Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, October 02, 2015

ဂီတသတင်းများ

ဂျက်ပ်စန်က မတူလို့ မတုချင်ပါဘူးတဲ့
အသက် ၂၉ နှစ်အရွယ် ကနေဒီးယန်းအဆိုရှင်လေး Carly Rae Jepsen ဟာ Taylor Swift ကို ပြိုင်ဆိုင်ဖို့ မကြိုးစားပါဘူးလို့ ဆိုပါတယ်။ ဂျက်ပ်ဆန်ရဲ့ Emotion အယ်လ်ဘမ်အသစ်မှာ ၈၀ခုနှစ်က ပေါပ့်ဂီတပုံစံမျိုးပါဝင်နေတော့ တေလာဆွစ်ဖ်ရဲ့ 1989 အယ်လ်ဘမ်နဲ့ နှိုင်းယဉ်စရာတွေဖြစ်ခဲ့တာပေါ့။  1989 လို့ အယ်လ်ဘမ်နာမည်ပေးခဲ့တာက တေလာဆွစ်ဖ် ရဲ့ မွေးသက္ကရာဖ်ကို ယူပြီးပေးခဲ့တာပါ။ 1989 အယ်လ်ဘမ်ဟာလည်း ၈၀ခုနှစ်ဆီကခေတ်စားခဲ့တဲ့ ပေါ့ပ်သီချင်းအမျိုးအစားတွေပါ။ ဂျက်ပ်စန်ဟာ အသက် ၂၅ အရွယ် နာမည်ကျော်လေးတေလာရဲ့အမာခံပရိသတ်ဖြစ်နေပေမယ့် သူတို့ရဲ့ သီချင်းသံတွေ သိပ်တူလွန်းတယ်လို့ မထင်ခဲ့ပါဘူး။ "နှိုင်းယှဉ်စရာ လိုမယ်လို့ကို တကယ် မထင်ခဲ့ပါဘူး လို့ ရှင်းပြပါတယ်။ "တေလာက တကယ့်ကို ထူးခြားလွန်းတဲ့ အယ်လ်ဘမ်ထုတ်နိုင်ခဲ့တာပါ။ ဒါပေမဲ့ သူတို့ဟာ ကွဲပြားတဲ့သီချင်းအမျိုးအစားတွေဖြစ်ပြီး အကုန်လုံးအတွက် နေရာရှိတယ်လို့တော့ ကျွန်မထင်တာပဲ" လို့ ဂျက်ပ်ဆန်က ပြောပါတယ်။
နှိုင်းယှဉ်မှုတွေကို ဂျက်ပ်စန်က အရေးမစိုက်ခဲ့ပါဘူး။ ဂျက်ပ်ဆန်ရဲ့ hit ဖြစ်ခဲ့တဲ့ Call Me Maybe သီချင်းရဲ့ အောင်မြင်မှုတွေများခဲ့ပေမယ့် အယ်လ်ဘမ်အသစ်အတွက် ဖိအားတွေတော့များခဲ့တယ်။ ဂျက်ပ်စန်ဟာ သီချင်းတစ်ပုဒ်တည်း အံ့သြဖွယ်ရာကောင်းလောက်အောင်hit ဖြစ်တဲ့သူအဖြစ် တံဆိပ်ခတ်ခံရမှာ ကြောက်ရွံ့ပါတယ်။ အဲဒါကြောင့်ပဲ Emotion အတွက် အချိန်တွေအများကြီးယူပြီး သူကိုယ်တိုင် သီချင်းတွေအားလုံးရေးခဲ့ပါတယ်။ သီချင်းတစ်ပုဒ်အတွက်နှိုင်းယှဉ်ခံရတာ နည်းနည်းတော့ကြောက်မက်ဖွယ်ရာကောင်းတယ်။ အဲဒါ ထူးခြားတဲ့လက်ဆောင်ပါ။ ဒါပေမဲ့ စိန်ခေါ်မှုတစ်ခုအတိအကျပါ။ အယ်လ်ဘမ်အသစ်အတွက် အချိန်ယူရမှာ အသက်လောက်အရေးကြီးတယ်။ သီချင်းတိုင်းအတွက် အိမ်တအိမ်တကယ့်ကိုရှိခဲ့တယ်။ အဲဒီကိုရောက်သွားဖို့ အကြောင်းပြချက်တစ်ခုလည်းရှိတယ်။ အဲဒါကို သေချာအောင်လုပ်ခဲ့ပါတယ် လို့ ဂျက်ပ်စန်က ပြောပါတယ်။
ဂျက်ပ်စန်ရဲ့ Emotion မှာ ပါဝင်တဲ့ သီချင်းတွေပါ။
1. Run Away With Me
2. E•MO•TION
3. I Really Like You
4. Gimmie Love
5. All That
6. Boy Problems
7. Making The Most of the Night
8. Your Type
9. Let's Get Lost
10. L.A. Hallucinations
11. Warm Blood
12. When I Needed You
13. Black Heart
14. I Didn't Just Come Here To Dance
15. Favourite Colour
16. Never Get To Hold You
17. Love Again



လေလံပွဲက သီချင်းတစ်ပုဒ် စန္ဒရားအိုတစ်လုံး
Bob Dylan ရဲ့ ဆန္ဒထုတ်ဖော်တဲ့သီချင်း A Hard Rain's A-Gonna Fall သီချင်းစာသားလက်ရေးမူကြမ်းကို လန်ဒန်မှာ စက်တင်ဘာလထဲ လေလံတင်ဖို့ ရှိနေပါတယ်။ ပေါင် ၂သိန်း (ဒေါ်လာ၃၁၄၀၀၀)ရရှိဖို့ မျှော်မှန်းထားကြတယ်လို့ Sotheby လေလံအုပ်စုက ပြောပါတယ်။ လက်နှိပ်စက်နဲ့ရိုက်ထားတဲ့ သီချင်းစာသားရဲ့ ရက်စွဲမှာ ၁၉၆၂ လို့ ဖော်ပြထားတယ်။ လက်ရေးခပ်သော့သော့နဲ့ ပြန်ပြီးပြင်ဆင်ထားတဲ့ စာလုံးတွေရယ်၊ ဖျက်ရာပြင်ရ်ာတွေနဲ့ အဲဒီသီချင်းစာသားကို ၁၉၆၂ မှာ ဒိုင်လန် အသံသွင်းခဲ့ပါတယ်။ နောက်တစ်နှစ်မှာ The Freewheelin' Bob Dylan အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်အဖြစ် ပါဝင်လာခဲ့တယ်။ ဒိုင်လန်ရဲ့ ၁၉၆၅ လက်ရေးမူရင်း Like a Rolling Stone သီချင်းစာသား ကို ၂၀၁၄တုန်းက နယူးယောက် Sotheby မှာပဲ လေလံတင်ခဲ့စဉ်တုန်းက ဒေါ်လာ ၂ သန်း ကျော် ရရှိခဲ့တယ်။ ရောခ့်ဂီတလက်ရေးမူ အမျိုးအစားမှတ်တမ်းအဖြစ်ရောင်းချခဲ့တာပါ။ ဒါပေမဲ့ Hard Rain စာသားမှာတော့ မူကြမ်းလို့ဖော်ပြထားတယ်။ စာရိုက်ထားတာရယ်၊ လက်ရေးစာလုံးတွေရယ် ရောနေတာကြောင့် ခန့်မှန်းခြေ အနိမ့်ဆုံးလေလံကြေးသတ်မှတ်လိုက်တာ လို့ Sotheby က ပြောပါတယ်။ သီချင်းကအတူတူပေမယ့် ဒိုင်လန်ရဲ့ လက်ရေးမူကွဲပြားတဲ့ သီချင်းစာသားကို ၂၀၁၄ နယူးယောက်လေလံပွဲမှာ ဒေါ်လာ ၄၈၅၀၀၀ ရရှိခဲ့ပါတယ်။ ဒိုင်လန်ရဲ့ ၁၉၆၀ ခုနှစ်ထဲက အသံသွင်းခဲ့တဲ့ သီချင်းတွေလိုပဲ သီချင်းရေးဖို့ ဉာဏ်ကွန့်မြူးခဲ့ပုံကို ဆွေးနွေးမေးမြန်ခဲ့ကြတယ်။ ကျူးဘန်းဒုံးကျည်အရေးအခင်းအကြောင်း လှုံ့ဆော်ရေးသားထားတယ်လို့ မှတ်ချက်ပေးထားကို ဒိုင်လန်က ငြင်းဆန်ပါတယ်။ ဒါပေမဲ့  ၁၉၆၂ စက်တင်ဘာ၊ နယူးယောက်စီးတီး Carnegie Hall မှာပြလုပ်တဲ့ အရေးအခင်းပေါ်ထွက်မလာမီရက်သတ္တပိတ်အနည်းအလိုမှာ သီဆိုခဲ့တယ်။ မူကြမ်းစာသားကို အမေရိကန်တက်ကြွလှုပ်ရှားသူ Hugh "Wavy Gravy" Romney ရဲ့ ဇနီးဟောင်းက ရောင်းချခဲ့တာပါ။ ဒိုင်လန် ၂၁နှစ်အရွယ်မှာ နယူးယောက်ရဲ့ Greenwish Village က Gaslight Folk Club အပေါ်က Wavy Gravy ရဲ့ အခန်းမှာ စာရိုက်ခဲ့တယ်လို့ဆိုတယ်။ Sotheby ရဲ့ စက်တင်ဘာ ၂၉ လေလံပွဲမှာ Bruce Springsteen ရဲ့ နာမည်ကြီး ၁၉၇၅ ခုနှစ်က အယ်လ်ဘမ် Born to Run က အမှတ်တရပစ္စည်းလည်း ပါဝင်လိမ့်မယ်။ လက်မှတ်ထိုးထားတဲ့ Jungleland သီချင်းလက်ရေးစာသားက ခန့်မှန်းခြေ ပေါင် ၂ သောင်းနဲ့ ၃ သောင်းကြား(ဒေါ်လာ ၃၁၀၀၀-၄၇၀၀၀)နဲ့ Springsteen နဲ့ E Street Band တို့ရဲ့ အယ်လ်ဘမ်အတွက် အသံဖမ်းနေကြစဉ် အလုပ်များနေတဲ့ အဖြူအမည်းဓာတ်ပုံတွေလည်းပါဝင်တယ်။ နောက်ထပ် ABBA အဖွဲ့ရဲ့ စန္ဒရားကိုလည်း ပေါင် ၆ သောင်းကနေ ၈ သောင်း(ဒေါ်လာ၉၂၈၀၀၀ ကနေ ဒေါ်လာ ၁.၂ သန်း)နဲ့ လေလံတင်ကြပါလိမ့်မယ်။ Waterloo, Dancing Queen နဲ့ Money, Money, Money သီချင်းတွေမှာ ဆွီဒစ်ရှစ်လူမျိုး Georg Bolin တီးခဲ့တဲ့ စန္ဒရားဖြစ်တယ်လို့ Sotheby က ပြောပါတယ်။

အယ်လ်ဘမ်အသစ်တွေနဲ့ Adele နဲ့ Demi Lovato
အကြာကြီးပဲ စောင့်နေခဲ့ရတဲ့ Adele ရဲ့ တတိယအယ်လ်ဘမ် လာမယ့်နိုဝင်ဘာမှာ ထွက်ရှိပါလိမ့်မယ်။ Someone Like You အဆိုရှင်မလေးရဲ့ ၂၀၁၁ က ထွက်ရှိခဲ့တဲ့ 21 အယ်လ်ဘမ်ဟာ တစ်နှစ်ကျော်ခန့် bestseller စာရင်းဝင်နေခဲ့တာပါ။ အယ်လ်ဘမ်အသစ်ကိုတော့ 25 လို့ နာမည်ပေးထားတယ်လို့ ဆိုနေကြတယ်။ အဒဲလ် ၂၇ နှစ်ရှိပါပြီ။ ဒီအယ်လ်ဘမ်ကို ၂၅ နှစ်မှာ ထွက်ရှိဖို့ ပြင်ဆင်နေခဲ့ကြပေမယ့် ၂၀၁၂ ခုနှစ်ကမွေးဖွားခဲ့တဲ့ သူမရဲ့သား Angelo အတွက် မိခင်ဘဝမှာ အလုပ်တွေရှုပ်နေခဲ့တာရယ်၊ သူမရဲ့ label "XL" ကြောင့်လည်း အယ်လ်ဘမ်ကို ထွက်ဖို့ နောက်ကျခဲ့တာလို့ဆိုတယ်။ အမေရိကန်ဂီတသမား Danger Mouse က သီချင်းတွေရေးထားပြီး ဆွီဒစ်ရှ်ဂီတသမား Max Martin ကလည်း single တစ်ပုဒ်ရေးပေးထားတယ်။ ကနေဒီယန်း အဆိုတော်၊ သီချင်းရေးဆရာ Tobias Jesso Jr. ကလည်း သီချင်းတွေရေးထားတယ်။ အဒဲလ်ရဲ့ အယ်လ်ဘမ် 21 ထုတ်ဝေခဲ့သူ OneRepublic က Ryan Tedder လည်း အယ်လ်ဘမ်အသစ်မှာ လက်တွဲပါဝင်ထားတယ်။ အဒဲလ်ရဲ့ ပထမဆုံး အယ်လ်ဘမ် 19 က၂၀၀၈ ခုနှစ်မှာ၊ အယ်လ်ဘမ် 21 က ၂၀၁၁ ခုနှစ်မှာထွက်ရှိခဲ့ပါတယ်။ နာမည်ကြီးသီချင်းရေးသူတွေအမြဲပါဝင်နေတတ်တဲ့ အဒဲလ်ရဲ့ အယ်လ်ဘမ်တွေဟာ ပရိသတ်အတွက် စိတ်ဝင်စားစရာပါပဲ။ ပေါပ့်ရောခ့်အဆိုရှင်လေး Deme Lovato ရဲ့ အယ်လ်ဘမ်အသစ် Confident လည်း လာမယ့် အောက်တိုဘာ ၁၆ မှာထွက်ရှိမှာပါ။ လိုဗာတိုရဲ့ အယ်လ်ဘမ်အသစ်မှာ ပါဝင်တဲ့သီချင်းနာမည်တွေကို Adam Lambert, Kim Kardashian, Nick Jonas နဲ့ တခြား နာမည်ကျော်တွေက twitter မှာ တစ်ပုဒ်စီဖော်ပြကြတယ်။ လိုဗာတိုက အယ်လ်ဘမ်ထဲက သီချင်း နံပါတ် ၁ က Confident ပါလို့ tweet လိုက်ပြီး ကာဒါရှီရန်က သီချင်း နံပါတ် ၁၃ က Mr. Hughes စသဖြင့် လိုဗာတိုရဲ့ သီချင်းနာမည်တွေကို ပရိသတ်တွေ သိအောင် ဖော်ပြလိုက်တဲ့ ကြော်ငြာနည်းတစ်မျိုးက စိတ်ဝင်စားဖို့ ကောင်းလှတယ်။ အခုဆိုရင် လိုဗာတိုရဲ့ အယ်လ်ဘမ်အသစ်က သီချင်းတွေရဲ့ စာရင်းအကုန်သိလိုက်ရလို့ လိုဗာတိုရဲ့ Confident ကိုလည်း ဂီတပရိသတ်တွေ စောင့်မျှော်နေကြပါပြီ။

Eagles တစ်ကောင်ရေးတဲ့ ကိုယ်တွေ့မှတ်တမ်း
အမေရိကန် ရောခ့်အဖွဲ့ Eagles အဖွဲ့သား Joe Walsh ဟာ ဂီတလောကမှာ ဆယ်စုနှစ်တွေဖြတ်သန်းခဲ့ပြီးတော့ ဂီတသမားဘဝ ကိုယ်တွေ့မှတ်တမ်းတွေကို စာမျက်နှာတွေပေါ်မှာဖော်ပြတော့မှာပါ။ ဝဲလ်ရှ်နဲ့ အတူ Eagles အဖွဲ့သား Don Felder လည်း ပါဝင်ရေးသားလိမ့်မယ်။ "ဒီကိုယ်တွေ့မှတ်တမ်းကို ရေးနေတာ တစ်နှစ်လောက်ရှိပါပြီ။ အဲဒီထဲက တချို့ဟာ တကယ့်ကို ရယ်စရာကောင်းလှတယ်။ တချို့ကတော့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာရယ်၊ တချို့က ကျွန်တော်ဘာတွေလုပ်ခဲ့သလဲ ဆိုတာနဲ့ တချို့က ကျွန်တော့်ရဲ့ ရယ်ရွှင်ဖွယ်ရာ ဟာသဉာဏ်ကို ပေါ်လွှင်စေတဲ့ စာလုံးတွေပါ။ ရေးပြီးတာနဲ့ စာအုပ်ထွက်လာတော့မှာပါ။ အသေအချာတာဝန်ယူပြင်ဆင်နေတဲ့ စာအုပ်ပါလို့ ဝဲလ်ရှ်က ပြောပါတယ်။ စာအုပ်နာမည်ကိုတော့ When It's Done It Will Come Out လို့ အမည်ပေးထားတယ်။ ဒီနှစ်ဆောင်းဦးမှာ ဖြေဖျော်ဖို့ ရှိတဲ့ tour ခရီးစဉ်တွေထဲက စက်တင်ဘာလမှာ အိုဟိုင်းရိုးပွဲ၊ ဘော်စတွန်မှာ အောက်တိုဘာ ၁၇ ကနေစတင်မယ့် ပွဲစဉ် ၁၅ ပွဲစာလောက်အတွက် ဂီတစွန့်စားခန်းတွေလည်း ထည့်သွင်းပေါင်းစပ်ပြီး ကိုယ်တွေ့မှတ်တမ်းစာအုပ်ထဲဖြည့်ဦးမယ်ဆိုတာ အသေအချာပါ။ ရယ်မောစရာနဲ့ စွန့်စားခန်းတွေရေးသားထားတဲ့ ဝဲလရှ်ရဲ့ ကိုယ်တွေ့မှတ်တမ်းထဲမှာ ငါးကြိမ်အိမ်ထောင်ပြုခဲ့တာ၊ ၁၉၇၁ ကမွေးဖွားခဲ့တဲ့ ဝဲလ်ရှ်ရဲ့ သမီးအကြီးဆုံးလေး Emma Kristen ၃ နှစ်အရွယ်မှာ ကားမတော်တဆမှုနဲ့ ဆုံးပါးခဲ့တာ စတဲ့အဖြစ်အပျက်တွေပါ ထည့်ရေးဦးမလားဖော်ပြမထားပါဘူး။

အမှားတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့အရာပါ
"Think Twice" သီချင်းသီဆိုခဲ့တဲ့ ကနေဒီးယန်းအဆိုတော် Celin Dion ဟာ ဂီတစင်မြင်ပေါ်ပြန်လာခဲ့ဖို့ မျှော်လင့်ပြင်ဆင်နေပါတယ်လို့ ပြောလိုက်ပါတယ်။ ဘဝမှာ ကိုယ်ရေးကိုယ်တာ ကသောင်းကနင်းဖြစ်စရာတွေများခဲ့တဲ့ အသက် ၄၇ နှစ်အရွယ် စီလင်းဟာ ဘဝခါးခါးထဲက ချိုမြတဲ့ သီချင်းတွေသီဆိုဖို့ ဗလာကျင်းနေတဲ့စိတ်နဲ့ပဲ ပြန်စရမယ်လို့ ဆိုပါတယ်။ လာစ့်ဗေးဂက်စ်က Caesar's Palace အဆင့်မြင့်ဟိုတယ်မှာနေထိုင်ကာ လည်ချောင်းကင်ဆာရောဂါတိုက်ခိုက်နေရတဲ့ ခင်ပွန်းသည် René Angéli အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေရင်း ဂီတအလုပ်တွေပြန်လုပ်တော့မှာပါ။  ရောမခေတ်လက်ရာပုံစံတည်ဆောက်ထားတဲ့ နီဗားဒါးပြည်နယ် Paradise မှာရှိတဲ့ Caesars Palace က Colosseum ကဇာတ်ရုံမှာ ညစဉ်ညတိုင်း သီဆိုဖြေဖျော်ဖို့ ၃ နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ စီလင်းနဲ့ ရဲနဲ တို့လက်ထပ်ခဲ့ကြတာ နှစ် ၂၀ ရှိခဲ့ပြီး သားသမီး ၃ ဦးမွေးဖွားခဲ့တယ်။  ခင်ပွန်းသည်ရဲ့ ရောဂါဆေးစစ်မှတ်တမ်းဟာ မိသားစုအတွက် စိတ်ထိခိုက်စရာပါ။ ကင်ဆာရောဂါကို ခုခံနေရတဲ့ ရဲနဲဟာ Power of Love အဆိုရှင် စီလင်းအတွက်လည်း ကြီးမားတဲ့အင်အားတစ်ခုဖြစ်ခဲ့တယ်။ "စင်ပေါ်မှာ သီချင်းပြန်ဆိုဖြစ်တာဟာ ရဲနဲက ၁၀၀ ရာခိုင်နှုန်းကူညီခဲ့သလို၊ ရဲနဲကိုလည်း ၁၀၀ ရာခိုငးနှုန်းအထောက်အပံ့ပေးနိုင်မယ်။ ကူညီနိုင်မယ်လို့ စီလင်းကမျှော်လင့်ထားပါတယ်။ စီလင်းဒီယွန်ရဲ့ မန်နေဂျာလည်းဖြစ်ခဲ့တဲ့ ရဲနဲဟာ စီလင်းကို စင်ပေါ်မှာ ရှိနေစေချင်တယ်။ သူနဲ့အတူရှိစေချင်သလို၊ သူကလည်း စီလင်းနဲ့ အတှူရှိနေမယ်။ စီလင်းကလည်း မိသားစုနဲ့ တစ်လက်မမှ မကွာဝေးစေပဲ Colosseum ကဇာတ်ရုံမှာ ညတိုင်းသီချင်းတွေဖြေဖျော်သွားမှာပါ။

3D ပုံရိပ်တွေနဲ့ 3D ဂီတပွဲ

ဂျာမန် အီလက်ထရွန်နစ်ဂီတအဖွဲ့ Kraftwerk ရဲ့ လာမယ့် မြောက်အမေရိက tour ခရီးစဉ် ၄ ခုအပါအဝင် ဖြေဖျော်ပွဲတွေမှာ 3D ဂီတဖန်တီးမှုတွေနဲ့ ပရိသတ်တွေကို ဂီတဖန်တီးမှုအရသာအသစ်တွေမြည်းစမ်းစေပါလိမ့်မယ်။ လှုပ်ရှားနေတဲ့ 3D ပုံရိပ်တွေ၊ ဝန်းကျင်အနှံ့ကနေ ဖြန့်ကျက်ပြေးထွက်လာမယ့်အသံစနစ်တွေသုံးပြီး ပုံရိပ်တွေ အသံတွေ ချိန်ကိုက်လှုပ်ရှားစေမှာပါ။ Rolling Stone နဲ့ အမေးအဖြေတစ်ခုမှာ 3D home video တစ်ခုထွက်ရှိဖို့ သူတို့ကြိုးစားနေကြတယ်လို့ အဖွဲ့ခေါင်းဆောင် Ralf Hütter က ဆိုတယ်။ Blu-ray DVD format နဲ့ ထုတ်မယ်။ ဆောင်းဦးအကုန်လောက်မှာ ထွက်ဖြစ်မယ်လို့ ဆိုတယ်။ သုံးထားတဲ့ပုံရိပ်တိုင်းအတွက် သေသေချာချာပြင်ဆင်နေခဲ့ကြတယ်။ Kraftwerk ရဲ့ ကိုယ်ပိုင်စတူဒီယို Kling Klang က ပုံရိပ်ဟောင်းတွေပါ 3D format ပြောင်းပြီး ဂီတ၊ အသံတွေနဲ့ တစ်ထပ်တည်း ချိန်သားကိုက်အောင်ပြုလုပ်နေတယ်။ ဂီတထုတ်လုပ်ရေးတွေအများကြီးရှိနေကြတဲ့အထဲ Kraftwerk ဂီတသမားတွေဟာ အဖွဲ့သေးသေးလေးပါ။ Kling Klang စတူဒီယိုတွေမှာ ဂီတသမားတွေ၊ နည်းပညာရှင်တွေ၊ ကွန်ပျူတာပရိုဂရမ်သမားတွေအားလုံး ကိုယ်တိုင်ပဲ ဖန်တီးကြတယ်။ အမေရိကကို ခရီးထွက်တဲ့အခါ  DVD ပြီးစီးဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ Kraftwerk ဟာ သီချင်းအသစ်တွေဖန်တီးဖို့ အမြဲကြိုးစားနေပါတယ်။ ပုံရိပ်အသစ်တွေ၊ ဂီတပေါင်းစပ်ဖန်တီးမှုအသစ်တွေနဲ့ အမြဲခရီးဆက်နေပါတယ်လို့ ဖြေထားပါတယ်။ Kraftwerk အဖွဲ့ဟာ ၁၉၇၀ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၄ မှာ Grammy Academy ဂုဏ်ပြုဆုရရှိခဲ့တယ်။ Lifetime Achievement Award ရရှိခဲ့ပါတယ်။ Kraftwerk ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ်တွေမှာ    Kraftwerk (1970)
    Kraftwerk 2 (1972)
    Ralf and Florian (1973)
    Autobahn (1974)
    Radio-Activity (1975)
    Trans-Europe Express (1977)
    The Man-Machine (1978)
    Computer World (1981)
    Electric Café (1986; name changed to Techno Pop in 2009)
    Tour de France Soundtracks (2003) တို့ဖြစ်ကြတယ်။
ဖြိုးဖြိုး
(Yati Magazine, October, 2015)

No comments: