပါလိမ့်မယ်လို့ ဆိုတယ်။ အခန်းထဲက two-screen ဗီဒီယိုအင်စတော်လေးရှင်းမှာလည်း ကမ္ဘာပတ်လမ်းကြောင်းထဲက ဂြိုဟ်သိမ်ဂြိုဟ်ပဲ့တွေ ဝဲလည်လှည့်နေတာနဲ့ ဒုံးပျံအင်ဂျင်တွေကြောင့်ဖြစ်လာတဲ့ အာကာသထဲကမီးအလင်းတွေပြသထားပါတယ်။ ဖုန်းနဲ့ key card တွေကိုင်တွယ်ဖို့ အာကာသထဲသုံးထဲလက်အိတ်ပုံစံ နံရံကပ်စင်ကလည်းစိတ်ဝင်စားစရာပါ။ အခန်းထဲက စာကြည့်ခန်းမှာ အာကာသခရီးသွားနဲ့သက်ဆိုင်တဲ့ စာအုပ်၊ audio book တွေဖတ်ကြည့်နိုင်တယ်။ နားထောင်နိုင်ကြတယ်။ နိုင်ငံတကာအာကာသစခန်းနဲ့ NASA TV ကို တိုက်ရိုက်ချိတ်ထားတဲ့ သတင်းလိုင်းတွေလည်း ကြည့်ရှုနိုင်ကြမှာပါ။ တစ်ညတာအတွက် ဟိုတယ်အခန်းခက ဒေါ်လာ ၂၀၀၀ခန့်ရှိပါလိမ့်မယ်။ Kameha Grand Zurich ရဲ့ နှစ်ညတာ package ယူမယ်ဆိုရင် တစ်ညအတွက် ဒေါ်လာ ၁၈၉၀ ကျသင့်ပြီး အာကာသခန်းမှာ အိပ်ရာ၊ နံနက်စာတွေပါဝင်မယ်။ ရောက်ရောက်ချင်းမှာ airbus A320 လေယာဉ်နဲ့  ၁နာရီခွဲစာ ကိုယ်ခန္ဓာ လေမှာ အဆင်ပြေပြေပျံဝဲနိုင်အောင်လေ့ကျင့်ပေးပါလိမ့်မယ်။ Michael Najjar ရဲ့ artwork တွေ ပါဝင်တဲ့ စာအုပ်၊ art လက်ဆောင်တစ်ခု နဲ့ Najjar ရဲ့ ဘာလင်က စတူဒီယိုမှာ တွေ့ဆုံနိုင်မယ့် ဖိတ်ကြားစာ စတာတွေ ရရှိနိုင်မှာပါ။

Digital ခေတ်ထဲက နေရာသစ်ဆီရွှေ့ပြောင်းကြသူများ
Kenya ဒေသရဲ့ ရွှေရောင်လွှမ်းနေတဲ့ ဆာဗားနားမြက်ခင်းလွင်ပြင်တစ်လျှောက် ခရမ်းရောင်ရင်အုပ်လုံးလုံး roller ငှက်လေးတွေကို ဆာဖာရီခရီးသုံးကားတစ်စီးပေါ်ကနေ ကြည့်ရှုနိုင်မယ်။ မြေပြင်ပေါ်မှာ အာဖရိကသမင်တွေ၊ မြင်းကျားတွေနဲ့ တခြား တောရိုင်းတိရစ္ဆာန်တွေဟာ အာဖရိကအရှေ့ပိုင်းကိုဖြတ်ကာ ပိုပြီးစိမ်းလန်းမယ့်စားကျက်တွေရှိရာဆီ ပြောင်းရွှေ့ကြတဲ့ အလုအယက်ပြုံတိုးရွှေ့ပြောင်းကြတဲ့ Great Migration ဖြစ်စဉ်ကို ကြည့်ရှုနိုင်ကြမယ်။ Maasai Mara National Reserve ဒေသက ဆာဖာရီလမ်းညွှန်တွေဟာ Great Migration ကို ကမ္ဘာ့ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ Mara မြစ်အနီးကနေ ဖုံခိုးဖုံငွေ့တွေ အလိပ်လိပ်ထောင်းထောင်းထ ပိတ်ဖုံးနေတဲ့မြင်ကွင်းကနေ အာဖရိကသမင်တွေအလုအယက်ပြေးဝင်လာတဲ့ မြင်ကွင်းမျိုးရိုက်ကူးထုတ်လွှင့်ခဲ့ကြတယ်။ အောက်တိုဘာ ၅ ရက်နေ့ကနေစတင်ပြီး  Van Kets နဲ့ Verhof တို့ဟာ ကင်ညာက Masai Mara Reserve တစ်ဝှမ်း မိနစ် ၄၀ စာ နေ့စဉ်ထုတ်လွှင့်ခဲ့ကြပါတယ်။ Google Map ရဲ့ HerdTracker application နဲ့လည်း ပူးပေါင်းပြသခဲ့ကြတယ်။ Perisocope ဒါမှမဟုတ် YouTube ကိုသုံးပြီး တိုက်ရိုက်ပြသနေတဲ့အချိန်မှာ ရိုက်ကူးနေသူတွေကနေ သူတို့ ဘာတွေမြင်နေရတဲ့ မြင်ကွင်းတွေကို ပြောပြပေးနေကြတယ်။ အာဖရိကခြင်္သေ့ကြီးတွေပြေးလွှားပြီး မြစ်ကိုဖြတ်ကူးနေကြတဲ့ သမင်တွေ ဆင်တွေ တွေ့ရှိသမျှ လိုက်လံသတ်ဖြတ်ကြတဲ့မြင်ကွင်းမျိုးတွေလည်း ပါဝင်တယ်။ ကြည့်ရှုသူတွေကို like ဒါမှမဟုတ် comment တစ်ခုခု သူတို့ တိုက်ရိုက်မြင်တွေ့နေတာကို ရေးချပေးဖို့ တောင်းခံခဲ့ပါတယ်။ တချို့မေးခွန်းတွေက ရိုးရှင်းပါတယ်။ "ဆင်တွေဘာစားလဲ" ဒါမှမဟုတ် "ဆင်တွေမကြာခဏတစ်ကိုယ်တည်း သွားကြသလား" စတဲ့မေးခွန်းတွေ မေးထားတာပါ။ တချို့ စိတ်ရိုင်းဝင်နေတဲ့ ဆင်ကြီးတစ်ကောင် ရိုက်ကူးနေတဲ့ကားနားကို ကပ်လာတဲ့အခါ ကြည့်ရှုနေကြသူတွေက အသည်းငယ်ငယ်လန့်ဖြတ်ပြီး နောက်ပြောင်ရေးကြတာလည်းရှိပါတယ်။ "တစ်ယောက်ယောက် အဝတ်အစားအသစ်လိုချင်လို့ အနားကို ကပ်လာနေပြီ" စတဲ့ comment တွေရေးချကြတယ်။ ကင်ညာ ခရီးသွားအဖွဲ့ကလည်း Make it Kenya အစီအစဉ်နဲ့ ခရီးသွားအစီအစဉ်တွေပြုလုပ်နေကြပါတယ်။ ကင်ညာဒေသရဲ့ အာဖရိကတောရိုင်းတိရစ္ဆာန်တွေရဲ့ နေရာရွှေ့ပြောင်းပုံကို digital ခေတ်ထဲမှာ ပထမဆုံး တိုက်ရိုက်ကြည့်ရှုခဲ့ကြရတာမို့ ကင်ညာဒေသခရီးသွားအတွက် ပိုပြီးအထောက်အကူဖြစ်စေခဲ့မှာပါ။

to watch videos of Great Migration 2015
\
Source: CNN Travel

ဖြိုးဖြိုး
(Living Fashion Magazine, November, 2015)

No comments: