ကျွန်မကို `ခင်ဝင်းအောင်´လို့ခေါ်ဖို့ ဖေဖေက အမည်မှည့်ပေးခဲ့တယ်ဆိုတာမေမေ့အပြောအရ ကျွန်မသိခဲ့ရ တယ်။ ဟောသည် ကျွန်မရှေ့မှာရှိနေတဲ့ကန်ရေပြင်ကြီးကို `အင်းလျား´လို့ခေါ်စေဖို့ ဘယ်သူက အမည်ပေးခဲ့တယ်ဆိုတာကိုတော့ ကျွန်မ ခုချိန်ထိ မသိဘူး။ ကျွန်မသူ့ကိုသိတဲ့အချိန်မှာပဲ သူဟာ`အင်းလျား´ဖြစ်နေခဲ့ပြီးပြီလေ။ လူတွေ အားလုံးက သူ့ကို `အင်းလျား´လို့ကောင်းကောင်းကြီး သိနေကြပါပြီ။ သူဟာ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေရဲ့ပါးစပ်ဖျားမှာလည်း အင်မတန် ရေပန်းစားပြီး ထင်ရှားကျော်ကြားခဲ့တာပေါ့။ ဒါတင် မကသေးပါဘူး။ တက္ကသိုလ်ပြင်ပက လူတွေရဲ့ စိတ်နှလုံးကိုလည်း သူဟာ သိမ်းကျုံးဖမ်းစားနိုင်ခဲ့တာပါပဲ။
ခြံရှေ့ မြေကွက်လပ်လေးမှာ ကျွန်မတို့ မိသားစုတွေ အပန်းဖြေနေတုန်း တစ်ယောက်တည်း တောက်တက် တောက်တက် ပြေးဆော့နေတဲ့ ကျွန်မကိုလှမ်းကြည့်ပြီး ဖေဖေက မေမေ့ကို ပြောခဲ့တယ်။
`တို့သမီးကို အင်းလျားကန်ပေါင်ပေါ် ခေါ်သွားရအောင်လား၊ သူ လမ်းလျှောက်နိုင်ရုံမက ကောင်းကောင်းကြီး ပြေးနိုင်နေပြီပဲ´
မေမေက သဘောတူတဲ့ စကားပြန်ပြောတယ်။
`ဟုတ်တယ် ခေါ်သွားရမယ်၊ ဒါပေမဲ့ အနွေးအင်္ကျီတော့ လုံအောင်ဝတ်ပေးဖို့လိုမယ်၊ အဲဒီမှာက လေအေးတွေ တော်တော်တိုက်တယ်မဟုတ်လား”တဲ့။
အဲသည်နောက် ကျွန်မကို အင်္ကျီ၊ ဘောင်းဘီ၊ လမ်းလျှောက်ဖိနပ်၊ ဦးထုပ် စတာတွေအပြည့်အစုံ ၀တ်ဆင်ပေးပြီး သူတို့ပြောပြောနေတဲ့ အဲဒီ `အင်းလျား´ဆိုတဲ့နေရာအသစ်ဆီကိုခေါ်လာခဲ့ပါတယ်။ ကျွန်မ မကြာခင်မြင်တွေ့ရတော့မယ့် `အင်းလျား´ဆိုတာဟာ သာယာလှပတဲ့ ရေကန်ကြီးတစ်ကန်ဖြစ်တယ် ဆိုတာရယ်၊ (လေအေးတွေ တိုက် တယ်လို့ မေမေပြောတာကိုကြည့်ခြင်းအားဖြင့်) လူတွေကို အေးမြစေတဲ့
အရပ်အ၀န်းတစ်ခုဖြစ်လိမ့်မယ်ဆိုတာရယ်ကို အဲဒီတုန်းက ကျွန်မ အကြမ်းဖျင်းသိလိုက်ရတယ်။
ကျွန်မ မှတ်မိပါသေးတယ်။ အဲဒီတုန်းက အင်းလျားဆီသွားတဲ့လမ်းတစ်လျှောက်လုံး အသစ်အဆန်းတစ်ခုခုကိုတွေ့မြင်ရတော့မယ့် ကလေးတစ်ယောက်ပီပီ ကျွန်မရဲ့ ခြေထောက်တွေဟာ အံ့သြစရာမြန်ဆန်သွက်လက်နေခဲ့တယ် ဆို တာကိုပေါ့။ လှေကားထစ် ဖြူဖြူကြီးတွေကို လှမ်းအတက်မှာတော့ လှေကားထစ်ကြီးတွေက ကျွန်မခြေလှမ်းလေးနဲ့စာရင် အတော်ကိုကြီးမားကျယ်ပြန့်နေလို့ပေါ့။ တက်စရာ လှေကားထစ်တွေ နောက်ထပ်မရှိဘဲ အဆုံးသတ်နေရာကို ရောက်တဲ့အါ ရေကန်ကြီး တစ်ကန်ကို ဘွားခနဲတွေ့လိုက်ရပါတယ်။
အဲဒီမှာ ထူးဆန်းတာက ကျွန်မဟာ အဲဒီ အင်းလျားကန်ဆိုတာကြီးကို ပါးစပ်ဟောင်းလောင်းနဲ့ တအံ့တသြကြီး ကြာရှည်ကြည့်မနေမိခဲ့ပါဘူး။ အသစ်အဆန်းကို မမြင်ရခင်က မြင်ရတော့မယ်ဆိုတဲ့အသိနဲ့ တက်ကြွနေခဲ့သလောက်ြ မင်ပြီးသွားတဲ့အခါ ဒါပါပဲ၊ ဒီလောက်ပါပဲဆိုတဲ့အသိနဲ့ ချက်ချင်းပဲ ရိုးအီသွားတတ်တဲ့ ကလေးတို့ရဲ့ သဘာဝအတိုင်း ကျွန်မ ဟာ အင်းလျားရေကန်ကြီးကို ကြာကြာရှည်ရှည်တော့ စိတ်ဝင်စားလို့ မရခဲ့ဘူး။
ဝန်ခံရရင် အဲဒီတုန်းက ကျွန်မစိတ်ဝင်စားခဲ့တာက ကျွန်မကြိုက်တဲ့ ချောကလက်နဲ့လုပ်တဲ့ ရေခဲမုန့်ပါပဲ။ ရေခဲမုန့်စားဖို့ကလွဲပြီး ကျွန်မဘာကိုမှ အထွေအထူး စိတ်မ၀င်စားနိုင်ဘူးဖြစ်နေခဲ့ပါတယ်။ အဲသည်နေ့က မစားစဖူး ရေခဲမုန့်ကို ဗိုက်ကားအောင် စားပစ်လိုက်တာမို့ ကျွန်မရဲ့ ခြေထောက်တွေဟာ အိမ်အပြန်မှာ လေးကန်လေးကန်ကြီးကို ဖြစ်နေခဲ့ပါ တယ်။
ဒါက `အင်းလျား´ဆိုတာကို ကျွန်မ စတင်မှတ်မိခဲ့တဲ့ ကလေးဘ၀က ပုံရိပ်တစ်ခုပေါ့။ ဒီထက်ပိုပြီး စိတ်ဝင်စားမှု မရှိခဲ့ပေမယ့် သတိထားမိတာက တစ်ခုတော့ ရှိခဲ့တာ သေချာပါတယ်။ ချောကလက်နဲ့လုပ်တဲ့ ရေခဲမုန့်တွေချင်း အတူတူ အခြားဘယ်ဆိုင်က ရေခဲမုန့်ကမှ ဟောသည် အင်းလျားကန်ပေါင်ပေါ်မှာရောင်းတဲ့ ရေခဲမုန့်တွေလောက် စာလို့ မကောင်းခဲ့ဘူး ဆိုတာပါပဲ။ တကယ်တော့ ဒါဟာ အင်းလျားရဲ့ ဆွဲဆောင်မှုတစ်ခုပြဲ ဖစ်မယ်ဆိုတာ နောင်ကြီးပြင်းလာမှ သိလာရတာ မျိုးပါ။ ငယ်စဉ်တုန်းကတော့ချောကလက်ရေခဲမုန့်စားလို့ကောင်းတဲ့ အင်းလျားရေကန်ကြီး၊ အေးမြမြလေတွေအစဉ်အမြဲ တိုက်ခတ်နေတတ်တဲ့ အင်းလျားရေကန်ကြီးဆိုတာကလွဲလို့ ကျွန်မအနေနဲ့
အင်းလျားကို သည့်ထက်ပိုပြီး မသိခဲ့ပါဘူး။ ရေခဲမုန့်ကိုသာကြိုက်တတ်တဲ့အရွယ်ကို ကျော်လွန်လာခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ ဖေဖေက ကျွန်မ ကို အင်းလျားဆီ ခေါ်မသွားတော့ပါဘူး။ တစ်ခါတလေ သတိရမိလို့ ကျွန်မ သွားရအောင်လို့ ပူဆာရင်တောင် ဖေဖေက စဉ်းစားဟန်ကြီး လုပ်ပြီး သူ့ခေါင်းကို တွင်တွင်ကြီး ခါယမ်းနေတော့တာပါပဲ။ ပြီးရင် သူ ဒီလိုအကြောင်းပြတော့တာပါပဲ။
`အင်းလျားက သမီးငယ်ငယ်တုန်းကနဲ့ လုံးလုံးမတူတော့ဘူး´တဲ့။`လူတွေ အရမ်းကိုရှုပ်လာပြီ´တဲ့။ ပြီးတော့ `လူကြီး မိဘပါလာလို့ ပါလာမှန်းမသိ နှုတ်သရမ်းချင်တဲ့ ခပ်ဆိုးဆိုး တက္ကသိုလ်ကျောင်းသားတွေကျက်စားတတ်တဲ့ နေရာ လည်း ဖြစ်နေပြီ´တဲ့။
ပြီးတော့ ဖေဖေက ကျွန်မကို စေ့စေ့စပ်စပ်ကြည့်ပြီး ပြုံးယဲ့ယဲ့မျက်နှာပေးနဲ့ ပြောလိုက်ပါသေးတယ်။
`သမီးကိုယ်တိုင် တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်လာတဲ့အချိန်ကျရင်တော့ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ ချစ်သူ နဲ့ပဲဖြစ်ဖြစ်သွားချင် သွားနိုင်ပါတယ်´တဲ့။
`အခု သမီးက အလယ်တန်းကျောင်းသူလေးပဲ ရှိသေးတော့ တက္ကသိုလ်ကျောင်းသူတွေလို အင်းလျားကန်ပေါင် ပေါ် အေးအေးလူလူသွားဖို့ ဖေဖေခွင့်မပြုချင်သေးဘူး´တဲ့။
ဖေဖေ့စကားကြောင့် အင်းလျားဆိုတာ ဘယ်လိုဟာကြီးလဲ၊ သူ့နောက်ကွယ်မှာ ဘာအဓိပ္ပာယ်တွေ ပျော်ဝင်နေ တာလဲဆိုပြီး အဖြေမရှိတဲ့ပဟေဠိတွေနဲ့ ကျွန်မ နားဝေတိမ်တောင် ဖြစ်ခဲ့ပါသေးတယ်။ နောက်တော့လည်းကျောင်းပြန်တယ်။ အိမ်စာလုပ်တယ်။ မေမေသင်ခိုင်းလို့ ပီယာနိုသင်ရ၊ကျင့်ရတယ်။ ဒါတွေနဲ့ပဲ လုံးချာလည်နေခဲ့ရတဲ့ အလယ်တန်းကျောင်းသူဘ၀ပုံစံခွက် သေးသေးလေးထဲမှာ ကျွန်မတစ်ကိုယ်လုံး နစ်မှန်းမသိနစ်မြှုပ်နေခဲ့ပါတယ်။ ဒါတွေကြောင့်ပဲ ထင်ပါရဲ့။ ကျက်မှတ်ရမယ့် ကျောင်းသင်ခန်းစာတွေ များပြားလာတာနဲ့အမျှ၊ ရေခဲမုန့်တွေမကြိုက်တော့တာနဲ့အမျှ၊ အဲဒီ ချောကလက်ရေခဲမုန့် စားလို့ကောင်းခဲ့ဖူးတဲ့အင်းလျားကန်ကြီးကို ကျွန်မ မေ့မေ့လျော့လျော့ ဖြစ်သွားခဲ့တယ်။
ဒီလိုနဲ့ပဲ ကျွန်မ မှတ်ဥာဏ်ထဲမှာ အင်းလျားဆိုတာဟာ နှစ်တွေ အတော်ကြာကြာကြီး ပျောက်ဆုံးလို့ နေခဲ့ပါတယ်။
ကျွန်မအတွက် အင်းလျားဆိုတာကို ပြန်လည်မှတ်မိစေတဲ့နေ့ကတော့ တတိယနှစ် ဓာတုဗေဒကျောင်းသူ အဖြစ်နဲ့ ရန်ကုန်ပင်မ တက္ကသိုလ်မှာ ကျောင်းတက်ရစဉ်က နံနက် ၇ နာရီ အော်ဂဲနစ် ကျူတိုရီယယ်ချိန်ဝင်ဖို့ ခပ်စောစော ထွက်လာတဲ့နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။
အဲဒီနေ့ကို ကျွန်မကောင်းကောင်းကြီး မှတ်မိနေပါသေးတယ်။ နံနက်ခင်းဟာ နှင်းတွေ တအားကြီး ကျနေခဲ့ တယ်။ ၀န်းကျင်တစ်ခွင်လုံးေ အးစိမ့်ပြီး မှုန်ရီေ၀၀ါးနေခဲ့တယ်။ ချမ်းအေးလွန်းလို့ အနွေးဓာတ်
ရယူလိုတာကြောင့် သွေးပူ လေ့ကျင့်ခန်းလုပ်တဲ့သဘောနဲ့ ကျွန်မဟာ ခါတိုင်းသွားနေကျ လမ်းဘေးပလက်ဖောင်းအတိုင်း လျှောက်မသွားတော့ဘဲနဲ့လှေကားထစ်ဖြူဖြူတွေပေါ်ကနေ တက်လာခဲ့တယ်။ အအေးဓာတ်ကို တွန်းလှန်တဲ့အနေနဲ့ အင်္ကျီအိတ်ကပ်ထဲက လက်ကို ထုတ်ယူလိုက်ပြီး အားပါးတရ လွှဲရင်း အပြေးအလွှားတက်လာခဲ့တယ်။
ကျွန်မကို ဟိုးငယ်ငယ်တုန်းကလို ဆီးကြို မော့ကြည့်နေမယ့် အင်းလျားရေကန်ကြီးကို မြင်တွေ့ရပြန်ဦးတော့မယ် ဆိုတဲ့ အတွေးနဲ့ပေါ့။ လှေကားထစ်တွေဆုံးလို့ ကန်ပေါင်ပေါ် ခြေချမိတဲ့အခါ အင်းလျားရေကန်ကြိးဟာ အံ့သြစရာ ပျောက် ဆုံးလို့နေပါတယ်။ ဝေသီဖြာကျနေတဲ့ နှင်းဖြူတွေကြောင့် အင်းလျားရေကန်ကြီးဟာ ကျွန်မ မြင်ကွင်းထဲကနေ လုံးလုံးလျားလျားကြီးကိုပျောက်ဆုံးနေတာပါ။ မြူခိုးရောင် ၀တ်ရုံဖားဖားကြီး တစ်ထည်က ကျွန်မ ဦးခေါင်းပေါ်၊ ကောင်းကင်ပြာကျယ် ပေါ် လွှားခနဲ အုပ်မိုးကျနေသလိုမျိုး အရာရာဟာ မြူရောင် မှိုင်းမှိုင်းထလို့ ကွယ်ပျောက်နေပါတယ်။
ကျွန်မဟာ တစ်စက်ကလေးမှ မျှော်လင့်မထားတဲ့ မြင်ကွင်းကြောင့် လှမ်းလက်စခြေလှမ်းတွေ ကော်စေးမိသလို ပြင်းကပ်ကပ် ဖြစ်သွားပြီး မျက်လုံးတွေကလည်း ဇီးကွက်တစ်ကောင်လို ပြူးကြောင်ကြောင်ကြီးကိုဖြစ်သွားပါတယ်။ အုံ့ဆိုင်းမှိုင်းဝေနေတဲ့ မြင်ကွင်းအောက်မှာ ကျွန်မရဲ့ စိတ်တွေဟာလည်း တစ်မုဟုတ်ချင်းပဲ မှိုင်းညို့သွားတယ်။
အချိန်ခဏလေးအတွင်းမှာ စဉ်းစားချင့်ချိန်နိုင်စွမ်းတွေလည်းပျောက်ဆုံးသွားပြီး ကန်ရေပြင်ကြီး မရှိတော့ဘူး။ အထင်နဲ့ ၀မ်းနည်းပက်လက်ကြီး ဖြစ်သွားမိတယ်။ အခုလို မမြင်ရ၊ မတွေ့ရပါမှပဲ အဲဒီ ကန်ရေပြင်ကြီးကို အလွန်ကာရော လွမ်းဆွတ်ရင်း အခုချက်ချင်းပဲ တွေ့ချင်၊မြင်ချင်လာမိတယ်။ အော်ဂဲနစ် ကျူတိုရီယယ် သွားလုပ်ဖို့လည်း စိတ်ထဲ နည်းနည်းလေးမှ မပါတော့ဘူး။ ဘာလုပ်ရမယ်မှန်း မသိတော့ဘဲ အကြာကြီးယောင်ချာချာဖြစ်နေပါတယ်။ ခုချိန် ဇွတ်အတင်း ပရက်တီကယ်သွားလုပ်ပြန်ရင်လည်းအမှားမှား အယွင်းယွင်းတွေကိုပဲ ကျွန်မလုပ်မိမှာ သေချာတယ်။
ဒါနဲ့ပဲ ကျူတိုရီယယ်သွားမလုပ်တော့ဘူးလို့ ဆုံဖြတ်လိုက်တယ်။ ပျောက်ဆုံးနေတဲ့ ရေပြင်ကြီးကို မျက်နှာမူပြီး လွယ်အိတ်ကို ဘေးချရင်း စိတ်ပျက်လက်ပျက် ထိုင်ချလိုက်မိတယ်။
ပြီးတော့ အရင်လို တွေ့မြင်ဖူးတဲ့ အင်းလျားဆိုတာကို မျက်စိထဲပြန်ပြီး ပုံဖော်ကြည့်နေမိတယ်။ လက်ရှိ အနေ အထားအရ မြင်ကွင်းထဲကနေ အံ့သြစရာ ပျောက်ဆုံးနေတဲ့ ရေပြင်ရဲ့ အနားသတ်မျဉ်းကို အတွေးထဲမှာမှန်းဆရင်း ရေးဆွဲ ကြည့်နေမိတယ်။
ခက်တာက ဘယ်နေရာမှာ ဘာရှိတယ်။ ဘယ်အနားမှာ ဘာတွေရှိတယ်ဆိုတာကအစ ဘာဆို ဘာမှ အင်းလျား ကို အကျွမ်းတ၀င် မရှိခဲ့တဲ့ ကျွန်မဟာ အင်းလျားကို အတွေးထဲမှာတောင် ဘယ်လိုမှ ပုံမဖော်နိုင်ဘူး ဖြစ်နေပါတယ်။ ငယ်ငယ်တုန်းကြ မင်တွေ့ဖူးတဲ့ ပုံစံကို စိတ်ကူးထဲခေါ်ယူပြီး ပုံဖော်ကြည့်နေပေမယ့်လည်း အချည်းနှီးပါပဲ။
ကျွန်မ သိလိုက်ပါပြီ။ ကျွန်မဟာ အင်းလျားကို တကယ် သိကျွမ်းခဲ့တာမှ မဟုတ်တာ။ အပေါ်ယံရှပ်ပြီး ပေါ့ပေါ့ဆ ဆလေးပဲ သိခဲ့ဖူးတာကိုး။ အင်းလျားနဲ့ ပတ်သက်ရင် အမှုမဲ့ အမှတ်မဲ့နဲ့ အမေ့မေ့
အလျော့လျော့ ဖြတ်သန်းခဲ့တာတွေ ကြောင့် ကျွန်မအနေနဲ့ ဘယ်လောက်ပဲပဲ ကြိုးစားပြီး ပုံဖော်ဖော် မရခဲ့ပါဘူး။ အတွေးထဲမှာတောင် အင်လျားဟာ တစ်စွန်း တစ်စမျှ ပုံမပေါ်ခဲ့ဘူး။
အဲဒီမှာ ကျွန်မဟာ ၀မ်းပန်းတနည်း ရှိုက်ငိုချမိတော့တာပါပဲ။ အဲဒီလို ရှိုက်ငိုနေရင်းကနေ ကျွန်မကိုယ်ကျွန်မ ဒဏ်ပေးတဲ့ အနေနဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။
ကန်ရေပြင်ကြီးရဲ့ ပကတိရုပ်သွင်ကို ဘွားဘွားကြီး မြင်ရပါမှ သည်နေရာကထွက်ခွာမယ်၊ ဒီနေ့အဖို့တော့ ကန်ရေပြင်ကြီးကို မတွေ့ရမချင်း ဒီနေရာကနေ တစ်လက်မမှ မရွေ့စေရဘူးလို့ပေါ့။ အဲဒီလို သန္နိဋ္ဌာန် ချပြီးတာနဲ့ မမှိတ်မ သုန်ပဲ ထိုင်ကြည့်နေမိတာ မျက်တောင်ခတ်ဖို့တောင် ကျွန်မသတိမရခဲ့ဘူး ထင်ပါတယ်။
သေလုအောင် အေးစိမ့်နေတဲ့ ဆောင်းနံနက်ခင်းထဲမှာ ကျွန်မဟာ မလှုပ်မယှက်ထိုင်ရင်း အာရုံအလုံးစုံကို စုစည်းထားလိုက်တယ်။ ဇွဲကောင်းကောင်းနဲ့ စောင့်ပြီး သိပ်မကြာခင်မှာပဲ အရှေ့ဘက်ေ ကာင်းကင် တစ်နေရာဆီကနေ နေရောင် တစ်စွန်းတစ်စကို တွေ့လိုက်ရတယ်။ နေရဲ့အလင်းရောင် တစ်စကို ဘွားခနဲ မြင်လိုက်ရတဲ့ခဏမှာ မြူနှင်းတွေဟာ အလန့်တကြားပုံစံနဲ့ သုတ်သုတ်ပျာပျာ ဖယ်ကြဉ် ရှောင်ခွာသွားကြတယ်။ အဲဒီနောက်မှာတော့ ကျွန်မ မျှော်လင့်နေတဲ့ အင်းလျားရဲ့ အနားသတ်မျဉ်းစဟာ ဟိုက သည်ကနေ ရေးရေးမျှင်မျှင်ကလေး ပေါ်လာခဲ့ပါတယ်။
နောက်ထပ် မိနစ်ပိုင်းကလေးအတွင်းမှာပဲ ပျေက်ဆုံးနေတဲ့အရာတွေဟာ အလျှိုအလျှို ထွက်ပေါ်လာခဲ့ကြတယ်။ ကန်ရေပြင်ကြီးရဲ့ အနောက်ဘက်ဆီက သစ်တောစိမ်းညိုညို့တွေရယ်၊ ကျွန်းစုကလေးရယ်၊ တစ်ဖက်တစ်ချက်မှာ ရှိကြတဲ့ အဆောက်အအုံတွေရယ်ဟာ ရှက်ကိုးရှက်ကန်းပုံစံနဲ့ ကျွန်မရဲ့မြင်ကွင်းထဲကုငိ အစီအရီ ၀င်လာခဲ့ကြတော့တယ်။ အားလုံးထဲမှာ ကျက်သရေအရှိဆုံးနဲ့ အတည်ငြိမ်ဆုံးကတော့ ပြာလဲ့လဲ့ကန်ရေပြင်ကြီးပါပဲ။ ပြာလဲ့လဲ့လို့သာ တင်စားပြောဆိုနေမိတာ။ တကယ်တော့ မြူနှင်း အပိတ်အခဲတွေကြားကြ ဗုန်းစားဒိုင်းစားကြီး ထိုးဖောက်ခွဲထွက်လာခဲ့ရ တော့ သူ့ခမျာချက်ချင်းကြီးတော့ ပြာလဲ့လဲ့အသွင် ကို ဆောင်နိုင်ဦးမှာ မဟုတ်ဘူးပေါ့။ မြူရိပ် မြူယောင်နဲ့တော့ ဘယ်ကွဲပြားဦးမလဲနော်။
တဖြည်းဖြည်းနဲ့ပဲ အင်းလျားရဲ့သရုပ်ဟာ စောစောကထက် ပိုပြီး ပီပြင်ထင်ရှားလာခဲ့ပါတယ်။ ကန်ရေပြင်ကျယ် ကြီးနဲ့ မိတ်ဖွဲ့ချင်တဲ့ပုံနဲ့ ခပ်လျှောလျှောတိုးဝင်လာနေတဲ့ ကျွန်းမြေအစု ရှည်မျောမျောလေးကိုလည်းတွေ့ရတယ်။ ရေပြင်ရဲ့တစ်ဖက်အနားသတ်ဆီက သစ်ပင် အစုအစုလေးတွေဟာလည်း ရိုးတိုးရိပ်တိတ် တွန်းကန်ပေါ်ထွက်လာခဲ့တယ်။ အင်းလျားကို မျက်နှာမူထားတဲ့ အဆောက်အအုံတချို့ကလည်း မိုးတိုးမတ်တတ်နဲ့ ၀င့်ဝင့်စားစားပေါ်ထွက်လာကြတယ်။
ခဏလေး အတွင်းမှာပဲ အင်းလျားဟာ အသွင်သဏ္ဍာန်အစစ်အမှန်နဲ့အတူ ထွက်ပေါ်လာခဲ့ပါပြီ။
ဒီတော့မှပဲ ကျွန်မဟာ မျက်စိကို အစွမ်းကုန်ဖွင့်ပြီး မြင်မြင်သမျှ မြင်ကွင်းတွေကို အငမ်းမရ အသေးစိတ် မှတ်ယူနေမိတော့တယ်။ မျက်စိကနေ မြင်မြင်သမျှတွေကို ဦးနှေက် မှတ်ဥာဏ်ထဲမှာ ထာဝရ
မပျက်ပြယ်တဲ့အထိ စွဲမြဲသွားအောင် စုပ်ယူ မှတ်သားနေတာပါ။ ဒါပေမဲ့ ဒီလိုတစ်ထိုင်တည်းနဲ့တော့ အင်းလျားကို ကျွန်မ အကုန်အစင် စုပ်ယူနိုင်ဦးမှာမဟုတ်ဘူးပေါ့။ ဒါသေချာပါတယ်။
ဒါကြောင့် ကျွန်မ အင်းလျားကို တမင်သက်သက် လာရောက်ရင်းနဲ့ဖြစ်စေ၊ ဖြတ်သွားဖြတ်လာ လျှောက်သွားရင်းနဲ့ ဖြစ်စေ၊ ဘယ်လိုအနေအထားနဲ့ပဲဖြစ်ဖြစ် သူ့အနားကို ရောက်လိုက်တာနဲ့ သူ့ကို
သိသထက်သိအောင် ကျွမ်းသထက် ကျွမ်းအောင် လုပ်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကျွန်မစဉ်းစားမိတာက အင်းလျားမှာ မဟုတ်ပါဘူး။ တခြားဘာပဲဖြစ်ဖြစ် သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ ကျွန်မတို့ဟာ ဘာကိုမှ အမှုမဲ့ အမှတ်မဲ့ မနေသင့်ဘူး ဆိုတာပါပဲ။ ဘာကိုမဆို အတွေးအာရုံထဲမှာ စွဲမြဲပြီး အလွတ်ရနေတဲ့ အထိ သိကျွမ်းရင်းနှီးနေဖို့ လိုတယ်ဆိုတာကို အင်းလျားက ကျွန်မကို
ပုံသက်သေပြလိုက်ပါပြီ။
ခုချိန်မှာ ကျွန်မဟာ အင်းလျားကို ကောင်းကောင်း သိကျွမ်းနေတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ခဲ့ပါပြီ။ အင်းလျားရဲ့ သရုပ်ကို အမိအရ ဖမ်းဆုပ်နိုင်ခဲ့ရုံမက သူ့ဝန်းကျင်မှာ ဘယ်လို ဘယ်ပုံ ဘယ်ချမ်းသာ ဆိုတာတွေကိုပါ ဖြန့်ကျက် သိရှိခဲ့ပါပြီ။ ဒါကြောင့် ကျွန်မကိုယ်ကျွန်မ စိတ်ချသွားခဲ့ပြီလို့ပဲ ဆိုရမှာပါ။
နောင်အခါ နောင်နှစ်တွေမှာ အင်းလျားဟာ ဆောင်းမြူတွေ ကြီးစိုးလို့ ကျွန်မရဲ့ မြင်ကွင်းထဲကနေ လုံးလုံးကြီး ပျောက်ကွယ်သွားမယ်ဆိုဦးတော့ ကျွန်မ ၀မ်းနည်းပက်လက်နဲ့ ယူကျုံးမရ ဖြစ်နေမှာ မဟုတ်တော့ပါဘူး။ အာရုံထဲ စွဲနေအောင် အလွတ်ရထားတဲ့ အင်းလျားရဲ့သရုပ်ကို အတွေးထဲမှာ အမိအရ
ပုံဖော်နေရင်း…. “ အင်းလျားရေ..ဒါဟာ ခဏလေးပါ အခိုက်အတန့်လေးပါ၊ ပြီးရင်ရှင်ဟာ ကျွန်မအနားကို နဂိုအတိုင်း ပြန်ရောက်လာမှာပါနော်”လို့ အင်းလျားကို တိုင်တည်ရေရွတ်ရင်း ကျွန်မကိုယ်ကျွန်မ ဖြေသိမ့်ပြီး နေနိုင်မှာပါ။
ဘယ်သူမဆို တစ်ခုက တစ်ခုကို၊ တစ်ယောက်က တစ်ယောက်ကို ၊ တစ်စုံတစ်ရာက တစ်စုံတစ်ရာကို ထာဝရစွဲမြဲ မှတ်မိတဲ့အထိ ကျွမ်းဝင်ခဲ့ကြမယ်ဆိုရင် ခဏငယ်လေး ဝေးသွားတဲ့ အခိုက်အတန့်လေးမှာ အတွေးထဲ ပုံဖော်ကြည့်ရင်းနဲ့ စိတ်နှလုံးတွေ ဖြေသိမ့်နေနိုင်မှာ သေချာပါတယ်။
စုမီအောင်
(အက်ဆေး လှည်းတန်း ၂ မှ….)