Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, October 19, 2015

အရှေ့က နေဝန်းထွန်းသည့်ပမာ တို့ခေတ်ကိုတော့ ရောက်ရမည်မလွဲပါ

(မေမေရေးတဲ့စာ)
နိုဝင်ဘာလ ဂရက် နေ့
ရွေးကောက်ပွဲ နီးလာပြီ။
ကျွန်မတို့  မဲပေးကြရတော့မယ် တဲ့။ 

ဘယ်သူ့ကို မဲပေးမလဲ။ ဘယ်ပုံးထဲကို ထည့်မလဲ။ အဲဒါ တကယ့်ပြဿ န
ကျွန်မငယ်ငယ်က ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက်ကထင်သည်။ မဲတစ်ခါပေးဖူးသည်။ ဆန္ဒခံယူပွဲလားမသိ။ ဒီနောက် နာဂစ်မှာ တစ်ခါ မဲပေးရသည်။ ကျွန်မပေးလိုက်သည့်မဲ ဘယ်ရောက်သွားသည်ကို ကျွန်မ ဘယ်လိုလုပ် သိနိုင်ပါမည်လဲ။ ဘယ်သူကော  အတိအကျ သိနိုင်ပါမည်လဲ။ ရွေးကောက်ပွဲတွေကို ကျွန်မ မယုံကြည်။ 
ရွေးကောက်ပွဲ ဘာကြေင့်လုပ်သနည်း.။ 
အပြောင်း အလဲကို လိုချင်ကြလို့  ။ 


လက်ရှိအခြေအနေကို မကြိုက်လို့။ လူတွေက ဆင်းရဲမွဲတေလို့ ။ ကုန်ဈေးနှုန်းတွ မြင့်တက်လို့ ။ လုပ်ခလစာ နည်းပါးလို့။ ဆင်းရဲ ချမ်းသာ မညီမျှမှု ၊ ကွာဟမှု  ကြီးမားလို့၊  စသည် စသည် အကြောင်းပြစရာတွေက တလှေကြီး။ အဓိက အုပ်ချုပ်သူလူတန်းစားကို မကြိုက်လို့ ။ ထိုသူတို့ ၏ မူဝါဒကို မကြိုက်လို့  ပြောင်းလဲပြစ်ချင်လို့။ လူတွေက အပြောင်းအလဲကို အလွန်တပ်မက်ကြသည်။ နှစ်နဲ့ ချီ စောင့်စားခဲ့ကြသည်။

အပြောင်းအလဲဖြစ်လာဖို့  ငတ်မွတ်ဆာလောင် နေကြသည်။ တောင့်တနေကြသည်။ အပေါ်ယံ  အ၀တ်အထည် ပြောင်းသွားရုံနှင့် မပြည့်စုံ။ ပုံစံအသစ်နှင့် မျက်နှာအသစ် ပြောင်းလဲ သွားဖို့ ကို လိုချင်ကြသည်။ သို့ အတွက် ရွေးကောက်ပွဲ ကို မဖြစ်မနေ လိုက်လိုက်လျောလျော ကျင်းပ ပေးရသည်။  

ခင်မောင်ရင်တို့  ခေတ်ကတည်းက လူတွေ အပြောင်းအလဲကို မျှော်လင့် ခဲ့ကြသည်။ သူဌေးဖြစ်ဖို့  မျှော်လင့်ခဲ့ကြသည်။ လူတွေ သူဌေးဖြစ်ချင်ကြသည်။ ဟုတ်သည်လေ။ ဖြစ်ချင်ကြတာပဲပေါ့။  

လူမွဲ တွေ က မနှေးခေတ်မှီ  သူဌေးဖြစ်တော့မည် ..ခေတ်သစ် ထူထောင်မည်..အေးချမ်းသာယာစည်.... တဲ့။ သို့ သော်.. ခင်မောင်ရင် မသေခင် လူမွဲတွေ သူဌေးဖြစ်သွားတာ မြင်သွားရပါရဲ့လား။ လူမွဲတွေ မွဲပြီးရင်းမွဲ ဇတ်သိမ်းသွားကြရတာပဲ ရှိသည်။

မကြာမီ ..မြန်မာပြည် ကိန်းကောင်းဆိုက် လို့ ရယ် ခေတ်ပြောင်းချိန်လဲ  ရည်ရွယ် စောင့်တော့တယ်....... တဲ့။ မေရှင်က ဆိုသည်။

ဗြဟ္မစိုရ်တရားတွေ သုံးလို့ ရယ်  မုန်းစိတ်ကို ပယ် ..ခေတ်ကောင်း ရောက်ဖို့  မဝေးပါတယ် …သွေးစည်းကြပါ ..မွန်မြန်တွေရယ် ……၊
မေရှင် ကလည်း မြန်မာနိုင်ငံ ခေတ်ကောင်းရောက်ဖို့ မဝေးတော့ဘူး တဲ့ ။  မျှော်လင့်ချက် ကြီးမားစွာ   စောင့်စားခဲ့ပေမဲ့ မြန်မာနိုင်ငံကြီး ခေတ်ပြောင်းသွားချိန် ကို မေရှင် မသေခင် မြင်သွားရပါရဲ့လား။ မွန်မြန်မာတွေကော သွေးစည်းကြပါပြီလား။ 

တို့ ဗမာပြည် ..ဇာတာစန်းမှာ .ပွင့်လန်းလာကြပြီ.. ရွှေဘုန်းတေဇာ ..သမ္ဘာတော် လျှမ်း စာဆိုတွေနဲ့ အညီ..မမေ့နိုင်ပြီ ခေတ်ဆန်းချိန်  ရောက်လု နီးပါပြီ.. တဲ့ ။

ရွှေညာမောင် တမ်းတ မျှော်လင့်ခဲ့သော ခေတ်ဆန်းချိန် ဆိုတာ ဘယ်အချိန်မျိုးကို ဆိုလိုတာပါလိမ့်။ သူကတော့ လူ့ပြည်မှာ မရှိပြီ။ 
အောင်ပန်းဆွတ်ကာ  အောင်ဇေရတု နဲ့  ခေတ်သစ် ထူထောင်မည်... တဲ့ ။

ပြည်သူအများ ကြုံးဝါး မျှော်လင့် တောင့်တခဲ့သော ခေတ်သစ်ကို ဘယ် အချိန်ကျမှ ထူထောင်နိုင်ပါအံ့နည်း။ 
လူဟောင်းတွေနှင့်တော့ မဟန်နိုင်တော့ပြီ။ လူသစ် စိတ်သစ် နိုင်ငံအသစ် ကို လူထုအားဖြင့် ထူထောင်နိုင်ရမည်။ လူငယ်တွေ မညံ့ပါ။ ဦးဆောင်မည့်သူတွေ အလျို အလျိုပေါ်လာကြပါလိမ့်မည်။ လူငယ်တွေ၏ အရည်အသွေးကို  လေးစားသောအားဖြင့် လူကြီးတွေက  နေရာ ဖယ်ပေးဖို့  လိုပါသည်။  

ကဲ ယနေ့ ဖြင့်  ကျွန်မတို့  အခွင့်အရေး ရလာပါပြီ။ 
အောင်ဆန်းစုကြည် တဲ့။

သူမ ကလည်း အပြောင်းအလဲကို ရှေ့တန်းတင် မဲဆွယ် စည်းရုံးသည်။ ကျွန်မတို့သည် ဗိုလ်ချုပ်ကို အသည်းစွဲ ရင်ထဲ နင့်အောင် ချစ်ခင် လေးစားကြသည်။ ဗိုလ်ချုပ် သမီးကို လည်း အလားတူ ရင်နင့်အောင် ချစ်ကြသည်။ ချစ်ယုံမက အားကိုး  မျှော်လင့် ကြသည်။ ယုံကြည်  စိတ်ချကြသည်။ 

သို့ သော် မြန်မာ့ နိုင်ငံရေးသည် အလွန်ရှုပ်ထွေးလှသည်။ ပရိယာယ် များသည်။ မာယာများသည်။ ကျွန်မသည် တစ်ဦးကို တစ်ဦး အပုပ်ချနေသော လောက သားတို့ ကို စပ်ဆုတ်သည်။ စိတ်ကုန်သည်။ စိတ်ပျက်သည်။ လူသည် လူပီသစွာ အကျင့်သီလ ကောင်းဖို့ လိုသည်။ သိက္ခာ စောင့်ထိန်းဖို့ လိုသည်။ 

မီဒီယာများမှတဆင့် သတင်းအချက်အလက်များကို စုဆောင်း လေ့လာနေကြရသည်။ ဘယ်နိုင်ငံရေးသမားက ဘယ် လို ဘယ်ညာ ကျွန်မတို့  လက်တွေ့  ကွင်းဆင်း အနီးကပ် လေ့လာသိရှိနေရသည် မဟုတ်တော့လေ။ ဘယ်သူ့ ကို ယုံ ၍ ပုံ အပ်ရမည် ဆိုတာ ကျွန်မတို့  အတိအကျ မသိနိုင်။ တော်ပီ တန်ပြီ ကျွန်မ မဲ မပေးချင်။
ဆိုတော့..။ 

ကိုယ်ပိုင်တဲ့ မဲ အလကား အဆုံးရှုံး မခံပါနဲ့ အမေရယ် တဲ့။ ဆက်ဆက် မဲပေးပါ။ တဲ့။ ဖြိုးဖြိုးက တိုက်တွန်းသည်။ ဟုတ်တာပဲ။ 
ဘယ်နိုင်ငံရေးသမားကိုမှ မသိသော ကျွန်မသည်  ဘယ်သူ့ ကို ရွေးကောက်ပေးရပါမည်နည်း။ ဘယ်သူ့ မဲပုံးထဲ  မဲ ထည့်ရမည်နည်း။

သို့ သော်  သေချုာတာတခုက လူကို မကြည့်ဘဲ ပါတီကို ကြည့်ပြီး ကျွန်မတို့  ယုံမှတ်၍ ပုံအပ်ကြရဖို့ တော့ ရှိသည်။ ကျွန်မတို့  ဗိုလ်ချုပ်ကို ချစ်ကြသည် မို့ လား။ ကျွန်မတို့တွင် ဗိုလ်ချုပ်သမီး   ဒေါ်အောင်ဆန်းစုကြည်က လွဲ ပြီး အခြား အားကိုးရာ မရှိ ..ဟူ၍သာ…။ နားလည်ကြရတော့သည်။ 

ကိုယ့်တိုင်းပြည် .. ကောင်းစား ဖို့ ရာ  ကိုယ့်အားနဲ့  ကိုယ့် တာဝန် မှန်သည်..၊ စစ်ဘေးစစ်ဒါဏ်သင့်လို့  ..ပြာဖြစ်ခဲ့တဲ့  တို့ ပြည် ကိုသာ အတည် ..ထူထောင်ဖို့ ရာ ..တိုင်းရင်းဖွားအစစ်  တို့  တာဝန်  ဖြစ်သည်..။ ကြိုတင်ကာ ..တောင်းပန် ပါရစီ။ ခိုးသားဓါးမြဘေး  ဝေးမှ သာ အတည် ..အေးချမ်းစွာ ..ကုန်စည် ကူးသန်း  ရောင်းဝယ် ..ချောင်လည် မည်။ 
 လူထုအားကို အများကြီး လိုသည်  ..ဗိုလ်ချုပ် အစိုးရ ..အချိုးကျ  ကူညီ.. တိုင်းရင်းသားများသည် ..ရိုင်းပင်းကြရမည်။  နည်းနည်းတော့ ..အပျော်အပါး လျော့စေချင်ပါသည် ..မြန်မာ ပြည်ထောင်စုကို ပြန်လည် ထူထောင်မှု နဲ့  ..ပြုပြင်  မည်။

ဗိုလ်ချုပ် အောင်ဆန်းခေတ်က တော်တော်လေး ရေပန်းစားခဲ့တဲ့ တေးသီချင်းပါ။ ပြန်လည် ထူထောင်ဖို့ ကို ဖြင့် ကျွန်မတို့  ခုထက်ထိ နိုးဆော် နေရဆဲ ဖြစ်ပါသည်ရှင့်။ ယခုအခါ လူထုအားကို အများကြီး လိုအပ် နေသည့် အချိန်ဖြစ်ပါသည်။ လူထု ကြီး တစ်ရပ်လုံး ဘယ်လောက် တက်ကြွတယ်  လူထုအင်အား ဘယ်လောက် များပြားတောင့်တင်းတယ် ဆိုတာ ပြသရမယ့်အရေးအကြီးဆုံး  အချိန်ရောက်နေပြီဆိုတာ အားလုံး နားလည်ကြဖို့  ချိန်တန်ပြီဖြစ်ပါသတည်း။

NLD ကို တခဲနက်  အားပေးကြပါစို့ ။ 
အရှေ့က နေဝန်းထွန်းသည့်ပမာ တို့ခေတ်ကိုတော့ ရောက်ရမည်မလွဲပါ။

ခင်မေသစ်

No comments: